(၂၈)
“ဦးလေးကောင်း ကျွန်မလုပ်ထားတဲ့ဆန်အရက်မြည်းကြည့်ပါဦး၊ နောက်ကျရင်ညနေပိုင်းဆန်အရက်ဆိုင်လေးဖွင့်ရင် ကောင်းမလားလို့”
အရက်သမားကို အရက်နဲ့မျှားရတာမို့မခက်ခဲပါ။ လူရှင်းသူရှင်းတဲ့အချိန်တစ်ခုကိုသာစောင့်ဆိုင်းရလေသည်။ နန်းမြတ်ဆိုင် သိမ်းရင်သုံးတဲ့ သုံးဘီးဆိုင်ကယ်လေးရှိသည်။ ဆိုင်ကယ်ပေါ်မှာအိုးခွက်ပန်းကန် တွေတင်လို့ရအောင်ဆိုပြီး သုံးဘီးလုပ်၊ အမိုးလေးဘာလေးနဲ့မိုးကာ အလှဆင်ထားတာပင်။ အဲဒီသုံးဘီးလေးနဲ့ ညမှောင်ရီတရောအချိန်မှာ ဦးလေးကောင်း သွားတတ်လာတတ်တဲ့နေရာကိုလိုက်ရှာ၊ လူရှင်းသူရှင်းတဲ့ အချိန်ကိုရွေးပြီးလှုပ်ရှားရလေသည်။
လိမ္မော်ခြံက ဝန်ထမ်းတွေအိမ်ခဏပြန်သွားကြသည်။ တကယ်တော့ ခဏဆိုပေမယ့်တစ်လဝန်းကျင် လောက်ကြာမယ့်အကြောင်း၊ နာရေးကိစ္စတစ်ခုရှိကြောင်း နန်းမြတ်ကိုဖုန်းဆက်ခဲ့၏။
“ဟဲ့ ကြည့်ကျက်လည်းလုပ်ကြပါဦးဟဲ့၊ နင်တို့မရှိရင်ငါဘယ်လိုလုပ်မလဲ၊ စိုင်းလုံကလည်းအိမ်မကပ်ဘူး၊ သူ့ကိုအဲမှာ တစ်ယောက်တည်းလည်းမထားချင်ဘူး၊ ခြံထဲကိုဧည့်သည်ဘာညာလာလို့လိုက်ပြရင် ခြံစောင့်မရှိ၊ ပေါင်းပင်တွေကရှုပ်နေ ရင်ဘယ်နှယ့်လုပ်မလဲ”
“ရွာကအရမ်းမှမဝေးတာမမလေးရယ်၊ ခြံမှာဧည့်သည်လာမယ့်ရက်ဆိုကြိုပြောလေ၊ ကျွန်မတို့ထဲက တစ်ယောက်နှစ် ယောက်လောက်လာပြီးရှင်းပေးပါ့မယ်၊ ဆိုင်ကယ်နဲ့လာရင်တစ်နာရီလောက်ပဲကြာမှာပဲကို၊ အဓိကက ရွာကကိစ္စပြီးဖို့အချိန် ကြာကြာနေရမှာမို့လို့ပါ၊ တစ်လပြည့်ပြီးသွားရင်ပြန်လာခဲ့ပါ့မယ်”
“အေး၊ အေး ပြီးရော”
လိမ္မော်ခြံကို ဧည့်သည်လာတော့မယ်ဆိုရင် သူတို့ကိုဖုန်းဆက်ပြီးပေါင်းရှင်းခိုင်းရသည်။ မောင်လေးဆိုရင် အပေါင်းအသင်း များတော့ ခြံထဲကိုလိုက်ကြည့်ချင်တဲ့ဧည့်သည်တွေမကြာမကြာလာတတ်၏။ အဲဒီအချိန်ကျရင်ဝန်ထမ်းတွေကိုဖုန်းကြို ဆက်အကြောင်းကြားကာပေါင်းရှင်းခိုင်းထားရလေသည်။ ခြံထဲမှာဘယ်သူမှမရှိတဲ့အချက်က သွေးကြွနေတဲ့နန်းမြတ် အတွက်အခွင့်အရေးကောင်းဖြစ်ခဲ့၏။ စိုင်းဝဏ္ဏကို သတ်ပြီးတဲ့နောက်တစ်ခြားသတ်ရမယ့်သူတွေ ခေါင်းထဲမှာ တစ်ယောက် ပြီးတစ်ယောက်ဝင်လာခဲ့ကာ အခါအခွင့်ကောင်းတွေကို စောင့်နေခဲ့ခြင်းပင်။
“အေး အေး မှန်းစမ်း၊ မြည်းကြည့်တာပေါ့”
“အဲဒီအတိုင်းသောက်လို့ဘယ်ဖြစ်မလဲဦးလေးကောင်းရဲ့၊ လာဘီးပေါ်တက်ပြီးသေချာထိုင်မြည်း၊ ဘယ်ကိုသွားမလို့လဲ၊ ကျွန်မလိုက်ပို့ပေးမယ်”
ဘီးပေါ်ကို အသာတကြည်ပဲတက်လိုက်လာသည်။ ဆန်အရက်တစ်ခွက်ငှဲ့ပေးလိုက်တော့ တစ်ခါတည်း မော့ပစ်လိုက်သည်။ နန်းမြတ်ပြုံးမိလိုက်သည်။ သိပ်မကြာတော့မှောက်သွားခဲ့ပြီ။ ဆန်အရက်ထဲမှာတစ်စုံတစ်ရာထည့်ထားခဲ့တယ်ဆိုတာပြောဖို့ မေ့သွားတယ်ဦးလေးကောင်းရေ။
မှောက်နေပြီဖြစ်တဲ့ ဦးလေးကောင်းခန္ဓာကိုယ်ကြီးကို လူတွေမမြင်အောင်ဖုံးအုပ်ကာ လိမ္မော်ခြံဖက်ဆီကိုမောင်းလာခဲ့လေ သည်။ ဒါပေမဲ့နန်းမြတ်ရဲ့မေ့ဆေးကပဲပျော့သွားတာလား၊ ဦးလေးကောင်းကပဲကိုယ်တွင်းအားကောင်းတာလား မပြော တတ်။ လမ်းခုလတ်မှာ သတိပြန်ရလာခဲ့သည်။
“နန်းမြတ်ဝေ၊ နင်ငါ့ကိုဘယ်ခေါ်လာတာလဲ၊ ဒါငါတို့ရွာထဲကိုသွားနေတာမဟုတ်ဘူးလေ”
မကြားချင်ယောင်ဆောင်ပြီး လူရှင်းတဲ့နေရာဆီကိုခပ်သွက်သွက်လေးနင်းလိုက်လေသည်။ လမ်းသွား လမ်းလာ မရှိတော့ တာလည်းသေချာရော ဆိုင်ကယ်ကိုရပ်ပစ်လိုက်ကာ အသင့်လာယူတဲ့သံတုတ်နဲ့ သူ့ဦးခေါင်းဆီကို အားကုန်လွှဲရိုက်ပစ် လိုက်သည်။ အမှန်တော့ နန်းမြတ်မှာ အဲဒီလောက်သတ္တိမရှိပါ။ ဦးလေးကောင်းဟာ ဘယ်လိုလူမျိုးလဲ၊ မိန်းမဖြစ်သူအပေါ် ဘယ်လောက်ထိတောင် ရက်စက်တတ်လဲဆိုတာတွေကို တစ်လမ်းလုံးတွေးပြီး သွေးဆူအောင်ကိုယ့်ကိုကိုယ်နူးလာခဲ့ ရသည်။
“ဟင်၊ နင် နင်င့ါကိုရိုက်တယ် ဟုတ်လား”
“ဟုတ်တယ်၊ ရှင့်လိုလူယုတ်မာကိုအသေသတ်ဖို့ဆုံးဖြတ်ထားပြီးသားမို့ အစီအစဉ်ဆွဲလာခဲ့တာ”
အမှန်တော့ ခြံထဲရောက်မှစိတ်ကြိုက်စီမံပြီး ဝဏ္ဏနောက်ကိုပို့မလို့ပါပဲ။ ဒါပေမဲ့ အခြေအနေကလုပ်သလိုဖြစ်မလာခဲ့ပါ။
စကားတွေ ရှည်ရှည်ဝေးဝေးပြောမနေတော့ပါ။ ဦးလေးကောင်းရဲ့ချက်ကောင်းနေရာတွေကိုသံတုတ်နဲ့ အဆက်မပြတ်ရိုက် ပစ်လိုက်သည်။ ပထမဆုံးဦးခေါင်းကိုရိုက်၊ စကားမပြောနိုင်အောင်လက်အိတ်နဲ့ ပါးစပ်ကိုအတင်းပိတ်လုံးထွေးသတ်ပုတ် ရသည်။
တစ်ချက်မှာတော့ နန်းမြတ်ကိုတွန်းထုတ်ပစ်လိုက်နိုင်ပြီးကားပေါ်ကဆင်းကာ ဖုန်းကိုအမြန်ထုတ်ဆက်နိုင်ခဲ့၏။
“ဟယ်လို၊ ဟယ်လို မိန်းမရေ ငါ့ကိုကယ်ပါဦး၊ ဒီမှာ….”
နန်းမြတ်က လူကောင်းလည်းဖြစ်နေ၊ လတ်တလောမှာ အသာစီးလည်းရနေသူမို့ ဦးလေးကောင်းဖုန်းကိုအလျင်အမြန်လု ပစ်လိုက်နိုင်ခဲ့သည်။ ဦးလေးကောင်းကလူကမူးလည်းမူးနေ၊ နန်းမြတ်ရဲ့ဗွေဆော်ဦးတုတ်ချက်ကိုလည်း အားပါးတရခံထား ရတာမို့ နောက်ဆုံးမှာတော့ နန်းမြတ်အနိုင်ရရှိခဲ့လေသည်။ သေချာသည်ထက်သေချာအောင်တော့ တစ်ချက်ပြီးတစ်ချက် ရိုက်ပစ်ခဲ့၏။ သွေးတွေလည်းရစရာမရှိအောင်ထွက်၊ ဒဏ်ရာဗလပွဖြစ်တော့မှကျေနပ်ကာအလောင်းကောင်ကို လမ်းဘေး ပစ်ချပြီး ပြန်လှည့်လာခဲ့သည်။
လူသူရှင်းတဲ့အချိန်၊ လူသူရှင်းတဲ့လမ်းမို့ အစအဆုံးစိတ်ချလက်ချလုပ်နိုင်ခဲ့၏။ ဒီလမ်းကနန်းမြတ်သွား နေကျနေရာဆို ပေမယ့် ဟိုင်းဝေးကားတွေပဲသွားလေ့သွားထရှိတတ်သည်။
“လောကကြီးမှာ အရာရာတိုင်းကိုအလကားယူလို့မရဘူး ဦးလေးကောင်း၊ အနည်းနဲ့အများပြန်ပြီးတော့ ပေးဆပ်ကြရတာ ချည်းပဲ၊ ရှင်ကြီးယူထားတဲ့အကြွေးတွေကအရမ်းများလွန်းတယ်၊ ဒေါ်လေးယဉ်ယဉ်ရဲ့ ကိုယ်တွင်းရော စိတ်အတွင်းကပါနာ ကျင်အောင်ရှင်ကြီးလုပ်ခဲ့လို့ပဲ၊ အဲဒီအတွက်ရှင့်အသက်ကိုပေးဆပ်လိုက်ရတာ”
နေ့စဉ်ရက်ဆက် သူတစ်ပါးကိုစိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင်လုပ်တဲ့လူကြီး။ သူ့ကိုသတ်ပစ်လိုက်လို့ နှင်းချောက်ခြား မှုတစ်စုံတစ်ရာမဖြစ်ခဲ့ပါ။ ဝဏ္ဏကိုသတ်ပြီးတော့လည်း အကျေနပ်ကြီးကျေနပ်နေခဲ့သည်။
ပြီးတော့ သက်ထားယောင်္ကျား။ သူကတော့ သိပ်မခဲယဉ်းလှပါ။ လောင်းကစားသမားမို့ လောင်းကစားဝိုင်းရှိရာကိုမျှားပြီး ခေါ်ရုံသာ။ ဒါပေမဲ့ နန်းမြတ်ခေါ်သွားတာကိုဘယ်သူမှမတွေ့ဖို့ကိုတော့ ဂရုစိုက်ရတာပေါ့လေ။
“သီပေါမရောက်ခင်သွားတဲ့လမ်းမှာ ကြက်ဝိုင်းရှိတယ်၊ ငါ့အဲဒီဖက်ကိုသွားစရာရှိလို့လိုက်ခဲ့မလား” လို့ စကားကြောင်း ပေးရုံပဲရှိသေး “အေး အေး လိုက်မယ်ဘယ်တော့လဲ၊ အခုလားဆိုပြီးဘီးပေါ်ကိုစွတ်ခနဲ တက်လိုက်လေသည်။ ဒါပေမဲ့ နန်းမြတ်စကားပြောမှားသွားတာကိုသူမရိပ်မိသေး။ နန်းမြတ်ခေါ်တဲ့အချိန်က ညနေမှောင်ရီတရောဖြစ်နေပြီ ဘယ်ကကြက် ဝိုင်းကဒီအချိန်လုပ်မှာလဲ။ ဒါကို သူမတွေးမိပါ။
သုံးဘီးဆိုင်ကယ်ကို ခပ်တည်တည်မောင်းလာခဲ့ရင်း ဦးလေးကောင်းကိုသတ်ပစ်လိုက်တဲ့နေရာမလှမ်းမကမ်းလည်းရောက် ရော သူသတိထားမိလာသည်။
“ဟဲ့ နန်းမြတ်ဝေ၊ နင်ငါ့ကိုလိမ်နေတာလား၊ ငါအခုမှသတိထားမိတယ်ကြည့်စမ်း၊ ဒီအချိန်ဘယ်ကလာကြက်ဝိုင်းလုပ်ရမှာ တုန်း၊ နင်မှားနေပြီထင်တယ်နော်”
“အော် မမှားပါဘူးဟာ ရောက်တော့မှာပါ”
အခြေအနေမဟန်တော့မှန်းသိလိုက်တော့ ဘီးကိုလမ်းဘေးထိုးရပ်လိုက်ရသည်။ ပြီးတော့ သူ့ကိုအနောက်ဖက်ဆီကို ညွှန်ပြလိုက်၏။
“ဟော ဟိုအနောက်မှာ”
သူအနောက်ကိုလှည့်ကြည့်နေတုန်း နန်းမြတ်အသင့်ယူလာတဲ့ သံတုတ်နဲ့ သူ့နောက်စေ့တည့်တည့်ကို ချိန်ကာ အားကုန် ရိုက်ပစ်လိုက်တော့သည်။ ခွပ်ခနဲ မြည်ပြီးသူပစ်လဲကျသွားလေ၏။
” မှတ်ထား အဲဒါ ငါ့သူငယ်ချင်းကို စိတ်ဆင်းရဲအောင်လုပ်တဲ့အတွက်”
သူခဏတာမျှမူးဝေလဲကျသွားခြင်းပင်။ မိနစ်ပိုင်းအတွင်းမှာပဲ ပြန်ထလာကာ နန်းမြတ်ကိုရန်မှုတော့သည်။ သူ့မျက်လုံး တွေက နန်းမြတ်ကိုစားတော့မယ့် ကျားတစ်ကောင်အတိုင်း။ အလစ်အရိုက်ခံရလိုက်တာကို မကျေမချမ်းဖြစ်တာတွေရော၊ အကြောင်းအရင်းမရှိဘဲ ဘလိုင်းကြီးရန်ရှာခံလိုက်ရတာအတွက်ရော ဘယ်လိုမှကျေနပ်လိမ့်မည်မဟုတ်။
“နင့်ကိုမလောက်လေးမလောက်စားကများငါ့ကို ဟုတ်လား”
“အေး ငါကနင့်အသက်ကိုဇီဝိန်ခြွေမယ့်ကျားသစ်မတစ်ကောင်လား၊ နင်ပြောတဲ့မလောက်လေးမလောက်စားလားဆိုတာ ကြည့်ကြသေးတာပေါ့”
နန်းမြတ်လက်ထဲက သံတုတ်ကိုတင်းကျပ်စွာကိုင်ထားမိလေသည်။ သုံးဘီးဆိုင်ပေါ်ကဆင်း၊ အသင့် နေရာယူလိုက်တော့ သူပါဆင်းလာသည်။ စိတ်ထဲမှာလည်းတင်းနေမှသေချာတာပေါ့။ နန်းမြတ်ကသူနဲ့ သူ့မိန်းမကြားမှာ ဘာမဆိုင်ညာမဆိုင် ဝင်ပါပြီး သူ့ကိုရန်ရှာခဲ့တာကိုး။
သူ့ခေါင်းကိုခွပ်ခနဲမြည်အောင်နောက်ထပ်တစ်ချက်ရိုက်တော့ သူလျင်လျင်မြန်မြန်ပဲရှောင်လိုက်နိုင်လေသည်။ ပြီးတော့ နန်းမြတ်ဆီကိုတိုးလာကာ သူ့ရဲ့သန်မာတဲ့လက်နဲ့လည်ပင်းညှစ်ဖို့ကြိုးစားတော့သည်။
“အား”
သူ့တွန်းအားကြောင့် နန်းမြတ်မခုခံမကာကွယ်နိုင်တော့ပဲ လမ်းဘေးကိုပစ်လဲကျသွားကာသူနဲ့လုံးထွေးသတ်ပုတ်ရတဲ့ အနေအထားကိုရောက်သွားခဲ့၏။ သူနန်းမြတ်ကို စက္ကန့်တော်တော်ကြာတဲ့အထိလည်ပင်း ညှစ်ထားနိုင်ခဲ့လေသည်။
“အေး၊ ဘာမဆိုင်ညာမဆိုင်ငါ့ရန်လာရှာတဲ့ကောင်မ၊ နင့်ကို ဒီအတိုင်းမထားဘူးသိလား၊ ငါဘာလုပ်မလဲ စောင့်ကြည့်နေ”
သူ နန်းမြတ်ကိုဘာလုပ်တော့မလဲဆိုတာ ရိပ်မိလိုက်သည်။ ဘုရား၊ ဘုရား။ အခုချိန်မှာ ငါမရုန်းနိုင်ရင် သူ့အဖျက်အဆီး ကိုလည်းခံရမယ်၊ အသတ်လည်းခံရမယ်၊ တကယ်လို့သူကမသတ်ခဲ့ရင်တောင်ငါ့ဘဝပျက်စီးပြီး ဘယ်သူ့ကိုမှလည်း တိုင်လို့တန်းလို့ရမှာမဟုတ်ဘူး၊ ပြီးတော့ ငါ့လုပ်ရပ်တွေကိုလည်းသူများတွေ သိချင်သိသွားနိုင်တယ်။ သူ့စကားကိုလူတွေ ယုံမယ်ဆိုရင်ပေါ့။ အနည်းဆုံးတော့ သူ့မိန်းမကိုပြောရင် ယုံမှာသေချာသလောက်ပဲ။
မတော်လို့များ ငါလူတွေသတ်ခဲ့တဲ့ကွင်းဆက်တွေပေါ်ခဲ့ရင်။ အိုး…နန်းမြတ်ဟိုတွေးဒီတွေးတွေးရင် အသတ်ခံရမှာ ခြောက် ချားသွားမိလေသည်။ နောက်ဆုံးအားကုန်သုံးပြီး သူ့ဗိုက်ကိုအတင်းဆောင့်ကန်ပစ်လိုက်တော့ သူပက်လက်လန်လဲကျ သွားတော့သည်။ အဲဒီတော့မှ နန်းမြတ်အခွင့်ကောင်းရသွားခဲ့ကာ သူ့ကိုပြန်နှိပ်ကွပ်နိုင်ခဲ့သည်။
“ကဲဟာ”
သံတုတ်ကိုပြန်ကောက် သူ့တစ်ကိုယ်လုံးကိုအားကုန်လွှဲရိုက်ပစ်တော့သည်။ အလူးအလဲခံရပြီးတဲ့ နောက် သူပြန်မထနိုင်ရှာတော့။
“လူတစ်ယောက်က တစ်သက်လုံးစိတ်ဆင်းရဲနေပြီးသေရတာထက်စာရင် အခုလိုမျိုးခဏနဲ့အသတ်ခံပြီးသေရတာက ကံကောင်းတယ်လို့မှတ်၊ နင့်ကိုအခုလိုမသတ်ပစ်လိုက်ရင် ငါ့သူငယ်ချင်းကတစ်သက်လုံးနင့်ကြောင့်စိတ်ဆင်းရဲနေရမှာ၊ အဲတော့ ငါ့သူငယ်ချင်းကိုပဲစိတ်ချမ်းသာစေချင်တယ်”
သူသေချာတာသေချာပြီဆိုမှ သုံးဘီးဆိုင်ကယ်ပေါ်ပြန်တက်။ ခပ်တည်တည်နဲ့မြို့ထဲကိုပြန်မောင်းလာ ခဲ့လိုက်သည်။ နန်းမြတ်တို့အဖြစ်အပျက်ကို ဘယ်သူမြင်သွားနိုင်သလဲသုံးသပ်ကြည့်လိုက်၏။ နှစ်ယောက်သားလမ်းဘေးမှာလုံးထွေး သတ်ပုတ်နေကြတာကို နေ့လည်နေ့ခင်းဖက်ဆိုရင်တော့ဖြတ်သွားဖြတ်လာကားပေါ်တွေကနေမြင်ကောင်းမြင်နိုင်သည်။ အခုကညနေမှောင်ရီနေပြီမို့သေချာသတိထား ကြည့်မှမြင်နိုင်ပါလိမ့်မည်။ ကားတွေအဖြတ်များတဲ့အချိန်မဟုတ်လောက် ဘူးလို့နန်းမြတ်ယူဆမိသည်။ အို ဘယ်လိုပဲဖြစ်ဖြစ် လူသုံးယောက်ကိုအောင်မြင်စွာသတ်ပစ်နိုင်ခဲ့ပြီ။ လူတစ်ဖက်သား တွေကို စိတ်ဒုက္ခတွေအမျိုးမျိုးပေးပြီး သူတစ်ပါးစိတ်ဆင်းရဲစေတဲ့ လူသုံးယောက်ကိုလောကကြီးကရှင်းထုတ်ပစ်နိုင်ခဲ့ လေပြီ။
“ငါ သုံးယောက်တောင် သတ်ပစ်ခဲ့ပြီးပါလား”
လူသုံးယောက်၊ ယောင်္ကျားသုံးယောက်ကို နန်းမြတ်လိုမိန်းမတစ်ယောက်က သတ်ပစ်နိုင်ခဲ့တယ်ဆိုတာ ဘယ်သူကထင် မှာလဲ။ အဲဒီအားသာချက်နဲ့ ပိပိရိရိနေနိုင်ခဲ့လေသည်။ မနက်ဆိုဈေးပုံမှန်ရောင်း၊ ဆိုင်ပုံမှန်သိမ်း၊ ဈေးထဲကအပေါင်းအသင်း တွေနဲ့ ဟိုလျှောက်လည် ဒီလျှောက်လည်နဲ့ နန်းမြတ်ဝေရဲ့ဘဝကိုတစ်စုံတစ်ရာ မပျက်ပြားစေခဲ့ပါ။
အဲဒါကြောင့်လည်းမရိပ်မိကြတာဖြစ်မှာ။ ဒါပေမဲ့ မောင်လေးခေါ်လာတဲ့ရန်ကုန်ကဧည့်သည် နှင်းငွေရည်ဆိုတဲ့ ကောင် မလေးကို နန်းမြတ်သဘောမတွေ့မိ။ နှင်းငွေရည်ရဲ့အကြည့်တွေက နန်းမြတ်အပေါ် တစ်မျိုးကြီးဖြစ်နေသလိုခံစားရခဲ့ သည်။
“ဒီကောင်မလေး ငါ့အပေါ်ကြည့်တာတစ်မျိုးပဲ”
ဆိုင်ကိုလာတိုင်းစဉ်းစားမိသည်။ စိုင်းဝဏ္ဏကိုမသတ်ခင် မောင်လေး ပထမဆုံးခေါ်လာတဲ့နေ့ကတည်းကနှင်းငွေရည်နဲ့ နန်းမြတ် အကြည့်ချင်းဆုံမိကြသေးသည်။ အဲဒီအချိန်က ပထမဆုံးတွေ့ဖူးတာဖြစ်ပေမယ့် စိတ်ထဲမှာတစ်မျိုးဖြစ်နေမိတာ အမှန်ပင်။ အဲဒီတုန်းက နန်းမြတ်စိတ်ထဲမှာ အစီအစဉ်တွေချနေတုန်းကာလပဲရှိသေးတော့ ငါ့အကြံတွေသူများသိနေတာ လားဆိုပြီး စိုးရိမ်စိတ်ဖြစ်ခဲ့ရသည်။ ဒါပေမဲ့ ဒါဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သုံးသပ်ကာ နှင်းငွေရည်ကို ဥပေက္ခာပြုထား လိုက်သည်။
အိမ်ကိုလာလည်တုန်းကလည်း ဟိုကြည့်ဒီကြည့်နဲ့နေရာတကာလိုက်စပ်စုနေတဲ့ကောင်မလေးကိုအဆိပ်ခတ်ပြီးသတ်ပစ် လိုက်ရဆိုပြီး စိတ်ထဲမှာစ လိုက်သေး။ အပြင်မှာတော့ နန်းမြတ် သူ့ကိုကောင်းကောင်းမွန်မွန်ပဲချက်ကျွေး၊ ကောင်း ကောင်းမွန်မွန်ပဲဆက်ဆံခဲ့ပါသည်။
“ငါ့မောင်ရဲ့အခြေအနေက ဒီကောင်မလေးအပေါ်မှာ တော်တော်အလေးအနက်ထားလွန်းနေတယ်၊ မတော်ရသေးတဲ့ ယောင်းမမို့ စိတ်ထဲမှာတစ်မျိုးဖြစ်နေတာများလား” ဆိုပြီးတော့လည်း သုံးသပ်ကြည့်မိပြန်သည်။
“အင်း၊ မောင်လေးလည်း မငယ်တော့ပါဘူးလေ၊ နှင်းငွေရည်ဆိုတာကလည်း လေ့လာအကဲခတ်မိသလောက်မဆိုးပါဘူး၊ ရန်ကုန်သူအလည်မလေး၊ သွက်သွက်လက်လက်နဲ့ ရည်ရည်မွန်မွန်ရှိမယ့်ပုံပါ” လို့တွေးကာကျိတ်သဘောတူပြီးသားဖြစ်ခဲ့ သည်။
“ကောင်မလေးကမဆိုးပါဘူး၊ နင့်မောင်က ယောင်းမအရွေးတော်တယ်နော်၊ ကျောက်မဲတို့သီပေါတို့မှာ အပျိုချောချော လေးတွေဒီလောက်ပေါတာတောင် ရန်ကုန်သူကိုရအောင်ရည်းစားတော်နိုင်တယ်”
သူငယ်ချင်းတွေက မောင်လေးကိုချီးကျုးစကားဆိုသည်။ အနာဂတ်မှာယောင်းမတော်ဖို့စဉ်းစားခဲ့မိတဲ့ ကောင်မလေးတည်း နေတဲ့အိမ်က ကိုဖြိုးဆိုတဲ့ချာတိတ်ကိုသတ်ပစ်ဖို့အကြောင်းလည်း ဖန်လာခဲ့လေသည်။
×××××××××××××××××