(၆)
“မင်းရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်စတာ အဲဒီလောက်မြန်လိမ့်မယ်မှန်း တကယ်မထင်ထားဘူး၊ ငါတောင်ရန်ကုန်မပြန်ရသေးဘူး၊ သွက်တယ်ကွာ”
ကျွန်တော်ဒီကောင့်ကိုညတုန်းကကိစ္စအစအဆုံးရှင်းပြလိုက်တယ်။
“ငါ့ဘဝမှာ ဒါပထမဆုံးအကြိမ်ပဲ”
“အဲဒီတော့”
“မင်းပြောတဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်ဆိုတာ စိတ်ကူးထဲမှာတောင်မရှိသေးပါဘူးကွာ၊ တကယ် တိုက်ဆိုင်မှုသပ်သပ်ပါ”
သူနောက်ထပ် ဘာဝေဖန်မှုမှမပြောတော့ဘူး။ ကျွန်တော်တို့ရဲ့လောင်းကြေးကိုလည်း ဘာဝေဖန်မှုမှ မပေးတော့ဘူး။ သူအဲဒီနေ့ညနေပိုင်းလောက်မှာပြန်သွားတယ်။ မပြန်ခင်သူသုံးနေတဲ့ဆင်းမ်ကတ်ကို ပေးခဲ့တယ်။ အဲဒီနေ့ကျွန်တော်လားညို။ အလုပ်တော့သွားရတာပေါ့ဗျာ။ ရိုက်ကွင်းမန်နေဂျာကိုကျွန် တော်ရောက်ပြီဆိုတဲ့အကြောင်းကြားပြီးရိုက်ကွင်းရှိရာကိုသွားရတာပေါ့။ ကံဆိုးတာလား၊ ကံကောင်း တာလားတော့မပြောတတ်ဘူး။ ဘန်ကောက်မှာရှိတဲ့ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးနေရတဲ့နေရာ က ကျွန်တော်နေရတဲ့အခန်းနဲ့တော်တော်လှမ်းတယ်။ MRT နဲ့သွားရင်ရှစ်ဘူတာရှိတယ်ညို။ အခန်းစု ငှားထားတာနောက်ဆုံးတစ်ခန်းက ဟောဒီမြို့လယ်မှာသီးသန့်ရလို့ ကျွန်တော်နဲ့အောင်သက်ပိုင်နေရ မယ်ဆိုပြီးစီစဉ်ပေးခဲ့တာပဲ။
ကျွန်တော့်အလုပ်က Editing ဖြတ်ပေးရတာလေ။ မြန်မာနိုင်ငံမှာတော်တော်များများက Editing ကို ရိုက်ကူးရေးအပြီးအိမ်မှာပဲလုပ်ကြတာများတယ်။ ဒါပေမဲ့ ကျွန်တော်တို့မီဒီယာကရိုက်ကွင်းမှာပဲချက် ချင်းလုပ်ရင်လုပ် မလုပ်ရင်အဲဒီနေ့ညမှာတစ်ခါတည်းလုပ်နောက်နေ့အပြီးပုံစံမျိုး။ ဆင်းမ်များရင်တော့ အလုပ်ကြွေးနည်းနည်းကျန်တာပေါ့လေ။ အဲဒီတော့ ကျွန်တော်တို့လိုအလုပ်အမျိုးအစားလုပ်ရတဲ့သူ က နှစ်ခါပင်ပန်းသလိုဖြစ်နေတယ်။ ရိုက်ကွင်းမှာလည်း ယောင်လည်လည်လုပ်နေရတယ်။ ရိုက်ကူး ရေးပြီးတော့လည်းဗွီဒီယိုတည်းဖြတ်အလုပ်ကိုလုပ်ရတယ်။
ဒီကြားထဲ အောင်သက်ပိုင်ဆိုတဲ့ငနာက အလုပ်အကြွေးနည်းနည်းထားခဲ့လို့ သူ့အလုပ်တွေကို ကူလုပ်ပေးရဖို့တာဝန်လည်းကျလာပြန်တယ်။ ပိုဆိုးတာက အောင်သက်ပိုင်နဲ့ကျွန်တော်တို့အတွက် ထားထားပေးတဲ့ ဒေသခံအကူဗွီဒီယိုအယ်ဒီတာကလည်းအလုပ်နားသွားခဲ့တယ်။
အလုပ်တွေက ကျွန်တော်ရောက်ရောက်ချင်းမှာပဲ ပိနေသလိုဖြစ်လာတယ်ညို။ ဒါပေမဲ့ ကျွန်တော်ကျေ နပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကအရမ်းဝါသနာပါတဲ့အလုပ်နဲ့လုပ်နေရတဲ့အလုပ်က ထပ်တူကျလို့ပဲ။ ကျွန်တော်အရမ်းဖြစ်ချင်ခဲ့တာအခုအလုပ်ပဲညို။
အင်း ဟုတ်တယ်။ အဲဒီနေ့တစ်နေ့လုံးညို့ကိုသတိရနေခဲ့တယ်။ ညို့ဆီကနွေးထွေးကြင်နာမှုတွေကိုရီ ဝေမူးယစ်မှုတွေမပါဘဲလိုချင်စိတ်ဖြစ်နေခဲ့တယ်။ ကံကောင်းတာက ညကသောက်ထားတဲ့အရှိန်အရိပ် အယောင်လုံးဝမပြတာပဲ။ ပုံမှန်ဆို ကျွန်တော်ခေါင်းတွေမူးနောက်ပြီးမကြည်မလင်မအီမသာဖြစ်နေပြီ။ အဲဒီအချက်ကပဲ ကျွန်တော့်ကိုညို့ဆီရောက်အောင်တွန်းပို့ခဲ့တာလား၊ ကျွန်တော်ကိုယ်တိုင်ကအရမ်း ကိုသွားချင်နေခဲ့တာကြောင်းလားမပြောတတ်တော့ဘူး။
ဟုတ်တယ်ညို။ ကျွန်တော်ညို့ဆီကိုရောက်လာခဲ့တယ်။ ည။ ဘန်ကောက်ရဲ့ရောင်စုံညမှာပေါ့။ မနေ့ ကနေရာမှာပဲ တစ်ယောက်တည်းအထီးကျန်ဆန်နေခဲ့တယ်။ ဘေးပတ်ပတ်လည်မှာတွေ့ရတဲ့ပတ်ဝန်း ကျင်ကတော့အထီးကျန်ဆန်မနေပါဘူး။ အမျိုးမျိုးသောပုံစံတွေနဲ့ညရဲ့အလှကိုတန်ဆာဆင်နေတယ်။ အထူးသဖြင့် ညပျော်မယ်လေးတွေကပုံစံအမျိုးမျိုးနဲ့ပါပဲ။ အဲဒီအထဲမှာမှ ကျွန်တော်ကညိုပြာပြာလို့ ခေါ်တဲ့ Prostitute (ပြည့်တန်ဆာ) လေးကိုလိုက်ရှာနေမိခဲ့တယ်။
တစ်နာရီလောက်ထိုင်လို့အပြီးမှာတော့ ရောက်လာပါပြီဗျာ။ ကျွန်တော်ရဲ့ညို။ ဘဲတစ်ပွေနဲ့ပေါ့။ ကျွန် တော်ရှိရာကိုတစ်ချက်လှမ်းကြည့်တယ်။ ပြီးတော့ပုံမှန်အတိုင်းပဲ။ ဟိုဘဲနဲ့စကားတွေပြောလိုက်ဟက် ဟက်ပက်ပက်ရယ်လိုက်ပေါ့။ ညို့ကိုကြည့်ရင်းကျွန်တော် ဘာကိုဒေါသထွက်လု့ိထွက်မှန်းမသိဘူး။ စိတ်ထဲတင်းလာတယ်။ ရီဝေေ၀ဖြစ်နေတဲ့အချိန်၊ ဆေးလိပ်မျှင်တန်းတွေတစ်တန်းပြီးတစ်တန်းထုတ် လွှတ်လို့မူးနောက်လာတဲ့အချိန်မှာညိုထိုင်နေတဲ့နေရာကိုကမူးရှှုးထိုးရောက်သွားခဲ့တယ်။
“ဟေ့လူ ကျုပ်ဒီညသူ့ကိုဝယ်မယ်”
မြန်မာလို့ပဲခန့်မှန်းလိုက်တယ်။ ဟုတ်တယ်လေ။ ဟိုကောင်တွေပြောတာညိုကမြန်မာတွေကိုပဲလက်ခံ တာလို့သိထားတယ်။
အဲဒီလူကိုခပ်စောင်စောင်ပဲပြောလိုက်တော့ ကျွန်တော့်ကိုကြောင်ကြည့်နေတယ်။
“ခင်ဗျားကိုပြောနေတာ၊ ကျွန်တော် ညို့ကိုဒီညဝယ်မယ်၊ ခင်ဗျားဘယ်လောက်ပေးထားလဲ၊ ကျူပ် အဲဒီထက်ပိုပေးမယ်”
“မင်း ရင့်လှချည်လား၊ မြန်မာအချင်းချင်းလူကြီးလူကောင်းဆန်ဆန်စကားပြောပါ ငါ့ညီ”
“ဟားဟား၊ ဒီနေရာကိုလာပြီး လူကြီးလူကောင်းတွေဘာတွေလုပ်မနေနဲ့ဟေ့လူ၊ ခင်ဗျားကိုကျုပ် တောင်းဆိုတယ်၊ ဒီည ကျွန်တော် ညို့ကိုလိုအပ်တယ်”
“မပေးနိုင်ဘူးကွာ”
“အေး မပေးရင်ဒါပဲရမယ်”
ကျွန်တော် အဲဒီလူရဲ့ရင်ဘတ်ဆီကိုဆောင့်ဆွဲပြီးလက်သီးနဲ့တစ်ချက်ပိတ်ထိုးပစ်လိုက်တယ်။ အဲဒီ လောက်ဖြစ်မယ်ဆိုပြီးတော့လည်းမတွေးထားဘူး၊ ဖြစ်လာရင်ဘယ်လိုရှင်းရမယ်ဆိုတာကိုလည်းကျွန် တော်မသိဘူးညို။ ပြီးတော့ မြန်မာနိုင်ငံမှာလည်းမဟုတ်ဘူး။ အရာအားလုံးက ကျွန်တော်သောက် ထားတဲ့မူးရစ်ရီဝေမှုကနေသွေးကြွစေခဲ့တာပါပဲ။
“မင်း”
ကျွန်တော့်ကိုပြန်ပြီးထိုးဖို့ထလိုက်တယ်။ ဒါပေမဲ့ လူတွေမြင်ကုန်ပြီးအော်တဲ့မိန်းကလေးကအော်နဲ့ရုတ် ရုတ်သဲသဲတွေဖြစ်ကုန်ပြီ။
“မင်းပိုင်ဇေ ကျွန်မတောင်းပန်ပါတယ်၊ ရှင်ပြန်တော့”
ကျွန်တော်ရဲ့နာမည်ကိုခေါ်ပြီးတောင်းပန်တာမို့လူကြီးက ညို့ကိုတစ်ချက်ကြည့်လိုက်တယ်။
“ဇယားရှုပ်လိုက်တာညို၊ ဘာတွေလဲ၊ မင်းဒီညအတွက်ငါ့ကိုဝန်ဆောင်မှုပေးဖို့အဆင်သင့်ပဲဆို၊ အခုက ဒါကဘာတွေလဲ၊ တောက်…ဟေ့ကောင်၊ မင်း ငါနဲ့တွေ့ဦးမယ်”
လူကြီးက ကျွန်တော့်ကိုပြန်မထိုးတော့ဘဲနေရာကထထွက်သွားတော့တယ်။ ကြည့်နေကြတဲ့လူတွေ လည်းပြန်ပြီးလှုပ်ရှားစပြုလာတယ်။ ပွဲကြီးပွဲကောင်းလို့တွက်ဆထားကြပုံရပေမယ့် အခုလိုခဏလေးနဲ့ ပြီးသွားတာကိုအားလုံးကျေနပ်ကြမှာပါ။
ညိုက လူကြီးနောက်ကိုလိုက်သွားဖို့ပြင်ပေမယ့် ကျွန်တော်လက်ဆွဲပြီးလှမ်းတားလိုက်ပါတယ်။ ဟုတ် တယ်။ ညိုမသွားရပါဘူး။ ကျွန်တော့်လက်တွေကညို့လက်ကိုတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ပြီးတား လိုက်တော့ ညိုအတင်းရုန်းရတာပေါ့။
“မင်းမသွားနဲ့တော့၊ ငါမင်းကိုဒီညဝယ်လိုက်ပြီ၊ ဘယ်လောက်လဲပြော”
ပြင်းရှရှမျက်ဝန်းတစ်စုံကျွန်တော့်ကိုကြည့်လိုက်တယ်။
“ရှင် ပိုက်ဆံစကားတော်တော်ပြောတာပဲနော်”
“Prostitute တစ်ယောက်ကိုပိုက်ဆံစကားမပြောရင်ဘယ်လိုစကားပြောရမှာလဲ၊ ခင်ဗျားအတွက်ငွေက အရေးကြီးတာမဟုတ်ဘူးလား၊ ဘာလဲ….”
“ရှင်ဆက်မပြောနဲ့တော့၊ ရှင်ပြောတဲ့စကားတွေကရင့်သီးလွန်းတယ်၊ ရှင့်ကြောင့်လည်းကျွန်မမိတ်ပျက် ခဲ့ပြီးပြီ၊ ကျေနပ်ပါတော့၊ ဒီညရှင်ကျွန်မကိုဝယ်တယ်မှလား၊ ကောင်းပြီလေ၊ ဝန်ဆောင်မှုကောင်း ကောင်းပေးရမှာပေါ့၊ ကဲ ပြန်မယ်လေ”
“နိုး ကျွန်တော်သောက်ဦးမယ်”
“ကောင်းပြီလေ”
ကျွန်တော်ထပ်သောက်ဖို့လိုတယ်ညို။ မနေ့ကလိုမူးနေမှဖြစ်မယ်။ ညိုကျွန်တော့်ကိုလိုက်ပို့မှဖြစ်မယ်။
“ရှင့်ပုံစံကအဲလောက်ကြီးသောက်တတ်တဲ့ပုံစံမဟုတ်ပါဘူး”
“ဘာဗျ”
“ဟုတ်တယ်လေ၊ ရှင်ကတုံးတုံးအအလူတစ်ယောက်၊ ရိုးသားဖြူစင်စွာနေတဲ့လူတစ်ယောက်လို့ကျွန်မ တွက်ထားတယ်၊ ကျွန်မလူကဲခတ်မညံ့ပါဘူး၊ အဲဒါကြောင့်လည်းကျုံထော်မှာကတည်းကရှင့်ကိုလိုက် စနေခဲ့တာ၊ ရှင်အခုလိုမျိုးရုပ်ရှင်ထဲကလူမိုက်ကြီးပုံစံဖမ်းတာတော့သိပ်မလိုက်ဘူးပေါ့ရှင်၊ ဟင်း ဟင်း”
“တောက်”
ကျွန်တော် ညို့ကိုဘာစကားမှမဆိုတော့ပါဘူး။ အနားမှာပဲထိုင်စေပြီးသောက်နေခဲ့တော့တယ်။ သိပ် အချိန်မယူလိုက်ရပါဘူး။ ကျွန်တော့်မြင်ကွင်းတွေဝေးဝါးလာတယ်။ အိမ်သာခဏသွားမှဖြစ်မယ်ဆိုပြီး အိမ်သာမှာထိုးအန်၊ ရီဝေေ၀နဲ့မြွေလိမ်မြွေကောက်လျှောက်ရင်းနေရာကိုပြန်ရောက်လာ တစ်ယောက် တည်းကိုရှုပ်နေတာပါပဲ။ အဲ ပြီးတော့ ကျွန်တော်မှောက်သွားခဲ့တယ်။ သတိကိုလုံးဝပျောက်သွားသလို ပါပဲ။
ညဖက် ကျွန်တော်တရေးနိုးလာတယ်။ ခေါင်းထဲမှာမူးနောက်နေသလိုခံစားရလို့ခေါင်းကိုဖိနှိပ်ရင်းဘေး ဆီကိုကြည့်လိုက်တော့ ညိုကျွန်တော့်ဘေးမှာ။
“ဟင်”
ညို အိပ်မနေပါဘူး။ ကျွန်တော့်ကိုစိုက်ကြည့်နေခဲ့တယ်။ နှစ်ယောက်သားအကြည့်ချင်းဆုံတော့ ညိုက လွှဲသွားခဲ့တယ်။ ဘာကြောင့်လဲညို။ ကျွန်တော့်ကိုဘာလို့စိုက်ကြည့်နေခဲ့တာလဲ။ သတိပျောက်ခဲ့တဲ့ ကျွန်တော့်ကိုညိုကပဲတွဲပို့ပြီးအခန်းဆီကိုအရောက်ပို့ခဲ့တာပေ့ါ။ ကျွန်တော့်အဝတ်အစားတွေကိုညိုကပဲ လဲပေးခဲ့တာပေါ့။ ကျွန်တော်ရင်ခုန်သံတွေမြန်လာခဲ့တယ်ညို။
ညိုခန္ဓာကိုယ်ကိုကျွန်တော်ဆွဲယူပွေ့ဖက်လိုက်ပြီး ဒုတိယမြောက်ညကိုဖြတ်သန်းခဲ့ပြန်တယ်။ မနက် အိပ်ယာကနိုးလာတော့ ညိုမရှိတော့ဘူး။ မျက်လုံးမပွင့်သေးဘဲညိုအိပ်နေတယ်လို့ထင်တဲ့နေရာဆီကို လှမ်းစမ်းလိုက်တော့ ဘာမှမတွေ့ဘူး။ အဲဒီတော့မှ ကျွန်တော်မျက်လုံးပွင့်လာပြီးညို့ကိုလိုက်ရှာနေ တော့တယ်။ ကုတင်ဘေးမှာစာတစ်စောင်နဲ့ရေတစ်ခွက်။
“မင်းပိုင်ဇေ
သကြားရည်ဖျော်ပေးထားခဲ့တယ်။ ရေခဲနည်းနည်းရောပြီးသောက်လိုက်ပါ။ ကျွန်မကိုမရှာပါနဲ့တော့။ ညကအတွက်လည်း ရှင့်ကိုကျွန်မစနောက်ခဲ့မိတဲ့အခကြေးလို့ပဲသတ်မှတ်လိုက်ပါ။
ညို”
မရှာလို့မရဘူး။ ကျွန်တော်ညို့ကိုတွေ့မှဖြစ်မယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်တွေ့မှဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့လောင်းကြေးရှိသေးတယ်။ ပြီးတော့ မင်းပိုင်ဇေဆိုတဲ့ကောင်ကိုယ်၌ကလည်း ညို့ကိုတွေ့ချင်ပြီးတစ်စုံတစ်ရာလိုအပ်နေတယ်လို့ခံစားရတယ်။ ကျွန်တော်ဘာဖြစ်သွားပြီလဲ။ ကျွန် တော် Prostitute တစ်ယောက်ကိုနှစ်နှစ်ကာကာချစ်မိသွားခဲ့ပြီလား။
“ဘုရား ဘုရား”
ညို့ဘဝကိုပြုပြင်ပြောင်းလဲပေးချင်တာဘယ်သူ့အတွက်လဲ။ ညို့အတွက်ဆိုတာရောသေချာရဲ့လား ဆန်းစစ်ကြည့်မိတော့ မင်းပိုင်ဇေအတွက်လည်းပါနေသလိုခံစားရတယ်။ အဲဒီခံစားမှုကအခုမှဖြစ်လာ ခဲ့တာ။ ကျွန်တော်အမှောင်ထဲတိုးမိပြီလားညို။ Prostitute တစ်ယောက်ကိုချစ်မိပြီလို့ခံစားရတာကျွန် တော်အမှားအယွင်းကြီးတစ်ခုကိုကျူးလွန်နေမိသလိုဖြစ်နေပြီလား။
“ဘယ်လိုပဲဖြစ်ဖြစ် ညို့ကိုငါတွေ့အောင်ရှာမယ်၊ ညိုဆိုတဲ့မိန်းကလေးဟာ Prostitute ဘဝနဲ့အသက် မွေးဝမ်းကျောင်းပြုနေတဲ့သူလုံးဝမဖြစ်စေရဘူး၊ မင်းပိုင်ဇေနဲ့တွေ့ပြီးနောက်ပိုင်းပေါ့၊ ညို့ဘဝရဲ့အနာ ဂတ်မှာ ဂုဏ်သိက္ခာရှိရှိတည်တည်တံ့တံ့အလုပ်နဲ့ပဲအသက်မွေးဝမ်းကျောင်းတဲ့သူဖြစ်စေရမယ်၊ ဟုတ် တယ်၊ မရရအောင်ပြင်မယ်၊ ဘယ်လောက်ခက်ခဲတဲ့ကိစ္စဖြစ်ပါစေ၊ မဖြစ်ဖြစ်အောင်လုပ်မယ်”
တကယ်တော့ လူတစ်ယောက်မှာစရိုက်ဗီဇဆိုတာပြုပြင်လို့ရတယ်လို့ကျွန်တော်ကသတ်မှတ်ထား တယ်ညို။ ကျွန်တော်ကျုံထော်မှာတုန်းကညို့ကိုသတ်မှတ်ခဲ့တယ်။ ဒီမိန်းကလေးကပြုပြင်ဖို့လိုအပ်နေ တဲ့ ဗီဇ၊ စရိုက်တွေပိုင်ဆိုင်ထားတယ်လို့ပေါ့။ ဟုတ်တယ်။ ညိုအသက်မွေးဝမ်းကျောင်းပြုနေတဲ့အလုပ် ဟာ ညို့စရိုက်ဗီဇနဲ့သက်ဆိုင်ခဲ့ရင်လည်းကျွန်တော်မရရအောင်ပြုပြင်မယ်။
ဆုံးဖြတ်ထားတဲ့အတိုင်းပါပဲ။ ကျွန်တော်ညို့ကိုရှာခဲ့ပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။