(၂၆)
“အမေဆုံးတဲ့နေ့က အဖေရောက်လာခဲ့သေးတယ်”
နန်းမြတ်ရဲ့စကားတွေကို စိတ်ဝင်တစားနားထောင်နေတဲ့ ရန်ကုန်သူမိန်းကလေး။ မောင်လေးနဲ့ရွယ်တူ လောက်ရှိမှာပေါ့။ ဒီလိုမိန်းကလေးမျိုးကို နန်းမြတ်မသတ်ချင်ပါ။ မောင်လေးအရမ်းချစ်ရတဲ့ချစ်သူမှန်း သိထားတော့ ပိုလို့တောင်မသတ်ချင် သေးတယ်။ ဒါပေမဲ့ ကိုယ့်လုံခြုံမှုအတွက် ဒီမိန်းကလေးကိုနန်း မြတ်သတ်ဖြစ်အောင်သတ်ရပါလိမ့်မည်။
မိန်းကလေးကတော့ သေရမယ့်အန္တရယ်ကိုရင်ဆိုင်မယ့်အနေအထား။ အဲဒီမိန်းကလေးသိချင်တာတွေ ကို အားလုံးပြောပြဖို့ နန်းမြတ်ဆုံးဖြတ်ထားပြီးသားပါ။ မသေခင်လေးတော့ သံသယတွေအားလုံးရှင်း ရှင်းလင်းလင်းဖြစ်သွားစေရမှာပေါ့လေ။
“ဒါပေမဲ့ ငါတို့တော့လက်မခံခဲ့ဘူး”
အဖေရောက်လာတဲ့နေ့ကို မျက်လုံးထဲမြင်ယောင်လာမိသည်။
အမေဆုံးတော့ မောင်နှမနှစ်ယောက်စလုံးပူဆွေးသောကရောက်နေတဲ့အချိန်ပေါ့။ အဖေ့ကိုလည်း မြင်လိုက်ရရော သရဲ တစ္ဆေကို တွေ့လိုက်ရသလိုမျိုးလန့်သွားခဲ့မိတာအမှန်ပင်။
“အဖေ ဘာလာလုပ်တာလဲ”
အဖေ ဘိန်းတွေရှုနေတုန်းပဲလား။ အဖေ့မယားငယ်ကရော နန်းမြတ်တို့တုန်းကလို အဖေ့ကိုလုံလုံ လောက်လောက် ထောက်ပံ့နိုင်ရဲ့လား။ သေချာတာကတော့ အဖေဟာအရင်ကထက်ပိုပိန်လွန်းနေခဲ့တာပင်။
“နင်တို့အမေကို….”
“တော်ပါ့တော့ အဖေရယ်၊ အမေ့ကို နောက်ဘဝအထိစိတ်ဆင်းရဲအောင်လာမလုပ်ပါနဲ့၊ အဖေလာတာ အမေသိရင် လည်းကြိုက်မှာမဟုတ်ဘူး၊ ပြန်ပါတော့၊ သမီးတောင်းပန်ပါတယ်၊ အဖေသမီးတို့ဆီကဘာ လိုချင်သေးလို့လဲ၊ အဖေ့ကို ပေးစရာသမီးတို့မှာ ဘာမှမရှိတော့ပါဘူး”
အဖေ့မျက်ဝန်းတွေဆီမှာ အရင်တုန်းကလိုတင်းမာခက်ထန်မှုတွေကိုမတွေ့ရတော့ပါ။ အိုလည်းအိုစာ လာခဲ့လေပြီ။ ဇရာထောင်းတော့ စိတ်တွေလည်းကျခဲ့ပြီထင်ပါ့။ နန်းမြတ်ရဲ့မနွေးထွေးလှတဲ့ကြိုဆိုမှု တွေကို အဖေရန်ပြန်မလုပ်တော့ပါ။
နန်းမြတ်ကိုသာ တွေတွေကြီးစိုက်ကြည့်နေလေသည်။
“မောင်လေးရေ၊ ဒီမှာအဖေလာတယ်၊ အစ်မတို့ အဖေမပြန်ခင်ကန်တော့ရအောင်”
ဒါနောက်ဆုံးလည်းဖြစ်ချင်ဖြစ်မှာပေါ့။
နန်းမြတ်တို့မောင်နှမပြောမှာဆိုမှားပြစ်မှားခဲ့တာတွေအတွက် အဖေ့ကိုကန်တော့သင့်ပါသည်။ မောင်လေး အိမ်ရှေ့ကို ထွက်လာသည်။
“သား စိုင်းလုံ”
မောင်လေးစိုင်းလုံဟာ လူပျိုကြီးဖားဖားဖြစ်နေခဲ့ပြီ။ အဖေ့ခန္စာကိုယ်နှစ်ဆလောက်အရွယ်ထိရောက် နေခဲ့ပြီ။
“သား အဖေ့ဆီခဏလာပါဦး”
အဖေက စိုင်းလုံကိုကလေးတစ်ယောက်လို ပွေ့ဖက်ဖို့လှမ်းခေါ်သည်။ ငယ်ငယ်ကတည်းကလက်ပွန်းတတီးမနေလာတော့ စိုင်းလုံအတွက်အထူးအဆန်းသဖွယ်ဖြစ်နေဟန်။ သေချာတာကတော့ အဖေ့ကို ကြောက်စိတ်ကတော့ အရင်တုန်းက လောက်မရှိတော့။
“အိုး ကြည့်ပါဦး လူကောင်ကြီးထွားလာလိုက်တာ”
မောင်လေးရဲ့ခေါင်းကို နွေးနွေးထွေးထွေးပွတ်သပ်လိုက်တော့ စိုင်းလုံတစ်ယောက်မနေတတ်မထိုင်တတ်အောင် အနေရ ကြပ်သွားလေသည်။
အဖေ့ဆီမှာ အရင်ကလို ရက်စက်ကြမ်းကြုတ်မှုတွေမတွေ့ရတော့။ ဖခင်တစ်ယောက်ရဲ့ကြင်နာမှုတွေ ကိုတွေ့ခဲ့ရသည်။ ဒါပေမဲ့ နန်းမြတ်တို့ခွင့်မလွှတ်နိုင်တဲ့အလုပ်ကို အဖေလုပ်ခဲ့တဲ့အတွက် အရင်ကလို ပြန်ဖြစ်ဖို့ဆိုတာ မလွယ်ကူတော့ပါ။ အမေကလည်းဘယ်လိုမှခွင့်လွှတ်မှာမဟုတ်။
“သား အဖေ့ကိုမုန်းနေတုန်းပဲလား”
အဖေ့ကိုမုန်းတယ်ဗျာ ဆိုတဲ့စကားကိုတော့ အဖေကောင်းကောင်းသတိရဟန်ပင်။ မောင်လေးကိုတွေ ဝေငေးမောကာ မေးတော့ မောင်လေးကခေါင်းခါပြီးဖြေလေသည်။
“ကျွန်တော်အဖေ့ကိုမမုန်းတော့ပါ့ဘူး”
အဖေ မျက်ရည်ရစ်ဝဲနေတာကို နန်းမြတ်စိတ်မကောင်းပါ။
“ရော့ ဒီမှာ မင်းအတွက် အဖေယူလာခဲ့တာ၊ သစ်ကြားသီး”
ရှမ်းလွယ်အိတ်ခပ်နွမ်းနွမ်းတစ်လုံးထဲမှာ သစ်ကြားသီးတွေအပြည့်။
“မင်းတို့မောင်နှမ ငါ့ကိုစိတ်နာနေကြတယ်ကွယ်”
အဖေမျက်ရည်ဝဲနေခဲ့တာကို နန်းမြတ်ဘဝမှာပထမဦးဆုံးတွေ့ဖူးခဲ့တာပါပဲ။ အဖေစိတ်မကောင်းဖြစ်တော့ နန်းမြတ်တို့ လည်းစိတ်မကောင်းဖြစ်ရတာပေါ့။ ဒါပေမဲ့ ဒါဟာ တဒင်္ဂပါအဖေရယ်။ နန်းမြတ်တို့ အားလုံး အဖေနဲ့ပတ်သက်ပြီး စိတ်ဆင်း ရဲကိုယ်ဆင်းရဲဖြစ်ခဲ့ကြတာ ဆယ်စုနှစ်တစ်ခုမကပါဘူး။
“မောင်လေး အဖေ့ကိုကန်တော့ကြစို့”
အမေ့ အသုဘကိုအဖေလိုက်မပို့တော့ဘဲပြန်သွားခဲ့လေသည်။ အမေက အဖေ့ကိုတစ်သက်လုံးစာအတွက် စိတ်အနာ ကြီးနာခဲ့တာ။
“အမေသေလို့ အမေ့အသုဘကိုနင့်အဖေလာရင်တောင်အလာမခံနဲ့၊ ချက်ချင်းထွက်သွားခိုင်း၊ မိသားစု ကို ဒုက္ခပေးတဲ့သူကို အရမ်းစိတ်နာတယ်”
မသေခင်ကတည်းကမှာထားခဲ့သည်။
အမေကြိုများသိနေသလား။ အဖေတကယ်ပင်ရောက်လာခဲ့တော့ နန်းမြတ်တို့ကလည်းအမေမှာထားခဲ့ တဲ့အတိုင်း အဖေ့ကို အသုဘအပို့မခံခဲ့တော့ပါ။ မောင်နှမနှစ်ယောက်အဖေ့ကိုလက်အုပ်ချီမိုး ကန်တော့တော့ အဖေမျက်ရည်တွေကျနေတာ တွေ့ လိုက်ရသည်။
အဲဒီနောက်ပိုင်းကတည်းက အဖေပျောက်သွားခဲ့တာအခုချိန်ထိပါပဲ။ ပလောင်သီလရှင်ကျောင်းသွားရာ လမ်းဖက်မှာရှိတဲ့ ဖဲနိုင်လို့ဝယ်ထားတယ်ဆိုတဲ့ အိမ်လေးမှာလည်းမရှိတော့ပါ။ ဒေါ်နန်းလှိုင်ပြောတာ ကတော့ အဲဒီအိမ်ကိုလည်းရောင်းပစ်ခဲ့ ပြီးပြီတဲ့။ နန်းမြတ်တို့ရင်ထဲဘယ်လောက်များနာကျဉ်းနေခဲ့ သလဲဆိုတာအဖေစဉ်းစားမိတယ်ထင်ပါရဲ့။ ကျောက်မဲကနေ ထွက်ခွာသွားတာတောင် နှုတ်မဆက်ခဲ့တော့ပါ။
“အခုချိန်ထိပါပဲ၊ အဖေ့ကိုမတွေ့ရတော့တာ”
ဖခင်တစ်ယောက်ရဲ့တာဝန်ဝတ္တရားဆိုတာဘာပါလဲ။ နန်းမြတ်တို့မသိခဲ့သလို အဖေလည်းနားလည်ခဲ့လိမ့်မည်မဟုတ်ပါ။ မွေးကျေးဇူးတစ်ခုသာ နန်းမြတ်သိခဲ့ရသည်။
“လိုက်ရှာသေးလားဟင်”
ကောင်မလေးကဘာသဘောနဲ့များမေးလိုက်တာပါလိမ့်။ သားသမီးတွေက အလိုမရှိတော့ဘူးဆိုမှတော့ဝေးရာကိုထွက် သွားခဲ့တာ လိုက်ရှာစေချင်လို့မှမဟုတ်တာ။
“ဟင့်အင်း”
“ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ အစ်မတို့အဖေကို ခေါ်ထားပြီးမွေးကျေးဇူးဆပ်နိုင်တဲ့အနေအထားပါ၊ အိမ်မှာအေးအေးလူ လူ..…”
“မဖြစ်နိုင်တော့တာကိုမပြောနဲ့တော့နှင်းငွေရည်၊ နင့်ကိုမှတ်ချက်ပေးခိုင်တာမဟုတ်ဘူး၊ နင့်ဆီကအကြံတောင်းနေတာ လည်းမဟုတ်ဘူး၊ အကြောင်းစုံသိအောင်ပြောပြနေတာ”
“နှင်းကစေတနာနဲ့ပါ”
“အို အပိုတွေပါအေ၊ ဘာစေတနာလဲ၊ နင်စပ်စုပြီးဆရာကြီးလုပ်တာပါ၊ ငါ့မောင်အကြောင်း ငါ့အကြောင်း နင်စုံစမ်းစပ်စု နေတာ ငါသိသားပဲ”
လိမ္မော်ခြံအထိတစ်ယောက်တည်းအရဲစွန့်ပြီးလိုက်လာစပ်စုတာကိုတော့ နန်းမြတ်ချီးကျုးမိပါသည်။ ဒီကိုလာဖို့ဆိုတာက သူ့လိုဆိုင်ကယ်မစီးတတ်တဲ့ရန်ကုန်သူတစ်ယောက်အတွက် လွယ်ကူတာမှမဟုတ်တာ။
“လူတွေမှာ လျှို့ဝှက်ချက်ဆိုတာသူများကိုမသိစေမပြောစေချင်လို့ထားကြတာချည်းပဲနှင်းငွေရည်၊ လျှို့ဝှက်ချက်ကို လျှို့ ဝှက်ချက်အနေနဲ့ပဲထားတာကောင်းတယ်၊ ရှာဖွေဖော်ထုတ်ဖို့မကြိုးစားနဲ့၊ နှစ်ဦးနှစ်ဖက်လုံးအတွက်ကောင်းမွန်တဲ့ အကျိုး ရလာဒ်ရလာမှာမဟုတ်ဘူး”
“နှင်းသိချင်တဲ့လျှို့ဝှက်ချက်ဆိုတာက အများနဲ့သက်ဆိုင်တဲ့ကိစ္စပါ၊ တစ်ဦးတစ်ယောက်ချင်းနဲ့မဆိုင်ပါဘူးအစ်မ၊ လူတွေ အသတ်ခံနေရတဲ့အဖြစ်အပျက်က ဘယ်သူ့လက်ချက်လဲ၊ ဘာကြောင့်အဲလိုသတ်ရ တာလဲဆိုတာအားလုံးက သိချင်နေ ကြတယ်၊ တရားခံကိုရှာဖွေဖော်ထုတ်ပြီးအရေးယူဖို့သက်ဆိုင်ရာ ကလည်းဆောင်ရွက်နေတယ်”
“အေး အခုသိတော့ဘာဖြစ်လဲ”
“……”
“လူတွေသတ်တာငါပဲ၊ ဒါကိုအားလုံးသိသွားရင် ငါအဖမ်းခံရမယ်၊ အရေးယူခံရမယ်၊ ထောင်ကျမယ်၊ ဘယ်သူ့မှမသိဘဲ နင်တစ်ယောက်တည်းသိသွားတဲ့အတွက် အခုနင်အသတ်ခံရမယ်၊ အကျိုးရလာဒ်က ဘာကောင်းလဲ နှင်းငွေရည်”
“အစ်မနန်းမြတ်ေ၀ မဟုတ်သေးဘူး”
“နင် အခုငါ့ကိုတရားလာဟောဖို့မကြိုးစားပါနဲ့၊ လောကကြီးမှာ လူတိုင်းလူတိုင်းကကိုယ်မှန်တယ် ကိုယ်ကောင်းတယ်လို့ ယူဆလို့လုပ်နေကြတာချည်းပဲ၊ သစ္စာမရှိတဲ့ယောင်္ကျားတွေကို ငါအရမ်းမုန်းတယ်၊ လောကကြီးမှာမထားချင်ဘူး၊ အဲဒါ ကြောင့် ငါ့ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ ဒီလိုယောင်္ကျားတွေကိုငါသတ်တယ်၊ ဘာဖြစ်လဲ”
ကောင်မလေးဘာမှပြန်မပြောအောင် နန်းမြတ်လှိမ့်ပြီးပြောနေမိသည်။ ရန်ကုန်သူတွေဆိုတာ ပညာလည်းတတ်၊ လည် လည်းလည်တာမို့ အကျောခံလို့မဖြစ်။
“အဲဒီလိုတွေ လိုက်သတ်နေမယ်ဆိုရင်အစ်မအတွက် အကုသိုလ်တွေများပြီးရင်းများလာတာပဲအဖတ်တင်မယ်၊ အစ်မ ဖြေရှင်းတဲ့နည်းကကောင်မွန်တဲ့ပြသနာဖြေရှင်းနည်းတစ်ခုမဟုတ်ဘူးလို့နှင်းတော့ယူဆတယ်”
“အရာရာတိုင်းကို နည်းစနစ်တကျဖြေရှင်းဖို့ဆိုတာ လက်တွေ့ဘဝမှာမလွယ်ကူလှဘူး၊ အခြေအနေနဲ့ အချိန်အခါကိုကြည့် ပြီး လုပ်လိုက်ရတာတွေရှိတယ်၊ အဲဒီတော့ ငါမျက်စိစပါးမွှေးစူးနေတဲ့ ငါ့ပတ်ဝန်းကျင်ကလူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သတ်ပစ်လိုက်တာပဲ”
နန်းမြတ်ကို လူသတ်ချင်စိတ်ဖြစ်အောင်သွေးကြွစေခဲ့တာ စိုင်းဝဏ္ဏဆိုတဲ့ကောင်လေးတစ်ယောက်ကနေစတင်ခဲ့တာပါ။
×××××××××××××××××