(၂၇)
တကယ်တော့ ဝဏ္ဏနဲ့နန်းမြတ် တွေ့ပြီးခဲ့ပြီ။ နန်းမြတ်သူ့ကိုသတ်ပြီးခဲ့ပြီး လိမ္မော်ခြံထဲမြှုပ်ထားခဲ့ပြီးပြီ။ ဒါကို ဘယ်သူ သိနိုင်မှာလဲ။
ဝဏ္ဏကို နန်းမြတ်မျက်လုံးထဲမှာ စပါးမွှေးစူးနေခဲ့တာ ကြာခဲ့လေပြီ။ နန်းမြတ်တို့သူငယ်ချင်း၊ ဈေးထဲက အပေါင်းအသင်း တွေစုပြီး တစ်ခါတစ်လေစိန်အောင်ဝင်းရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တိုင်းလိုလိုမှာ အဲဒီကောင်လေးကို ကောင်မလေး တစ်ယောက်နဲ့တွေ့တွေ့တတ်သည်။ အရွယ်ကကောင်းကောင်းမ ရောက်သေး။ ရည်စားတွေထည်လဲတွဲနေတာ နန်းမြတ် ဘယ်လိုမှကြည့်မရ။ နန်းမြတ်ရဲ့ဆိုင်မှာခေါက် ဆွဲလာလာစားတိုင်းလည်း ကောင်မလေးတစ်ယောက်ပြီးတစ်ယောက် မရိုး နိုင်အောင်ပါလာတတ်သေးသည်။
“အို တွဲတဲ့ကောင်မလေးတွေကလည်း သိသိကြီးနဲ့တွဲနေကြတာပဲအေ၊ ကောင်လေးအပြစ်ချည်းပဲလည်း မဟုတ်ပါဘူး၊ ကောင်မတွေကိုက နန့်တာပါ”
“ဟဲ့ မဟုတ်ဘူးလေ၊ သူတွဲတာ ရိုးရိုးသားသားပဲဆိုရင်တော့ တွဲပါစေပေါ့၊ ဒါပေမဲ့……အေး၊ အဲလိုမျိုးတဲ့”
ဈေးကွဲလို့ ဆိုင်နီးနားချင်းတွေအတင်းစုပြောတိုင်း ဝဏ္ဏအကြောင်းအမြဲတမ်းလိုလိုပါတတ်သည်။ စိန်အောင်ဝင်း ရုပ်ရှင်ရုံမရှိ တော့တဲ့နောက်ပိုင်း နန်းမြတ်တို့စုရပ်က ငါးကန်ဖြစ်လာသည်။ ငါးကန်မှာ ငါးကြော်၊ ငါးကင် စားရင်းရေးနွေးစကား ဝိုင်းဖွဲ့ရင်း အတင်းပြော ထွေရာလေးပါးသတင်းတွေဖလှယ်တတ်ကြသည်။ အဲဒီလိုအချိန်တော်တော်များများမှာလည်း ဝဏ္ဏကိုကောင်မလေးတွေနဲ့တွေ့ရပြန်သည်။
တစ်နေ့ မနက်စောစောစီးစီး နန်းမြတ်ဆိုင်မှာကောင်မလေးတစ်ယောက်နဲ့ခေါက်ဆွဲလာစားပြန်သည်။ အဲဒီနေ့က ကောင်မ လေးမျက်နှာမကောင်း။ ခေါက်ဆွဲနှစ်ပွဲမှာစားရင်း အကြောင်းအရာတစ်ခုကိုအချေအတင်ဆွေးနွေးနေကြ၏။ လူရှင်းသေး တဲ့အချိန်မို့ နန်းမြတ်နားစွင့်နေမိသည်။
“အဲဒီလောက်အထိတော့ မလုပ်သင့်ဘူးထင်တယ်”
“ဟင့်အင်း၊ ငါသေချင်တာပဲသိတယ်”
“ဒါနင်တာဝန်ယူရမှာပေါ့”
“မဖြစ်သင့်တာတွေမပြောနဲ့၊ ငါမလုပ်နိုင်ဘူး”
သူတို့စကားတစ်ခွန်းတစ်စကိုနားထောင်ရင်း ဘယ်လိုအကြောင်းအရာလဲဆိုတာ နန်းမြတ်သဘော ပေါက်မြန်လိုက်ပါသည်။ တော်တော်ယုတ်မာတဲ့ကောင်လေးပါလား။ နန်းမြတ်ရဲ့ဝဏ္ဏအပေါ်မျက်စိစပါးမွှေးစူးတာတွေက အကြီးမားဆုံးအဆင့်ကို ရောက်လာခဲ့လေသည်။
အမြင်မတော်တဲ့မြင်ကွင်းတွေက တဖြည်းဖြည်းမြင်ရတာများလာတဲ့အဆုံး သူ့ကိုသတ်ပစ်ဖို့နန်းမြတ် စိတ်ကူးလိုက်မိသည်။ နန်းမြတ်သိသလောက်တောင် ဝဏ္ဏဖျက်ဆီးခဲ့တဲ့မိန်းကလေးတွေကသုံးယောက်ထက်မနည်း။
“လူလေးက လက်မလောက်ပဲရှိသေးတယ်၊ အဲဒီလောက်ထိမြာပွေတဲ့ကောင်လေး၊ အေး တွေ့ကြသေးတာပေါ့ဝဏ္ဏရယ်၊ နင်မိန်းကလေးတွေကို ဒုက္ခရောက်အောင်လုပ်သလို နင်လည်းဒုက္ခကောင်း ကောင်းကြီးရောက်စေရမယ်”
နန်းမြတ် သူ့ကိုသတ်နိုင်မယ့်ရက်ကိုစောင့်နေခဲ့လေသည်။
သူ့ကိုရှာဖွေဖို့က သိပ်မခက်ခဲလှပါ။ လူသွားများတဲ့ နေရာတွေမှာသွားကြည့်ရုံသာ။ ဥပမာ ငြိမ်းချမ်းရေးကုန်း၊ ငါးကန်၊ ဘုရား အဲလိုနေရာတွေကိုသွားကြည့် တစ်နေရာရာတော့ တွေ့မှာသေချာသလောက်။
မောင်လေးစိုင်းလုံက နှင်းငွေရည်ကိုဆိုင်ကိုပထမဆုံးခေါ်လာတဲ့နေ့ညနေစောင်းလောက်မှာပဲ ဝဏ္ဏကိုသတ်ဖို့ အကွက် အကွင်းကျလေသည်။ အဲဒီနေ့က လိမ္မော်ခြံကလူတွေ အိမ်ပြန်ပြီးပြန်မရောက်သေးတာနဲ့ ခဏသွားအကြည့် လမ်းမှာ ဝဏ္ဏကိုတွေ့ရလေသည်။ အခြေအနေအချိန်အခါကောင်းမို့စတင်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ခြင်းပင်။ နန်းမြတ်က သူ့ကို အရင် တွေ့တာကြောင့်အစီအစဉ်ချဖို့လွယ်ကူခဲ့၏။ စီးလာတဲ့ ဆိုင်ကယ်ကို အသိဆီမှာခဏအပ်ထားလိုက်ပြီး ဝဏ္ဏရှိနေတဲ့နေရာ ဆီကို ခပ်သွက်သွက်လေးသွားလိုက်၏။ ကားလမ်းဘေးကအုတ်ထိုင်ခုံတစ်ခုံမှာထိုင်ပြီး ဖုန်းပွတ်နေကာဆိုင်ကယ်ကို ဘေးမှာရပ်ထားလေသည်။ သူ့အာရုံနဲ့သူမို့နန်းမြတ်ကိုသူမတွေ့။
“ဟဲ့ မောင်လေး၊ နင်မျိုးဇော်အောင်ရဲ့ညီမှလား”
“ဟုတ်ကဲ့ အစ်မနန်းမြတ်”
အမှန်တော့ သူ့နာမည်ကို သိပေမယ့် တမင်တကာမေးလိုက်ခြင်းပင်။
“ဘာလုပ်နေတာတုန်းလမ်းဘေးကြီးမှာ ဒီနားကလူပြတ်တယ် ”
“သူငယ်ချင်းတစ်ယောက်နဲ့ ဒီမှာချိန်းထားလို့ပါ၊ ဘာဖြစ်လို့လဲ အစ်မ”
“အေး အစ်မအရေးတကြီးကိစ္စရှိလို့ ကူညီပါဦးကွယ်၊ မင်းသူငယ်ချင်းကဘယ်အချိန်လာမှာလဲ”
“လိုတော့ လိုပါသေးတယ်၊ ကျွန်တော်သွားစရာမရှိတာနဲ့ တစ်နာရီလောက်စောရောက်နေတာ”
“အေး အတော်ပဲကွယ်၊ အစ်မဆိုင်ကယ်လမ်းမှာပျက်သွားလို့ အစ်မကိုလိမ္မော်ခြံဆီကိုလိုက်ပို့ပါလားမောင်လေးရယ်၊ မင်းလမ်းသိမှာမဟုတ်ဘူး၊ အစ်မမောင်းမယ်၊ ကူညီပါနော်”
သူ့ပုံစံက သိပ်ကူညီချင်ပုံမပေါက်ပေမယ့် နန်းမြတ်ရဲ့အခြေအနေကသူမကူညီလို့မရလောက်တဲ့ပုံစံ ပေါက်နေတာကြောင့် မပို့ချင်ပို့ချင်နဲ့ပို့ခဲ့လေသည်။ ယောင်္ကျားလေးတော်တော်များများရဲ့ထုံးစံအတိုင်း မိန်းကလေးမောင်းတဲ့ဆိုင်ကယ်ကို မစီးချင် ဘူးဆိုပေမယ့် မောင်လေးလမ်းမသိလို့အစ်မမောင်းပါရစေကွယ် လို့နန်းမြတ်က အချိုသပ်ကာမောင်းခွင့်တောင်းခဲ့လေ၏။
ခြံကိုရောက်ခါနီး ကားလမ်းဘေးကနေတောထဲဝင်တော့ သူကငြိုငြင်စကားစတင်ဆိုလေသည်။ “အစ်မ ခြံကလည်းဝေး လိုက်တာဗျာ၊ မရောက်သေးဘူးလား” တဲ့။
“ရောက်ပြီမောင်လေးရဲ့၊ ခဏလေးပါကွယ်”
ခြံရှေ့ကိုရောက်တော့ နန်းမြတ်ရဲ့သွေးတွေကြွလာကာ သူ့ရဲ့အကြောင်းကိုတွေးပြီးရင်းတွေးနေမိတော့သည်။ မိန်းကလေး တွေအပေါ်ရက်စက်လှတဲ့ကောင်လေး။ တွေ့ကြပြီပေါ့။
“အော် မောင်လေး၊ ဒါအစ်မတို့ခြံပဲ၊ မင်းအချိန်မရရင်နောက်မှလာလည်ပေါ့၊ ဒါပေမဲ့ အခုကူညီလက်စနဲ့ ခဏလေး ကူညီပါဦးကွယ်၊ မောင်လေး ဒီခြံရှေ့မှာပဲခဏစောင့်နေခဲ့၊ ခြံသော့က အစ်မဟိုဖက်ခြံမှာအပ်ထားလို့ ဆိုင်ကယ်နဲ့သွားယူ လိုက်ဦးမယ်၊ ပြီးရင်မောင်လေးပြန်တော့နော်၊ ကျေးဇူးအများကြီးတင်ပါ တယ်ကွယ်၊ အချိန်ရှိသေးရင်ခြံထဲဝင်စေချင်တယ်၊ လိမ္မော်သီးတွေပေးလိုက်ချင်လို့”
“ရတယ် အစ်မ မယူတော့ဘူး၊ အစ်မသာ ခြံသော့ယူပြီးမြန်မြန်ပြန်လာခဲ့”
“အေး အေး”
တကယ်တော့ဒီနားတစ်ဝိုက်အခြားဘယ်ခြံမှမရှိ။
နန်းမြတ်ဆိုင်ကယ်ကို ခပ်ဝေးဝေးလေးမောင်းလိုက်ပြီး အရှိန်အပြင်းဆုံးနဲ့ ပြန်ကွေ့လာသည်။ သူမတ်တပ်ရပ်နေရာ ခြံရှေ့ဆီကို တဟုန်ထိုးဦးတည်ကာ တိုက်ပစ်လိုက်သည်။ ရုတ်တရုက်မို့ ဝဏ္ဏရှောင်ချိန်မရလိုက်။ နန်းမြတ်ဆိုင်ကယ် စီးပြီးပြန်ကွေ့လာတာကို လှမ်းတွေ့တာတောင်သူ့ကို တည့်တည့်ကြီးဝင်တိုက်မယ်လို့ဘယ်ထင်ပါ့မလဲ။ အရှိန်ပြင်းတာ ကြောင့် သူပစ်လဲသွားလေသည်။
“ခင်ဗျား”
သူ နန်းမြတ်ကိုလက်ညှိုးထိုးကာရန်တွေ့ဖို့ကြိုးစားပေမယ့် အခြေအနေမပေးခဲ့ပါ။ သူ့ကိုတိုက်ပစ်ပြီးဆိုင် ကယ်အရှိန်က မသေသေးဘဲ သူလဲကျရာနေရာဆီကိုဦးတည်ကာ သူ့ခြေတောက်နှစ်ဖက်ဆီကို တက်ကြိတ်လိုက်ပြန်သည်။
“အား”
သူ စူးစူးဝါးဝါးအော်ပြီး သတိလစ်မေ့မြောသွားခဲ့လေ၏။ အဲဒီတော့မှ ခြံတံခါးသော့ဖွင့် သူ့ကိုဒရွတ် တိုက်ဆွဲခေါ်ကာ လိမ္မော်ပင်တန်းတွေဆီမှာချထားလိုက်လေသည်။ ဆိုင်ကယ်ကိုခြံထဲအထိသွင်း သော့ခတ်ကာ တဲရှေ့ကကွပ်ပျစ်ပေါ်ကို သော့ပစ်တင်လိုက်၏။ အရေးအကြီးဆုံးကသူ့ကိုသတ်ပြီး အလောင်းမြှုပ်မယ့်နေရာကို လိုက်ရှာရခြင်းပင်။ နောက်ဆုံး လိမ္မော်ပင်တစ်ပင်အောက်မှာပဲမြှုပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ နန်းမြတ်နေရာရှာပြီးပြန်လာတော့ သတိလစ်မေ့မျောနေတဲ့ ဝဏ္ဏမရှိတော့။ ဆိုင် ကယ်သော့ကိုယူကာ ထွက်ပြေးဖို့ကြိုးစားနေတာတွေ့လိုက်ရသည်။
“ပြေးစမ်း နင်”
သူ့ခြေတောက်တွေက လျှောက်လို့ဘယ်လိုမှအဆင်ပြေမှာမဟုတ်။ ဇောနဲ့သာပြေးနေမှန်း နန်းမြတ် ကောင်းကောင်း သိတာပေါ့။
နန်းမြတ် သူ့ဆီကိုပြေးလိုက်ပြီးသော့ကိုလုယူသည်။ ကောင်လေးကအားတော်တော်သန်တာကြောင့် သူ့လက်ထဲကသော့ ကို မနည်းလုယူလိုက်ရသည်။ နှစ်ယောက်သား သော့လုရင်းသော့မှာချိတ်ထားတဲ့ ကီးချိန်းလေးပြတ်ထွက်သွားခဲ့သည်။ ခြံသော့ကိုပြန်ခတ်ခဲ့တာကြောင့် တကယ်လို့ သူဆိုင်ကယ်သော့ ကိုရပြီးဖွင့်ကာခြံပြင်ကိုထွက်ဖို့ကလည်း မလွယ်။
သူ့လက်ထဲကသော့ကို ရပြီးနောက်မှာ ဆိုင်ကယ်သော့ကိုဖွင့်လိုက်ပြီးသူ့ကိုအပြီးသတ်တိုက်ပစ်ဖို့ နန်းမြတ်ဆုံးဖြတ်လိုက် သည်။
“ကယ်ကြပါဦး”
သူအော်ဟစ်ကာ ထော့နဲ့ထော့နဲ့ လိမ္မော်ပင်တွေရှိရာဖက်ဆီကိုဦးတည်ပြေးနေ၏။ ခြံဝမှာနန်းမြတ်ရှိနေတာကြောင့် ပြေး ရင်တကယ်လွတ်နိုင်တဲ့လမ်းကိုသူမရွေးနိုင်ရှာ။ အခုသူပြေးနေတဲ့လိမ္မော်ပင်တန်းတွေရဲ့အဆုံးမှာ တောင်တန်းကြီးနဲ့ တော ကြီးမျက်မည်းကလွဲရင်ဘာမှမရှိ။ ခြေတောက်နှစ်ဖက်စလုံးဆိုင်ကယ်အကြိတ်ခံထားရတာကြောင့် စိတ်သွားသလောက် မပြေးနိုင်ရှာ။ သွေးပူနေတာကြောင့်ရယ်၊ အသက်ဘေးရင်ဆိုင်နေရတာကြောင့်ရယ်သာ သူ့ခြေတောက်တွေပြေးနိုင် နေခြင်းပင်။
ဆိုင်ကယ်ကိုဖြည်းဖြည်းချင်းပဲမောင်းကာ သူ့နောက်လိုက်လာခဲ့သည်။
“နင်ဘယ်လောက်ပြေးနိုင်မလဲစိုင်းဝဏ္ဏ ပြေးစမ်း”
နောက်ဆုံးတော့ သူအရုတ်ကြိုးပြတ်ပစ်လဲကျသွားကာ လက်နှစ်ဖက်ထောက်ရက်သာပြေးနိုင်တော့ လေသည်။
“ခင်ဗျား ခင်ဗျား ဘာလို့အခုလိုလုပ်ရတာလဲ”
သူဆက်မပြေးနိုင်ရှာတော့။
“မိန်းကလေးတွေအပေါ် နင်ယုတ်မာကောက်ကျစ်ခဲ့တဲ့အတွက် ပြန်ပေးဆပ်ရတာပဲစိုင်းဝဏ္ဏ၊ နင့် လုပ်ရပ်တွေကိုငါကြည့် နေခဲ့တာကြာခဲ့ပြီ၊ နင့်ကိုငါမျက်စိစပါးမွှေးစူးနေတာကြာခဲ့ပြီ၊ အခုမှပဲငါလုပ်ချင် တာ အကောင်အထည်ဖော်နိုင်တော့တယ်၊ အဲဒါဘာလဲသိလား၊ နင့်ကိုသတ်ပစ်ချင်နေတာ၊ နင့်ကြောင့် ကြွေကျခဲ့တဲ့ကောင်မလေးတွေအတွက် ပြန်ပေးဆပ်စေ ချင်တာ”
“ကျွန်တော့်အလုပ်ခင်ဗျားနဲ့ဘာဆိုင်လဲဗျ”
မျက်ရည်တွေကျလို့ ငိုယိုကာနန်းမြတ်ကိုအော်ပြောနေတော့ နန်းမြတ်ဟားတိုက်ရယ်မောပစ်လိုက်သည်။ အခုတော့လည်း ကလေးဆိုးကြီးတစ်ယောက်လိုပါလား။
“လူမဆန်တဲ့နင့်ကို တိရိစ္ဆာန်ကျင့်ကျင့်ကြံနေတဲ့နင့်ကို ဝဋ်လည်စေဖို့ငါတာဝန်ယူလိုက်တာဝဏ္ဏ၊ နင်နဲ့ ပတ်သက်တဲ့ ကောင်မလေးတွေအားလုံးက ငါ့ကိုတာဝန်ပေးလိုက်တာလို့ပဲနင်သဘောပေါက်”
နန်းမြတ် ဆိုင်ကယ်ကိုအရှိန်မြှင့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို တက်နင်းလိုက်လေသည်။ သူ့ခြေတောက်တွေဆက်မလှုပ်နိုင် တော့လောက်အောင်အထိ ဖြစ်တဲ့အထိ။
သူ ဘောင်းဘီအိတ်ထဲကဖုန်းကို အလျင်အမြန်ပဲထုတ်ယူလိုက်ကာ ဖုန်းနံပါတ်တွေနှိပ်နေသည်။ နန်းမြတ်ပြုံးပြီးတော့ ကြည့်နေလိုက်၏။
“နောက်ဆုံးအနေနဲ့ ဘယ်သူ့ကိုဖုန်းပြောချင်လို့လဲ ပြောလေ၊ အေး အခုကြုံနေရတဲ့အဖြစ်အပျက်ကို ပြောရင်တော့ တွေ့လားဆိုင်ကယ်” ဆိုပြီးခြိမ်းခြောက်လိုက်ပေမယ့် သူကတော့”အစ်ကို ကျွန်တော့်ကိုကယ်ပါ၊ ကျွန်တော်ဒုက္ခရောက် နေပြီ”ဆိုပြီးပြောနေတော့ နန်းမြတ်ဆိုင်ကယ်နဲ့တိုက်ပြီးခြိမ်းခြောက်လိုက်ရသည်။ ဖုန်းက လိမ္မော်ပင်တွေကြားလွတ်ကျ သွားခဲ့၏။ အဲဒီနောက်ဆိုင်ကယ်ပေါ်ကဆင်းကာဖုန်းကိုကောက်ယူလိုက်သည်။
“မ မလုပ်ပါနဲ့ ကျွန်တော် တောင်းပန်ပါတယ်၊ မှားပါတယ် ကျွန်တော် မှားပါတယ်”
သူ့ဆီကတောင်းပန်သံတွေဆက်တိုက်ကြားလာရသည်။ ဂရုမစိုက်သေး၊ တိုက်ပြီးရင်းတိုက်၊ တက်နင်းပြီးရင်း တက်နင်းနေ မိသည်။ ကြာလာတော့ သူအသံမထွက်နိုင်တော့။ မျက်ရည်တွေကျကာတောင်းပန်တဲ့အကြည့်နဲ့သာ နန်းမြတ်ကိုကြည့် နေနိုင်တော့သည်။
“တကယ်တော့ ဝဋ်ဆိုတာနောက်ဘဝမကူးဘူးတဲ့ဝဏ္ဏ၊ ငါကတော့ နင်ဝဋ်မလည်ခင်မှာစောစောစီးစီး ကယ်တင်ပေးလိုက် တယ်လို့မှတ်ပါ၊ အဲဒီအတွက် နင်ငါ့ကိုကျေးဇူးတင်”
ဝဏ္ဏရဲ့နောက်ဆုံးအော်သံကို နန်းမြတ်ကလွဲလို့ ဘယ်သူမှကြားလိုက်ရမယ် မထင်ပါ။
×××××××××××××××××