မပြိုဘဲနဲ့ ညို အပိုင်း (၁၀)

(၁၀)
“ရှင် ဒါဘယ်ကရသလဲ”
ပရင့်ထုတ်ထားတဲ့ ညို့ကိုယ်ရေးရာဇဝင်ကိုကြည့်ပြီး အံသြနေပါတယ်။ ကျွန်တော့်လက်ထဲညို့ပရိုဖိုင် ရောက်နေတာ ဆန်းကြယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော်ကလိုက်စုံစမ်းနေတဲ့သူပဲလေ။
“ဘယ်ကရရပါ”
“ဒါပြဖို့ ကျွန်မကိုခေါ်တာလား”
“ဟုတ်တယ်”
“ကဲ ကြည့်ပြီးပြီ၊ ပြန်တော့မယ်လေ”
သိပ်မထူးဆန်းတော့တဲ့ပုံစံကိုပြောင်းပြီး ပြန်ဖို့ထလိုက်ပါတယ်။ ကျွန်တော်ပြောချင်တဲ့စကားမပြောရ သေးတော့ ညို့ကိုတားလိုက်တာပေါ့။

“အဲဒီကိုယ်ရေးရာဇဝင်အချက်အလက်ကိုဖတ်ပြီး ညိုပြောပြတဲ့အကြောင်းတွေကိုနားထောင်ပြီး ကျွန် တော်တစ်ခုသိလိုက်ရတယ်ဗျ၊ အဲဒါပြောချင်လို့ ညို့ကိုခေါ်လိုက်တာပါ”
ဘာလဲဆိုတဲ့သဘောနဲ့ညိုကမေးငေါ့ပြတယ်။
“ညိုပြာပြာဟာ ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လာလုပ်တဲ့သူမဟုတ်ဘူး”
“အင်းလေ၊ အဲဒါဘာဖြစ်လဲ၊ ဒီမှာတော်တော်များများကအဲဒီလိုလုပ်နေကြတာပဲလေ”
“ကောင်းပြီလေ၊ ဒါဆို ကျွန်တော်သက်ဆိုင်ရာကိုညို့အချက်အလက်တွေပေးပြီးတိုင်ကြည့်လိုက်မယ်၊ ဘာဖြစ်မလဲကြည့်ကြသေးတာပေါ့၊ အော် ထိုင်းမှာအထောက်အထားမပြည့်စုံတဲ့ရွှေပြောင်းလုပ်သား တွေကို ဖမ်းဆီးတဲ့စီမံချက်ဆောင်ရွက်နေတယ်ဆိုတာ ညိုသိတယ်မှလား၊ မဟာချိုင်မှာနေတဲ့သူတစ် ချို့၊ စီလုံမှာနေတဲ့သူတစ်ချို့ဖမ်းဆီးခံထားရတယ်ဆိုတာတော့ကျွန်တော်သိထားတယ်၊ ဒီသတင်းနဲ့ ပတ်သက်ပြီးမကောင်းတဲ့ကောဠဟာလတွေလည်းထွက်နေတယ်၊ ညိုကြားမိနိုင်ပါရဲ့”
“ရှင် ဘာလို့ယုတ်မာရတာလဲ မင်းပိုင်ဇေ၊ ရှင်ဘာလိုချင်တာလဲ”
ကျွန်တော်တို့နှစ်ယောက်ရဲ့အချေအတင်ကို ကျွန်တော်ကပဲဖန်တီးခဲ့တာပေါ့ညို။ ဒီဖန်တီးမှုကိုညို ဘယ်လိုဖြေရှင်းမလဲ စိတ်ဝင်စားစွာနဲ့နားထောင်ခဲ့တယ်။ ထင်ထားတဲ့အတိုင်းပါပဲ။ အလွယ်တကူညို လက်မခံခဲ့ဘူး။ ညို့ဘဝရဲ့အခက်အခဲတစ်ခုဖြစ်တဲ့အခုလိုပြသနာလေးတစ်ရပ်ကို ညိုသမားရိုးကျအ တိုင်းဖြေရှင်းခဲ့တယ်လေ။
မေးခွန်း (၂) ဘဝမှာကြုံတွေ့ရတဲ့ပြသနာကိုညိုဘယ်လို ဖြေရှင်းသလဲ။
ဘဝအတွေ့အကြုံတစ်ခုသည် တစ်စုံတစ်ဦးအားစိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းကိုဖြစ်စေအံ့။ ယင်းသည်ပင် ဘဝဒဏ်ဖြစ်တော့၏။ ရောဂါစွဲကပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အခြားသူတို့ထံမှရောဂါ ကူးစက်ခြင်း စသည်တို့ကားဘဝဒဏ်ကိုဖြစ်စေသောရုပ်ပိုင်းဆိုင်ရာ အကြောင်းတရားများဖြစ်ကြ၏။ ရင်းနှီးသောမိတ်ဆွေတစ်ယောက်နှင့်ရန်ဖြစ်ခြင်း၊ အကြံအစည်တစ်ခုပျက်စီးသွားခြင်း၊ ငွေပျောက်ခြင်း၊ အလုပ်ပြုတ်ခြင်း၊ ရင်းနှီးသူတစ်ဦးသေဆုံးခြင်း စသည်တို့ကားဘဝဒဏ်၏ စိတ်ပိုင်းဆိုင်ရာအကြောင်း ရင်းများဖြစ်ပေသည်။ (ဒေါက်တာကျော်စိန် M.A.Ph.D (Columbia) ၏ သင့်ဘဝတွက်တာ အသုံးချ စိတ်ပညာ)
“ညိုငယ်ငယ်တုန်းက အမျိုးတွေနဲ့အကြီးအကျယ်ရန်ဖြစ်ဖူးတယ်၊ ရန်ကုန်သွားပြီးအလုပ်လုပ်ဖို့ကြံစည် တုန်းကပေါ့၊ အမေ့ကိုဈေးထဲကဆိုင်မှာဝင်မကူဘဲ ရန်ကုန်ကိုသွားနန့်တယ်ဆိုပြီးတော့ဝေဖန်ကြလို့၊ ရှေ့မှာလည်းပြောကွယ်ရာမှာလည်းပြော၊ အရင်အဖေ့ကိစ္စတုန်းကလည်းခဏခဏနှိမ်ကြတာမို့သည်း မခံနိုင်တဲ့အဆုံးပေါက်ကွဲမိတာ၊ သူတို့အိမ်ရှေ့ကနေပြီးတစ်ရပ်ကွက်လုံးကြားအောင် အော်ဟစ်သောင်း ကျန်းပစ်လိုက်တယ်၊ ညိုတို့မိသားစုကိစ္စကိုဘေးကနေကြည့်ပြီး မကောင်းသတင်းတွေချည်းပဲလှိမ့် ပြောနေတဲ့အဲဒီအမျိုးတွေကို တကယ်ရင်နာလွန်းလို့၊ ညိုကရန်ကုန်သွားပြီးပိုက်ဆံရှာချင်တာ၊ အိမ်ကို ထောက်ပံ့ချင်တာလေ၊ ဆိုင်မှာအမေနဲ့အစ်မလုပ်နေတာဒီဝင်ငွေပဲ၊ ညိုဝင်ကူလည်းဒီဝင်ငွေပဲရမှာမို့ ရွှေဂွန်းမှာနေဖို့စိတ်မဝင်စားခဲ့ဘူး”
“အဲဒါနဲ့ပဲရန်ကုန်ကိုလာခဲ့ရတယ်ဆိုပါတော့”
“မဟုတ်ဘူး၊ ညိုအဲဒီတစ်နှစ်ရန်ကုန်ကိုမလာခဲ့ရဘူး၊ အမျိုးတွေပြောတဲ့သတင်းကိုအမေကပြန်ကြားပြီး ညို့ကိုရန်ကုန်သွားဖို့ပိတ်ပင်လိုက်လို့ ရန်သွားတွေ့တာ၊ ညိုရန်ကုန်ရောက်တာနောက်တစ်နှစ်နေမှ”
ဒေါက်တာကျော်စိန်ရဲ့သင့်ဘဝတွက်တာအသုံးချစိတ်ပညာ စာအုပ်ထဲမှာ လိုဘမပြည့်အခြေအနေ တုန့်ပြန်မှုဇယား မှာဖော်ပြထားတာနဲ့ညို့ကိုနှိုင်းယှဉ်ကြည့်မိတယ်။ လိုအင်ဆန္ဒမပြည့်ရင်အခြေအနေ ငါးမျိုးနဲ့တုန့်ပြန်တတ်ကြတယ်တဲ့။ အဲဒါတွေကတော့ ဇွဲရှိခြင်း၊ ရန်လိုခြင်း၊ မှီခိုခြင်း၊ ကာယက္ကန္ဒြေနဲ့ခံ နိုင်ရည်။ အဲဒီအခြအနေငါးမျိုးမှာ ကောင်းသောအပြုအမူနဲ့မကောင်းသောအပြုအမှုဆိုပြီး နှစ်မျိုးခွဲခြား ထားတာဖတ်ရတယ်ညို။
ဇွဲရှိခြင်းရဲ့ကောင်းသောအပြုအမူက လိုအပ်သည့်အခြေအနေတွင်လုံလောက်စွဲမြဲသောဇွဲရှိခြင်း နဲ့ ညံ့ သောအပြုအမူက အလွယ်တကူလက်လျှော့ခြင်းတဲ့။ ရန်လိုခြင်းရဲ့ ကောင်းသောအပြုအမူက မိမိစိတ် ကိုအစွမ်းကုန်ချုပ်တည်းခြင်းနဲ့ ညံ့သောအပြုအမူက ပြင်းထန်စွာရန်မူတိုက်ခိုက်ခြင်းလို့ဆိုထားတယ်။ မှီခိုခြင်းမှာတော့ အခြားသူတို့၏အကူအညီမယူဘဲ မိမိဘာသာပြသနာဖြေရှင်းရန်ကြိုးပမ်းခြင်းက ကောင်းသောအပြုအမူဖြစ်ပြီး အခြားသူများအပေါ်မှီခိုလွန်းခြင်းကတောညံ့သောအပြုအမူတဲ့။ ကာယ က္ကန္ဒြေမှာတော့ မိမိကိုယ်နှုတ်အမူအရာကိုကောင်းစွာစောင့်စည်းခြင်းက ကောင်းသောအပြုအမူဖြစ်ပြီး တော့ ကိုယ်နှုတ်အမူအရာမစောင့်စည်းဘဲ က္ကနြေပျက်လောက်အောင်ဖြစ်ခြင်းကညံ့သောအပြုအမူ လို့ရေးထားတယ်။ အခက်အခဲကိုသတ္တိရှိရှိရင်ဆိုင်းခြင်းက ခံနိုင်ရည်ရဲ့ကောင်းသောအပြုအမူဖြစ်ပြီး သတ္တိမဲ့ခြင်း၊ ညည်းညူခြင်း၊ ကိုယ့်ကိုယ်ကိုယ်သနားခြင်းက ညံ့သောအပြုအမူတဲ့။
ညို့ရဲ့အခြေအနေကကောင်းတာနဲ့ဆိုးတာမျှနေတယ်။ ရန်လိုခြင်းနဲ့ကာယက္ကန္ဒြေ အခြေအနေမှာ ညို တုန့်ပြန်တဲ့တုန့်ပြန်မှုက ညံ့သောအပြုအမူဆိုတာတွေ့ရတယ်။ ဒါပေမဲ့ ညိုဟာအလွယ်တကူလက် လျှော့တတ်တဲ့မိန်းကလေးတစ်ယောက်မဟုတ်ဘူး၊ အခက်အခဲတွေကိုသတ္တိရှိရှိရင်ဆိုင်ခဲ့တယ်ဆိုတာ ကျွန်တော်အသိအမှတ်ပြုပါတယ်။
“ဖေဖေမဆုံးခင်ကတည်းက ညိုတို့မှာရှိသမျှစည်းစိမ်ဥစ္စာတွေကဖြူကာပြာကာကျနေခဲ့ပြီ၊ ဝင်ငွေဆိုလို့ ဈေးထဲက ကုန်စုံဆိုင်ကရတဲ့ပိုက်ဆံပဲရှိတယ်၊ ညိုဆယ်တန်းအောင်ပြီးရန်ကုန်ကိုအလုပ်သွားလုပ်မယ် လို့တွေးမိတာလည်းအဲဒါကြောင့်ပဲ၊ ကိုယ့်မိသားစုအခြေအနေကို ကိုယ်ပဲသိတာမို့ဘယ်သူတွေပဲဝေဖန် ဝေဖန် ညိုအလုပ်သွားလုပ်မယ်လို့တွေးပြီးထွက်လာခဲ့တယ်၊ ရန်ကုန်ကဘုရင့်နောင်ပွဲရုံမှာစားရေးမ အလုပ်လုပ်ရင်းတစ်ဖက်က ကွန်ပျုတာတက်တယ်၊ ပြီးတော့ Video Editing ကိုစိတ်ဝင်စားတယ်ထင် ပြီးဆက်သင်ခဲ့တယ်၊ ဒါပေမဲ့ ဒီအလုပ်ကယောင်္ကျားလေးတွေလုပ်တာများတယ်၊ အလုပ်လည်းရှား တယ်ထင်ပြီးဆက်မသင်တော့ဘူး၊ အလုပ်ကရတဲ့ပိုက်ဆံကိုခြစ်ကုတ်စုပြီး အိမ်ကိုပြန်ပို့ခဲ့တယ်၊ အိမ်ကိုတော့လုံးဝမပြန်ဖြစ်ဘူး၊ နှစ်နှစ်နေလို့ ညိုပြန်လာတော့ အိမ်ကအခြေအနေတော်တော်ဆိုး နေပြီ”
အဲဒီအချိန်မှာ ညိုရှိနေတဲ့အသက်အရွယ်က မိသားစုဝန်ထုတ်ဝန်ပိုးတစ်ခုထမ်းရွက်ဖို့အဆင်သင့်ဖြစ်နေ ခဲ့တာလား။
“ကုန်စုံဆိုင်လည်းပြုတ်ပြီ၊ အစ်မယောင်္ကျားလည်းကားလိုက်တာကားပေါ်ကပြုတ်ကျလို့ခြေတောက် တစ်ဖက်ကျိုးသွားတယ်၊ နှစ်ရှည်ဆေးကုရမယ်၊ အကြွေးတွေလည်းပတ်လည်ဝိုင်းနေလို့အိမ်ကိုပေါင် ထားရတယ်၊ ညိုတော်တော်စိတ်ပျက်သွားတယ်၊ ဒါပေမဲ့ အဲဒီအခက်အခဲကိုငါဇွဲရှိရှိ၊ သတ္တိရှိရှိရင်ဆိုင် ဖြေရှင်းပေးမယ်၊ မရရအောင်ပိုက်ဆံရှာမယ်ဆိုပြီး ဒီကိုရောက်လာတော့တာပဲ၊ ဒီမှာအလုပ်လုပ်နေတဲ့ အဒေါ်လင်မယားကိုဆက်သွယ်ပြီးရောက်လာတာ”
လူတိုင်းမှာခါးသီးတဲ့ဘဝအခိုက်အတန့်လေးတော့ရှိတတ်ကြတာပဲလေညို။ ပိုက်ဆံရဖို့တစ်ခုတည်းနဲ့ ညို ရွေးချယ်ခဲ့တဲ့လမ်းက ဘဝနဲ့ရင်းနေရတယ်ဆိုတာညိုဘာလို့ထည့်မတွက်တာလဲ။ ဘယ်လိုပဲဖြစ် ဖြစ် ကျွန်တော်သဘောမကျတဲ့အသက်မွေးဝမ်းကျောင်းပြုမှုကိုတော့ မရရအောင်တားရမှာပဲ။ ဆုံးဖြတ် ထားပြီးသား။ ဖျောင်းဖျလို့မရတဲ့ညို့ကိုခြိမ်းခြောက်မှုတွေပေးရတော့မှာပဲ။
ညိုက ကျွန်တော့်ကိုဘာလိုချင်တာလဲတဲ့။ ကျွန်တော်လိုချင်တာကရှင်းရှင်းလေးပါ လက်ရှိလုပ်နေတဲ့ အလုပ်ကနေထွက်ပေးရုံပဲ။
“ထိုင်းမှာရောက်နေတဲ့တရားမဝင်လုပ်သားသိန်းဂဏန်းတွေကြားထဲမှာ ညိုပါဝင်တာက ကျွန်တော့်ကို ဒီလိုအခွင့်အရေးပေးခဲ့တာပါ၊ ညို့ဆီကကျွန်တော်အများကြီးမလိုချင်ပါဘူး၊ ဒီအလုပ်ကိုထွက်ပေးရုံပါ”
“ဘာ”
“ဗီဇာသက်တမ်းကုန်လို့သက်တမ်းတိုးဖို့ ပွဲစားနဲ့လုပ်နေတဲ့ကြားကာလမှာတောင် ဝင်ဖမ်းမလား စိုးရိမ် ရတဲ့အခြေအနေလည်းရှိကြတယ်လို့ ကြားတယ်ဗျ”
“ကျွန်မ ဒီအလုပ်ကထွက်ရင်ဘာနဲ့အသက်မွေးဝမ်းကျောင်းပြုရမှာလဲ”
“ကျွန်တော့်ဆီမှာ လက်ထောက်ဗွီဒီယိုအယ်ဒီတာအလုပ်အဆင်သင့်ရှိတယ်၊ ညိုကိုယ်တိုင်လည်း အဲဒီ အလုပ်ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တယ်လို့ ကျွန်တော်ယူဆထားတယ်၊ လက်ရှိအလုပ်ကိုထွက် ပြီး ကျွန်တော့်အလုပ်ကိုလက်ခံလိုက်ရုံပဲ၊ ဒီအလုပ်လုပ်နေတဲ့ကာလမှာ တစ်ခြားဝင်ငွေကောင်းတဲ့ သမာအာဇီဝအလုပ်တစ်ခု ကျွန်တော်ရှာပေးမယ်ညို”
“ဒီမှာဝင်ငွေကောင်းတဲ့အလုပ်ရှာဖို့ဆိုတာမလွယ်ဘူး၊ ကျွန်မ Editing အလုပ်ကိုလည်းသင်တန်းခဏပဲ တက်ပြီး မတောက်တခေါက်လုပ်တတ်တာလို့ပြောဖူးတာပဲ၊ ရန်ကုန်သွားပြီးအလုပ်လုပ်တုန်းကပိတ် ရက်မှာ ပညာဒါနသင်တန်းတက်ရင်းလုပ်တတ်တာပါ၊ ပိုက်ဆံရှာရလောက်အောင်မကျွမ်းကျင်ဘူး”
“စစ်မရောက်ခင်မြှားမကုန်ပါနဲ့ညို၊ ကျွန်တော်ညို့ကိုဒီအလုပ်နဲ့ဘယ်လိုမှမမြင်နိုင်ဘူး၊ ကျွန်တော့်အနား မှာပဲထားချင်တယ်ဗျာ၊ မရဘူးဆိုတာမရှိဘူး၊ ကျွန်တော့်အလုပ်တူတူလုပ်ရင်းဝင်ငွေကောင်းတဲ့အလုပ် ရအောင်ရှာပေးမယ်၊ အာမခံတယ်”
“ရှင့်အလုပ်က ကျွန်မအခုရတဲ့ဝင်ငွေမရနိုင်ဘူး”
“ကျွန်တော်စိုက်ပေးမယ်”
ညို ဘယ်လိုပဲငြင်းငြင်း ကျွန်တော့်မှာအဖြေရှိပြီးသားရယ်။ အဓိကတော့ လက်ရှိအလုပ်ကိုစွန့်ခွာဖို့ပဲ။
“မလိုဘူး၊ ရှင်ပြောတာ လက်မခံချင်ဘူး”
“ညို၊ ခင်ဗျားဟာ မြန်မာမိန်းကလေးတစ်ယောက်ပါဗျာ၊ ဘာလို့ဒီအလုပ်ကိုမှအသက်မွေးဝမ်းကျောင်း ပြုချင်နေရတာလဲ၊ ခင်ဗျားနေနေရတာ သူများနိုင်ငံနော်၊ လူတွေဘယ်လောက်အထင်သေးမလဲဗျာ၊ ခင်ဗျားမို့မရှက်တယ်၊ ကျွန်တော်နဲ့ခင်ဗျားနဲ့ဘာမှမပတ်သက်ဘူး၊ အေးဘာလို့အဲလိုလိုက်ပြီးတားဆီး နေသလဲဆိုတော့ ခင်ဗျားအစားရှက်လို့၊ မြန်မာလူမျိုးတစ်ယောက်ဒီလိုအလုပ်ဒီမှာလုပ်နေတာကိုရှက် လို့ဗျ ရှင်းလား”
မတတ်နိုင်တော့ဘူး။ ပြောစရာရှိတာပြောရမှာပဲညို။ ကျွန်တော်ဖန်တီးထားတဲ့အကွက်ထဲဝင်ဖို့လိုတယ် လေ။ ညိုဒီအလုပ်ကိုမလုပ်ရုံပဲ ဦးတည်နေမှာပဲ။
“ကျွန်မကရော အရမ်းလုပ်ချင်လို့လုပ်နေရတယ်ထင်နေလား”
“လာပြန်ပြီဒီစကား၊ ကျွန်တော်မုန်းတဲ့စကားပဲ၊ မလုပ်ချင်ရင်မလုပ်နဲ့၊ စိတ်မပါတဲ့အလုပ်ကိုတစ်သက် လုံးမလုပ်နဲ့ညို၊ ခင်ဗျားလုပ်ချင်တဲ့ လုပ်နိုင်တဲ့အနေအထားမှာပဲ ဓမ္မဓိဌာန်ကျကျနေပြီးဖြစ်ချင်တာကို အကောင်အထည်ဖော်သင့်တယ်”
“ဒါပေမဲ့ ကျွန်မအခြေအနေကိုရှင့်ကိုပြောပြခဲ့တာပဲလေ”
“ညို့မိသားစုအခက်အခဲကိုဖြေရှင်းဖို့တစ်ခြားနည်းလမ်းတွေအများကြီးရှိပါတယ်”
“မဟုတ်သေးဘူး….”
“ကောင်းပြီလေ၊ ညိုမလုပ်ချင်ရင်လည်းထွက်သွားပါတော့၊ ကျွန်တော်ကတော့ လုပ်စရာရှိတာ၊ စီစဉ် ထားတာတွေ ဆက်လုပ်ရမှာပဲ၊ သွားပါတော့ဗျာ”
တွေဝေမနေပါဘူး။ ညိုကျောခိုင်းခဲ့တယ်။ ကျွန်တော့်အခန်းလေးထဲကနေထွက်သွားခဲ့တယ်။ အဲဒီခဏ မှာ ကျွန်တော်ဘယ်လောက်ဝမ်းနည်းကြေကွဲခဲ့ရသလဲညိုသိလား။ ရင်ဘတ်တစ်ခုလုံးပူလောင်နေခဲ့ တယ်ညို။ ကျွန်တော်စီစဉ်တာကိုဘာကြောင့်လက်မခံရသလဲဆိုတာ တွေးပြီးဒေါသတွေလည်းထွက် နေမိခဲ့တာပေါ့။
တကယ်ပဲ သက်ဆိုင်ရာကိုတိုင်ရမလားလို့တွေးမိတော့ မလုပ်ချင်ဘူးဖြစ်သွားတယ်။ ဟုတ်တယ်။ ကျွန် တော်မျှော်လင့်ထားတာက အကောင်အထည်ဖော်လိုက်တဲ့ကိစ္စကိုညိုလက်ခံဖို့။ ဒါပေမဲ့ ခြိမ်းခြောက်မှု ကိုညိုက ကြောက်ရွံ့ဟန်မပြဘူးလို့ထင်ခဲ့တယ်။ စိတ်ပျက်လက်ပျက်နဲ့ ညို့ကျောပြင်လေးကိုပဲတိတ် တခိုးကြည့်နေခဲ့တယ်။ မြင်ကွင်းကမပျောက်ခင်မှာပဲတံခါးပိတ်လိုက်တယ်ညို။ ရင်မဆိုင်နိုင်တော့ဘူး။ ညိုအဲဒီလောက်ခေါင်းမာလိမ့်မယ်လို့လည်းမထင်ခဲ့ပါဘူး။
“ဟူး”
သက်ပြင်းရှည်ကြီးကိုဆွဲချပြီးဘာလုပ်ရမလဲ စဉ်းစားနေတုန်းမှာပဲတံခါးခေါက်သံကြားလာခဲ့တယ်။ ညို ပြန်လာခဲ့ပါတယ်။ တံခါးအဖွင့်မှာ ညို့မျက်နှာကိုတွေ့လိုက်ရတယ်။
“ကျွန်မ ကိုစဉ်းစားဖို့အချိန်နည်းနည်းပေးပါ မင်းပိုင်ဇေ”
ကျွန်တော် ဘာမထီပုံစံနဲ့ဟန်ဆောင်ကောင်းခဲ့ပြန်တယ်ညို။
“ကောင်းပြီလေ၊ အချိန်နှစ်ရက်ပေးမယ်၊ သန်ဖက်ခါည ဒီအချိန်မှာကျွန်တော့်ကိုဆက်သွယ်လိုက်ပါ”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။