(၄)
“ဟာ”
ကောင်မလေးကို မြင်မြင်ချင်းမှာပဲကျွန်တော်မျက်လုံးတွေပြူးထွက်သွားမိတယ်ညို။ ဘယ်လိုမိန်းက လေးမျိုးလဲဆိုတာကို သဘောပေါက်သွားမိတာပါ။
“ကဲ မင်းပိုင်ဇေ ချီးယားစ်၊ ဘန်ကောက်မြို့တော်ကနေ ဗွီဒီယိုအယ်ဒီတာကြီးကိုကြိုဆိုပါတယ်၊ ဒီမှာ ရိုက်တဲ့ဇာတ်လမ်းတွဲမှာ Edit ကောင်းကောင်းဖြတ်နိုင်ပါစေ၊ အလုပ်အကိုင်အဆင်ပြေပါစေဗျာ”
အဲဒီညတော့ ကျွန်တော့်ကိုကြိုဆိုတဲ့ညပေါ့ညို။ ကျွန်တော့်အလုပ်ကဒီမှာရိုက်နေတဲ့ဇာတ်လမ်းတွဲမှာ Editing ဖြတ်ပေးရတဲ့အလုပ်။ အပိုင်း (၅၀) စာလောက်ခန့်မှန်းထားတဲ့ဇာတ်လမ်းတွဲကို ကျွန်တော်နဲ့ အောင်သက်ပိုင်က တစ်ယောက်တစ်ဝက်စီတာဝန်ယူပြီးဖြတ်ပေးရတာ။ ရိုက်ကူးရေးအဖွဲ့သားတွေက ဘန်ကောက်မှာနေရာအတည်တကျရှိပြီး ရိုက်ကွင်းတည်ပြီးသားမို့အေးအေးလူလူပဲ။ ဗွီဒီယိုတည်းဖြတ် သမားတွေဖြစ်တဲ့ အောင်သက်ပိုင်နဲ့ကျွန်တော့်ကိုပေးတဲ့အခန်းကျဉ်းက မြို့လယ်ထဲမှာမို့သပ်သပ်စီဖြစ် နေခဲ့တယ်။ ဒီတစ်ခေါက်က အောင်သက်ပိုင်ရန်ကုန်ကိုပြန်ရမှာဖြစ်ပြီးကျွန်တော်ကဘန်ကောက်မှာနေ ရမယ့်အလှည့်ပေါ့။ ဇာတ်ကားကတစ်ဝက်ကျိုးပြီလေ။
“မင်းလာပြီဆိုတော့ အောင်သက်ပိုင်ပြန်မှာပေါ့ ဟုတ်လား”
“အေး ဟုတ်တယ်လေ၊ အဲဒါကြောင့် တစ်ယောက်ကိုကြိုဆိုတစ်ယောက်ကိုနှုတ်ဆက်ပွဲလုပ်ဖို့မင်းကို လှမ်းခေါ်လိုက်တာ”
နေအောင်မင်း က ဘန်ကောက်အခြေစိုက်အိုင်တီကုမ္ပဏီတစ်ခုမှာကွန်ပျူတာပရိုဂရမ်မာလုပ်နေတာ။ ဒီကောင်က ကျွန်တော်နဲ့အောင်သက်ပိုင်တို့နဲ့အလုပ်တူတူလုပ်ခဲ့ဖူးတဲ့သူငယ်ချင်း။ အဲဒါကြောင့်မို့ သုံး ယောက်သားဆုံဖြစ်ကြတယ်။ ယောင်္ကျားလေးတွေဆုံတော့သိတဲ့အတိုင်းပေ့ါညို။
“မင်းတို့နှစ်ယောက်လုံးဘန်ကောက်မှာတူတူရှိနေရင်တော့ငါတို့ညတိုင်းကဲလို့ကောင်းမယ်”
“ငါတို့ကနှစ်ယောက်အတူတူဘန်ကောက်မှာနေလို့မရဘူးဟ၊ နှစ်ယောက်တစ်ခန်းပေးထားတယ်ဆိုပေ မယ့် တူတူနေရင်စားရိတ်ထောင်းတာမို့ဒီကောင်လာရင်ငါပြန်၊ ငါရှိနေရင် ဒီကောင်ပြန်အဲလိုလုပ်ရတာ”
ကျွန်တော့်မျက်လုံးတည့်တည့်ကို စပေါ့လိုက်ထ်မီးအစိမ်းတန်းတွေထိုးနေတယ်ညို။ ခဏခဏပဲ။ ထိုင် နေတဲ့ အရှေ့ဖက်အပေါ်ဆီမှာမှန်ဘောင်ကာထားတဲ့အခန်း။ အဲဒီအခန်းမှာ ဘန်ကောက်ရဲ့ဇိမ်မယ် လေးတွေ ကော့ချည်ဆန့်ချည်နဲ့ က နေကြလေရဲ့။ ဒီအထဲမှာကောင်မလေးတော့မပါဘူး။ ဒါပေမဲ့ ကျွန် တော်သိတဲ့ကောင်မလေးက တစ်ဖက်ဝိုင်းမှာလူတစ်ယောက်နဲ့အနမ်းချင်းဖလှယ်နေကြလေရဲ့။ အဲဒီ မြင်ကွင်းကို စစချင်းမြင်ရတော့ ကျွန်တော်လန့်မိခဲ့တာပါ။ ဒီနေရာကိုရောက်တဲ့မိန်းကလေးတိုင်းနီးပါး က အဲဒီလိုအလုပ်မျိုးနဲ့ဆက်စပ်ပတ်သက်နေကြတယ်ဆိုတာတော့ ငြင်းလို့မရဘူးလေ။ ကျွန်တော်တို့ ရောက်နေတာက အရက်သေစာ၊ လိင် စတဲ့အရာမှန်သမျှဝန်ဆောင်မှုပေးတဲ့နေရာကိုး။
“ငါတကယ်ထင်မထားတာတော့အမှန်ပဲ”
ကျွန်တော့်စကားကြောင့် ဒီကောင်တွေကျွန်တော်ကြည့်နေတဲ့နေရာဆီကိုလိုက်ကြည့်ကြတယ်ညို။
“ဟားဟား မင်းပိုင်ဇေ၊ ငါပြောသားပဲမင်းကိုး၊ ပေါ့ပေါ့နေတဲ့သူကိုပေါ့ပေါ့ပဲတွေးပါလို့”
“မြန်မာမိန်းကလေးတစ်ယောက်ကဒီလိုနေရာမှာဒါမျိုးလုပ်စားနေတယ်ဆိုတာမျိုးငါဘယ်လိုလုပ်တွေး ရဲမလဲကွာ၊ အရမ်းအံသြတာတော့အမှန်ပဲ”
“သူငယ်ချင်း၊ ဘဝပေးအခြေအနေအရလုပ်တယ်လို့ပဲသဘောထားလိုက်ပါ၊ သေချာတာကတော့ သူများပြည် သူများရွာမှာ ဒီလိုအလုပ်မျိုးကိုဘယ်သူကမှမလုပ်ချင်ဘူးဆိုတာပဲ၊ သိပ်များများစားစား မတွေးနဲ့မင်းပိုင်ဇေ မင်းဂေါက်သွားလိမ့်မယ်”
ရောင်စုံမီးတွေကိုမှိန်ပျပျထွန်းထားတဲ့နေရာ။ လမ်းမတစ်လျှောက်မှာပုရိသတွေကူးချည်သန်းချည်နဲ့ပျား ပန်းခတ်လှုပ်ရှားနေတဲ့နေရာ။ လမ်းမပေါ်ကဖြတ်သွားဖြတ်လာယောင်္ကျားတွေကိုဆိုင်ထဲကနေဆလိုက် မီးရောင်စုံနဲ့ထိုးပြီးဆွဲဆောင်ညို့ငင်နေကြတာ။
ဆိုင်ထဲမှာအရက်သေစာသောက်တဲ့သူကသောက်၊ ဇိမ်ပျော်မယ်နဲ့စကားပြောနေတဲ့သူကပြော၊ ဖောက် သည်မရသေးတဲ့မယ်လေးတွေကတော့ တစ်ညတာဝမ်းစာအတွက်ကြိုးစားနေဆဲ၊ မြူးကြွနေတဲ့မတိုး မကျယ်တီးလုံးနဲ့အတူကခုန်နေဆဲ။
“ဒါနဲ့ အဲဒီကောင်မလေးက အဲဒါလား”
“ဟာ မင်းကလည်းကျားကိုက်ပါတယ်ဆိုမှအပေါက်နဲ့လား လာမေးနေတယ်”
“တကယ်မယုံချင်ဘူးကွာ”
“အေး မင်းစိတ်သက်သာရအောင်တော့တစ်ခုပြောလိုက်မယ်၊ ဟုတ်တယ် သူကအဲဒါပဲ၊ ဒါပေမဲ့အုတ် ရောရောကျောက်ရောရောတော့မဟုတ်ဘူး၊ သူ့လင့်ခ်နဲ့သူပဲသွားတယ်”
“ဘယ်လို အောင်သက်ပိုင်”
“သူက မြန်မာလူမျိုးတွေအတွက်သပ်သပ်ပဲကွာ၊ ဆိုင်နဲ့ဘယ်လိုညှိထားသလဲတော့မသိဘူး၊ သူ့မှာသူ့ အဆက်အသွယ်နဲ့သူအလုပ်လုပ်တယ်၊ အားလုံးကမြန်မာလူမျိုးတွေချည်းပဲ၊ ညတိုင်းသူ့ ဆီကိုလာတာ မြန်မာနိုင်ငံကယောင်္ကျားတွေချည်းပဲ ကဲ ရှင်းပြီလား”
“ဒါဆို မင်းတို့နဲ့မကင်းဘူးပေါ့၊ မင်းတို့ကဒီကိုအမြဲတမ်းလိုလိုလာနေကျမှလား”
“ဟာ ဟေ့ကောင် ဟေ့ကောင် အဲဒါတော့မင်းမှားသွားပြီ၊ ငါမလာဘူး ဒီကောင်အောင်သက်ပိုင်သာ ဧည့်သည်လိုက်ပို့ အပျင်းလာဖြေနဲ့ရောက်တာ၊ ငါကတစ်ခါတစ်လေပဲရောက်တာ၊ သောက်ရုံ ကရုံ သပ်သပ်ပဲ”
ကျွန်တော်အောင်သက်ပိုင်ကိုကြည့်လိုက်တယ်။ ဒီကောင်နဲ့သိနေတာဆိုတော့ အဲဒါပဲပေါ့။ ကျန်တာ ဘာရှိဦးမလဲ။
“အေး နည်းနည်းပါးပါးတော့ရင်းနှီးတယ်၊ မင်းကိုပြောတယ်လေ ငါ့အသိပါလို့၊ အဲလိုမျိုးသိတာပဲ၊ ငါတို့ နေတဲ့အခန်းကိုလည်းသူရောက်ဖူးတယ်၊ အဲဒါကြောင့် မင်း Passport နဲ့ပိုက်ဆံအိတ်ကိုဖြောင့်ဖြောင့် တန်းတန်းလာပေးတာပေါ့”
“အဲဒါဆို အခုသူနဲ့စကားပြောနေတဲ့ဘဲကြီးကမြန်မာလူမျိုးပေါ့ ဟုတ်လား”
“အင်း ဟုတ်မှာပေါ့”
“ငါ..ငါ သူနဲ့စကားပြောကြည့်ချင်တယ်”
“ဟာ ဟေ့ရောင် ဟေ့ရောင် မင်းအဲဒါတော့နည်းနည်းလွန်ပြီ၊ ခုမှ ဘန်ကောက်ရောက်တာအဲလောက် ထိတော့ မကမြင်းသင့်ဘူးထင်တယ်”
“မဟုတ်ဘူး သားကြီး၊ ငါပြောတာအဲလိုသဘောမျိုးမဟုတ်ဘူး၊ ငါ ငါသူ့ကိုအဲဒီလိုအလုပ်မျိုးမလုပ်စေ ချင်ဘူးကွာ၊ ငါ့စိတ်ထဲမှာတစ်မျိုးကြီးပဲ၊ ဘယ်လိုပြောရမလဲကွာ၊ ဟို မိန်းကလေးတစ်ယောက်”
“တော် တော် မင်းပိုင်ဇေ၊ မင်းဆင်ခြေတွေပေးမနေပါနဲ့တော့၊ သေချာတာကမင်းသူ့ကိုစိတ်ဝင်စားနေ တယ်၊ ဟုတ်တယ်မှလား၊ သူငယ်ချင်း ဒါမျိုးကတော့ငါတို့ခွင့်မပြုဘူးနော် ဟေ့ရောင်၊ တားရမှာပဲ၊ မင်း အိမ်ကလည်းကြိုက်မှာမဟုတ်ဘူး၊ မင်းကွာ စိတ်ဝင်စားစရာရှားလို့”
“မဟုတ်ဘူး၊ ငါစိတ်ဝင်စားတာမှန်တယ်၊ ဒါပေမဲ့ မင်းထင်သလိုမဟုတ်ဘူး၊ ငါက သူ့ဘဝကိုပြုပြင်ပေး ချင်တာ”
“ဟေ”
နှစ်ကောင်သား ကျွန်တော့်ကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်ကြတယ်ညို။ ကျွန်တော်ရှက်အမ်း အမ်းဖြစ်သွားမိတာပေါ့။ သူတို့ဘာသဘောနဲ့ရယ်ကြသလဲဆိုတာ ကျွန်တော်ကောင်းကောင်းကြီးသ ဘောပေါက်ပါတယ်ညို။ ဒါပေမဲ့။
“မင်းကွာ မဖြစ်နိုင်တာတော့လုပ်တော့မယ်၊ လူတစ်ယောက်ရဲ့ဘဝဟာငါတို့လုပ်နေကျ Editing ဖြတ် သလိုမျိုး ကိုယ်လိုချင်တဲ့အပိုင်းကိုယူ မလိုချင်တဲ့အပိုင်းကိုဖြုတ်ထားခဲ့ရလို့မရဘူး၊ မကောင်းတဲ့ကတ် တွေကိုချန်ထားပြီးကောင်းတဲ့ကတ်တွေနဲ့အစားထိုးပြုပြင်လို့မရဘူးကွ၊ အထူးသဖြင့် သူ့လိုမိန်းကလေး မျိုးကိုဆိုရင်တော့ ပိုဆိုးတာပေါ့”
“ငါတော့ရမယ်လို့ထင်တာပဲ”
“ပြောစမ်းပါဦး ဘာကြောင့်လဲ”
“မင်းတို့စဉ်းစားကြည့်လေ ငါတို့ငယ်ငယ်တုန်းက စာမှာသင်ခဲ့ရတဲ့ကျေးညီနောင်ပုံပြင်လိုပဲလေကွာ၊ ခိုးသားတွေဆီမှာရောက်သွားတဲ့ကျေးကယုတ်မာကြမ်းတမ်းတယ်၊ သူတော်ကောင်းဆီကိုရောက်သွား တဲ့ကျေးက လိမ္မာယဉ်ကျေးတယ်၊ အဲဒီလိုပဲပေါ့၊ နောက်ပြီးတံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးဆိုတဲ့စ ကားပုံလည်းရှိတာပဲလေ၊ သူ့ဘဝကိုပဲ့ပြင်ထိန်းကျောင်းပေးမယ့်သူတစ်ယောက်အနားမှာရှိနေမယ်ဆို ရင် ဒီလိုအခြေအနေကနေပြန်ကောင်းသွားမှာပေါ့၊ အဲဒါတော့သေချာတယ်”
“သူ့အတိတ်ကရော”
“ဒါကတော့ ပြုပြင်လို့မရတဲ့အရာပဲလေ၊ အတိတ်ဆိုတာကတော့ကြာရင်အနာဂတ်ကဖုံးလွှမ်းသွားတာ ပါပဲကွာ၊ သူဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိမှာငါလိုချင်တဲ့ပုံစံကိုပြုပြင်ဖန်တီးနိုင်ရင်ပြီးပြီ”
“မင်းဆိုလိုတာက သူ့ကိုလုံးဝကြီးပြုပြင်ပြောင်းလဲနိုင်တယ်ပေါ့၊ သူ့စရိုက်ဗီဇတွေကိုမြေလှန်ပစ်လိုက် နိုင်တယ်ပေါ့”
“သေချာတယ်”
“ကောင်းပြီလေ၊ အဲဒါဆိုငါတို့အလောင်းအစားတစ်ခုလုပ်ကြတာပေါ့၊ အချိန်ကာလကိုတစ်နှစ်သတ် မှတ်လိုက်မယ်၊ ငါတို့အခုပရောဂျက်ကလည်းအဲဒီလောက်မှပြီးမှာဆိုတော့ အဲဒီကရတဲ့ပိုက်ဆံတွေနဲ့ မင်းလောင်းရဲမလား”
“စိန်လိုက်သူငယ်ချင်း၊ မင်းတို့နှစ်ယောက်နဲ့ငါတစ်ယောက်တည်းလောင်းရဲတယ်”
“လောင်းကြေးအတိအကျဘယ်လောက်သတ်မှတ်မလဲ”
ကျွန်တော်တုံ့ဆိုင်းမနေဘဲပြန်ဖြေလိုက်တယ်ညို။ ဟုတ်တယ်။ ကျွန်တော့်ကိုကျွန်တော်ယုံကြည်မှုရှိပြီး သားပါ။
“ဒေါ်လာသုံးထောင်”
“တော်တော် နောက်တာမင်းပိုင်ဇေ ငါမလောင်းဘူး”
နေအောင်မင်းကလက်ကာပြပြီး နောက်ဆုတ်စကားဆိုတယ် ဒါပေမဲ့သူဆက်ပြောသေးတယ်။
“အေး ငါမလောင်းတာက ကြောက်လို့မဟုတ်ဘူးနော်၊ မင်းကိုသနားလို့ မင်းရှုံးမှာကိုမလိုလားလို့အလ ကားနေရင်းဒေါ်လာသုံးထောင် ကိုယ့်သူငယ်ချင်းကိုမကုန်စေချင်လို့၊ လူတိုင်းလူတိုင်းမှာစရိုက်ဗီဇဆို တာပါလာပြီးသား အဲဒါကိုဘယ်လိုမှပြုပြင်လို့မရဘူး၊ အဲဒါတော့မင်းယုံ”
“မင်းပြောတာမှန်တယ်လို့ပဲထားကွာ၊ အဲဒီကောင်မလေးရဲ့အခုလုပ်နေတဲ့အသက်မွေးဝမ်းကျောင်းက သူ့စရိုက်ဗီဇဖြစ်ချင်မှဖြစ်မှာလေ၊ ငါပြောချင်တာက ဒီမိန်းကလေးဒီအလုပ်ကိုအပြီးအပိုင်စွန့်လွှတ်ပြီး ရိုးရိုးသားသားအလုပ်ကိုအနာဂတ်မှာလုပ်သွားစေအောင်ပြုပြင်ပေးလိုက်ဖို့”
“မဖြစ်နိုင်တာကွာ၊ ဒီမှာပျော်မွေ့ပြီး ဒီအလုပ်ကိုမွေးရာပါဗီဇတစ်ခုလိုလုပ်နေပြီဖြစ်တဲ့အခြေအနေမှာမှ မင်းကပြုပြင်ပေးမယ်ဆိုတော့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“အေး အဲဒါကြောင့်မို့မင်းတို့နှစ်ယောက်နဲ့ငါကျိန်းသေလောင်းနေတာပေါ့၊ ငါဖက်ကတော့ဖြစ်နိုင်တယ်၊ သေချာတယ်ကွာ၊ မင်းတို့ငါ့ကိုကြောက်တာလား၊ မလောင်းရဲဘူးလားပြော၊ ငါဖက်ကအခိုင်အမာပြော သလိုမင်းတို့ဖက်ကအခိုင်အမာမှန်တယ်လို့ပြောရင်လောင်းရဲရမှာပေါ့”
သုံးယောက်သားရီဝေေ၀ဖြစ်နေပြီမို့စကားအရှိန်ကလည်းကောင်းလာတယ်ညို။
“ကောင်းပြီ မင်းပိုင်ဇေ၊ ငါတို့လောင်းတယ်ကွာ၊ မူးလို့ပြောတာမဟုတ်ဘူး၊ အတည်လောင်းတယ်၊ မင်း နဲ့ငါတို့လောင်းကြေးအတည်ဖြစ်ပြီလို့မှတ်လိုက်တော့ အိုကေ”
“အိုကေ ချီးယားစ်”
ကျွန်တော် အခိုင်အမာဆုံးဖြတ်ခဲ့တာညို။ မြန်မာနိုင်ငံကမိန်းကလေးတစ်ယောက်သူများနိုင်ငံမှာအခုလို မျိုးအလုပ်လုပ်နေတာဘယ်လိုမှလက်မခံနိုင်လို့ရအောင်ပြုပြင်မယ်ဆိုပြီး ကိုယ့်ကိုကိုယ်စိန်ခေါ်လိုက် တာ။ ဟုတ်တယ်။ ကျွန်တော်ရအောင်ပြင်မယ်။
“ငါမနက်ဖြန်မနက်မှအိမ်ပြန်လာမယ်နော် မင်းပိုင်ဇေ၊ မင်းကိုပြန်ပို့ပြီးရင် နေအောင်မင်းနဲ့လိုက်သွား မှာ၊ ဒီကောင့်လူကြုံပစ္စည်းတွေသွားယူပေးရင်အိပ်လိုက်မလို့”
“ငါပြန်တတ်ပြီ လိုက်မပို့နဲ့၊ ဒီဆိုင်ကလည်းငါသွားဦးမှာမဟုတ်ဘူး”
အဲဒီညက အခန်းကိုကျွန်တော်တစ်ယောက်တည်းပြန်ရမယ်ညို။ အောင်သက်ပိုင်က နေအောင်မင်းရဲ့ အဆောင်ကိုလိုက်သွားတယ်။ မနက်ဖြန်ပြန်မှာမို့လူကြုံပစ္စည်းယူမယ်လို့ပြောတာပဲ။ နေအောင်မင်းက အလုပ်ကိုအစောကြီးသွားရတော့ လူကြုံပါးမယ့်ပစ္စည်းဝင်မပေးနိုင်လို့တဲ့လေ။
ကျွန်တော်ဟိုကောင်တွေကို တမင်လိုက်မပို့ခိုင်းခဲ့တဲ့အပြင် သူတို့ပြန်သွားပြီးဆိုင်မှာဆက်နေခဲ့သေး တယ်ညို။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ခုံတစ်ဖက်မှာဘဲတစ်ပွေနဲ့အဆင်ပြေနေတဲ့ အဲဒီကောင်မ လေးဘာဆက်လုပ်ကြဦးမလဲဆိုတာကြည့်ချင်နေလို့ပဲ။ ကောင်မလေးကျွန်တော့်ကိုမြင်အောင်လည်း အယောင်ပြနိုင်ခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တစ်ယောက်တည်းပြန်ရတာကနေ အဲဒီကောင်မလေးနဲ့စပြီး ပတ်သက် ရင်းနှီးခဲ့ရတော့တာပါပဲ။ သေချာတာကတော့ ကျွန်တော်တို့ဘုနဲ့ဘောက်ဖြစ်ခဲ့သလိုမျိုးမဟုတ်တော့ဘဲ ပြေပြေလည်လည်ဖြစ် သွားကြတာပါ။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့အရေးကြီးတဲ့ဇာတ်လမ်း အစိတ်အပိုင်းကြီးစတင် ခဲ့ရတယ်ညို။ အဲဒီညကပေါ့။ ကျွန်တော့်ဘဝမှာ ဘယ်တော့မှမမေ့နိုင်တဲ့ ပြန်တွေးကြည့်တိုင်းရုပ်ရှင် အနှေးပြကွက်တစ်ခုလိုမြင်ယောင်နေမိတဲ့ အဖြစ်အပျက်ညပေါ့။ ဘန် ကောက်ရဲ့ညပေါ့ညို။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။