မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၀)

(၂၀)

“ကိုဖြိုးကိုဘယ်သူသတ်တာလဲဆိုတာ သိရပြီ၊ လိမ္မော်ခြံကိုလိုက်လာခဲ့ပါ”

စိုင်းလုံနဲ့ သိမ့်သီတာဆီကို မတ်ဆေ့ချ်ပို့လိုက်သည်။ ဖုန်းပြောရင်စကားရှည်နေမှာစိုးလို့။

ပြီးတာနဲ့ ခုနကနေရာကိုပြန်လာခဲ့လိုက်သည်။ ဒီတစ်ခါတော့လှေကားအဆုံးထိတိုင်အောင်အရဲစွန့်ပြီး ဆင်းပစ်လိုက်သည်။ ပြီးတော့ တံခါးရွက်တစ်စွန်းတစ်စကို အကာအကွယ်ယူကာချောင်းကြည့်နေလိုက်သည်။

အစ်မနန်းမြတ်ဝေကတော့ ဓါတ်ပုံကြီးဆီကို အာရုံဝင်စားစွာ၊ အရှိန်ကောင်းလှစွာစကားပြောနေမြဲ။ အဲဒီ ဓါတ်ပုံရှင်က အစ်မတို့အမေပေါ့။

နှင်း အစ်မနန်းမြတ်ဝေကိုသံသယဖြစ်နေခဲ့တာကြာပြီ။ ဒါပေမဲ့ စိတ်ထဲကသက်သက်ထင်နေတာနေမှာ ပါဆိုပြီး ဖြေသိမ့်ခဲ့ရ သည်။ အစ်မကို လေ့လာဆန်းစစ်ကြည့်တော့လည်း သိပ်ထူးခြားချက်မတွေ့။

ကိုဖြိုးဆီကလက်စွပ်ရတုန်းက စိုင်းလုံရဲ့လက်စွပ်လို့သံသယဖြစ်မိသေး၏။ ဒါပေမဲ့နောက်တော့ အဲဒါ အစ်မနန်းမြတ်ေ၀ ရဲ့လက်စွပ်မှန်းနှင်းသိလာခဲ့သည်။ အိမ်လည်သွားတုန်းက နှင်းကိုချက်ပြုတ်ကျွေးတုန်းက အဲဒီလက်စွပ်ဝတ်ထားတာ နှင်းမြင်ယောင်မိသည်။ ပြီးတော့ နှင်းနဲ့အစ်မနဲ့တွေ့တိုင်းအဲဒီလက် စွပ်လေးဝတ်ထားတာကို ဖျတ်ခနဲသတိရလိုက်မိသည်။

ပြီးတော့ ကိုဖြိုးဆုံးသွားတဲ့နေ့။

စိုင်းလုံက ကိုဖြိုးကို အသက်မရှိတော့ဘူးလည်းဆိုလိုက်ရော အစ်မနန်းမြတ်ဝေရဲ့မျက်နှာအမူအရာ တစ်မျိုးပြောင်းသွားတာ နှင်းမြင်ဖြစ်အောင်မြင်လိုက်လေသည်။ သံသယကအဲဒီကစပြီး ကြီးထွားမှုအထွဋ်အထိပ်ကိုရောက်စေခဲ့တာပင်။

“ကိုယ်နဲ့ပတ်သက်တဲ့ မိန်းကလေးတွေကို အချိန်တစ်ခုကြာလာတာနဲ့အမျှ တန်ဖိုးမထားတော့တာ ယောင်္ကျားတွေရဲ့ အကျင့်လား အမေ”

ဓါတ်ပုံကြီးဆီကို ခံစားချက်တွေတိုင်တည်နေတဲ့စိုင်းလုံရဲ့အစ်မဖြစ်သူကို နှင်းဂရုဏာသက်စွာကြည့်နေမိသည်။ အစ်မ နန်းမြတ်ရဲ့စိတ်ဟာပုံမှန်အတိုင်းရောရှိပါရဲ့လား။

“အမေ့ကိုအဖေက ဘာလို့အဲလောက်နှိပ်စက်ခဲ့တာလဲ”

စိုင်းလုံမပြောပြရသေးတဲ့ နှင်းလည်းမမေးကြည့်မိတဲ့ အကြောင်းအရာတစ်ခု။ စိုင်းလုံဖေဖေက သွေးဆိုးတတ်တဲ့လူကြီး လား။

“ဝဏ္ဏဆိုတဲ့ မလောက်လေးမလောက်စားကလေးတစ်ယောက်ကရော မိန်းကလေးတွေကို လိမ်ညာလှည့်ဖြား အသည်းခွဲတဲ့ အလုပ်ကိုဘာလို့လုပ်နေရတာလဲ၊ ဦးလေးကောင်းကရော သူချစ်လို့ယူထားတဲ့ မိန်းမကိုဘာလို့ ရက်ရက်စက်စက် နှိပ်စက်ရတာလဲ၊ သက်ထားယောင်္ကျားကရော မိန်းမဖြစ်သူအပေါ်ကို ဘာလို့အကြင်နာတရားကင်းမဲ့ရတာလဲ၊ ပြီးတော့ ကိုဖြိုးဆိုတဲ့အကောင်၊ အဲဒီအကောင်ကလည်း ဘာလို့ အငယ်အနှောင်းထားပြီးလက်ရှိမိန်းမကို ဒုက္ခပေးချင်ရတာလဲ”

အစ်မ နန်းမြတ်မေးတဲ့မေးခွန်းတွေရဲ့အဖြေကိုနှင်းပါရောယောင်ကာလိုက်ရှာမေးမိနေသည်။

လူတွေဟာ ကိုယ်တစ်ခုခုကိုတန်ဖိုးထားတဲ့အရာလို့သတ်မှတ်ထားပြီးတဲ့နောက် အချိန်အတိုင်းအတာတစ်ခု ကြာလာပြီ ဆိုရင်တန်ဖိုးမထားနိုင်ကြတော့တာလား။ မိန်းကလေးတွေအပေါ် ယောင်္ကျားလေးတွေရဲ့သဘောထားကအဲဒီလိုမျိုးပဲလား။

ဟင့်အင်း။

အဲဒါကိုတော့ နှင်းတစ်ဖက်သက်ကြီးမယူဆချင်။ ဘာလို့လဲဆိုတော့ နှင်းကိုအရမ်းချစ်တဲ့စိုင်းလုံတစ်ယောက်လုံးက သက် သေလေ။ စိုင်းလုံကို နှင်းအဆုံးစွန်ထိယုံကြည့်တာပေါ့။ ဘယ်တော့မှသစ္စာဖောက်ပြားမယ့်ယောင်္ကျားမဟုတ်။ နူးညံ့သိမ် မွေ့မှု၊ ကြင်နာမှု၊ တာဝန်ယူသိတတ်မှုတွေ စိုင်းလုံဆီမှာတွေ့ရသည်။ ယောင်္ကျားပီသတဲ့ယောင်္ကျားဆိုတာ နှင်းလက်ရှိ ပိုင်ဆိုင်ထားတဲ့ချစ်သူ စိုင်းလုံကလွဲရင်ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

“မိဘဆိုတာမပြစ်မှားကောင်းတဲ့ ကျေးဇူးရှင်ဆိုပေမယ့် သမီးအဖေ့ကိုစိတ်နာတယ်အမေ၊ အမေ့အပေါ် ကိုတစ်စက် ကလေးမှ ကြင်နာသနားစိတ်မရှိတဲ့ ယောင်္ကျားတစ်ယောက်ကို သမီးအရမ်းစိတ်နာမိတယ်၊ အဖေအမေ့အပေါ် ကောင်းကွက်လေးတစ်ခုများရှိခဲ့လို့လား”

စိုင်းလုံရဲ့ဖေဖေက အရမ်းဆိုးသွမ်းတဲ့သူတစ်ယောက်ပေါ့။

“အဖေ့ကို အခုချိန်ထိမတွေ့ရတော့ဘူးအမေ၊ သူလည်းသမီးတို့ကိုစိတ်နာသွားပြီထင်ပါရဲ့”

အစ်မနန်းမြတ်ေ၀ တစ်ယောက်ဓါတ်ပုံကိုတွေတွေကြီးကြည့်လိုက် စကားတွေပြောလိုက်နဲ့အားလုံးကို မေ့နေလေသယောင်။ စကားလုံးတွေကလည်း ဟိုအကြောင်းအရာဆီကိုခဏရောက်သွားလိုက် ဒီအကြောင်းအရာဆီကိုပြန်လာလိုက်နဲ့ ဦးတည် ချက်မရှိ။

“မိန်းမတွေအပေါ်မှာ မကောင်းတဲ့ယောင်္ကျားလေးယောက်ကို သမီးသတ်ပစ်ခဲ့ပြီအမေ”

အစ်မနန်းမြတ်ေ၀ ပါးစပ်ကထွက်လာတဲ့စကား။

နားကြားမှားစရာအကြောင်းမရှိပါ။ ပြီးတော့ မသဲမကွဲဖြစ်စရာအကြောင်းလည်းမရှိပါ။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ နှင်းနဲ့သူနဲ့နှစ်ယောက်တည်း။ သူပြောတဲ့စကားပီပီသသကိုနှင်းသေသေချာချာကြားရတာပါ။ ထင်မှတ်ထားတယ်ဆိုပေမယ့် တကယ်တမ်း နားနဲ့ဆတ်ဆတ်ကြားလာခဲ့တဲ့အခါမှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ။ မိန်းကလေး တစ်ယောက်ရဲ့အင်အားနဲ့အားကောင်းမောင်းသန် ယောင်္ကျားလေးယောက်ကို သတ်ပစ်နိုင်တယ်တဲ့လား။

“သမီးဆက်လုပ်ဦးမယ်”

တစ်ခြားတစ်ယောက်နဲ့ အပြန်အလှန် စကားပြောနေသယောင်ပင်။ ဓါတ်ပုံနဲ့အပြန်အလှန်များပြောနေတာလား။ အစ်မ နန်းမြတ်ဝေရဲ့စိတ်ထဲမှာ အမြင်အာရုံမှာဓါတ်ပုံကအသက်ရှင်ပြီးစကားပြောနေတာ များလား။

“သမီးရဲ့ပတ်ဝန်းကျင်မှာ တောင့်(ဒေါင့်) မကျိုးတဲ့ယောင်္ကျားတွေ့ရင်၊ မိန်းကလေးတွေကို အသားချင်း ကိုယ်ချင်းမစာ နှမချင်းကိုယ်ချင်းမစာရိုက်ဟယ်ပြုဟယ်လုပ်တဲ့သူတွေကိုနှင်းဆက်ပြီးသတ်ပစ်နေဦးမှာပဲ အမေ”

သေချာပြီ။

အစ်မနန်းမြတ်ဝေရဲ့စိတ်တွေဟာ ပုံမှန်အနေအထားမဟုတ်ဘဲ ချို့ယွင်းမှုတစ်ခုရှိနေတယ်ဆိုတာသေချာသွား သလောက် ပါပဲ။

“သမီးဘာလို့ အဲလိုလုပ်ရတာလဲ အမေသိတယ်မှလား”

ဒီနေရာနဲ့ ကျောက်မဲက တော်ရုံခရီးတော့မဟုတ်။ အရေးရယ်အကြောင်းရယ်ဆိုရင် နှင်းဘယ်လိုပြေးမလဲ တွေးကြည့် လိုက်တော့ ရင်ထိတ်လာရသည်။ အခုနကမကြောက်ခဲ့တဲ့အကြောက်တရားတွေ အခုမှ တိုးလာသလိုခံစားရသည်။ ဒါပေမဲ့ ဘာတွေဆက်ပြောမလဲ၊ ဘာတွေဆက်ဖြစ်မလဲ နားထောင်ချင်နေသေးတဲ့စိတ်ကလည်း လွှမ်းမိုးနေပြန်၏။

နှင်းဒီကိုလာခဲ့တဲ့ရည်ရွယ်ချက် အဲဒါကိုသိချင်လို့ပဲလေ။

“သမီး အဲလိုယောင်္ကျားတွေကိုသိပ်မုန်းတယ်အမေ၊ ပြီးတော့ နောက်ထပ်အကြောင်းအရာတစ်ခုလည်းရှိသေးတယ်၊ အဲဒါက နန်းမြတ်ရော အမေရောသိပ်ချစ်တဲ့မောင်လေးစိုင်းလုံလည်းမကြိုက်ဘူးလေ”

စိုင်းလုံနာမည်ပါလာပြီ။

“မောင်လေးရဲ့အကြောက်လွန်ရောဂါက အဲဒီလိုလူတွေကြောင့်ဖြစ်ရတာ”

အကြောက်လွန်ရောဂါ။

အားကောင်းမောင်းသန်ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ကိုရိုက်နှက်နေတဲ့မြင်ကွင်းကို စိုင်းလုံမုန်းတယ်တဲ့။ အဲဒီလိုအဖြစ်အပျက်မျိုး မြင်နေရင်လည်းကြောက်နေမိရောတဲ့။

သူနှင်းကိုပြောပြဖူးပါသည်။

ဒါက စိုင်းလုံဆီမှာ ရောဂါတစ်ခုလိုရှိနေခဲ့တာလား။

“သမီးရှိနေသရွေ့ မောင်လေးရဲ့ပတ်ဝန်းကျင်မှာဒီလိုအဖြစ်အပျက်မျိုးတွေ မတွေ့စေရဘူးအမေ၊ စိတ်ချပါ၊ သမီးလေ မောင်လေးစိုင်းလုံကိုကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်၊ အရမ်းလည်းချစ်တယ် အမေ”

အစ်မနန်းမြတ်ဝေဈေးထွက်ဖို့အတွက် အစအဆုံး ဗာဟီရမှန်သမျှကို ညကတည်းကမောင်နှမနှစ်ယောက်သား တက်ညီ လက်ညီလုပ်ခဲ့ကြပြီး မနက်ပိုင်းမှာ အစ်မဖြစ်သူကအရောင်းထွက်တာတဲ့။ မ ရောင်းခင်နဲ့ ဆိုင်သိမ်းဖို့ကိုလည်း စိုင်းလုံဝိုင်း ကူပေးခဲ့တာတဲ့။ ဆိုင်ကလည်းရောင်းကောင်းတော့အ မြတ်ငွေများများကျန်၊ လိမ္မော်ခြံကလည်းရှိ၊ ရပ်ကွက်ထဲမှာ ငွေတိုးလေးဘာလေးချေးစားနဲ့ မောင်နှမ နှစ်ယောက် စားဝတ်နေရေးကကောင်းကောင်းဖူလုံတာပေါ့။

အေးချမ်းသာယာလှတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝထဲမှာဘာလို့အဖြစ်ဆိုးတွေရှိနေရတာပါလဲ။ အစ်မဖြစ်သူဆီမှာ ပုံမှန် မဟုတ်တဲ့စိတ်ရောဂါ၊ မောင်ဖြစ်သူဆီမှာတော့ အကြောက်လွန်တဲ့ရောဂါတဲ့။

နှင်းဘယ်လို ကူညီရပါ့မလဲ။

“အမေ့”

ရုတ်တရက်ကြီး နှင်းရဲ့လက်ကိုင်ဖုန်းလေးထမြည်လာသည်။ သွားပြီ။ ဖုန်းလိုင်းကဒီလိုအခြေအနေမှ ကောင်းပြီးလာ မိကာနှင်းကို ကံဆိုးစေခဲ့ပြီ။

No Answer ခလုတ်ဆီကိုရွှေ့လိုက်ပေမယ့် နောက်ကျသွားခဲ့လေပြီ။ အစ်မ နန်းမြတ်ဝေကအနောက်ဖက်ကို လှည့်ကြည့် လာသည်။

“သွားပြီ၊ ပြေးမှဖြစ်တော့မယ်”

နှင်း ချာခနဲလှည့်ထွက်ကာ လှေကားထစ်တွေဆီကိုပြေးတက်လိုက်၏။ သူ့အကြောင်းအစအဆုံးသိသွားလေပြီမို့ နှင်းကို ဘယ်နည်းနဲ့မှအလွတ်ပေးမှာမဟုတ်။

“ဟိတ် ဘယ်သူလဲ၊ ရပ်စမ်း”

တင်းမာပြတ်သားလှတဲ့အသံကြောင့် နှင်းသမင်လည်ပြန်လှည့်ကြည့်မိလိုက်သေး၏။ နီရဲနေတဲ့ဒေါသမျက်ဝန်းအစုံကို မြင်လိုက်သည်။ နှင်းကိုကိုက်စားတော့မတတ်ကြည့်နေ၏။ ဘုရား၊ ဘုရား။ အဲဒီအကြည့်က နှင်းအရင်ကမြင်ဖူးတဲ့ အစ်မ နန်းမြတ်ဝေအကြည့်နဲ့ဘယ်လိုမှမသက်ဆိုင်။ နူးညံ့သိမ်မွေ့ပြီး သဘောကောင်းလွန်းတဲ့အကြည့်ပိုင်ရှင်ဟာ အခုလိုမျိုး ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူကထင်ထား မှာလဲ။ အမိခံလို့တော့မဖြစ်ဘူးဆိုတာ နှင်းသဘောပေါက်လိုက်သည်။

ဒီလိုအကြည့်မျိုးနဲ့ကြည့်ပြီး နှင်းကိုမိသွားခဲ့ရင်ဘာမှမလုပ်ဘဲ အလှကြည့်ထားမှာတော့မဟုတ်။ နှင်းထက်အဆများစွာ အားသန်တဲ့လူလေးယောက်ကို သတ်ပစ်ထားတဲ့အမျိုးသမီး။

အိုး။

နှင်း ကြောက်အားလန့်အားနဲ့သုတ်ချေတင်ပြေးတော့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx