(၃၀)
“အေး နင်ဘာသိချင်သေးလဲ နှင်းငွေရည်”
နေ့ဘက်ဆိုပေမယ့် ရာသီဥတုကမှောင်ရီပျိုးစအချိန်လို အုံမှိုင်းမှိုင်းဖြစ်နေလေသည်။ ရှမ်းတောင်တန်းတွေက အမြဲအဲဒီ လိုပဲလွမ်းမောဖွယ်ဖြစ်နေတာလား၊ နှင်းကိုယ်တိုင်ပဲလွမ်းနေတာလားမပြောတတ်။ ဟောဒီရှမ်းတောင်တန်းကြီးတွေဆီကို ခဏဆိုပြီးလာခဲ့တာ၊ အခုတော့ ဒီမှာနှင်းဘဝအဆုံးသတ်ရတော့မှာလား။ တကယ်ပဲ နှင်းလောကကြီးကနေ ထွက်သွား ရတော့မှာလား။
ဟင့်အင်း။ တကယ်တမ်းပြောရရင် နှင်းမသေချင်သေးပါ။ နှင်းအခုမှ အချစ်စစ်ကိုရှာဖွေတွေ့ရှိသွားတာဖြစ်ပြီး ချစ်သူနဲ့အတူ တူပျော်ရွှင်ကြည်နူးခွင့်တွေရချင်သေးလှသည်။
“အစ်မနန်းမြတ်၊ နှင်းကိုမသတ်ပါနဲ့နော်၊ နှင်းတောင်းပန်ပါတယ်”
အစ်မနန်းမြတ်ဝေရဲ့ပုံစံက နှင်းတားလည်းရတော့မှာမဟုတ်မှန်းသိပေမယ့် ဆက်ကာဆက်ကာပြောနေ မိလေသည်။ မျက်လုံးတွေနီရဲကာ သရဲတစ္ဆေတစ်ကောင်လို နှင်းကိုကြည့်နေလိုက်တာ။ နှင်းဒီကိုလာမိတာမှားများမှားသွားပြီလား။ အစ်မနန်းမြတ်ပြောသလို ကောင်းတဲ့အကျိုးရလာဒ်မရဘူးတဲ့လား။
“နေရာတကာ စပ်စုလွန်းတဲ့နင့်ကိုငါသတ်မှဖြစ်မယ်နှင်းငွေရည်၊ နင့်ကိုမသတ်ရင် ငါ့ကိုငါသတ်သလို ဖြစ်သွားမှာပေါ့”
နှင်းရှေ့ကိုတစ်လှမ်းချင်းတိုးလာလေသည်။ နှင်း လက်ကျန်အားတွေကို အကုန်စုစည်းလိုက်ပြီး ဒရွတ်တိုက် နောက်ကို တစ် ဖြည်းဖြည်းဆုတ်ခွာမိလေ၏။
“ဟင့်အင်း”
ဟားတိုက်ရယ်မောသံတွေ ပတ်ဝန်းကျင်မှာ ကျယ်လောင်လို့။ ဒါကိုဘယ်သူ့မှမကြားတော့ဘူးလား။ ဒီပတ်ဝန်းကျင်မှာ တကယ်ပဲ လူတစ်ယောက်တစ်လေမှမရှိကြတော့ဘူးလား။
“မလုပ်ပါနဲ့ ၊ အစ်မ မလုပ်ပါနဲ့”
နှင်းတောင်းပန်စကားက ဘယ်လိုမှတိုးနိုင်တဲ့အင်အားမရှိခဲ့ပြီ။ နှင်းရဲ့မျက်နှာပြင်ပေါ်ကိုသူမရဲ့လက်သီးတွေ၊ လက်ဝါး စောင်းတွေကျရောက်လာလေသည်။
“အား”
နှင်းတတ်နိုင်သမျှရှောင်လိုက်မိသည်။
ပေါင်းပင်တွေရှင်း၊ မြေတွေတူးတဲ့ သံတူရွင်း။ အိုး နှင်းမျက်လုံးတွေပြာသွားရလေပြီ။ သံတူရွင်းတစ်ချောင်းကို ကောက်ကိုင် လိုက်ကာ နှင်းဆီကိုတိုးလာနေပြီ။
“ကဲဟာ”
အိုး။ သံတူရွင်းနဲ့လွှဲရိုက်ချက်ကြောင့် နှင်းရဲ့ကိုယ်လုံးတစ်ပတ်လည်သွားခဲ့လေသည်။ နာကျင်မှုဝေဒနာနဲ့အတူ ကြယ်တွေ လတွေဖြာသွားခဲ့ရပြီ။
“နှင်း တောင်းပန်ပါတယ် အစ်မနန်းမြတ်”
မြေကြီးတွေပေါင်းပင်တွေကို လက်နဲ့အားယူဆုပ်ကိုင်ရင်းနင်ကျင်မှုကိုဖြေဖျောက်မိနေပေမယ့် သိသိသာသာ ပျောက်မ သွားခဲ့ပါ။ အစ်မနန်းမြတ်ဝေကတော့ နှင်းကိုကြည့်ပြီး ဟားတိုက်ရယ်မောနေလေတော့သည်။ အစ်မရဲ့စိတ်အနေ အထားက သာမန်ထက်ထူးခြားနေမှန်း၊ ပုံမှန်မဟုတ်တဲ့စိတ်မှန်း ဘယ်သူကရိပ်မိမှာတဲ့လဲ။ ဧကန္တ စိုင်းလုံပြောတဲ့ အာရုံ ကြောအားဆေးတွေဆိုတာ စိတ်ရောဂါအတွက် သောက်နေတဲ့ဆေးတွေများလား။
“နင်တောင်းပန်စရာလည်းမလိုဘူး၊ ငါလည်းခွင့်လွှတ်မှာမဟုတ်ဘူးကောင်မ၊ နင့်ကိုငါသတ်ပစ်မှကျေနပ်မှာသိလား၊ ငါ့ အကြောင်းတွေကိုဖော်ကောင်လုပ်ချင်တဲ့အကျိုးကျေးဇူးအတွက် နင်ပေးဆပ်နေရတာနှင်းငွေရည်ရဲ့၊ နင့်ကိုငါသတ်ပြီးမှ ကျေနပ်နိုင်မှာ၊ ကဲ ဟာ”
ဒီတစ်ခါတော့နှင်းရဲ့ကျောပြင်။ ကျောပြင်တစ်ခုလုံးပူစပ်သွားလေသည်။ ပထမရိုက်ချက်က နှင်းရဲ့ မျက်နှာကိုထိသွားခဲ့ ကာပါးပြင်မှာသွေးစတွေထွက်လာခဲ့သည်။
နှင်း တောင်းပန်စကားမဆိုနိုင်တော့။ စကားပြောဖို့ဆွံအသွားခဲ့ရပြီ။ အားတွေကုန်ခမ်းသွားခဲ့ရပြီ။
“ဘဝကူးကောင်းဖို့ ဆုသာတောင်းပေတော့နှင်းငွေရည်”
သူမရဲ့ နောက်ထပ်တစ်ချက်ရိုက်မယ့်ဟန်ကို နှင်းရဲ့မောပန်းနာကျင်နေတဲ့လက်အစုံနဲ့အကွယ်အကာ ယူလိုက်မိလေသည်။ ဒါပေမဲ့ ရိုက်ချက်ကမရောက်လာခဲ့ပါ။
“မလုပ်နဲ့”
စိုင်းလုံရဲ့ကြည်လင်ပြတ်သားတဲ့အသံကြောင့် နှင်းအားတက်သွားခဲ့ရပြီ။ အချိန်မီလိုက်လာနိုင်တဲ့ချစ်သူကို ငေးကြည့်ရင်း ဝမ်းသာသွားမိခဲ့သည်။ နင်ကျင်နေမှု ကြောက်လန့်နေမှုတွေရာနှုန်းပြည်နီးပါးသက်သာသွားသလို ခံစားလိုက်ရ၏။
” နှင်းကိုမလုပ်ပါနဲ့ အစ်မ”
သူ နှင်းတို့ဆီကိုပြေးလာဖို့ပြင်ရင်း လမ်းခုလတ်မှာ ဒူးထောက်ထိုင်ကျသွားလေသည်။
“မောင်လေး”
စိုင်းလုံဘာဖြစ်သွားတာလဲဆိုတာ နှင်းရော အစ်မနန်းမြတ်ဝေရောသဘောပေါက်မြန်ကာစိုင်းလုံဆီကို အပြေးအလွှားသွား မိလိုက်ကြပေမယ့် နှင်းကတော့ ဒဏ်ရာကြောင့်တွားသွားရုံသာတတ်နိုင်လေသည်။
“ဟင့်အင်း၊ မလာနဲ့ အစ်မ မလာနဲ့”
သူ ဒူးထောက်ကာ လက်ဝါးပြင်နှစ်ဖက်ကိုနားထင် ပေါ်အုပ်မိုးမျက်လုံးပြူးကြောင်ကာကြည့်နေလေသည်။ ထုံးစံအတိုင်း ကြောက်ချွေးတွေတရစပ်ပြန်လာတာကို အတိုင်းသားမြင်နေရသည်။ နေ့ခင်းဖက်တောင် အနွေးထည်မချွတ်နိုင်အောင် အေးတဲ့နေရာမှာ ချွေးဒီးဒီးကျနေတဲ့နှင်းရဲ့ချစ်သူလေး သနားစရာကောင်းလှသည်။ သေချာတာပေါ့။ သူ့အသားတွေ အေးစက် တောင့်ခဲနေမှာ။
“မောင်လေး၊ အစ်မလေ၊ အစ်မလေ မောင်လေးရဲ့”
အစ်မ နန်းမြတ်ဝေက ရင်ဘတ်ကိုလက်နဲ့ပုတ်ကာမှတ်မိစေလေသည်။
“ဟင့်အင်း၊ ကျွန်တော်အစ်မကို ကြောက်တယ်၊ မလာနဲ့ မလာပါနဲ့”
“မောင်လေး၊ ဖြစ်ရလေမောင်လေးရယ်”
အစ်မနန်းမြတ်ဝေရဲ့ ခုနကရက်စက်မှု ဆိုးဝါးတဲ့အမူအရာတွေဟာ ပျောက်ခြင်းမလှပျောက်ကွယ်ခဲ့ပြီး အရာအားလုံး နူးညံ့မှုအသွင်းပြောင်းသွားခဲ့လေသည်။ မေတ္တာတရားက အရာရာကိုအေးမြစေခဲ့တာပါပဲ။ ခက်တာက စိုင်းလုံက အစ်မ ဖြစ်သူကို လန့်နေခြင်းပင်။
“မောင်လေးစိုင်းလုံ၊ လောကကြီးမှာဆွေမျိုးဆိုလို့အစ်မရယ်မောင်လေးရယ်နှစ်ယောက်ပဲရှိတာလေ၊ အစ်မကိုမောင်လေး ကြောက်လို့မရဘူးလေမောင်လေးရဲ့၊ မောင်လေးကြောက်တတ်တဲ့အချိန် အစ်မက နှစ်သိမ့်ပေးနေကျလေ၊ နော် မောင်လေး”
စိုင်းလုံ စိတ်သက်သာရစေဖို့ဖျောင်းဖျရင်း အရှေ့ကိုတိုးကာတိုးကာသွားတော့ စိုင်းလုံတစ်ယောက် မျက်လုံးစုံမှိတ် ထားလိုက်ပြီး အသားတွေတဆတ်ဆတ်တုန်လာတာကိုတွေ့လိုက်ရသည်။ အိုး နှင်းစိုးရိမ်စိတ်တွေ အတိုင်းထက်အလွန် ပိုသွားရကာ သူရှိရာကိုအားကုန်တွန်းသွားနေမိလေသည်။ သူ့ပါးပြင်မှာလည်း မျက်ရည်စီးကြောင်းတွေ အရောင်တလက် လက်နဲ့။
အစ်မ နန်းမြတ်ေ၀ ကသူ့ဆီကိုအရင်ရောက်သွားနှင့်ကာ သူ့ခန္စာကိုယ်ကိုအတင်းဆွဲယူပွေ့ဖက်လိုက်၏။ ပြီးတော့ လုပ်ပေးနေကျအတိုင်း ခေါင်းကိုရင်ခွင်ထဲဆွဲသွင်း ကျောကုန်းကိုပွတ်သပ်ပေးနေသည်။ အစ်မဖြစ်သူမေတ္တာတရားရဲ့ နွေးထွေးမှုကိုသူလက်ခံသွားကာ တုန်ရီနေမှုတွေရပ်တန့်သွားတော့သည်။
“ဟူး တော်ပါသေးရဲ့”
နှင်း စိုင်းလုံအတွက်စိတ်ချရကာသက်ပြင်းချလိုက်မိသည်။
“ဘာမှ မဖြစ်တော့ဘူးနော်မောင်လေး၊ အစ်မ နှင်းငွေရည်ကို ဘာမှမလုပ်ပါဘူးမောင်လေးရဲ့၊ ဟို မှာတွေ့လား အကောင်း တိုင်းကြီး၊ အစ်မ မောင်လေးမကြိုက်တဲ့အလုပ်ကိုဘယ်တော့မှမလုပ်ပါဘူးကွယ်”
သူစိတ်ပြေရာပြေကြောင်း နှစ်သိမ့်ပေးနေတဲ့ အစ်မနန်းမြတ်ဝေကို တိတ်တခိုးချီးကျူးမိလိုက်ပါသည်။
စိုင်းလုံကတော့ ကလေးလေးတစ်ယောက်လို သူ့အစ်မရင်ခွင်မှာငြိမ်သက်နေလေသည်။
“နှင်းငွေရည်”
အစ်မ နန်းမြတ်ဝေက ခုနကသူမဟုတ်သလို နှင်းကိုနူးညံ့စွာခေါ်လေသည်။
“ဟုတ်ကဲ့”
“ငါ့မောင်လေးကို တစ်သက်လုံးစောင့်ရှောက်ဖို့ကတိပေးစမ်းပါ၊ အခုလိုအဖြစ်မျိုးတွေ့လာရရင်မောင်လေးကိုဖေးကူပေးဖို့ လောကကြီးမှာ သူချစ်ရတဲ့သူတစ်ယောက်ယောက်ရှိဖို့လိုအပ်တယ်နှင်းငွေရည်၊ မောင်လေးကို တစ်သက်လုံးစိတ်ချမ်းသာ အောင်ထားမယ်လို့ ငါ့ကိုကတိပေးစမ်းပါနှင်းငွေရည်ရယ်”
အစ်မ နန်းမြတ်ဝေရဲ့မျက်ရည်တွေကိုတွေ့လိုက်ရသည်။ သူမရဲ့အနာဂတ်ဘာဆက်ဖြစ်မလဲဆိုတာ ကောင်းကောင်း သဘောပေါက်လိုက်ပြီဆိုတဲ့သဘောပါ။ သိမ့်သီတာက ရဲတွေကိုခေါ်လာပြီးလိမ္မော်ပင်တန်းတွေကိုဖြတ်ကာ နှင်းတို့ဆီကို လာနေတာတွေ့လိုက်ရသည်။
“စိတ်ချပါအစ်မ နှင်းကတိပေးပါတယ်၊ နှင်းစိုင်းလုံကိုအရမ်းချစ်တယ်၊ စိုင်းလုံကလည်းနှင်းကိုကတိပေးထားတယ် အစ်မရဲ့”
“ဟုတ်လား၊ ပြောစမ်းပါအေ၊ ငါ့မောင်ကနင့်ကိုဘာတွေများ ကတိတွေပေးထားသလဲ”
“နှင်းနဲ့သူလက်ထပ်ကြမယ်၊ ပြီးရင် ဒီမှာပဲအခြေချပြီး ရှမ်းရိုးရာအစားအသောက်ဆိုင်လေးဖွင့်ပြီးနှင်းကို ရှာကျွေးမယ်တဲ့”
“အံမယ် ငါ့မောင်ကတယ်ဟုတ်ပါလား”
မျက်ရည်တွေနဲ့အပြုံးဆိုပေမယ့် ကြည်နူးစရာကောင်းလှပါသည်။
“စိုက်ခင်းစိမ်းစိမ်းတွေရှိတဲ့ မြစိမ်းရောင်လွင်ပြင်ကြီးထဲမှာ အိမ်လေးဆောက်ထားမယ်၊ နှင်းတို့နှစ် ယောက်ရဲ့အနာဂတ်မှာ နားလည်ကြင်နာမှုတွေ နွေးထွေးယုယမှုတွေပဲရှိရမယ်၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မေတ္တာတရားတွေပဲရှိ ရမယ် ငြိုငြင်မှုသေးသေးလေးတွေကအစမရှိစေရဘူး”
နှင်းရဲ့စကားကြောင့် အစ်မနန်းမြတ်ဝေကြည်နူးသည်ထက်ကြည်နူးနေပါသည်။ သူ့မောင်လေးအတွက် စိတ်ချရလောက်တဲ့ အနေအထားဖြစ်အောင် နှင်းအကောင်အထည်ဖော်ပေးဖို့ဆုံးဖြတ်ထားပြီးသားပင်။
“စိုင်းလုံ လိုနူးညံ့သိမ်မွေ့ အရာရာကိုမေတ္တာတရားနဲ့ကြည့်ပြီးယောင်္ကျားကောင်းဆန်တဲ့စိတ်ဓါတ်ရှိတဲ့သူကိုနှင်းတစ်သက် လုံးချစ်သွားမယ်လို့ ကတိပေးပါတယ် အစ်မနန်းမြတ်ဝေ”
တစ်ဦးတစ်ယောက်တည်းကိုပဲချစ်မယ်၊ မိန်းကလေးတွေကို ပန်းလေးတွေလိုတန်ဖိုးထားမယ်ဆိုတဲ့ စိုင်းလုံရဲ့အကျင့်စရိုက် ကနှင်းအနှစ်သက်ဆုံးအရာတွေပင်။
“ညည်းရန်ကုန်သူ အပြောကောင်းတာတော့မဟုတ်ပါဘူးနော်”
“နှင်းဘုရားမှာတိုင်တည်ပြီးကတိပေးပါတယ် အစ်မရယ်”
အစ်မ နန်းမြတ်ေ၀ နှင်းကိုပြုံးပြီးကြည့်ကာခေါင်းညိတ်ပြသည်။ နှင်းဘာတွေလုပ်ထားသလဲဆိုတာ သဘောပေါက်ပြီး ကျေကျေနပ်နပ်ခံယူတော့မည့်ပုံ။
“မောင်လေး အစ်မမရှိတော့တဲ့နောက်ပိုင်းမှာ နှင်းငွေရည်ကိုဂရုတစိုက်စောင့်ရှောက်နေရစ်ခဲ့နော်”
“……”
“အိမ်ထောင်ရှင်ကောင်းပီသတဲ့သူ လင်ဝတ္တရားကျေပွန်တဲ့ ယောင်္ကျားကောင်းတစ်ယောက်အဖြစ်နဲ့ ငါ့မောင်ကို မြင်ချင် တယ်ကွယ်၊ အစ်မ စိတ်ချမယ်မောင်လေးရယ်”
သက်ဆိုင်ရာအဖွဲ့တွေလာနေတာကို အစ်မနန်းမြတ်ဝေလှမ်းမြင်ပြီးသားဖြစ်ပါလိမ့်မည်။ စိုင်းလုံကိုသူ့ ရင်ခွင်ထဲကနေ ခွာပစ်လိုက်ကာ ရဲတွေရှိရာဆီကိုထွက်ခွာဖို့ပြင်သည်။ မတ်တပ်ရပ်ဖို့အလုပ်မှာ စိုင်းလုံရဲ့ လက်တစ်ဖက်က အစ်မနန်းမြတ် ဝေရဲ့လက်ကိုတင်းကြပ်စွာကိုင်ဆွဲထားပြီးဖြစ်နေလေ၏။ ထွက်မသွားပါနဲ့ဆိုတဲ့သဘော။ မသွားစေချင်တဲ့သဘော။
“အို”
စိုင်းလုံကိုကြည့်ကာ မျက်ရည်တွေလိမ့်ကျလာတဲ့အစ်မဖြစ်သူကို နှင်းဂရုဏာသက်မိပြန်သည်။ အဲဒီ အမျိုးသမီးဟာ လွန်ခဲ့တဲ့နာရီပိုင်းလောက်က နှင်းကိုသတ်ဖို့ကြိုးစားခဲ့သည်။ သံတူရွင်းနဲ့နှင်းကိုရက် ရက်စက်စက်ရိုက်ခဲ့သေးသည်။ အခုတော့လည်း ကမ္ဘာပေါ်မှာသနားစရာအကောင်းဆုံးလူတစ်ယောက်ဖြစ်နေလေ၏။
“အစ်မကျေကျေနပ်နပ်ကြီးလုပ်ခဲ့တဲ့အမှားတွေအတွက် ပြန်ပေးဆပ်ရတော့မှာမောင်လေးရဲ့၊ အစ်မ သွားရတော့မယ်၊ ဟိုမှာလာခေါ်နေကြပြီ”
လက်ကိုအတင်းရုန်းဖယ် မျက်ရည်တွေကိုသုတ်ပစ်ကာ သိမ့်သီတာတို့လာရာဖက်ဆီကိုပြေးထွက်သွား တော့သည်။ နှင်းကို အားကိုးတကြီးအကြည့်တွေနဲ့နောက်ဆုံးကြည့်သွားခဲ့သည်။ စိတ်ချပါအစ်မနန်း မြတ်ဝေ၊ စိုင်းလုံရဲ့အားနည်းချက်ကို နှင်းကာကွယ်စောင့်ရှောက်ပြီး တစ်သက်လုံးချစ်သွားမှာပါ။
အစ်မဖြစ်သူထွက်သွားတာကို ကြေကွဲစွာရှိုက်ငိုရင်း ယူကြုံးမရဖြစ်နေတဲ့မောင်ဖြစ်သူထံကို နှင်းရောက်သွားကာ ပွေ့ဖက် ဖို့ပြင်သည်။ သူလက်မခံသေး။ အစ်မနန်းမြတ်ဝေသွားရာကိုကြည့်ကာ အကျယ်ကြီးအော်လိုက်လေသည်။
“အစ်မ”
မျက်ရည်တွေစိုရွှဲလျက် အော်ဟစ်ငိုယိုနေတဲ့စိုင်းလုံကို နှင်းဘယ်လိုနှစ်သိမ့်ပေးရပါ့မလဲ။ အစ်မတစ်ယောက်လုံး တွေ့ကြုံ ရတော့မယ့်အဖြစ်ကို သူကိုယ်ချင်းစာပြီးငိုကြွေးနေတာကို နှင်းဘယ်လိုအင်အား တွေနဲ့ ပြေပျောက်စေမှာတဲ့လဲ။
“စိုင်းလုံရယ်”
နှင်းသူ့ကိုတင်းကြပ်စွာပွေ့ဖက်ထားလိုက်ရုံကလွဲလို့ဘာမှမတတ်နိုင်တော့။ အခုချိန်မှာ သူလိုအပ်နေတာနွေးထွေးမှုဖြစ် ချင်ဖြစ်မှာပေါ့။ နှင်းရဲ့စကားလုံးတွေက သူ့ကြေကွဲမှုတွေကိုပြေပျောက်စေနိုင်မှာမှ မဟုတ်တာ။
“စိတ်ချပါ အစ်မနန်းမြတ်ဝေရယ်၊ နှင်းအကြိမ်ကြိမ်ကတိပေးပါတယ်၊ စိုင်းလုံဟာနှင်းရဲ့ထာဝရအဖော်မွန်ကောင်း တစ်ယောက်ဆိုတာ လုံးဝအသေအချာပါပဲ”
သူ့လက်နှစ်ဖက်ကလည်း နှင်းရဲ့ခန္ဓာကိုယ်ဆီကိုတင်းကြပ်စွာဖက်ထားလာတော့ သူနှင်းအပေါ်ချစ်ခင်ကြင်နာမှု တစ်စွန်း တစ်စမှ ပျောက်ပျက်မသွားဘူးဆိုတာ သေချာသည်ထက်သေချာခဲ့လေပြီ။ အစ်မဖြစ်သူအတွက် နှင်းကိုမကျေမနပ်များ ဖြစ်လေမလား၊ စိတ်များနာနေမလားဆိုပြီး စိုးရိမ်ခဲ့မိသေးသည်။
“ကျေးဇူးတင်ပါတယ် စိုင်းလုံရယ်”
သူ့လို ချစ်တတ်တဲ့ယောင်္ကျားတစ်ယောက်ကို နှင်းပိုင်ဆိုင်ခွင့်ရတာ ကမ္ဘာပေါ်မှာ နှင်းလောက်ဘယ်သူ ကံကောင်းဦးမှာလဲ။
×××××××××××××××××
(၃၁)
“နှင်းကိုဝဏ္ဏရန်ရှာတုန်းက စိုင်းလုံကမကြောက်တဲ့အပြင်နှင်းဘက်ကနေကာကွယ်ပေးခဲ့တယ်၊ ဝဏ္ဏကိုလည်း ထိုးပစ်ခဲ့ တယ်၊ အဲဒါကျတော့ဘာကြောင့်လဲဟင်”
သူ ရယ်ပါသည်။ ကျောက်မဲတစ်မြို့လုံးနီးပါးမြင်နေရတဲ့မြင်ကွင်းလေးတွေကိုငေးကြည့်ပြီးနှင်းကိုဖြေလိုက်၏။
“လူတွေမှာ မထင်မှတ်တဲ့အခိုက်အတန့်ဆိုတာရှိတတ်ကြတယ်နှင်းရဲ့၊အဲဒီအခိုက်အတန့်မှာအကြောက်ဆုံးအရာဟာ မကြောက်ဆုံးဖြစ်သွားသလို မကြောက်ဆုံးအရာကလည်း အကြောက်ဆုံးဖြစ်သွားတတ်တယ်”
“ဟင်း အဖြေကလည်းမခိုင်လုံလိုက်တာ”
“ဟာ၊ ဟုတ်တယ်လေ အဲဒီအဖြစ်ကို ကျွန်တော်ကိုယ်တိုင်တောင်သတိမထားမိလိုက်ဘူးလေ အချစ် ရယ်၊ နှင်းကိုချစ်တဲ့ အချစ်ကြောင့်ထင်ပါရဲ့”
နှင်းတို့နှစ်ယောက် အရှေ့ဖက်တောင်တန်းတွေဆီကိုငေးကြည့်လိုက်ကြပါသည်။ အိုး ဘယ်တော့မှမရိုးနိုင်တဲ့တောင် တန်းကြီးတွေ၊ ကောင်းကင်ပြာပြာ။ ပြီးတော့ သူပြောတဲ့ မြစိမ်းရောင်လွင်ပြင်။ နှင်းတို့အခုရောက်နေတဲ့နေရာလေးက အရင်တစ်ခါသူခေါ်လာဖူးတဲ့တောင်ပေါ်လမ်းလေး။ နှင်းကိုသူစာချွန်တော်သီချင်းဆိုပြတဲ့နေရာလေး။
“နှင်း ရန်ကုန်ကိုဖုန်းဆက်လိုက်ပြီ စိုင်းလုံ”
“အင်း ဘယ်လိုဆက်လိုက်တာလဲ နှင်း”
“သမီးယောင်္ကျားနောက်လိုက်သွားပြီလို့လေ”
“တကယ်”
“အင်း ဟုတ်တယ်၊ သဘောတူရင် စိုင်းလုံကိုခေါ်ပြီးရန်ကုန်မှာဆွေပြမျိုးပြသွားမယ် သဘောမတူရင် ရန်ကုန်ကိုအပြီး မပြန်တော့ဘူး၊ ဒီမှာပဲ တစ်သက်လုံးနေသွားတော့မယ်၊ ဟောဒီ ကိုရှမ်းလေးအနားမှာပဲ အိမ်ထောင်ရှင်မကောင်းတစ် ယောက်အဖြစ်နဲ့ တစ်သက်လုံးကြင်နာသွားပါ့မယ်လို့”
သူ ရဲ့ကျေနပ်မှုဟာ နှင်းရဲ့ကျေနပ်မှုပါပဲ။ နှင်းစကားတွေကြားရတာ သူဝမ်းသာသလိုနှင်းလည်း ဝမ်းသာရပါသည်။
“ကျေးဇူးတင်လိုက်တာနှင်းရယ်”
“ကျေးဇူးတင်စရာမလိုပါဘူးစိုင်းလုံရဲ့၊ နှင်းကို တစ်သက်လုံး ရိုးမြေကျပေါင်းသင်းသွားပါ့မယ်လို့သာ ကတိပေးပါ၊ ပြီးတော့ စိုင်းလုံပြောတဲ့ ရှမ်းရိုးရာအစားအသောက်ဆိုင်လေးလေ”
“အိုး သိပ်ရတာပေါ့အချစ်ရာ၊ အခု အစ်မရဲ့ဆိုင်ကိုပြန်မွမ်းမံပြီးတော့ ရှယ် ရှမ်းရိုးရာ အစားအသောက်ဆိုင်ဖွင့်မယ်လေ၊ ရိုးမြေကျပေါင်းသင်းသွားဖို့ကိုတော့ ကတိပေးရုံတင်မဟုတ်ဘူး ဘုရားမှာသစ္စာသွား ဆိုမယ်ကွာ၊ ဟောဟိုမှာတွေ့လား မြစိမ်းရောင်လွင်ပြင်ကြီးထဲမှာ အိမ်သေးသေးလေးတစ်လုံး၊ အဲဒီ လယ်ကွင်းတွေနဲ့ အိမ်လေးကို ကျွန်တော်သွားဝယ်ထားပြီး ပြီဗျာ၊ နှင်းအတွက်လေ”
“ဟင်၊ နှင်းက အဲမှာနေရာမှာဟုတ်လား”
“လယ်ဝယ်ထားလိုက်တာပါ၊ အဲဒီမှာ လယ်စောင့်မယ်သူတွေထားမယ်လေ၊ နှင်းအတွက်သပ်သပ်အိမ်လေးတစ်လုံး ဆောက်ပေးထားပြီးတော့ ပျင်းတဲ့အခါသွားလည်ကြမယ်၊ ကျွန်တော်က နှင်းကိုအဲဒီအိမ်လေးထဲမှာ သီချင်းဆိုပြမယ်၊ ကလေးတွေအများကြီးမွေးမယ်ကွာ”
“အို”
နှင်း သူ့ပခုံးကိုမနာအောင်တဖွဖွလှမ်းထုလိုက်သည်။ ရင်သပ်ရှုမောဖွယ်ရှမ်းတောင်တန်းတွေ၊ နေကြာရိုင်းဝါဝါတွေက နှင်းတို့နှစ်ယောက်ကြည်နူးမှုကိုအသိအမှတ်ပြုစွာ လှပနေပါသည်။
×××××××××××××××××
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
တိမ်တိုက်ထွန်း (ကစ္ဆပနဒီ)
taintiketun@gmail.com