မပြိုဘဲနဲ့ ညို အပိုင်း (၁၅)

(၁၅)
တကယ်တော့ ဘိုဘေတာဝါ (Bobae Tower) ဆိုတာ ဘန်ကောက်နဲ့အရမ်းကြီးအလှမ်းဝေးတဲ့နေရာ မဟုတ်ပါဘူး။ ကားစီးသွားရင်မိနစ်ပိုင်းအတွင်းမှာရောက်တယ်။ ညိုအဲဒီနေရာမှာရှိနေလိမ့်မယ်ဆိုတာ ကျွန်တော်လုံးဝမထင်ထားပါဘူး။
ဖူးခက်ဖြစ်ဖြစ်၊ ချင်းမိုင်ဖြစ်ဖြစ် တစ်နေရာရာများရှောင်ထွက်သွားမလာလို့ပဲထင်ထားခဲ့တာ။ ညိုရှိမယ့် နေရာ၊ အချိန်ကိုစောင့်ဆိုင်းဖို့အတွက် Bobae Tower နားက Prince Palace Hotel မှာတစ် ညတာ တည်းခိုခဲ့ရတယ်ညို။ ဒီဟိုတယ်က မြန်မာနိုင်ငံကလာတည်းတဲ့သူတွေတော်တော် များများတည်းတဲ့အထဲမှာပါတယ်။ အဓိကအချက်က Bobae Market ကြောင့်လို့ ကျွန်တော် ထင်တယ်လေ။
ဘန်ကောက်မှာ ဈေးဝယ်လို့အကောင်းဆုံးနေရာတစ်ခုထဲမှာ Bobae Market လည်းပါတယ်။ ဒီဈေးက မနက်သုံးနာရီလောက်ကနေ ခုနစ်နာရီလောက်အထိပဲဖွင့်တဲ့ဈေးကြီးပါပဲ။

ကျွန်တော်တည်းနေတဲ့ Prince Palace Hotel အောက်ထပ်တံခါးကို မနက်သုံးနာရီလေးနာရီလောက်မှာဖွင့်ကြည့်လိုက်တာနဲ့ ကျိတ်ကျိတ်တိုးစည်ကားနေတဲ့ ဈေးမြင်ကွင်းကိုတွေ့ရမယ်။ အဲဒီဈေးတန်းကြီးမှာ အမျိုးသမီးအဝတ် အထည်တော်တော်များများကိုဈေးသက်သက်သာသာနဲ့ရနိုင်တယ်။ ကျွန်တော်တွေ့မိတာကတော့တစ် ထည်ကို အနိမ့်ဆုံးဘတ် ၁၀၀ လောက်နဲ့တောင်ရတာတွေ့တယ်။ ဈေးအတွင်းထဲမှာတော့ အမျိုးသား ဝတ်အကျီတွေတော်တော်သက်သာတယ်။
သူကသုံးထည်ဈေး။ အနည်းဆုံးသုံးထည်ယူမှရတယ်။ ဈေးလည်းတစ်ထည်ကို ဘတ် ၂၀၀ ဝန်းကျင်လောက်တွေများတယ်။ မြန်မာငွေနဲ့တွက်ရင်တော်တော်သက်သာတယ်လို့ဆိုရမယ်။ လက် ကားဝယ်ရင်တော့ အရမ်းသက်သာတဲ့နေရာပေါ့ညို။ ဒီနေရာမှာ ဒီဈေးရှိတယ်ဆိုတာ သိပေမယ့် ပထမ ဆုံးအကြိမ်ရောက်ဖူးခြင်းပါပဲ။
ကျွန်တော်တို့ဆီက ဘေထုတ်တန်းကြီးကျနေတာပဲ။ ဈေးတန်းကြီးကတမျှော်တခေါ်ကြီး။ အထည်သန့် သန့်တွေလိုချင်ရင်တော့ ဈေးထဲမှာရှိတယ်။ ယောင်္ကျားလေးအကျီၤဒီဇိုင်းမိုက်မိုက်တွေများတယ်။ ညိုရှိ မယ့်နေရာကိုရှာရင်းနဲ့ ကျွန်တော်ဈေးတန်းကိုပတ်နေရတယ်။ ပါတိတ်ခပ်ပေါပေါတွေရောရတယ်။ မြန် မာငွေနဲ့တွက်ရင် တစ်ထည်ကိုသုံးထောင်လောက်ပဲရှိမလားပဲ။
ဘန်ကောက်ကထုတ်တဲ့အဝတ်တွေ ဘယ်လောက်တောင်ပေါသလဲဆိုရင် တစ်ထည်ချင်းစီမရောင်း တော့ဘဲ ကီလိုချိန်နဲ့ရောင်းတဲ့နေရာလည်းရှိတယ်ဆိုပဲ။ ဒီဈေးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တော့ရှာမတွေ့ခဲ့ပါဘူး။ ကျွန်တော်လာရတဲ့အဓိကအကြောင်းရင်းက ညို့ကြောင်းပါပဲ။
ဈေးတန်းကြီးရဲ့အလယ်သာသာလောက်မှာ ပိုက်စိပ်တိုက်လိုက်ရှာမိတယ်ညို။ ညွှန်ပြတဲ့နေရာအရဆို ရင်တော့ ဒီနားတစ်ဝိုက်ပဲ။ အိတ်ဆိုင်၊ အမျိုးသမီးအကျီၤဆိုင်၊ အမျိုးသားဝတ်ဆိုင် သုံးခုကိုတစ်နေရာ တည်းမှာတွေ့ရမယ်။ ပြီးရင်တော့ ညိုရှိနေတဲ့ဆိုင်ကိုတွေ့မယ်တဲ့။
ပျံကျဈေးလိုဖြစ်နေတာကြောင့်နေရာအတိအကျကိုရှာဖို့ခက်ခဲတယ်။ ဒါပေမဲ့။
ဆိုင်တစ်ဆိုင်ကတော့ ကျွန်တော့်ကိုညှို့ယူနေသလိုခံစားလိုက်ရတယ်။ နေရာအရလည်းအဲဒီဆိုင်ပါပဲ။ ဟုတ်တယ်။ ဒီဆိုင်မှာ ညိုရှိမှာသေချာတယ်ဆိုတာကျွန်တော်ကောက်ချက်ချလိုက်ပါတယ်။ ပြီးတော့ အဲဒီဆိုင်ရှေ့တည့်တည့်ဆီကိုရောက်သွားမိတာပေါ့။
ဆိုင်ရှေ့မျက်နှာစာလေးမှာတော့ အဒေါ်တစ်ယောက်တွေ့တယ်။ အနောက်ဖက်မှာအထုတ်အပိုးတွေ ပြင်ဆင်သယ်ချနေတာက ဦးလေးကြီးတစ်ယောက်။ အလယ်ဆိုင် ပေါ်ထိုင်စရာနေရာငွေသိမ်းကောင်တာလိုကော်ခုံလေးမှာထိုင်နေတာကတော့…။
ညို။ ဟုတ်တယ် ညိုပါပဲ။ ညို ကျွန်တော့်ကိုမမြင်သေးဘူး။
“ဆဝါဒီခပ်”
အဒေါ်ကြီးကကျွန်တော့်ကိုနှုတ်ဆက်လိုက်တော့ ကျွန်တော်လည်းလက်အုပ်ချီပြီး ဆဝါဒီခပ်လိုက်ပါ တယ်။ ပြီးတော့ ညို ရှိရာကိုလက်ညိုးထိုးပြလိုက်တယ်။
“ ကျွန်တော် သူနဲ့တွေ့ဖို့လာတာ”
ဗမာစကားပီပီသသကြောင့် အဒေါ်ကြီးအံသြသွားပုံရတယ်။ ဒါပေမဲ့ အံအားသင့်လွန်ပြီးကြောက်ဒူးတုန် သွားတာက ညိုပဲပေါ့။ ထိုင်ခုံကနေထပြီး ဈေးတန်းရှည်တစ်ဖက်ဆီကိုသုတ်ချေတင်ပြေးပါတော့တယ်။ ကျွန်တော့်ကိုရှောင်ပြေးဖို့ကြိုးစားပြီပေါ့။ ညို့ကိုအလွတ်ပေးဖို့လာခဲ့တာမှမဟုတ်တာ။ ဒီတော့ ပြေးတဲ့ နောက်ကိုလိုက်ရတော့တာပေါ့။
“ဒီနေရာအထိလိုက်လာပြီးမှ မင်းပြေးတာကိုမီအောင်လိုက်ဖို့ဆိုတာ အရမ်းလွယ်ကူတယ်ညို”
ညို့ခြေလှမ်းတွေတုန့်ခနဲရပ်သွားပါတယ်။
“ဘယ်လောက်ပြေးနိုင်မလဲ ပြေးစမ်း”
ကျွန်တော့်ကိုလှည့်ကြည့်တယ်။
“လာစမ်း”
ကျွန်တော်ညို့လက်ကိုခပ်ဆတ်ဆတ်ဆောင့်ဆွဲပြီး ကားတွေဥဒဟိုသွားလာနေတဲ့လမ်းမဆီကိုခေါ် လာခဲ့တယ်။ ဖယ်လို့လည်းမပြောဘဲ အတင်းရုန်းထွက်ပြီး ညို တစ်ယောက်လိုက်လာခဲ့တယ်။ ဒေါသ ထွက်နေတဲ့ ကျွန်တော့်ကိုကြောက်လည်းကြောက်မှာပေါ့။ ဒါပေမဲ့ ကားလမ်းမကြီးရောက်ခါနီးမှာ ကျွန် တော့်လက်ထဲကနေ ညို ရုန်းထွက်နိုင်ခဲ့တယ်။
“ဘာလဲ မင်းက ထွက်ပြေးချင်သေးတာလား”
ကျွန်တော် ညို့ကို ကျုံထော်မှာတုန်းကလည်းအခုလို စူးစူးဝါးဝါးကြည့်ခဲ့ဖူးပါတယ်။ ရန်လိုတဲ့ အကြည့် တွေနဲ့ပေါ့။
“ ရှင်ဘာလိုချင်လဲ”
“ဒီနေရာအထိ ကိုယ်လိုက်လာပြီးမှတော့ ကိုယ်ဘာကြောင့်လိုက်လာတယ်ဆိုတာ မင်းသဘောပေါက် သင့်တယ်ညို”
“ကျွန်မ…ကျွန်မ”
မျက်ရည်ခံထိုးမှာလား၊ စကားနိုင်လုပြီရန်ပြန်တွေ့မှာလား ဆိုတဲ့အချက်နှစ်ချက်မှာ ညိုက ပထမအချက်ကိုရွေးလိုက်ပါတယ်။ ညို ကျွန်တော်နဲ့စကားနိုင်မလုပါဘူး။ ဘာလို့လဲဆိုတော့ အခုချိန် မှာ ညိုကအရှုံးဘက်ကလေ။ ဒီတော့ မျက်ရည်စမ်းစမ်းနဲ့ ကိုယ်လုပ်ခဲ့တဲ့အမှားကို အသနားခံရုံကလွဲပြီး ဘာတတ်နိုင်တော့မှာလဲ။
“ ကျွန်မ တကယ်အခက်အခဲနဲ့ကြုံနေရလို့ပါ”
“မင်းအခက်အခဲကဘာလဲ၊ ငါ့လို သာမန်လူတစ်ယောက်ဆီကနေရှိသမျှစည်းစိမ်ဥစ္စာတွေကိုယူပြီး ထွက်ပြေးသွားရလောက်အောင် ပြင်းထန်တဲ့မင်းအခက်အခဲကဘာလဲ ညို”
“မိသားစု ပြသနာ”
“ဒါပဲ၊ မိသားစုပြသနာဆိုတာ မင်းတစ်ယောက်တည်းရှိတာမဟုတ်ဘူးညို၊ အဲဒါကိုပုံကြီးချဲ့ပြီးမပြောပါနဲ့၊ လူတိုင်းလူတိုင်းကအဆင်ပြေအောင်ဖြေရှင်းနေကြရတာချည်းပဲ”
“ဒါအမှန်တရားပဲ မင်းပိုင်ဇေ”
“အမှန်တရားပဲထားပါတော့၊ မင်းပြသနာကိုဖြေရှင်းနိုင်ဖို့ ငါ့ကိုစတေးလိုက်တာပေါ့ ညို၊ ဟုတ်လား၊ ငါ့ လို သူများပြည်သူများနိုင်ငံမှာ အလုပ်လာလုပ်နေရတဲ့သူတစ်ယောက်ဆီကလေ”
“ကျွန်မတောင်းပန်ပါတယ်”
တကယ်တော့ ညို့ကို ကျွန်တော်ပစ်ပစ်ခါခါမပြောရက်ပါဘူး။ ဒါပေမဲ့ဗျာ။ ညို အဲဒီလိုတော့မလုပ်သင့်ဘူး။
ဘောင်းဘီအိတ်ကပ်ထဲကပိုက်ဆံအိတ်ကိုထုတ်ယူလိုက်ပါတယ်။ ကျွန်တော့်ပိုက်ဆံအိတ်ပါးပါးလေးထဲ က ကတ်တစ်ကတ်ကိုထုတ်လိုက်တယ်။ Union Pay ကတ်။ ဒါကျွန်တော့်အတွက်နောက်ဆုံးလက် ကျန်လေးပဲ။
“ရော့ ညို”
ဘာလဲဆိုတဲ့အထာနဲ့ ကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေမှာ ပဟေဠိတွေနဲ့။
“ဒီကတ်ထဲမှာ ဒေါ်လာနှစ်ထောင်လောက်ကျန်သေးတယ်၊ အဲဒါ ကျွန်တော့်နောက်ဆုံးလက်ကျန်ပဲ၊ အမှန်အတိုင်းပြောရရင် အကြွေတစ်ချို့ကလွဲပြီးခြူးတစ်ပြားမှ ကိုယ်ပိုင်မရှိတော့ဘူး၊ ဒါ ညိုယူလိုက်ပါ၊ ညိုအဆင်ပြေဖို့သုံးလိုက်ပါ၊ ပြီးရင် ညို ကျွန်တော့်ဆီကိုလိုက်ခဲ့ပါ”
“ဟင်”
ကျွန်တော်အဲဒီလိုလုပ်လိမ့်မယ်လို့ ညိုဘယ်ထင်ထားပါ့မလဲ။
“ညို့မိသားစုလိုအပ်နေတယ်ဆိုရင်ပေးလိုက်ပါညို၊ ကျွန်တော်လိုအပ်တာညိုပဲ၊ ညိုကျွန်တော်နဲ့လိုက် ခဲ့ပါနော်၊ ကျွန်တော်ဘဝမှာညိုရှိရင်နေရင်ကျန်တာတွေအားလုံးကိုဘယ်လောက်ပဲခက်ခဲပါစေရင်ဆိုင် မယ်၊ ဘာကိုမှဂရုမစိုက်ဘူး”
ညို့ညာဖက်ပါးပြင်ပေါ်မှာ မျက်ရည်တစ်စက်ကိုလက်ခနဲတွေ့လိုက်ရတယ်။
“မငိုပါနဲ့ညို၊ ညိုအဆင်မပြေဖြစ်ပြီး ဟိုအလုပ်ကိုပြန်လုပ်မိသွားမှာကိုကျွန်တော်အရမ်းကြောက်တယ်၊ အဲဒီဘဝထဲကို ပြန်သွားမှာကိုစိုးရိမ်တယ်၊ ညို ဘန်ကောက်ညတွေထဲပြန်သွားမှာ ကျွန်တော့်ဘဝမှာ အကြောက်ဆုံးအရာတစ်ခုပဲ”
အဲဒီနောက် ညို့ပခုံးလေးတွေတုန်လာတယ်။ ပြီးတော့ တသိမ့်သိမ့်ရှိုက်ငိုပါတော့တယ်။ ကျွန်တော်ညို့ ကိုရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်။
ကျွန်တော့်ရဲ့မေတ္တာမှန်တယ်။ ဘယ်လိုမှထင်မှတ်မထားတဲ့စကားတစ်ခွန်း ညို့ဆီကထွက်ပေါ်လာခဲ့တယ်လေ။ အပျော်ဆုံးပေါ့ဗျာ။
“ကျွန်မ….ကျွန်မ အဲဒီဘဝကြီးထဲကို ဘယ်တော့မှ ဘယ်လိုအခြေအနေမျိုးမှာမှ မသွားတော့ဘူးမင်းပိုင် ဇေ၊ သစ္စာဆိုပါတယ်၊ ကျွန်မဘယ်တော့မှမသွားတော့ဘူး၊ ကတိပေးပါတယ်”
ကျွန်တော် ညို့ကိုဖက်ထားတာ တော်တော်ကြာတဲ့အထိပါပဲ။ ကျွန်တော့်အချစ်ရောင်ပြန်ဟပ်ပြီလို့ပဲယူ ဆလိုက်တယ်။
“ညို့ကျွန်တော့်ကိုမေးဖူးတာရှိတယ်လေ၊ တကယ်လို့များ ကျွန်တော့်အပေါ်မှာ ညိုကမကောင်းတဲ့အရာ တစ်ခုခု၊ ကျွန်တော့်အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းတစ်ခုခုပြုမူခဲ့မယ် ဆိုရင် ဂျပန်က အမေရိကန်ကိုသဘောထားသလိုသဘောထားမှာလား ဒါမှမဟုတ် ထိုင်းတွေကမြန်မာ တွေကိုသဘောထားသလိုထားမှာလားဆိုတာ၊ အဲဒါ ညိုမှတ်မိလား”
“အင်း”
“ကျွန်တော် ဂျပန်လိုသဘောထားတာပေါ့ညိုရ၊ ညို ကျွန်တော့်ကိုဘယ်လောက်ပဲပြိုလဲပျက်စီးပါစေ၊ အချစ်တွေနဲ့ပြန်ရှင်သန်လာအောင် အကောင်မွန်ဆုံးအနေအထားကိုတိုးတက်လာအောင်ပြန်လည် တည်ဆောက်မယ်၊ ညို့အပေါ်အငြိုးမထားဘူး၊ ညို့ဖက်ကတော့ ကျွန်တော်ခွင့်မလွှတ်နိုင်တဲ့ အရင်နေ ရာဆီကိုပြန်မသွားဖို့ ပြန်ပေးရမယ်နော်”
“စိတ်ချပါ”
ညို့ရဲ့ကတိစကားတွေက ဘယ်လောက်အတိုင်းအတာအထိယုံကြည်ရသလဲ ကျွန်တော်မတွေးခဲ့ပါဘူး။ ညို့ကိုသံသယနဲ့မကြည့်ချင်ပါဘူးဗျာ။ အဲဒီအခိုက်အတန့်တွေမှာတော့ ကျွန် တော်ညို့ကိုယုံကြည်ချက်ပြင်းထန်ခဲ့ပါတယ်ညို။ ညိုပေးတဲ့ကတိဟာ လွယ်လွယ်နဲ့ပေးခဲ့တာမဟုတ်ဘူးဆိုတာကိုလည်း အလေးအနက်ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx