မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၃)

(၂၃)

အဲဒီလိုနဲ့ နန်းမြတ်တို့မိသားစုအတွင်းရေး သက်ဆိုးရှည်ခဲ့တာမောင်လေးကိုးတန်းနှစ်ရောက်တဲ့အထိပါပဲ။ အဖေက သုံးလေးရက်ပျောက်လိုက် ပိုက်ဆံကုန်လာရင်လာတောင်းလိုက် ပြန်ပျောက်သွားလိုက်နဲ့ သမားရိုကျဖြစ်စဉ်လိုတောင်ဖြစ် နေခဲ့ပါပြီ။ နန်းမြတ်လည်းအမေ့ကိုမကြည့်ရက်လို့ အမေ့ဆန္ဒကိုဆန့် ကျင်ပြီး ကျောင်းထွက်ခဲ့သည်။

မောင်လေးစိုင်းလုံ ကိုးတန်းစားမေးပွဲဖြေခါနီး တစ်ပတ်လောက်အလိုမှာနန်းမြတ်နဲ့အမေ ဈေးရောင်းပြီး ဆိုင်သိမ်းနေတုန်း အဖေရောကလာကာ ပိုက်ဆံပုံးထဲက ပိုက်ဆံတွေနှိုက်ဖို့ပြင်တော့သည်။

“ဟေ့ ဟေ့ အဲဒါမယူနဲ့လေ၊ ရှင်ဘယ်လောက်လိုချင်တာလဲ၊ ကျွန်မပေးမယ်၊ ဈေးရောင်းနေတဲ့ဟာကိုမယူနဲ့၊ မရေရ သေးဘူး”

အမေက ပြေပြေလည်လည်တားရှာပါသည်။ နန်းမြတ်ကျောင်းစရိတ်လည်းမရှိခဲ့တာကြာပြီ။ ဈေးလည်း နှစ်ယောက်အားနဲ့ ဝိုင်းရောင်းရတာမို့ဝင်ငွေကအရင်ကထက်ပိုလို့တောင်နေသည်။ မောင်လေးကျောင်း စားရိတ်တစ်ခုအတွက်ပဲ အထွက်ငွေရှိ သည်။ ကျန်တာကတော့ အဖေသုံးဖို့။ ဒါပေမဲ့ အဖေသုံးတာက နန်းမြတ်တို့ရှာဖွေတာ အလျင်မီလိုက်မမီလိုက်။

“တစ်သိန်း”

နန်းမြတ်ရော အမေပါ မျက်လုံးပြူးသွားခဲ့လေသည်။

အဲဒီလောက်ပိုက်ဆံဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ခြစ်ကုပ်စုထားတာတွေတော့ရှိပါသည်။ ဒါပေမဲ့အဖေက တစ်ဆိတ်တော့ လွန်နေပြီ။

“အို အိုး၊ အဲဒီလောက်ထိဘယ်လိုလုပ်ပေးနိုင်မှာလဲ”

“ဟေး၊ ဒီပုံးထဲက ပိုက်ဆံက ပိုက်ဆံတစ်သိန်းမကဘူး၊ နင်ဈေးရောင်းကောင်းတာငါသိတယ်၊ ကျောက်မဲတစ်မြို့လုံးသိ တယ်၊ လျှာမရှည်နဲ့ ပေး”

အမေက အကင်းပါးစွာ ပိုက်ဆံပုံးကိုဆတ်ခနဲဆွဲယူကာ အတင်းဆုတ်ကိုင်ထားလိုက်သည်။ အဖေကတော့ ထုံးစံအတိုင်း အမေ့ကိုနားရင်းတစ်ချက်အုပ်ကာ ပိုက်ဆံပုံးကိုလုယူလိုက်သည်။ ဒါပေမဲ့အမေက မရ။ အတင်းကာကွယ်ထားသည်။

မောင်လေးစိုင်းလုံ အပြင်မှာရောက်နေမှန်းနန်းမြတ်မြင်ဖြစ်အောင်မြင်လိုက်လေသည်။ ဒီလိုအဖြစ်အပျက်တွေ ဖြစ်တိုင်း မောင်လေးရောက်ရောက်လာတတ်တာ ကံဆိုးလိုက်တာ။ အမေ့ဆီက ပိုက်ဆံပုံး ကိုနှိုက်ယူတဲ့ အဖေ့ကိုဝင်ဆွဲရင်း နန်းမြတ်ပါတစ်ချက်အကန်ခံလိုက်ရသည်။

“မလုပ်ပါနဲ့ မလုပ်ပါနဲ့ အမေ့ကိုမလုပ်ပါနဲ့”

မောင်လေးက ကြောက်ကြောက်လန့်လန့် ဝင်လာပြီးအဖေ့ကိုဝင်တားလေ၏။

လူပျိုပေါက်အရွယ်ရောက်နေပြီမို့ ငယ်ငယ်တုန်းကလို ချောင်တစ်ချောင်မှာ ပုန်းကပ်ပြီးအသားတွေ တဆတ်ဆတ်တုန် ကြောက်မနေတော့။ အမေခံရတာများတော့ မကြည့်ရက်တာလဲဖြစ်နိုင်သည်။ မောင်လေးရဲ့တားသံကြောင့် အမေ့ကို ဆောင့်ကန်မလို့လုပ်နေတဲ့အဖေ့အမူအရာ ရပ်တန့်သွားခဲ့သည်။ မောင်လေးကိုလည်း တအံတသြကြည့်နေခဲ့သည်။

မောင်လေးဝင်တားတာ အဲဒါပထမဦးဆုံးပင်။ တအံတသြနဲ့ကြည့်နေတဲ့အဖေ့ကို မောင်လေးစိုင်းလုံက နာကျဉ်းမှုတွေနဲ့ ကြည့်လိုက်သည်။ မျက်ရည်တွေလည်ပြီး ချွေးတွေတစ်ကိုယ်လုံးရွှဲနစ်ပြီး အဖေ့ကို စကားတစ်ခွန်းပြောခဲ့သည်။

“အဖေ့ကို ကျွန်တော်သိပ်မုန်းတယ်”

အဲဒီစကားကြောင့် အဖေကအံသြပြီးရင်း အံသြကာ ကြောင်ငေးနေခဲ့သည်။ အမေရော နန်းမြတ်ရော အံသြလို့။ ခဏကြာ တော့ အဖေသတိပြန်ဝင်လာကာ မောင်လေးကိုရန်ပြုဖို့ပြင်တော့သည်။

“ဘာ မင်းက ငါ့ကို”

ရိုက်ဖို့လက်ရွယ်ပေမယ့် အဖေ့ကိုနန်းမြတ်ဝင်တားလိုက်ရတော့သည်။ လဲကျနေရာက နေအတင်းအားယူပြီးထ အဖေ့ကို လက်ဆွဲထားလိုက်၏။

“အဖေ ကလေးကနားမလည်လို့ပါ၊ မောင်လေးကို မရိုက်ပါနဲ့”

အဖေ ခဏမျှတွေဝေနေခဲ့တာတော့ အမှန်ပင်။

“မောင်လေး၊ အဖေ့ကိုအဲလိုမပြောရဘူး၊ ငရဲကြီးတတ်တယ်၊ အစ်မမောင်လေးကိုပြောထားတယ်လေ၊ မိဘကို မပြစ်မှား ကောင်းဘူး”

“သား မင်းအဖေကိုရှိခိုးပြီး တောင်းပန်လိုက်”

လဲကျနေတဲ့ အမေကလည်း လှမ်းပြောတာမို့ စိုင်းလုံမနေသာတော့။ စိတ်ကိုချုပ်တည်း မျက်ရည်တွေ လိမ့်ဆင်းလာကာ လက်ခုံနဲ့သုတ်ကာ ဒူးထောက်ထိုင်ချလိုက်သည်။ ပြီးတော့ စကားတစ်ခွန်းမှမဆိုဘဲ အဖေ့ကိုဦးသုံးကြိမ်ချကန်တော့ လိုက်၏။

“တော် တော် ဟေ့ကောင်၊ မင်းငါ့ကိုကန်တော့စရာမလိုဘူး၊ ရှေ့ကနေအခုချက်ချင်းထွက်သွား၊ ငါ့ ဒေါသတွေအကုန် ပေါက်ကွဲကုန်တော့မယ်”

“အော် အဖေရယ်၊ ကလေးကတောင်းပန်နေတာလေ၊ အဖေကခွင့်လွှတ်ရမှာပေါ့”

“နေစမ်း၊ မိနန်းမြတ် နင်ကနေရာတကာဆရာလုပ်လွန်းတာများနေပြီ အမြဲတမ်းပဲ၊ နင်ကငါ့ကိုမွေး ထားတာလား”

“စိတ်လျှော့ပါအဖေရယ်၊ သမီးကအားလုံးအဆင်ပြောစေချင်လို့ပြောတာပါ၊ အဖေလည်းသိရက်သားနဲ့၊ ကဲ အဖေတစ်သိန်း လိုချင်တာမှလား၊ အမေ့ဆီကမယူနဲ့နော်၊ သမီးပေးမယ်”

“ညည်းက”

“ဟုတ်တယ်၊ အဖေတစ်သိန်းလိုချင်တာမှလား၊ သမီးပေးရမှာပေါ့၊ အမေ့ဆီမှာကဈေးဖိုးနဲ့လည်နေတာလေ အဖေရ၊ အရင်း ပြုတ်ကုန်မှာပေ့ါ”

“ညည်းကဘယ်ကရမှာတုန်း”

“အဖေလိုချင်တာ ရအောင်ရှာပေးရမှာပေါ့”

နန်းမြတ်ရဲ့နားကပ်ကိုချွတ်ပြီးအဖေ့လက်ထဲထိုးထည့်ပေးလိုက်သည်။ ဒီနည်းကလွဲရင် တစ်ခြားနည်း အဆင်ပြေမှာမဟုတ်။

“ရော့ အဖေ”

“ဟင် ဒါပိုက်ဆံမှမဟုတ်တာ”

“သမီးမှာဒါပဲအဆင်ပြေမှာလေအဖေရယ်၊ ဒါတစ်သိန်းမကတန်တယ်နော်အဖေ၊ ဒါလေးကိုအဖေဆိုင်မှာ ခဏပေါင်လိုက်၊ ဘောင်ချာတော့ သမီးကိုပြန်ပေး”

“အေးဟာ”

နားကပ်ကို လက်ဖဝါးထဲဆုတ်ကိုင်ကာ အဖေချာခနဲလှည့်ထွက်သွားလေသည်။ နန်းမြတ်မျက်ရည်ရစ် ဝဲလာမိသည်။ သမီးပျိုလေးရဲ့နားကပ်ကိုအဖေယူသွားတာ တစ်ချက်မှမျက်နှာမညို။

“သမီးရယ်”

အမေ့ရဲ့ရှိုက်ငိုသံကို နန်းမြတ်မကြားရက်ပါ။

“အမေ စိတ်မကောင်းမဖြစ်ပါနဲ့၊ အဖေဘာလို့ ပိုက်ဆံအများကြီးလိုနေတာလဲ သမီးစုံစမ်းစရာရှိလို့ပေးလိုက်တာ၊ ကဲ မောင်လေး၊ အမေ့ကိုဂရုစိုက်၊ ဆိုင်ဝိုင်းသိမ်းလိုက်ဦး၊ အစ်မ အပြင်သွားစရာရှိလို့”

ဆိုင်နဲ့အမေ့ကို မောင်လေးဆီကိုလွှဲထားကာ အဖေထွက်သွားရာနောက်ကိုလိုက်ဖို့ပြင်သည်။

နန်းမြတ်ရဲ့ဆိုင်ကယ်ကို အဖေကသိတာမို့ ဈေးထဲကအသိဆိုင်ကယ်တစ်စီးငှားကာ အဖေသွားနိုင်တဲ့ အပေါင်ဆိုင် ကိုလာခဲ့လိုက်သည်။ မလှမ်းမကမ်းမှာပဲ ရပ်စောင့်ကြည့်ရင်း အဖေပြန်ထွက်အသွားတာကို စောင့်နေမိ၏။

ပလောင်သီလရှင်ကျောင်းကို သွားတဲ့လမ်းမှာအဖေ့ကိုခဏခဏတွေ့တယ်ဆိုပြီး နန်းမြတ်သူငယ်ချင်းတွေက ပြောနေခဲ့ တာကြာပြီ။ ဘာသွားလုပ်တာလဲ စဉ်းစားလို့မရ။

“ရော့ ဒါနင့်အဖေသွားနေကျနေရာ လိပ်စာ၊ ဘာသွားလုပ်လဲဆိုတာတော့ နင်ကိုယ်တိုင်ပဲသွားကြည့်တာကောင်းမယ်၊ ဘေးလူပြောတာတွေကိုလည်းသွားမယုံနဲ့”

နန်းမြတ်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်က လိပ်စာစုံစမ်းပြီးပေးတာမို့ဘယ်လိုအကြောင်းအရာများဖြစ်မလဲ သိချင် နေခဲ့တာကြာပြီ။ အဲဒီနေ့ကတော့ အဖေ့ဆိုင်ကယ်နောက်မလှမ်းမကမ်းကနေလိုက် ခဲ့လိုက်သည်။ ဦးထုတ်ဆောင်းထား တာမို့ နန်းမြတ်ကိုအဖေမရိပ်မိလောက်ပါ။ အဖေ့ရဲ့ဆိုင်ကယ်က ပလောင်သီလရှင်ကျောင်းသွားတဲ့လမ်းကို ဦးတည်နေ၏။

ရပ်ကွက်လေးတစ်ခုဆီကို အဖေချိုးကွေ့ဝင်လိုက်လေသည်။ ငါးမိနစ်လောက်ဆက်မောင်းပြီးမှ သစ်သားပျဉ်ထောင်အိမ် လေးတစ်အိမ်ဆီကိုဝင်လိုက်၏။ အလှမ်းမကမ်းကနေငါးမိနစ်ထောက်ရပ်စောင့်ကြည့်နေပြီးမှ ပတ်ဝန်းကျင်ကို စနည်းနာ ဖို့ပြင်ရသည်။

“နင့်အဖေကို လာကြည့်တာလား၊ မြတ်ဝေ”

ဆိုင်မှာ မုန့်လာစားနေကျဖောက်သည် ဒေါ်နန်းလှိုင်။ အဖေဝင်သွားတဲ့အိမ်ရဲ့မျက်စောင်းထိုးအိမ်ကနေ ထွက်လာ၏။ နန်းမြတ်ကိုလှမ်းတွေ့လို့ထွက်လာပုံပင်။

“ဟုတ်တယ် ဒေါ်ဒေါ်”

“အေး ငါတို့ကနင့်အမေကို သနားလို့မပြောကြတာ”

ဘာအကြောင်းလဲ မသိပေမယ့်စိတ်ထဲထိတ်ခနဲဖြစ်သွားရသည်။ အမေ့ကိုသနားလို့ဆိုတော့ ဘယ်လို အကြောင်းပါလိမ့်။

“ရှင် ကျွန်မနားမလည်ဘူးဒေါ်ဒေါ်”

“ဟင် အဲဒါဆို ဒီကိုဘယ်လိုအကြောင်းအရာနဲ့လာခဲ့တာလဲ”

အကြောင်းအရာက ဘယ်လောက်တောင်လေးနက်ပါသလဲ။

“တကယ်တော့ ကျွန်မဘာမှမသိဘူးဒေါ်ဒေါ်၊ သိတဲ့သူငယ်ချင်းတွေကလည်းမပြောဘူး၊ အဖေနဲ့ ပတ်သက်ပြီးတစ်ခုခု ထူးခြားနေတယ်ထင်လို့၊ သူငယ်ချင်းတစ်ယောက်ကလည်းလိပ်စာပေးတာနဲ့ ဘာပါလိမ့်ဆိုပြီး လိုက်စုံစမ်းတာ၊ ဒီရောက် တော့လည်း အထဲကိုဝင်လို့အဆင်မပြေလို့အပြင်ကနေစောင့် ကြည့်နေတာ”

“ဖြစ်မှဖြစ်ရလေ မြတ်ဝေရယ်၊ လာ အိမ်ထဲကိုဝင်ဦး”

ဒေါ်နန်းလှိုင်က နန်းမြတ်ကိုအိမ်ထဲခေါ်ပြီးကော်ဖီဖျော်တိုက်ကာ ဧည့်ခံသည်။ ဧည့်ခန်းမှာတော့မဟုတ်။ အိမ်အပေါ်ထပ် ဝရံတာကိုခေါ်ကာ အဖေဝင်သွားတဲ့အိမ်ကိုစောင့်ကြည့်စေ၏။

“နင့်အဖေ မိန်းကလေးတစ်ယောက်နဲ့ဖောက်ပြန်နေတယ်”

“ရှင်”

အဆိုးဆုံး အခြေအနေတစ်ခုကိုမျှော်လင့်ပြီးသားမို့လို့ “ရှင်” ဆိုတဲ့အာမေဋိတ်သံထွက်ရုံကလွဲရင် ထူးခြားပြီးအံသြ မသွားတော့ပါ။ အဖေနဲ့ပတ်သက်ရင် ရင်ထိတ်စရာတွေချည်းပဲကြုံခဲ့တာမို့ ဒါဟာလည်း အဆန်းမဟုတ်တော့။ ဒါပေမဲ့ အရမ်းဝမ်းနည်းရသည်။ အဖေလုပ်ရက်လိုက်တာ။ ရက်စက်လိုက်တာ။

“နည်းနည်းတော့ကြာနေပြီ လေးငါးလလောက်ရှိရောပေါ့၊ ပြောဖို့ကြိုးစားရင်းသနားပြီးပြောမထွက်ရင်းနဲ့ အားလုံးက နှုတ်ပိတ်နေကြတာနေမှာ၊ နင့်အမေကိုဒီလောက်နှိပ်စက်နေတာဟယ်၊ ကွာရှင်းခိုင်းလိုက်ပါတော့လား၊ ဒေါ်ဒေါ်ကိုယ် ချင်းမစာလို့ပြောတာမဟုတ်ပါဘူးကွယ်၊ နင်တို့အမေကိုမကြည့်ရက်လို့ပါ”

“ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ကျွန်မနားလည်ပါတယ်”

အမေ့ကို ဘေးလူတွေကတောင်ဒီလောက်သနားနေတာ။ သားသမီးအရင်းတွေဖြစ်တဲ့နန်းမြတ်တို့ဆို ပိုဆိုးတာပေါ့။ ကြောက်တတ်တဲ့မောင်လေးစိုင်းလုံတောင်အရဲစွန့်ပြီးဝင်တားရသေးတာပဲ။ မောင်လေးရဲ့ရင်ထဲမှာလည်း အမေ့အပေါ် ဘယ်လောက်တောင် ဂရုဏာသက်နေပါသလဲ။

“နင်တို့ဈေးရောင်းလို့ရတဲ့ပိုက်ဆံတွေကို နင့်အဖေမယားငယ်ကထိုင်ဖြုန်းနေတာ”

“ရှင်”

ဒီတစ်ခါ ရှင် ကတော့ဒေါသနည်းနည်းတိုးသွားရသည်။

“နင်တို့သားအမိတွေဆီက ပိုက်ဆံတောင်းလိုက် ပြန်လာရင်ဒီကမိန်းကလေးလိုချင်တာဝယ်ပေးလိုက်ပေါ့၊ လောင်းကစား ဝိုင်းမှာနိုင်ရင်လည်း အဲဒီမိန်းကလေးဆီပဲရောက်တာ၊  ငါတို့ကတော့မမြင်ချင်မှ အဆုံးပေါ့ မြတ်ဝေရယ်”

“ရက်စက်လိုက်တာအဖေရယ်”

နန်းမြတ်ရဲ့နားကပ်လေးကရော အဲဒီမိန်းမလိုရာသုံးဖို့အတွက် ထုခွဲစရာစရာပစ္စည်းဖြစ်ခဲ့ပြီလား။

“ဒီအကြောင်းတွေကို နင့်အမေရိပ်မိချင်မှ ရိပ်မိမှာပေါ့၊ တကယ်လို့မသိသေးရင်တော့သွားမပြောပြပါနဲ့လေ၊ သူ့ခမျာ သနားပါတယ်”

“အဲဒီမိန်းမကရော အဖေ့မှာမိသားစုရှိတာမသိဘူးလား”

“သိပါ့တော်၊ သက်သက်မျက်နှာပြောင်တိုက်တာ၊ ဒီလိုမျိုးကလည်း လောကကြီးမှာရှိသေး၊ ဟော ဟော ဟိုမှာ ထွက်လာပြီ မြတ်ဝေ၊ သေချာကြည့်”

အသက် ၃၀ ကျော်ဝန်းကျင်လောက်သာရှိဦးမည်။ ကျောက်မဲမှာကတော့ အရင်တုန်းကတစ်ခါမှမတွေ့ ဖူးပါ။ အမေ့ထက်လှပြီး အသက်ငယ်တော့ အဖေ့ကိုဆွဲဆောင်ညှို့ယူနိုင်တာပေါ့လေ။

“အဲဒီအိမ်က နင့်အဖေ ဖဲဝိုင်းမှာနိုင်တဲ့ပိုက်ဆံနဲ့ဝယ်ထားပေးတာတဲ့လေ”

ပတ်ဝန်းကျင်ကအကြောင်းစုံ သိရှိပြီးမှ နန်းမြတ်တို့သိခွင့်ရခဲ့ခြင်းအတွက် အားမလိုအားမရဖြစ်ကာ အဖေ့ကို စိတ်နာပြီး ရင်းနာချင်လာသည်။ အဲဒီလိုနဲ့ နန်းမြတ်အဖေ့ကိုအနာကျင်ဆုံးနေ့တွေ ရောက်မှန်း မသိရောက်လာခဲ့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx