(၁၇)
ညလုံးပေါက်ပျော်ပါးတယ်ဆိုတဲ့အရသာကို အဲဒီညကမှ ရခဲ့တာ။ ဘန်ကောက်မှာရှိနေတဲ့ကာလအ တွင်း ကျွန်တော်အခန်းပြန်ခဲ့တာချည်းပဲ။ ဒါပေမဲ့ အောင်ပွဲခံတဲ့ညကတော့ ညလုံးပေါက်ပျော်ပါးခဲ့တယ်။ ဒီဇာတ်လမ်းတွဲအတွက် ကျွန်တော်တို့အားလုံးပင်ပန်းခဲ့ကြတယ်။ ပင်ပန်း တဲ့အတွက် ဒီတစ်ညတော့ပျော်ပါးခွင့်ယူကြတဲ့သဘောပါ။
ညဖက်ဆိုင်သွား၊ သောက်စားကြပြီး ညလုံးပေါက်လျှောက်သွားကြတယ်။ အပျော်လွန်ခဲ့တဲ့အတွက် ပေးလိုက်ရတဲ့ပေးဆပ်မှုကကြီးလွန်းခဲ့တယ်ညို။
“အခန်းက ငါ့ပစ္စည်းတွေတစ်ချို့ကျန်သေးတယ်၊ အဲဒါတွေကိုသိမ်းရမယ်၊ ပြန်တော့မှာဆိုတော့မသိမ်း လို့မရဘူးလေ၊ မင်းသိမ်းပေးမှာလည်းမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့အခန်းကိုငါလိုက်မှရမယ် မင်းပိုင်ဇေ”
အောင်သက်ပိုင်က နေအောင်မင်းဆီမှာနေတာမို့ သူ့လက်ကျန်ပစ္စည်းအားလုံးကိုသိမ်းရဆည်းရတော့ မယ်။ ဒါကြောင့် ကျွန်တော်နဲ့အတူအခန်းဆီကိုလိုက်လာခဲ့ပါတယ်။
တစ်ညလုံးမအိပ်ရသေးတာကြောင့် လူကနုံးချင်ချင်ဖြစ်နေခဲ့တယ်။ ည အပျော်လွန်တုန်းကတော့အဲဒါ တွေကိုသတိမထားမိခဲ့ဘူး။
အိပ်ချင်မူးတူးဖြစ်နေတဲ့စိတ်တွေ၊ တစ်ညတာလုံးကဲတာလွန်ပြီးပင်ပန်းတာတွေအခန်းဆီကိုရောက် တော့ပျောက်ခြင်းမလှပျောက်သွားခဲ့ တယ်ညို။ ညို့မြင်ကွင်းကို ကျွန်တော်တစ်ယောက်တည်းမြင်ရတာမဟုတ်ဘူး။ အောင်သက်ပိုင်ပါအ ဆစ်အနေနဲ့မြင်ရတာ။ အမြင်မှားစရာအကြောင်းလည်းမရှိဘူး။
အခန်းတံခါးသော့က ကျွန်တော့်ဆီမှာလည်းရှိတာမို့ ညို့ကိုတံခါးမခေါက်ပဲသော့ဖွင့်ပြီးဝင်နိုင်ခဲ့တယ်။ ဒါကပဲ အဖြစ်အပျက်ကိုမျက်ဝါးထင်ထင်မြင်စေခဲ့ပါတယ်။
“ဟင်”
ညိုနဲ့အတူတူ အမျိုးသားတစ်ဦး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကြတာ။ ဟား။ ဘာပြောကောင်းမလဲ။ ကျွန်တော် လန့်ဖျပ်သွားမိတာပေါ့။ အောင်သက်ပိုင်နဲ့တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး အံသြလွန်းနေခဲ့တယ်။
အဲဒီအချိန်မှာပဲ ညို နိုးလာခဲ့တယ်။
“အို၊ ဆောရီး”
“ဘာဆောရီးလဲ၊ ဘယ်ကကောင်လဲ”
ဟိုကောင်လည်းအိပ်ရာကနေထလာပြီး အံသြတကြီးနဲ့ကြည့်နေတယ်။ ပြီးတော့ အကျီၤကိုဆွဲပြီး အပြင်ကို အတင်းကာရောထွက်သွားဖို့ပြင်တယ်။ ကျွန်တော် သူ့ကိုပေးမသွားနိုင်ပါဘူး။ လက်ကိုဗြုန်း ခနဲဆွဲပြီးဆောင့်တွန်းလိုက်တယ်။
“မင်းဘယ်ကကောင်လဲ၊ ဘယ်သူလဲ၊ ဘာလို့ဒီကိုရောက်နေရတာလဲ”
ကျွန်တော့်မျက်လုံးတွေကိုကြည့်ပြီး သူလန့်နေတယ်ထင်ပါရဲ့။
“ဟို၊ သူခေါ်လို့ရောက်လာတာ”
ညို့ဆီကိုလက်ညိုးထိုးပြီးပြောတော့ ညိုကခေါင်းညိတ်တယ်။
“ဟုတ်တယ်၊ ညို ခေါ်တာ”
“ဘာ”
အသံက ပုံမှန်ထက်အဆပေါင်းများစွာကျယ်မယ်မှန်းပြောစရာမလိုတော့ပြီ။ အောင်သက်ပိုင်က တော့ ပွဲကြည့်ပရိတ်သတ်တစ်ယောက်လိုပဲ ဘာမှဝင်မပြောဘဲ ကျွန်တော်ဘာဆက်လုပ်မလဲဆိုတာကိုကြည့် နေလေရဲ့။
ဟိုကောင်ကတော့ ညို့ဆီကိုကျွန်တော့်အကြည့်ရောက်နေတာနဲ့တစ်ချိုးတည်းလစ်ပြီ။ ဒီတစ်ခါတော့ မတားလိုက်တော့ပါဘူး။
“မင်း၊ ဒါဘာလုပ်တာလဲ ညို၊ ဟင် မင်းဘာလုပ်တာလဲ”
ညိုနဲ့ပတ်သက်ပြီးထွက်ခဲ့တဲ့ဒေါသတွေအထဲမှာ ဒီတစ်ခါအမြင့်မားဆုံးထင်ပါရဲ့။ ကျွန်တော်လုံးဝထင် မှတ်မထားခဲ့ဘူး။ ဘာကြောင့် ညိုအခုလိုလုပ်ရတာလဲ။ ညို ပြောခဲ့တဲ့စကားတွေအားလုံးဟာအလိမ် အညာတွေ၊ ကတိတွေဟာအလိမ်အညာတွေချည်းပဲပေါ့။
“မင်း၊ ဒီဘဝကို ပြန်မသွားဘဲမနေနိုင်ဘူးပေါ့ ဟုတ်လားညို”
“ဟုတ်တယ်၊ ကျွန်မ တစ်ခါတစ်လေ”
“မင်း ဘာလို့ကတိတွေပေးခဲ့တာလဲ၊ ဘာကြောင့်လဲ”
“မုန်တိုင်းစဲသွားတယ်ဆိုရင်တောင်အငွေ့အသက်လေးတော့ကျန်စမြဲမဟုတ်ဘူးလား၊ ဒီတစ်ခါလေး တော့ ရှင်ခွင့်လွှတ်မှာပါ”
ညို့မှာ အခုလိုလုပ်လိုက်ရတဲ့အကြောင်းရင်းတစ်ရပ်ရှိမယ်ဆိုတာသိပေမယ့် အဲဒီလိုအကြောင်းပြချက် မျိုးကိုတော့ ကျွန်တော်မလိုချင်ခဲ့ဘူး။ မကြားချင်ခဲ့ဘူးညို။
“မင်းလိမ်ခဲ့တယ်၊ မင်းလူလိမ်ပဲ ညို”
ညို့မျက်နှာကို စေ့စေ့ကြည့်ပြီးပြောလိုက်မိတယ်။ ဘဝတစ်ခုတည်ဆောက်ဖို့အတွေးအထိတောင် စိတ်ကူးယဉ်ခဲ့ပြီးမှ ဇောက်ထိုးမှောက်ခုံဖျက်ဆီးခံလိုက်ရတယ်။
“ကျွန်မ မလိမ်ခဲ့ဘူး၊ တကယ်ကိုကတိပေးခဲ့တာပါ၊ အဲဒီဘဝကြီးထဲကိုညိုဘယ်တော့မှမသွားတော့ဘူး လို့ မင်းပိုင်ဇေကို လေးလေးနက်နက်ပြောခဲ့တာပါ၊ အခုကိစ္စက တကယ်တိုက်ဆိုင်သွားတာ၊ သူ့ကအရင်တုန်းကညို့ဖောက်သည်၊ နောက်ဆုံးအနေနဲ့တောင်းဆိုမှုတွေအကြပ်ကိုင်မှုတွေတစ်ချို့ရှိ တာကြောင့်အခုလိုဖြစ်သွားရတာပါ၊ စိတ်ချ ညိုရန်ကုန်ပြန်လိုက်မှာပဲ၊ အဲဒီလိုမဖြစ်စေရဘူး၊ ဒါဘန် ကောက်မြေမှာရှိတဲ့နောက်ဆုံးအနေနဲ့…”
“သွားစမ်းပါ၊ မင်း ငါ့အပေါ်အလေးအနက်ထားတယ်ဆိုရင်အခုလိုမျိုးမလုပ်ဘူးညို၊ မင်းကွာ၊ ငါမင်းကို တန်ဖိုးထားသလောက်မင်းက ငါ့ကိုတန်ဖိုးမထားဘူး၊ ခပ်ပိန်းပိန်းကောင်လို့သဘောထားတယ်၊ မင်းဘာပဲဖြစ်နေဖြစ်နေငါကလက်ထပ်မယ်ဆိုပြီးပစ်စလက်ခပ်သဘောထားတယ်၊ မင်းအတွက်ငါက မင်းလိုတဲ့အချိန်ထုတ်စီးတဲ့ဖိနပ်တစ်ရံပဲ”
“မဟုတ်ဘူး”
“ညို”
ညိုနဲ့ကျွန်တော်ပြိုင်မငြင်းချင်တော့ဘူး။ ဆက်ငြင်းနေရင်လည်းအကောင်းဖက်ကိုရောက်လာမှာမဟုတ် တော့ဘူး။ အဲဒီတော့ ညို့နာမည်ကို ခပ်ကျယ်ကျယ်အော်လိုက်တယ်။
“အား”
ကျွန်တော့်ဒေါသတွေပေါက်ကွဲရပြီ။ ညို့ကိုတစ်ခုခုလုပ်ပစ်ချင်ပေမယ့်မလုပ်ရက်ခဲ့ဘူး။ အဲဒီတော့ အခန်းနံရံကိုလက်သီးတွေနဲ့ပိတ်ထိုးမိတော့တယ်။ အဆက်မပြတ်။ ညို လုပ်ရက်လိုက်လေခြင်းဆိုတဲ့ အသိတွေခေါင်းထဲမှာရှိရင်း အခန်းနံရံဆီတွေကိုထိုးရင်း။
“သားကြီး မလုပ်နဲ့၊ စိတ်ထိန်း၊ စိတ်ထိန်း”
အောင်သက်ပိုင်ဝင်ဆွဲပေမယ့် ဒီကောင့်ကို ကျွန်တော်တွန်းထုတ်လိုက်မိတယ်။ ညိုလာဆွဲရင်လည်း ညို့ကိုတွန်းထုတ်မိမှာအမှန်ပဲ။
သူတို့တားတာက ဒေါသကိုပိုထွက်စေခဲ့သလိုခံစားရတယ်။ နဖူးကိုပါနံရံနဲ့ဆောင့်လိုက်မိတယ်။ ကျွန်တော့်လက်တွေ၊ ကျွန်တော့်နဖူး သွေးတွေထွက်စေတဲ့အထိ။
“မင်းပိုင်ဇေ၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့”
“သူငယ်ချင်း မင်းတော်တော့၊ တော်ပါတော့ကွာ”
သူတို့နှစ်ယောက် ကျွန်တော့်ဆီကိုလာပြီးအတင်းဖမ်းချုပ်ကြတယ်။ ဒါပေမဲ့ ဒေါသအရှိန်ကသူတို့ နှစ်ယောက်ရဲ့အားကိုတွန်းလှန်နိုင်ခဲ့တယ်။ ကျွန်တော့်စိတ်တွေကို ထိန်းမရခဲ့ဘူးညို။
ဆက်တိုက်၊ ဆက်တိုက်ထိုးနေ ဆောင့်နေမြဲ၊ နောက်ဆုံး အောင်သက်ပိုင်က ကျွန်တော့်ကိုအတင်းချုပ် ပြီးနောက်ကနေသိုင်းဖက်လိုက်တော့ ကျွန်တော်ယိုင်ကျပြီးသူဆွဲရာနောက်ပါလာတယ်။ အဲဒီအချိန် မှာ ကျွန်တော့်တစ်ကိုယ်လုံးသွေးတွေအလိမ်းလိမ်းဖြစ်ခဲ့ပြီ။
ညိုကတော့ ကျွန်တော့်ရှေ့မှာလာဒူးထောက်ပြီး ကျွန်တော့်ကိုဖက်တွယ်ဖို့ကြိုးစားနေခဲ့တယ်။ အဲဒီအ ခိုက်အတန့်မှာ ညို့ကိုကျွန်တော်လုံးဝစိတ်နာနေခဲ့တယ်။
“မင်းငါ့အသားကိုမထိနဲ့ညို၊ မင်းလူလိမ်မ၊ မင်းဟာ တကယ်ကိုကတိကိုတန်ဖိုးမထားတဲ့မိန်းမပျက်တစ် ယောက်ပဲ၊ အဲလိုလုပ်ရင်အခုလိုဖြစ်မယ်ဆိုတာသိရက်နဲ့တမင်လုပ်ခဲ့တာ၊ မင်းကျေနပ်တယ်မှလား၊ အခု မင်းကျေ နပ်တယ်မှလား ညိုပြာပြာ”
“ညို တောင်းပန်ပါတယ် မင်းပိုင်ဇေရယ်၊ ဒီလောက်အထိဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူး၊ ညို့လို မိန်းမတစ်ယောက်အတွက်နဲ့ ရှင့်ကိုရှင်အဲလောက်မညှင်းဆဲသင့်ဘူး”
“လုပ်တယ်ကွာ၊ ညှင်းဆဲတယ်ကွာ၊ ဘာဖြစ်လဲ၊ သေသွားလည်းအေးတာပဲ၊ အေး မင်းမှတ်ထားဖို့က မင်းကြောင့်လူတစ်ယောက်အခုလိုအဖြစ်အပျက်မျိုးဖြစ်သွားခဲ့တယ်ဆိုတာအရိပ်ဆိုးကြီးတစ်ခုလိုတစ် သက်လုံးအမှတ်ရနေဖို့ပဲ”
“ညို နောက်ထပ်မဖြစ်စေဖို့ ကတိပေး…..”
“သွားစမ်းပါ၊ ဘာကတိလဲ မင်းကတိကိုငါမယုံဘူး၊ အခိုက်အတန့်ပဲ၊ တကယ်ကိုအခိုက်အတန့်ပဲ ညိုပြာပြာ၊ မင်းကိုအထိအတွေ့တစ်ခုကြောင့်အခိုက်အတန့်လေးမှာ အရမ်းကိုချစ်သွားခဲ့တယ်၊ အဲဒီအ ခိုက်အတန့်လေးက မင်းအပေါ်ထားတဲ့ငါ့သဘောထားတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်စေခဲ့တယ်၊ အေး ဒါပေမဲ့ အခုအခိုက်အတန့်လေးကြောင့် မင်းကိုငါအရမ်းအထင်သေးတယ်၊ မင်းသွားတော့ ညို”
ညို့ကိုကျွန်တော်အခုလိုမောင်းထုတ်ရလိမ့်မယ်လို့ဘယ်တုန်းကမှမတွေးခဲ့ဘူးပါဘူး။ ကျွန်တော့်ဘဝထဲ ကိုညို ရောက်လာအောင် ကျွန်တော်ကပဲမရမကဖန်တီးခဲ့တာပဲလေ။ အခုလိုအတွေးမျိုးဖြစ်သွားခဲ့လိမ့် မယ်ဆိုတာ ဘယ်ထင်မလဲ။
“မင်းပိုင်ဇေ”
ညို့အသံတိုးလျလျက ကျွန်တော့်ဒေါသကိုမဖောက်ထွင်းနိုင်ခဲ့ပါဘူး။ အောင်သက်ပိုင်ကလည်း ကျွန်တော့်ကို တားတယ်။ ဒေါသထွက်နေတဲ့အချိန်မှာ ဘယ်အရာကစိတ်ပြေပျောက်စေနိုင်မှာတဲ့လဲညို။ ညို့ခေါ်သံတွေကို ကျွန်တော်မကြားချင်တော့ပါဘူး။
“မခေါ်နဲ့၊ မင်းငါ့ကိုမခေါ်နဲ့ သွား မင်းသွားတော့ ဟာ….”
အောင်သက်ပိုင်ဆွဲနေတဲ့ကြားကပဲ ရုန်းထွက်ပြီးနံရံကိုဆက်ထိုး၊ နဖူးကိုပြေးဆောင်နေမိတော့တယ်။ ခဏကြာတော့ ကျွန်တော်မေ့မျောချင်ချင်ဖြစ်သွားခဲ့တယ်။
“အား”
ကျွန်တော်ခွေလဲသွားခဲ့တယ်မဟုတ်လားညို။
“သတိလစ်သွားပြီထင်တယ်”
“ဘုရား၊ ဘုရား ဆေးရုံကိုဖုန်းဆက်လိုက်မယ်”
ညို့အသံတစ်စွန်းတစ်စ၊ အောင်သက်ပိုင်အသံကိုတစ်စွန်းတစ်စကြားရပေမယ့် ပြန်ပြောနိုင်တဲ့အင် အားမရှိခဲ့ပါဘူး။ သွေးထွက်လွန်နေခဲ့တာလား၊ ဒေါသကြီးလွန်းတာလားမပြောတတ်ဘူး။ သေချာ တာကတော့ ကျွန်တော်အားအင်တွေလုံးဝကုန်ခမ်းသွားသလိုခံစားလိုက်ရတာပဲညို။
“အေး ဒီမှာ မင်းပိုင်ဇေ သတိလစ်သွားလို့ အရေးပေါ်ခေါ်ပေးပါ၊ မြန်မြန်လုပ် သွေးအရမ်းထွက်နေပြီ၊ သွေးထွက်လွန်ပြီးတစ်ခုခုဖြစ်မှာစိုးရတယ်”
“မင်းပိုင်ဇေ၊ ရှင် ဘာမှမဖြစ်စေရဘူး၊ ညို့ကိုခွင့်လွှတ်ပါ၊ ညိုတောင်းပန်ပါတယ်၊ ကျွန်မတောင်းပန်ပါတယ်၊ ရှင်ပြန်လာခဲ့ရမယ်”
အသံတွေဟာ ကျွန်တော့်နားထဲကိုထိုးဖောက်ဝင်ရောက်နေတယ်ညို။ ခဏလေးအတွင်းမှာဘန်ကောက် မြို့ကြီးပျက်စီးသွားတာလား၊ ကမ္ဘာပျက်သွားတာလားထင်ရလောက် အောင်ဆူညံနေခဲ့တယ်။
“စိတ်ချညို၊ ကျွန်တော်ပြန်လာမယ်၊ ဒါပေမဲ့ ညို့လိုကတိမတည်တဲ့မိန်းမတစ်ယောက်အတွက်၊ ကျွန်တော့်ကို အချဉ်ကောင်ပါဆိုပြီးသဘောထားတဲ့မိန်းမတစ်ယောက်အတွက်တော့ပြန်လာတော့ မှာ မဟုတ်ဘူး၊ အဲဒါတော့သေချာတယ်”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။