(၇)
“ဟင်”
တွေ့မယ်တွေ့တော့လည်း ကျွန်တော်မျှော်လင့်ထားတဲ့ညဖက်အချိန်မဟုတ်ခဲ့ဘူး။ ကျွန်တော်ဟာ ညို့ကိုညဖက်မှာပဲတွေ့နိုင်တယ်လို့ယူဆထားခဲ့တာကိုး။ ဒါကြောင့်မို့လည်းဆိုင်ကိုသွားရှာခဲ့တာ။ ကျွန် တော့်အခန်းဆီကနေပြန်သွားပြီးတဲ့နောက်ပိုင်း အဲဒီဆိုင်ကိုညိုမလာခဲ့ဘူး။ သုံးရက်ဆက်တိုက်သွားရှာ ခဲ့တာ အချိန်တွေသာကုန်ပြီးပြန်လာခဲ့ရတယ်။ ဆိုင်ကမန်နေဂျာကိုကျွန်တော်မေးကြည့်သေးတယ်ညို။ ဒါပေမဲ့ အဲဒီထိုင်းလူမျိုးကသေသေချာချာဂဃနဏမသိရှာဘူး။ ညို့နာမည်ကိုတောင်မနည်းပြောနေခဲ့ရ တယ်။ ညို့ဖုန်းနံပါတ်ကိုလည်းကျွန်တော်မတောင်းထားလိုက်မိတော့အခက်တွေ့ရပြီပေါ့။
ကျွန်တော်ညို့ကိုတွေ့တော့ နေ့လည်ဘက် Nong Nooch Village မှာ။ ညို့ကိုတွေ့လိုက်ရတော့ပါးစပ် အဟောင်းသားဖြစ်တဲ့အထိအံသြသွားခဲ့ရတာပါ။
“ညို”
ကျွန်တော်အဲဒီနာမည်လေးကို တီးတိုးရေရွတ်မိတာပေါ့။ Nong Nooch Village မှာရိုက်ကွင်းရှိတာမို့ မနက်ခင်းကတည်းကအဲဒီမှာရှိနေခဲ့တယ်ညို။ ကျွန်တော်တို့ရိုက်ကူးရေးအဖွဲ့အဲဒီကိုညသန်းခေါင်းယံ ကျော်ကတည်းကထွက်လာခဲ့ကြတာ။ ပုရွတ်ဆိတ်ရွာနားမှာရိုက်ကွင်းတည်တာမို့အဲဒီနားက မျှော်စင် ပေါ်ကနေ လှမ်းတွေ့တာ။ ကျွန်တော်ညို့ကိုခေါ်ပြီးပြေးဆင်းလာခဲ့တယ်။ ရိုက်ကွင်းသမားတစ်ချို့က တော့ ကျွန်တော့်ကိုသတိထားသွားကြမိတယ်ထင်ပါရဲ့။
ညိုမှညိုပါပဲ။ ကျွန်တော်မမှားနိုင်ပါဘူး။ ညို့အလုပ်နဲ့ Nong Nooch Village ကဘာဆိုင်လဲ၊ အပျော် သပ်သပ်လာတာလားလို့တွေးမိသေးတယ်။ ဟော တွေ့ပါပြီ။ အစစ်ပဲ။
လူလေးငါးယောက်နဲ့စကားပြောနေတာ။ ညိုနဲ့အတူလူတွေအများကြီးပါလာတယ်။ အသိတွေကို လိုက် ပို့တာများလား။
“ညို”
ကျွန်တော်လှမ်းခေါ်လိုက်တော့ ညိုကြည့်တယ်။ ကျွန်တော့်ကိုလည်းမြင်ရော ဘာမှမဖြစ်သလိုပုံစံနဲ့အ ကြည့်လွှဲသွားတယ်။ ကျွန်တော် ညိုရှိရာနေရာဆီကိုအပြေးတစ်ပိုင်းလာပေမယ့် ညိုကတော့အသိတွေ နဲ့ တစ်ခြားနေရာဆီကိုထွက်သွားခဲ့ပြီ။
“ဟာ နေနိုင်ရက်လိုက်တာကွာ”
ကျွန်တော်ဟာ ညိုရဲ့အသိမိတ်ဆွေတစ်ယောက်ပဲထားပါတော့။ အဲဒီလိုလုပ်သင့်ပါရဲ့လား။ ကိုယ့်ကိုမ ခေါ်ချင်လို့ရှောင်ထွက်သွားတာမို့ ကျွန်တော်ဆက်မလိုက်ဖြစ်တော့ပါဘူး။ ညိုမှ ကျွန်တော့်ကိုမခေါ်ချင် တာလေ။ စိတ်မကောင်းတော့ဖြစ်သွားမိတယ်ညို။ ကျွန်တော်ရှာနေခဲ့တာ။ အရမ်းတွေ့ချင်လွန်းလို့ရှာ နေခဲ့ရတာပါဗျာ။
ရိုက်ကွင်းဆီကိုပြန်လာခဲ့တယ်ညို။ ခြေလှမ်းတွေလေးလံနေတယ်ထင်ပါရဲ့။
“မင်းပိုင်ဇေ၊ ဖြတ်လို့ရပြီ”
Nong Nooch Village မှာ သုံးလေးခန်းလောက်ရိုက်ရမှာမို့မနက်ဖြန်အထိတောင်ဆက်ရှိနိုင်တယ်ညို။ ကျွန်တော့်အလုပ်ကလည်းနည်းနည်းစိတ်လာတယ်။ လူခွဲတစ်ယောက်မရှိတာကြောင့်အဓိကပေါ့။ ဒီ နေရာက အပေါ်စီးကရိုက်လို့ကောင်းတဲ့ရှုခင်းမို့ကရိန်းတွေဘာတွေငှားပြီးတော့ ရိုက်ကွင်းကိုအကျအန ဆောက်ထားကြတယ်။ တည်းဖြတ်သမားဖြစ်တဲ့ကျွန်တော့်အတွက်လည်းယာယီအခန်းသေးသေးလေး တစ်ခုကိုအရင်ကထက်ကျကျနနဆောက်ပြီး တည်းဖြတ် (Editing) စေတယ်။ သူတို့စိတ်တိုင်းကျရိုက် ပြီးတာနဲ့ ကျွန်တော့်အလုပ်ကရောက်လာရော။
လိုချင်တဲ့အနေအထားအသေးစိတ်ကို တာဝန်ရှိတဲ့သူကကျွန်တော်တည်းဖြတ်တဲ့အနားမှာလာထိုင်ပြီး ညွှန်ကြားပေးတယ်။ သူများနိုင်ငံမှာလာရိုက်ရတာမို့ အချိန်ကိုတတ်နိုင်သမျှမပြုန်းတီးအောင်စီစဉ်ညွှန် ကြားကြတာတွေ့ရတယ်။ ကျွန်တော်တို့အပိုင်လုပ်ငန်းကလာရိုက်တာမဟုတ်ဘူးညို။ ကျုံထော်မှာရိုက် တဲ့ဇာတ်လမ်းအပြီး လာအပ်တဲ့အပြင်ပရောဂျက်တစ်ခုကို ကျွန်တော်တို့လက်ခံပြီးဘန်ကောက်ကို ရောက်လာတာပါ။ ညိုနဲ့တွေ့ဖို့ကြံကြမ္မာကဖန်လာခဲ့တယ်ပေါ့လေ။
လုပ်နေကျအလုပ်မို့ သွက်လက်စွာပဲ သူတို့စိတ်တိုင်းကျလုပ်ပေးလိုက်နိုင်ပါတယ်။ ကျွန်တော့်တည်း ဖြတ်အလုပ်ပြီးလို့ နောက်ထပ်ဖြတ်စရာရောက်မလာသေးရင်တော့ ရိုက်ကွင်းကြည့်ရင်ကြည့်မကြည့် ရင်ခုနကလို ဟိုဟိုဒီဒီလျှောက်ကြည့်ပေါ့ညို။
အလုပ်လေးတစ်ဖြတ်ပြီးလို့ခဏနားစဉ်မှာပဲ တစ်ခါမှမလာဖူးသေးတဲ့လက်ကိုင်ဖုန်းလေးထမြည်လာ ခဲ့တယ်။ ညိုပေါ့ဗျာ။ မျှော်လင့်မထားတဲ့တစ်ယောက်ပေါ့။
“ရှင်မသိဘဲရှင့်ဖုန်းနံပါတ်ကိုယူထားမိတဲ့အတွက်တောင်းပန်ပါတယ်၊ ကျွန်မညိုပြာပြာပါ”
“ဟာ ညို”
“ကျွန်မ အကူအညီတစ်ခုလောက်တောင်းချင်လို့”
“ပြောပါ ညို”
“ရှင် အခု ဘတ်နှစ်ထောင်လောက်ပါမလားဟင်၊ ခဏလောက်ချေးခဲ့စမ်းပါ ၊ ကျွန်မဒီမှာအသုံးလိုနေ လို့ပါ၊ ညနေကျရင်အိမ်လာပြီးပြန်ပေးပါ့မယ်”
“သိပ်ရတာပေါ့ညို၊ ဘယ်မှာလဲ ဘယ်ကိုလာပေးရမလဲ”
“ကျွန်မကအိုးဥယျာဉ်နားမှာရောက်နေတာ၊ အဲဒီကိုလာခဲ့လို့ရမလားဟင်”
အိုးပေါင်းများစွာနဲ့တည်ဆောက်ထားတဲ့ အိုးဥယျာဉ်လေး။ မြေအိုးသေးသေးလေးတွေနဲ့အလှဆင်တိုင် လုံးတွေ ဖန်တီးထားတဲ့နေရာ။ အဲဒီနေရာရောက်ရင်အရာအားလုံးဟာအိုးတွေနဲ့ဖန်တီးထားတာတွေ့ ရတယ်။ ရိုက်ကွင်းတည်နေတဲ့ပုရွတ်ဆိတ်ဥယျာဉ်ဆိုရင်လည်းအဲဒီအတိုင်းပါပဲ။ နေရာတိုင်းနေရာတိုင်း မှာ ပုရွတ်ဆိတ်အကောင်ပေါင်းများစွာနဲ့အလှဆင်ထားတယ်။
ကျွန်တော်ညို့ကိုတွေ့တော့ အနားမှာဧည့်သည်တွေမတွေ့ရတော့ဘူး။ တစ်ယောက်တည်းထိုင်နေ တယ်။ အဲဒီတော့ မင်းပိုင်ဇေတို့အကွက်ရောက်လာပြီလေ။ ပိုက်ဆံကိုညို့လက်ထဲအရင်ထည့်ပေး လိုက်တယ်။ ကြည်လင်တောက်ပနေတဲ့ညို့မျက်လုံးတွေက ကျွန်တော့်ကိုကျေးဇူးတင်စကားဆိုနေ သလိုပါပဲ။
“ကျွန်တော် စကားနည်းနည်းပြောချင်တယ်”
ညိုပြုံးပြတယ်။ ဒါလက်ခံလိုက်တာပဲပေ့ါ။ အခုချိန်မှာဘယ်သူမှလည်းအနားမှာမှမရှိတော့အေးအေး ဆေးဆေးပြောလို့ရမယ့်သဘောမှာရှိတယ်လေ။ ဟုတ်တယ်။ Nong Nooch Village ကအကျယ်ကြီး။ လူတွေလာလည်ကြတာလည်းအများကြီး ဒါပေမဲ့ အေးအေးဆေးဆေးစကားပြောလို့ရမယ့်နေရာတွေ လည်းပေါမှပေါပါပဲ။
ညို့ဘေးမှာကျွန်တော်ကပ်ထိုင်ခဲ့တယ်လေ။
“Nong Nooch Village ကိုဘာလာလုပ်တာလဲသိလို့ရမလား”
“ကျွန်မက နေ့လည်ဖက်ဆိုဧည့်လမ်းညွှန်လုပ်တယ်လေ၊ ဧည့်လမ်းညွှန်ဆိုလို့အကြီးကြီးမအောက်မေ့ ပါနဲ့၊ မြန်မာနိုင်ငံကလာလည်တဲ့ဧည့်သည်တွေကိုဘန်ကောက်အနီးအနားတစ်ဝိုက်တို့ အခုလိုအထင် ကရနေရာမျိုးတို့လိုက်ပို့ရတာ၊ အခုက ပတ္တရားကိုတစ်ညလိုက်ပြီးအပြန်ခရီးမှာ ပိုက်ဆံအသုံးလိုနေလို့၊ ကျွန်မညနေလာပေးပါ့မယ်”
“ထားပါ၊ ကျွန်တော့်ကို ညိုဘာလို့ထပ်မတွေ့ချင်ရတာလဲ”
ကျွန်တော့်ရှေ့မှာအိုးတွေနဲ့ဖန်တီးထားတဲ့ဆင်နှစ်ကောင်ပြုံးပြနေသလိုခံစားရတယ်။ အိုးနဲ့ဖန်တီးထား တဲ့ရွှေဖရုံသီးကိုလည်းလှမ်းမြင်နေရတယ်။ ညိုဘာပြောမလဲစောင့်ရင်း ဟိုဟိုဒီဒီအစဉ်မကျကြည့်နေမိ ခဲ့တယ်ညို။
“ရှင် အရမ်းရိုးသားတယ် မင်းပိုင်ဇေ”
ကျွန်တော်တစ်ချက်ပြုံးလိုက်မိတယ်။ ကျွန်တော့်ဘဝမှာပထမဆုံးအပြောခံရတာပဲ။ ဟုတ်တယ်။ ကျွန် တော့်ကိုရိုးသားတယ်လို့ပြောတာမရှိဘူး။ သိတတ်စအရွယ်ကတည်းကပါပဲ။ ဘယ်သူ့မှအဲလိုမပြောခဲ့ ဖူးပါဘူး။ ညိုကအရင်ဆုံးပဲ။
“ဘာကိုကြည့်ပြောတာလဲ”
“ရှင့်နှလုံးသား တအားနုနယ်သေးတယ်”
ဟုတ်တယ်ညို။ ကျွန်တော်ကအချစ်နဲ့ပတ်သက်လာရင်မထိတွေ့မခံစားဖူးဘူး။ ဒါနဲ့ပတ်သက်လို့ရိုး သားတယ်လို့ပြောလာရင် ညိုရာနှုန်းပြည့်မှန်နိုင်ပါတယ်။ အခုချိန်မှာကျွန်တော်ညို့အပေါ်ဘယ်လိုခံ စားမှုမျိုးလဲ အဓိပ္ပါယ်ဖော်နေတုန်းဆိုပေမယ့် ညို့ကိုကျွန်တော်လိုအပ်နေတာတော့အမှန်ပဲဗျာ။
“ကျွန်မလိုလူတစ်ယောက်နဲ့မတွေ့ခဲ့သင့်တာအမှန်ပဲ မင်းပိုင်ဇေ၊ ထပ်ပြီးမတွေ့တော့ရင်လည်းအ ကောင်းဆုံးပဲ၊ အခု အကူညီလိုအပ်တဲ့ချိန်မှာ ရှင့်ကိုအဆင်သင့်တွေ့လို့ခေါ်လိုက်မိတာပါ၊ မဟုတ်ရင် ရှောင်နေမလို့၊ ကျွန်မ ပိုက်ဆံပြန်လာပေးတဲ့အချိန်ပြီးရင် ကျွန်မတို့နောက်ထပ်ဘယ်တော့မှမတွေ့ချင် တော့ဘူးမင်းပိုင်ဇေ”
“ကျွန်တော်ညို့ကိုလိုအပ်တယ်”
လောင်းကြေးကိစ္စရှိသေးတယ်။ ညို့ဘဝကို လမ်းမှန်အရောက်တွန်းပို့ပေးဖို့တာဝန်ဘယ်သူမှမပေးဘဲ ကျွန်တော်ယူထားတယ်ညို။ အဲဒါကြောင့်မို့ ကျွန်တော်တို့နှစ်ယောက်မတွေ့လို့မဖြစ်ဘူး။ ရှေ့ဆက်တွေ့ မှရမယ်။ ပြီးတော့ ညို့ကိုကျွန်တော် လိုအပ်တယ်။
“ရှင်ခဏတာ သာယာတာပါ”
“ညို့ဘဝကို အဲဒီညလမ်းကြောင်းထဲကိုမရောက်အောင်ပြုပြင်ဖန်တီးဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချထား တယ်၊ ညို့အသက်မွေးဝမ်းကျောင်းကို သမာအာဇီဝကျကျ ဂုဏ်သိက္ခာရှိတဲ့အလုပ်တစ်ခုဖြစ်အောင် ဖန်တီးပေးဖို့စိတ်ကူးထားတယ် အဲဒါကခဏတာသာယာတာဖြစ်မလား”
ညိုတွေဝေသွားတာလားမပြောတတ်ဘူး။ ခဏတော့ငြိမ်သွားတယ်။
“ဟင့်အင်း၊ အချိန်တိုလေးအတွင်းမှာအဲဒီလောက်အထိကျွန်မအပေါ်စိတ်မကူးသင့်ဘူး၊ ရှင်နဲ့ကျွန်မ ကဘာမှမပတ်သက်တဲ့သူစိမ်းတွေပဲ မင်းပိုင်ဇေ၊ ရှင့်လိုရိုးသားတဲ့သူတစ်ယောက်ရဲ့ဘဝဆီကိုကျွန်မ မလာချင်ဘူး၊ ရှင်နဲ့မပတ်သက်ချင်ဘူး၊ ရှင့်အတွက်ပါ”
“ညိုက ကျွန်တော့်အတွက်အဲဒီလိုစဉ်းစားသလို ကျွန်တော်ကလည်းညို့အတွက်စဉ်းစားနေခဲ့တာပဲ၊ ညို ခင်ဗျား ဒီအလုပ်ကိုစွန့်လွှတ်လိုက်ပါ၊ အခုလိုဧည့်လမ်းညွှန်အလုပ်ဆိုရင်လည်းဇောက်ချလုပ်ရင်ဝင်ငွေ မနည်းပါဘူး၊ ဘန်ကောက်မှာအလုပ်ပေါပါတယ်၊ ဒီအသက်မွေးဝမ်းကျောင်းမဟုတ်ဘဲနဲ့”
“ကျွန်မ အရမ်းလုပ်ချင်နေလို့လုပ်တယ်များထင်နေသလား၊ ကျွန်မအတွက် ကျွန်မမိသားစုအတွက်လို အပ်တဲ့ငွေပမာဏက ဒီအလုပ်ကပဲရနိုင်တယ်၊ အဲဒါကြောင့်မို့လုပ်နေရတာ”
“ဒါသပ်သပ်အကြောင်းပြတာလို့ပဲကျွန်တော်ထင်တယ်ညို၊ ဟာဗျာ ညို ခင်ဗျားဒီအလုပ်ကိုမလုပ်ရဘူး၊ တစ်ခြားအလုပ်ကိုပြောင်းလုပ်ပါ၊ ခင်ဗျားဟာမြန်မာမိန်းကလေး၊ အရှက်အကြောက်တရားရှိရမယ်၊ ဂုဏ်သိက္ခာကိုတန်ဖိုးထားရမယ်၊၊ အများအမြင်မှာ မိန်းမပျက်ဆိုတဲ့စကားကို ညို့ဘဝမှာလုံးဝမရှိစေ ရဘူး၊ အဲဒီလိုဖြစ်အောင်ဖန်တီးယူရမယ်”
ကျွန်တော့်စကားတွေကို ညိုဟက်ဟက်ပက်ပက်ရယ်ပါတယ်။ တရားလာဟောနေတယ်ပေါ့။ တကယ် တော့ အဲဒါဟာကျွန်တော်အဖြစ်ချင်ဆုံးဆန္ဒပဲညို။ မြန်မာနိုင်ငံကမိန်းကလေးတစ်ယောက်ကသူများ နိုင်ငံကိုလာပြီး ဒါမျိုးလုပ်စားနေတယ်ဆိုတဲ့အကြောင်းဘယ်လိုမှမတွေးရက်ဘူး။ တွေးလည်းမတွေး ချင်ဘူး။
“ရှင်တော်တော်စိတ်ကူးယဉ်ဆန်တာပဲ မင်းပိုင်ဇေ၊ ကဲပါ ကျွန်မရှင့်ဆီကိုအကြွေးလာဆပ်တော့မှ ဒီ ထက်ပိုပြီးအေးအေးဆေးဆေးပြောကြာတာပေါ့၊ ဟုတ်ပြီလား၊ ကျွန်မဧည့်သည်တွေကိုလိုက်စုဖို့အချိန် ရောက်ပြီ”
“ကျွန်တော်ဖြစ်စေချင်တဲ့ပုံစံ ခင်ဗျားရောမဖြစ်ချင်ဘူးလား အဲဒါလေးတော့ပြောခဲ့ဗျာ”
“နိုး”
“ဟင် ဒါဆို ခင်ဗျားဒီအလုပ်ကိုဝါသနာအရလုပ်နေတာလား”
“ဘာ”
“ဟုတ်တယ်လေ၊ ခင်ဗျားဝါသနာပါလွန်းလို့ပဲမစွန့်လွှတ်နိုင်အောင်ဖြစ်နေရတာလို့ပဲကျွန်တော် ယူဆ လိုက်တယ် ညို”
ညို့စိတ်ထဲစနိုးစနောင့်ဖြစ်အောင် ကျွန်တော်တမင်ပြောလိုက်တာ။ ညို့ပုံစံကပြုပြင်ဖို့များခက်နေသ လားလို့ ကျွန်တော်ထင်မိတယ်။ ဘယ်လိုဆက်လုပ်ရမလဲ။
“ရှင် ပြောချင်တာပြောပြီးရင် ကျွန်မကိုခွင့်ပြုဦး”
ညိုထွက်သွားရာ ကျောပြင်လေးကိုငေးကြည့်နေရုံကလွဲရင် ကျွန်တော်မတားနိုင်တော့ပါဘူး။ ရိုက်ကွင်း ရှိတဲ့ ပုရွတ်ဆိတ်ဥယျာဉ်ရှိရာဆီကိုပဲပြန်လာခဲ့တော့တယ်။ ဒါပေမဲ့ကျွန်တော့်စိတ်ထဲမှာတော့ ဆုံးဖြတ် ချက်ချထားပြီးတဲ့အတိုင်းပါပဲ။ လုံးဝလျှော့ဖို့စိတ်မကူးဘူး။
“ညိုပြာပြာ၊ ခင်ဗျားကို ကျွန်တော်ရအောင်ပြုပြင်မယ်၊ ဘာလို့မလုပ်နိုင်ရမှာလဲ”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။