(၁၂)
ပုစွန်တုတ်လေးကောင်ရယ်၊ ဂုံးတွေရယ်၊ ရေဘဝဲကင်ရယ် ကိုတစ်ခါသုံးပန်ကန်ထဲထည့်ထားပြီး သားရောင်းနေတဲ့ ဆိုင်ကိုရောက်တော့ ညိုရောကျွန်တော်ရော စားမယ်ဆိုပြီးသဘောတူလိုက်ကြ တယ်။ ပတ္တရားရိုက်ကွင်းက ထင်ထားတာထက်ပိုပင်ပန်းတယ်နော် ညို။ လောဘကြီးတဲ့ဒါရိုက်တာက လူကျိတ်ကျိတ်တိုးစည်နေတဲ့မြို့မြင်ကွင်း ဟိုတယ်မြင်ကွင်းတွေ၊ ဈေးတန်းတွေကို ရိုက်ပြီး ကမ်းခြေကို ပါ ရိုက်ပြီးတဲ့အပြင် coral island မှာပါ ဆက်ရိုက်ဖို့ အားလုံးကိုဆော်သြတော့ ညနေသုံးနာရီလောက် ရှိနေပြီ။ ဒါပေမဲ့ အားလုံးက တက်တက်ကြွကြွနဲ့ပဲရောက်လာခဲ့ကြတယ်။ ကွန်ပျုတာတွေကိုတော့ ကျွန်းအထိသယ်လာပြီး အလုပ်လုပ်ဖို့သိပ်မကောင်းတာမို့ ကျွန်တော်နဲ့ညိုက ရိုက်ကွင်းကြည့်ဖို့သပ် သပ်ပဲ လိုက်လာခဲ့ကြတာပေါ့။
စိမ်းပြာပြာပင်လယ်ရေ၊ သွားရည်တမျှားမျှားနဲ့ စားချင်စဖွယ်ဆွဲဆောင်နေတဲ့ပင်လယ်စာတွေ၊ မြူး ထူးပျော်ပါးနေတဲ့ နိုင်ငံပေါင်းစုံကခရီးသွားတွေရယ်ကိုတွေ့ပြီးနောက်မှာတော့ အလုပ်ကိုလက်စမြန် မြန်သတ်ဖို့ အားလုံးတက်ကြွနေကြတယ်။ ပြီးတော့ ရေကစားကြမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ကတော့ ရိုက်ကွင်းကြည့်သယောင်ယောင်နဲ့ လစ်ထွက်လာခဲ့ကြတာလေ။
“ပင်လယ်စာနှစ်ပွဲ၊ သင်္ဘောသီးထောင်းတစ်ပွဲပေးပါဗျို့”
မြန်မာလို အော်ပြောလိုက်တော့ ဆိုင်ရှင်အစ်မကြီးက ကျွန်တော့်ကိုရယ်ပြတယ်။ ညိုကတော့ ကျွန်တော့်လက်မောင်းကို ခပ်နာနာထုတာပေါ့။
“ဆောရီး နောက်တာ” လို့ပြောပြီး အင်္ဂလိပ်လိုပြောလိုက်ပါတယ်။ ပုစွန်အကောင်အကြီးကြီးတွေက ကင်နေတုန်းမှာပဲ စားချင်စိတ်ကိုဆွဲဆောင်နေပြန်တယ်။ သင်္ဘောသီးထောင်းနံ့ကလည်းမွှေးနေတာပဲ။
“ဘယ်ကလာကြတာလဲ”
ဆိုင်ရှင်အစ်မကြီးကမေးတော့ ဗီယက်နမ်ကပါ ဆိုပြီးကျွန်တော်ကခပ်သွက်သွက်ဖြေလိုက်ပါတယ်။ စားစရာတွေကိုယူပြီး လူရှင်းတဲ့နေရာဆီကိုလာ နှစ်ယောက်သားဘေးချင်းယှဉ်ရက်ထိုင်ပြီးရှေ့ သဲသောင်ပြင်ဖြုဖြုပေါ်မှာ အစားအသောက်တွေကို ချထားလိုက်တယ်။ တူတစ်ယောက်တစ်ချောင်းနဲ့ စားကြမယ်ပေါ့။
“အဲလိုမေးရင် ဘာကြောင့် အမှန်အတိုင်းမဖြေတာလဲ ဟင်”
“မြန်မာလို့ပြောရင် သူတို့ဖြစ်သွားတဲ့ မျက်နှာပေးကိုမကြိုက်လို့”
“ကျွန်မကတော့ အမှန်အတိုင်းပြောလိုက်တာပဲ၊ ဘာဖြစ်လဲ ၊ ကိုယ်ကမြန်မာပဲလေ၊ အမှန်အတိုင်း ပဲပေါ့၊ မြန်မာတွေက သူတို့ မြို့ကိုဖျက်ဆီးထားခဲ့လို့ အဲလိုတွေဖြစ်နေတာကိုး၊ သူတို့လည်းသူတို့ခံစား ချက်အတိုင်းပဲပေ့ါ”
ကျွန်တော်တို့နှစ်ယောက်ရဲ့ရှေ့မှာ ပင်လယ်ကမ်းခြေကြီး၊ ညာဖက်ခပ်လှမ်းလှမ်းမှာတော့ မြူးထူးပျော် ပါးနေကြတဲ့လူတွေ၊ ဘယ်ဖက်ခပ်ဝေးဝေးဆီမှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေကို မှိန်ပျပျမြင်နေရ တယ်။
“ညို အယုဒ္ဓယကို ဘယ်နှစ်ခေါက်ရောက်ဖူးလဲ”
“သုံးလေးခေါက်လောက်တော့ ရောက်ဖူးပါတယ်၊ ဘာလို့လဲ”
“အဲဒီမှာ ဘာရှိလဲ”
“ဘုရားဆင်းထုတော်ခေါင်းပြတ်တွေကို တော်တော်များများတွေ့ရတယ်၊ ပြီးတော့ မြန်မာတွေဖျက်ဆီး ခဲ့တယ်ဆိုတဲ့ မြို့ပျက်ကြီးပေါ့”
“အဲဒီမြို့ပျက်အားလုံးက မြန်မာတွေဖျက်ဆီးခဲ့တာအမှန်တကယ်လို့ညိုထင်လား”
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”
“ကျွန်တော်တို့ကြားဖူးတာရှိတယ်၊ ဘုရင့်နောင်က ယိုးဒယားကိုသူရဲကောင်းလိုကျင့်ကြံပြီးတိုက် ခိုက်ခဲ့တာ၊ ဆင်ဖြုရှင်လက်ထက်ကျတော့ ယိုးဒယားကိုတိုက်တာဟာ ဓါးမြလိုကျင့်ကြံပြီးတိုက်ခိုက် ခဲ့တာတဲ့၊ ဒါကလည်း တကယ့်သမိုင်းကိုလေ့လာကြည့်ရင် အကြောင်းတရားတွေရှိတာတွေ့ရလိမ့်မယ် ညို၊ ဘုရင့်နောင်လက်ထက်တုန်းကတော့ ယိုးဒယားကိုတိုက်ပြီး နိုင်တာနဲ့သူတို့ကိုပဲပြန်သူကောင်းပြု နန်းတင်ပြီးထားခဲ့တာ၊ ဆင်ဖြူရှင်လက်ထက် ယိုးဒယားကိုစစ်တိုက်လို့နိုင်နေတဲ့အချိန်နဲ့တစ်ချိန်တည်း မှာ မြန်မာတရုတ်စစ်ဖြစ်တယ်၊ တရုတ်တို့ကျူးကျော်မှုကိုကာကွယ်ဖို့အတွက် မြန်မာစစ်တပ်ဟာယိုး ဒယားကို နိုင်ပြီးတာနဲ့ချက်ချင်း တရုတ်ကိုသွားတိုက်ရတာမို့ ဘာမှပြန်လည်ပြုပြင်ပေးဖို့ စီစဉ်ပေးဖို့ အချိန်မရခဲ့ဘူး၊ မြန်မာတပ်တွေဟာ ယိုးဒယားကိုအချိန်အကြာကြီးဝိုင်းထားရတယ်၊ မိုးဒဏ်လေဒဏ် ကို ကြံ့ကြံ့ခံခဲ့ရတယ်၊ အရမ်းကိုစစ်ပန်းနေတဲ့ မြန်မာသူရဲကောင်းစစ်သားတွေဟာ ဘုရင်ထံက ယိုးဒ ယားကိုနိုင်အောင်တိုက်ပြီးမှ ပြန်လာဆိုတဲ့အမိန့်ကိုလည်းရထားတော့ တကယ့်တကယ်တိုက်တဲ့အချိန် မှာ အငြိုးတွေနဲ့မည်းမည်းမြင်ရာရမ်းတော့တာပဲလို့အဆိုရှိတယ်၊ သေချာတာကတော့ အဲဒီမြန်မာစစ် တပ်ထဲမှာ ကြေးစားငှားထားတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့စစ်သားတွေလည်းပါဝင်ခဲ့တာဆိုတာပဲ”
“အင်းနော်၊ မင်းပိုင်ဇေပြောတာလည်းဟုတ်တာပဲ၊ ဗုဒ္ဓဘာသာတွေကတော့ အထွဋ်အမြတ်ထားတဲ့ ဘုရားဆင်းထုတော်တွေကိုဘယ်လုပ်ပါ့မလဲ”
“ထားပါ၊ ပြောရင်လည်း ကိုယ့်ဖက်ယက်တယ်လို့ထင်နေဦးမယ်၊ နောက်ပြီးတော့ ရှိသေးတယ်၊ ယိုးဒ ယားပြည်ကို မြန်မာတွေဝိုင်းထားတုန်းက Pra Taksin လို့ခေါ်တဲ့ ယိုးဒယားစစ်သည်ကြီးနဲ့အပေါင်းပါ တစ်စုထွက်ပြေးလွတ်မြောက်ခဲ့တယ်၊ သူတို့က ရှောင်နေပြီးအာယုဒ္ဓယကျသွားပြီးတဲ့အချိန်မှာ Thonburi ဆိုတဲ့မြို့ကိုတည်ထောင်ခဲ့ကြတယ်၊ အခု ဘန်ကောက်မဟုတ်သေးဘူး၊ အဲဒီမြို့တည်တဲ့အခါမှာ မြို့ အတွက် ပစ္စည်းတွေကို ကျဆုံးသွားတဲ့ အာယုဒ္ဓယမြို့ဟောင်းကနေယူပြီးတည်တာတွေရှိတယ်တဲ့၊ အဲတော့ အခုကျွန်တော်တို့မြင်ရတဲ့ အာယုဒ္ဓယမြို့ဟောင်းရဲ့အပျက်အစီးတွေအားလုံးဟာ မြန်မာတွေ ချည်းဖျက်ဆီးခဲ့တာမဟုတ်ဘူး”
“ဘယ်လိုပဲဖြစ်ဖြစ် ချုပ်လိုက်တယ်ဆိုရင်တော့ မြန်မာတွေလုပ်ခဲ့တာဆိုပြီးသူတို့ကအသေမှတ်ထားကြ တာကိုး”
“အင်း ဟုတ်တယ်၊ ယိုးဒယားဟာအဲဒီကတည်းက မြန်မာကိုဆို အရမ်းနာတယ်၊ နောင်လာနောင် သားတွေလည်း မြန်မာတွေကိုမုန်းတီးအောင် မြို့ကြီးကိုမပြင်ဘဲနဲ့ ခရီးသွားနေရာအဖြစ်ဖန်တီးပြီး သူတို့နိုင်ငံကကျောင်းသားလေးတွေကိုတောင် ဒါမြန်မာတွေလုပ်ခဲ့တာဆိုပြီး ခေါ်ခေါ်ပြကြတယ်တဲ့”
ညိုသက်ပြင်းချလိုက်သံကို ရေလှိုင်းသံတွေကြားထဲမှာ ပဲ ကျွန်တော်ကြားလိုက်ရတယ်။
“အဲဒါလည်း ဟုတ်မှာပါ၊ ကျွန်မလည်း ဧည့်လမ်းညွှန်လုပ်ရင်းနဲ့တွေ့ဖူးပါတယ်”
“ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဒါက သမိုင်းကို သမိုင်းအဖြစ်နဲ့ပဲမြင်တာအကောင်းဆုံးပဲလို့ ကျွန်တော်ကတော့ ယူဆတယ်ညို၊ သူတို့ရဲ့စိတ်ထဲမှာ မနှစ်မြို့နေတဲ့မြန်မာဆိုတဲ့နာမည်ကို ခဏလေးပဲဖြစ်ဖြစ်မကြားစေ ချင်လို့ မြန်မာနိုင်ငံကလာတာပါလို့ ကျွန်တော်မပြောတာပါ၊ တစ်ခြားအကြောင်းကြောင့်မဟုတ်ပါဘူး၊ အနှိမ်မခံချင်လို့လည်းမဟုတ်ဘူး၊ မြန်မာဖြစ်ရတာ ကျွန်တော်အမြဲတမ်းဂုဏ်ယူပါတယ်”
“ဒါပေမဲ့ အဲဒီလိုအမှန်တရားကိုရှောင်လွှဲတာကိုတော့ ကျွန်မသဘောမကျဘူးကွယ်၊ ကျွန်မလည်း ဒီမှာ နေလာတာကြာပြီပဲ၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ တစ်ခြားနိုင်ငံကလာတာပါလို့မပြောခဲ့ဖူးဘူး၊ မြန်မာပဲ ဘာဖြစ်လဲ သူတို့မုန်းတော့ ဘာအရေးလဲ၊ သူတို့စိတ်ထဲမှာ အနှောက်အယှက်ဖြစ်သွားလည်းဘာ အရေးလဲ၊ နှိမ်တော့ရောဘာဖြစ်လဲ”
“အေးပါကွာ၊ ညို မကြိုက်ရင်လည်း နောက်ကိုအမှန်အတိုင်းပဲပြောတော့မယ် ဟုတ်ပြီလား၊ ကဲ ဒီမှာ ကြည့် အစားချည်းပဲအဆင်မပြေဘူး၊ အသောက်လေးဘာလေးသွားရှာဦးမယ်၊ ညိုခဏထိုင်နေခဲ့ဦး”
“လိုက်မှာပေါ့၊ ဒီအစားတွေကို ဒီတိုင်းပဲ လက်ကကိုင်ယူခဲ့လို့ရတာပဲ”
“ပြီးရော၊ သဘော”
ပုလင်းအစုံအလင်တွေ့ရတဲ့ဆိုင်လေးဆီကို ကျွန်တော်တို့ဦးတည်လာခဲ့တယ်။ ဆိုင်ရှင်က ဆဝါ ဒီခပ်ဆိုတော့ ကျွန်တော်တို့ပါခပ်လိုက်ကြတယ်။ ကျွန်တော်တို့လိုချင်တဲ့ သောက်စရာတွေကိုမှာပြီး ပိုက်ဆံရှင်းတော့ ထုံးစံအတိုင်း ဘယ်ကလာတာလဲလို့ဆိုတယ်။ ဒီတော့ ကျွန်တော်က မြန်မာလို့ ဖြေ လိုက်ပါတယ်။ ညိုကတော့ ပြုံးစိစိနဲ့ပေါ့။
“ဂုဏ်ယူပါတယ်နော်၊ ခင်ဗျားတို့နိုင်ငံက အခုသိပ်ကိုပွင့်လင်းလွတ်လပ်နေပြီဆို” ဆိုပြီး ဆိုင်ရှင်အစ်ကို ကြီးကမေးတော့ ဟုတ်တယ်၊ လာလည်ဆိုပြီးတော့တောင်ဖိတ်ခေါ်လိုက်သေးတယ်။ ညိုကျေနပ်သွား တာကို တွေ့တော့ ကျွန်တော်ကြည်နူးမိတာပါပဲ ညို။
ရိုက်ကွင်းကလူတွေကို ဂရုမစိုက်တော့ဘဲ ကျွန်တော်တို့ အဲဒီနေရာမှာတင်အချိန်အတော်ကြာတဲ့အထိ ရှိနေခဲ့ကြတယ်လေ။
“ထိုင်းတိုင်းက မင်းပိုင်ဇေပြောသလိုမျက်နှာထားမျိုး မရှိတတ်ကြပါဘူး၊ အပြုံးနိုင်ငံလို့တောင်သူတို့ကို သူတို့တင်စားကြသေးတာပဲ”
“ဒါပေမဲ့ သူတို့တွေတော်တော်များများမှာ မြန်မာမုန်းတီးရေးစိတ်အနည်းနဲ့အများရှိတယ် ဆိုတာ ကိုတော့ညိုလက်မခံလို့မရဘူး”
နေရောင်ခြည်မှိန်ပျပျဖြစ်နေမို့ ဒီအခြေအနေဟာ ရိုက်ကူးရေးရပ်သင့်ပြီလို့ကျွန်တော်တွေးလိုက်ပါ တယ်။ ပင်လယ်ကိုဖြတ်လာရတာမို့ ရိုက်ကွင်းပစ္စည်းတွေတတ်နိုင်သမျှလျှော့လာခဲ့ကြတာ။ များများ စားစားမရှိပါဘူး။ ရရင်ရသလို DSLR ကင်မရာလေးတွေနဲ့ပဲ ရိုက်ယူကြတယ်။ ထင်တဲ့အတိုင်းပါပဲ။ သူတို့တွေရိုက်ကွင်းသိမ်းတာတွေ့ရပြီညို။
ဒါပေမဲ့ ဘယ်ပြန်ဦးမလဲ။ ရေဆော့ကြဦးမှာပေါ့။ ကျွန်တော်တို့နှစ်ယောက်ကတော့ စကားတွေဆက်နေ ခဲ့ကြတယ်။
“ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာသမိုင်းနဲ့ရှေးဟောင်းယဉ်ကျေးမှုပညာ သင်တုန်းက ဆရာ တစ်ယောက်ပြောတာသင်ရတယ်၊ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်က ဂျပန်ကဟီရီုးရှီ မားမြို့ကိုဗုန်းကြဲခဲ့တယ်၊ အနုမြူဗုံးဒဏ်ကပုံမှန်ထက်အဆပေါင်းများစွာကြီးတာမို့ လူသိန်း ချီသေ ဆုံးသွားခဲ့တယ်၊ ဗုံးဒဏ်ကြောင့် မြို့ကလည်းရစရာမရှိအောင်ပျက်စီးပြီးနှစ်ပေါင်းတော်တော်ကြာနာ လန်ပြန်မထူနိုင်ဘူး၊ လူတွေလည်းသေတဲ့သူသေ အသက်ရှင်ကျန်ရစ်တဲ့သူတွေမှာလည်း ဗုံးသင့်ပြီး မျိုးရိုးဗီဇဆိုင်ရာတွေထိခိုက်သွားလို့ မွေးလာတဲ့ကလေးတွေက ကိုယ်လက်အင်္ဂါမစုံတာတွေဖြစ်ကျန်ရစ် ခဲ့တယ်”
“အင်း”
“အဲဒီလောက်ထိစုတ်ပြတ်သတ်သွားတာတောင်ဂျပန်တွေက အမေရိကန်တွေကိုအငြိုးမထားခဲ့ဘူး၊ အမေရိကန်အကူအညီတွေအပါအဝင် နာလန်ပြန်ထူအောင်လုပ်ခဲ့တာ အခုဆိုရင် ဂျပန်ဟာကမ္ဘာပေါ် မှာ စီးပွားရေးအင်အားအတောင့်တင်းအခိုင်မာဆုံးထိပ်သီးနိုင်ငံထဲမှာပါလာပြီ၊ ဒါပေမဲ့ ထိုင်းတွေကအဲ လိုမဟုတ်ခဲ့ဘူး နာကျဉ်းစရာအဖြစ်နဲ့အခုချိန်ထိ ရင်ထဲမှာသိမ်းထားတုန်းပဲ”
ညိုက ကျွန်တော့်စကားလုံးတွေကြားထဲမှာ စီးမျောပျော်ဝင်စွာ နားထောင်နေပါတယ်။ အဲဒီနေ့ကမရည် ရွယ်ပဲ ထိုင်းနိုင်ငံအကြောင်းတော်တော်များများပြောဖြစ်ကြတယ်။ ညိုနဲ့ကျွန်တော်အေးအေးလူလူစ ကားပြောဖြစ်ခဲ့ကြတယ်နော် ညို။ အပြန်ခရီးမှာ ညိုက ကျွန်တော့်ကိုမေးခွန်းတစ်ခုမေးခဲ့တယ်။
“တကယ်လို့များ မင်းပိုင်ဇေအပေါ်မှာ ကျွန်မမကောင်းတဲ့အရာတစ်ခုခု၊ မင်းပိုင်ဇေရဲ့အကျိုးစီးပွားပျက် စီးရာပျက်စီးကြောင်းတစ်ခုခုပြုမူမိခဲ့မယ်ဆိုရင်ရော ဂျပန်လိုသဘောထားမှာလား၊ ထိုင်းလိုသဘော ထားမှာလား”
ကျွန်တော်ရယ်ပဲရယ်နေခဲ့တယ်။ ညိအဲဒီလိုလုပ်လိမ့်မယ်လို့ ထင်မှမထင်ထားတာပဲလေ။ အမှတ်တရ ပါပဲ။ အဲဒီနေ့ညက ကျွန်တော်တို့ကောင်းကောင်းအိပ်လို့မရခဲ့ပါဘူး။ တစ်နေ့တာလုံးရိုက်ထားတဲ့ ကတ်တွေကိုဆက်ရတယ်။ ပတ္တရားမှာရိုက်တဲ့ရိုက်ကွင်းတွေကို ပတ္တရားမှာပဲပြီးအောင်တည်းဖြတ်ရ မယ်လို့ ဆိုလာတော့ညဖက် အလုပ်လုပ်ရတော့တာပေါ့။ ဒါရိုက်တာက ကျွန်တော်တို့နှစ်ယောက်ဘေး နားမှာထိုင်ကြည့်နေခဲ့တယ်။
ကျွန်တော်တို့အလုပ်ပြီးတဲ့အချိန်က ည ၁၁ ကျော်ပြီ။
“ကျွန်တော် ကမ်းခြေဖက်လမ်းထွက်လျှောက်မလို့ လိုက်ခဲ့မလား” ဆိုပြီး ဒါရိုက်တာအစ်ကိုကိုရော ညို့ ကိုရော ခေါ်လိုက်တော့ညိုကပဲ ကျွန်တော်နဲ့အဖော်ပြုပြီးလိုက်လာတယ်။ သေချာတာကတော့ ပတ္တ ရားမှာ နေရတဲ့နှစ်ရက်တာက ညိုနဲ့ကျွန်တော်ထင်ထားတာထက်ပိုရင်းနှီးခဲ့တယ်ဆိုတာပါပဲ။
ညို့ဆီမှာ ကျွန်တော်နဲ့ပတ်သက်တဲ့အကြံအစည်တစ်ခုခုရှိနေခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်လုံး၀ မရိပ်မိခဲ့ဘူးညို။ တကယ်ပါ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx