(၁၄)
ကျွန်တော်နိုးတဲ့အချိန်က မနက်လား၊ နေ့လည်လား မသဲကွဲတော့ပါဘူး။ ညက တော်တော်အိပ်ပျော် သွားခဲ့တယ်။ မနက်အိပ်ရာထရင်ခါတိုင်းလိုပဲ ညို့မျက်နှာလေးမြင်ရမယ်လို့ထင်ထားခဲ့တာ။ ဒါပေမဲ့ ထင်သလိုမဟုတ်ခဲ့ဘူး။
“ဟင်”
ညို အိပ်နေကျနေရာလေးမှာ ဗလာကျင်းရက်တွေ့လိုက်ရတယ်။ တစ်ခုခုတော့ထူးဆန်းနေသလိုခံစားရ ပြီး ကျွန်တော် ဇတ်ခနဲထ လိုက်မိတယ်ညို။ ဟုတ်တယ်။ တစ်ခုခုတော့ ဖြစ်နေပြီ။
“ညို”
ကျွန်တော်ခေါ်လိုက်ပေမယ့် ဘာထူးသံမှမလာဘူး။ ညို့အဝတ်အစားတွေကိုလည်းမတွေ့ရတော့ဘူး။ ညို ကျွန်တော့်ဆီကိုပြောင်းလာကတည်းက အဝတ်အစားအပ်ထားတဲ့နေရာကနေအပြီးသွားယူခဲ့ တယ်။ ကျွန်တော့်အခန်းထဲမှာပဲ ထားမယ်လို့ပေါ့။ အခု အဲဒီအဝတ်အစားသေတ္တာလည်းမတွေ့ရတော့ ဘူး။ ကျွန်တော် တစ်ခန်းလုံးနှံ့အောင်ရှာသေးတယ်။ ဒါပေမဲ့ မရှိတာတော့သေချာတယ်။
“ဟင်”
အဆိုးဆုံးကတော့ ကျွန်တော့်ပိုက်ဆံတွေပဲ။ ကျွန်တော့်ပိုက်ဆံတွေအားလုံး ပျောက်သွားခဲ့ပြီ။ အံဆွဲ ထဲထည့်ထားတဲ့ ဘတ်ငွေ၊ ဒေါ်လာတွေ တစ်ပြားမှမကျန်တော့ဘူး။ အားလုံးပျောက်သွားခဲ့ပြီ။ ဘုရား၊ ဘုရား ညိုဘာလုပ်တာပါလိမ့်။ ကျွန်တော်တွေးလို့မရနိုင်အောင်ပဲ။
လက်ကိုင်ဖုန်းကို ရှာပြီး ညို့ဆီကိုဆက်ကြည့်သေးတယ်။ မရဘူး။ စက်ပိတ်ထားတယ်တဲ့။ ညို ကျွန်တော့်ဆီကနေ ထွက်သွားခဲ့ပြီလား။ ဘာတွေဖြစ်ကုန်ပြီလဲ။ လောလောဆယ် အလုပ်သွားဖို့ တောင်ပိုက်ဆံမရှိတော့ဘူးညို။ ကျွန်တော့်မှာ ကားခပိုက်ဆံအကြွေတောင်လုံးလုံးမရှိ တော့ဘူး။
ပိုက်ဆံအိတ်အခွံထဲ ဟိုလှန်ဒီလှန်လုပ်ကြည့်တော့ Union Pay ကတ်တစ်ကတ်ထွက်လာတယ်၊ မြန်မာ နိုင်ငံမှာတုန်းကလုပ်ထားခဲ့တဲ့ကတ်။ ပိုက်ဆံတစ်ချို့တော့ရှိနေတာကို သတိရမိလို့ စိတ်သက် သာရသွားခဲ့တယ်။
အဲဒီနေ့ အလုပ်ကိုကောင်းကောင်းမွန်မွန်ပဲရောက်သွားခဲ့တယ်ညို။ ဒါပေမဲ့ ညိုဘာကြောင့်အဲဒီလိုလုပ်ရ တာလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။ ညိုဟာ ကျွန်တော့်ကိုပုံပြင်တွေပြောသွားခဲ့တာလား။ နှမြော ဆုံးကတော့ အနှစ်နှစ်အလလစုဆောင်းထားခဲ့တဲ့ပိုက်ဆံတွေပဲ။ ဒေါ်လာ ၁၀၀ တန်တွေလဲပြီး စုစု ထားတာ။ အရွက်သုံးဆယ်အတိကိုသေချာထုတ်ပိုးပြီး အံဆွဲထဲကိုထည့်ထားခဲ့တာ။
ပြီးတော့ အဆိုးဆုံးအရာတစ်ခုရှိသေးတယ်။ ကျွန်တော့် Mac book ကိုလည်းညိုယူသွားခဲ့တယ်လေ။ ကျွန်တော်တန်ဖိုးအထားရဆုံးသောပစ္စည်းတစ်ခုပေါ့။ ရက်စက်လိုက်တာညို ရယ်ဆိုပြီးတော့ပဲတွေးနေ ခဲ့ရတော့တယ်။ တစ်နေကုန်အလုပ်လုပ်ရင်း ဒေါ်လာတစ်ရာတန်အရွက်သုံးဆယ်နဲ့ Mac book လးကို မြင်ယောင်နေမိခဲ့တယ်။
“ကောင်မလေးခွင့်ခဏယူသွားတယ်” ဆိုပြီးတော့ပဲပြောလိုက်တော့တယ်။ အဲဒီထက်ပိုပြီးမဖြေတတ် တော့ဘူးညို။ ကျွန်တော်တို့လုပ်နေတဲ့အလုပ်ကလည်းတစ်ရက်ထက်တစ် ရက်အောင်မြင်လာခဲ့ပြီးနောက်ပိုင်းဇာတ်သိမ်းခန်းတောင်ရောက်တော့တဲ့အထိညို့ကိုပြန်မတွေ့ခဲ့ရင် ဆိုတဲ့အသိက ကျွန်တော့်ကိုပူလောင်စေလိုက်တာညိုရယ်။
ပစ္စည်းတွေဆုံးရှုံးသွားတာအရမ်းနှမြောတယ်။ အဲဒီထက်ပိုနှမြောတာက ညိုကျွန်တော့်ဘေးနားက ထွက်သွားခဲ့တာကိုပါပဲ။ တကယ်ပဲ ညိုဟာစာရိတ္တပျက်ပြားနေတဲ့မိန်းကလေးတစ်ယောက်လား။ ဟင့် အင်း။ ကျွန်တော်မယုံနိုင်ပါဘူး။ ညိုကိုပြုပြင်ဖန်တီးပြီး အခုလိုအခြေအနေအထိတောင်ရောက်နေတာ။ အကြောင်းတစ်ခုခုမရှိဘဲ ညိုထွက်သွားမှာမဟုတ်ပါဘူးလို့ပဲ ကျွန်တော်ယုံကြည်ထားလိုက်တယ်။
တစ်ရက်။ နှစ်ရက်။ တစ်ပတ်။
တစ်ပတ်ကြာလာတော့ ကျွန်တော့်ဘယ်လိုမှသည်းမခံနိုင်တော့ဘူး။ ညဖက်တွေရှာနေရတာဘယ်လိုမှ အားမရတော့ပါဘူးညိုရာ။ ကျွန်တော် ညို့ကိုညတိုင်းလိုက်ရှာနေခဲ့တာ။ အရင်ညိုအလုပ်လုပ်နေကျ ဆိုင်မှာရော။ ဆိုင်မှာ ညိုနဲ့သိမယ်ထင်တဲ့သူတွေရော။ တွေ့သမျှသဲလွန်စအကုန်ဆွဲရှာခဲ့တော့တာပါပဲ။
ရှစ်ရက်မြောက်နေ့မှာတော့ ဆိုင်မှာလူတစ်ယောက်တွေ့တယ်။ ဟိုတစ်ခါကျွန်တော်နဲ့ရန်ဖြစ်တဲ့လူပေါ့။ ညို့ဖောက်သည်ဆိုတာလေ။ သူ့မျက်နှာကိုကောင်းကောင်းမှတ်မိတာပေါ့။ သူကလည်းကျွန်တော့်ကို ကောင်းကောင်းမှတ်မိပါတယ်။
လူကခပ်ထွေထွေဖြစ်နေတော့ သူရှိတဲ့နေရာကိုတွန့်ဆုတ်မနေဘဲတန်းသွားလိုက်တော့တယ်။ ညို့ကို မတွေ့ရတာလည်းအတော်ကြာပြီဆိုတော့ တွေ့ချင်ဇောနဲ့တွေ့သမျှကောက်ရိုးမျှင်ကိုဆွဲရတာပါပဲ။
“ကျွန်တော် ညိုနဲ့မတွေ့တာကြာပြီ၊ ညို့ကို အစ်ကိုများတွေ့မိသေးလား”
“ဘယ်ကညိုလဲ မသိဘူး၊ မင်း မူးနေရင်နားလိုက်တော့ ဒီတစ်ခါတော့ ငါသည်းခံမှာမဟုတ်ဘူးနော်”
“ညိုပြာပြာကိုပြောတာပေါ့ဗျ၊ ခင်ဗျားနဲ့ကျွန်တော်ပြောစရာက ညိုပြာပြာအကြောင်းပဲရှိတာ”
“အေး၊ မသိဘူး၊ သိလည်းမင်းကိုပြောဖို့စိတ်မဝင်စားဘူး၊ မင်းသွားတော့”
သိလည်းပြောဖို့စိတ်မဝင်စားဘူးဆိုတာက ကျွန်တော့်ကိုမျှော်လင့်ချက်ပေးတဲ့စကားလုံးပါပဲ။ ကျွန်တော့်မျက်လုံးတွေလက်ခနဲဖြစ်သွားမှာသေချာပါတယ်။
“ဟာ ခင်ဗျားအကျင့်မယုတ်နဲ့ ကျွန်တော်ညို့ကိုတွေ့ချင်နေတာဗျ၊ ရှာနေတာရက်တော်တော်ကြာပြီ ညို ရှိတဲ့နေရာ ကျွန်တော့်ကိုပြောစမ်းပါ၊ ဘယ်မှာလဲ၊ ညိုဘယ်မှာလဲ”
သူ့ရှေ့က ကာပြီးပြောလိုက်ပေမယ့် သူကကျွန်တော့်ကိုတွန်းထုတ်လိုက်ပါတယ်။ ဘယ်ရမလဲ။ ကျွန်တော်လည်းသူ့အင်္ကျီစကိုလှမ်းဆွဲပြီးထပ်မေးလိုက်တော့ လက်သီးပြင်းတစ်ချက်က ကျွန်တော့်မျက်နှာဆီကိုကျလာတယ်။
“ဟာ”
တစ်ဆိုင်လုံးအံအားတွေသင့်၊ အော်တဲ့သူအော်နဲ့ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ကျွန်တော်လဲကျသွား တာကြမ်းပြင်ပေါ်မှာမဟုတ်ဘဲ စားပွဲတစ်လုံးပေါ်မှာမို့ ပန်းကန်တွေ၊ ပုလင်းတွေကျကွဲသံဆူညံသွား တယ်ညို။ နည်းနည်းဆိုများများအော်တတ်တဲ့အဲဒီဆိုင်ကမိန်းကလေးတွေကြောင့်လည်း ပြသနာက အားလုံးသတိထားမိစရာဖြစ်သွားတာထင်ပါရဲ့။
“မင်းငါ့ကိုအာရုံထပ်နောက်လာရင် ဒီထက်ပိုဆိုးမယ်၊ ဒါ ဘန်ကောက်ကွ၊ မြန်မာနိုင်ငံမဟုတ်ဘူး၊ ငါကျင်လည်နေတာ ဆယ်နှစ်ကျော်ပြီ၊ အစဖျောက်ပစ်လိုက်မယ် ဘာမှတ်လဲ”
အဲဒီလူက ကျွန်တော့်ကိုဆွဲထိုးပြီးအပြင်ထွက်သွားတာမို့ မိနစ်ပိုင်းလေးပဲရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ မန်နေဂျာကလည်းထွက်မလာပါဘူး။ ဆိုင်စားပွဲထိုးလေးတစ်ယောက်ပဲလာပြီးကွဲကျနေတဲ့ပန်းကန်တွေ ကိုသိမ်း၊ စားပွဲကိုရှင်းပေးသွားတယ်။
ခဏလေးအတွင်းမှာပဲ ဆိုင်က ပုံမှန်လည်ပတ်သွားခဲ့တယ်ညို။ ဒါပေမဲ့ ကျွန်တော့်ဘယ်ဘက်ပါးပြင်က တော့ ထူပူနေပြီးခဏလောက်ကြာရင်အညိုအမည်းစွဲတော့မယ်ထင်ပါ ရဲ့။ ပါးပြင်ကိုပွတ်သပ်ပြီးဆိုင်အပြင်ကိုထွက်ဖို့လုပ်လိုက်စဉ်မှာပဲ အနောက်ကတစ်ယောက်ယောက်က ကျွန်တော့်ပခုံးကိုလှမ်းဆွဲလိုက်တယ်။
“ဒီမှာရှင့်”
အမျိုးသမီးတစ်ဦး။ မြန်မာသံပီပီသသနဲ့မို့စက္ကန့်ပိုင်းလောက်တော့ ကျွန်တော်အံအားသင့်သွားတယ်ညို။
“ဟုတ်ကဲ့”
ဒီဆိုင်နဲ့ပတ်သက်တဲ့တစ်ယောက်ယောက်များလား၊ ကျွန်တော့်ကိုပြသနာရှာမလို့လားလို့အစတုန်းက တော့ထင်ထားခဲ့တယ်။ ဒါပေမဲ့ ထင်သလိုမဟုတ်ခဲ့ပါဘူး။
“ညိုပြာပြာကိုရှာနေတာလား”
ကျွန်တော်ခေါင်းညိတ်ပြလိုက်ပါတယ်။
“ခဏထိုင်စကားပြောရအောင်လေ”
ညိုနဲ့ပတ်သက်မယ်လို့ထင်ထားတာမို့သူမခေါ်ရာကိုကျွန်တော်လိုက်လာခဲ့တယ်။ ဆိုင်ရဲ့စားပွဲတောင့် တစ်နေရာဆီ ဦးဆောင်ခေါ်သွားပါတယ်။
“ရှင့်ကို ကျွန်မ သတိထားမိပါတယ်၊ ဒီဆိုင်ကိုညတိုင်းရောက်လာတာ တစ်ပတ်လောက်ရှိပြီ၊ တစ် ယောက်ယောက်ကိုရှာနေမှန်းတော့ သိတယ်၊ အဲဒါညိုလား”
“ဟုတ်တယ်”
“ဘယ်လိုပတ်သက်လဲ”
“ကျွန်တော် ညို့ ချစ်သူပါ”
ညို့ချစ်သူအဖြစ်ဝန်ခံဖို့ ကျွန်တော်တွန့်ဆုတ်မနေဘူးညို။ ညို ဟာကျွန်တော်ရည်ရွယ်ထားတဲ့သူပဲ။ ညို့ ကိုတစ်နေ့လက်ထပ်မယ်ဆိုတာ ညို့ကိုလည်းအသိပေးပြီးပြီပဲလေ။
“အော်၊ မင်းပိုင်ဇေ ဆိုတဲ့တစ်ယောက်ထင်တယ်”
သူမ ကျွန်တော့်နာမည်ကိုသိလို့ တော်တော်အံအားသင့်သွားတယ်။ ညိုနဲ့အဲဒီအမျိုးသမီးဘယ်လိုပတ် သက်သလဲဆိုတာ အမြန်ဆုံးသိချင်သွားတယ်ဗျာ။
“ညိုက ကျွန်တော့်အကြောင်းပြောပြဖူးတယ်ထင်ပါရဲ့၊ ဒီက အစ်မက ညို နဲ့ဘယ်လိုပတ်သက်နေလဲ ဟင်၊ ညို ပျောက်လိုလိုက်ရှာနေတာထူပူနေတာပဲ၊ ကျွန်တော် ညို့ ကိုမတွေ့ဘဲမနေနိုင်ဘူးဗျာ၊ ညိုနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုခု အစ်မဆီမှာရှိရင်ပြောပြပါလား”
ညိုနဲ့ကျွန်တော် ပတ်သက်တဲ့အကြောင်းတွေအားလုံး အဲဒီအမျိုးသမီးကိုပြောပြလိုက်တယ်ညို။ အခုမှ တွေ့တဲ့သူစိမ်းတစ်ယောက်ကို ဒီလိုအကြောင်းအရာတွေကမပြောသင့်ဘူးလို့ယူဆထားပေမယ့် အဲဒီအချိန်မှာ ညိုနဲ့ပတ်သက်ပြီးသဲလွန်စတစ်ခုခုများရလေမလားဆိုတဲ့အသိက အရာအားလုံးကိုစ တေးစေခဲ့တယ်။
“ကျွန်မ ညို ရှိတဲ့နေရာကို သိပါတယ်၊ ကျွန်မက ညိုရဲ့အရင်းနှီးဆုံးသူငယ်ချင်းပါ”
အဲဒီအမျိုးသမီး ကျွန်တော့်ရဲ့စကားကြောတွေထဲမှာနစ်မျှောပြီး ကျွန်တော့်ကိုသနားသွားတယ်ထင်ပါ ရဲ့။
“ဟင်”
သဲလွန်စ ဆိုပေမယ့် တကယ်တမ်း ညိုရှိတဲ့အရင်းအမြစ်တစ်ခုလုံးကိုသိလိုက်ရတဲ့အခါ ပြောမပြတတ် အောင်ပါပဲ။
အမျိုးသမီးနာမည်က မနီတဲ့။ နာမည်ပြောင်လည်းဖြစ်ချင်ဖြစ်မှာပါ။ ညိုရှိတဲ့နေရာကို မပြောဖို့ညိုက အားလုံးကိုနှုတ်ပိတ်ထားတာ၊ ကျွန်တော့်ကိုသနားလို့ပြောပြလိုက်တာတဲ့။ ဒါပေမဲ့ သူမဆီကသိရတယ် ဆိုတာ ညို့ကိုမသိစေချင်ဘူးတဲ့။
ဘယ်လိုပဲရရ ညိုနဲ့တွေ့ရမှာမို့ရင်တွေခုန်နေခဲ့တယ်။ ပြီးတော့ ညို့အပေါ်ဒေါသလည်းတအားထွက်တယ် ဗျာ။ ညိုဘာလို့အဲဒီလိုလုပ်ရက်တာလဲဆိုတဲ့အဖြေကိုတဖွဖွ မေးချင်နေခဲ့တယ်။
တွေ့ကြပြီပေါ့ ညို။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx