မပြိုဘဲနဲ့ ညို အပိုင်း (၁၈)

(၁၈)
ဆေးရုံအငွေ့အသက်သင်းသင်းနဲ့အတူ ကျွန်တော်နိုးထလာခဲ့တယ်ညို။ မျက်လုံးနှစ်လုံးစပွင့်ပြီးဆိုက တည်းက ညည်းတွားမိလိုက်တာ ညို့နာမည်ထင်ပါရဲ့။ စိတ်နာတာတွေ၊ စိတ်ပျက်သွားတာတွေကွယ် ပျောက်သွားခဲ့တာလားမပြောတတ်တော့ဘူး။ သေချာတာကတော့ ကျွန်တော် ညို့ကိုသတိရနေတယ်။
“ညို”
ကျွန်တော့်ကုတင်ဘေးမှာညိုရှိမနေပါဘူး။ အောင်သက်ပိုင်နဲ့နေအောင်မင်းတို့ပဲရှိနေခဲ့တယ်။ သူတို့က ကျွန်တော်သတိရလာလို့ ဝမ်းသာသွားကြပုံပေါ်တယ်။ ဒါပေမဲ့ ညို့နာမည်ကိုညည်းတွားလိုက်တာ ကြောင့် သိပ်ကျေနပ်ကြပုံမပေါ်ပါဘူး။
“ကံကောင်းလို့ပေ့ါ ငနာရယ်၊ ဟူး စိတ်ပူလိုက်ရတာ”
ကျွန်တော့်မျက်နှာကိုကြည့်ပြီး သူငယ်ချင်းတွေသက်ပြင်းချကြတယ်။ သူတို့ကိုစိုးရိမ်စေခဲ့မိပြီလေ။
“ညို၊ ညိုရော ဟင်”

တကယ်ဆို ညို့ကိုအေးအေးဆေးဆေးရှင်းပြခွင့်လေးတော့ ကျွန်တော်ပေးခဲ့သင့်တာပေါ့ ဆိုပြီးတွေး မိပါတယ်။ ညိုနဲ့အရမ်းတွေ့ချင်နေခဲ့တယ်။ ကျွန်တော့်ကိုစိတ်နာသွားပြီလား။ တကယ်ဆိုညိုဒီအနား တစ်ဝိုက်မှာရှိနေသင့်တယ်လို့ ကျွန်တော်ထင်တယ်။
“မင်းပိုင်ဇေ မင်းသတိလစ်နေတာ ၂၄ နာရီကျော်ပြီ၊ သွေးထွက်လွန်ပြီးအသက်မပျောက်ရုံတမယ်ပဲ၊ မင်းကိုမင်းစိုးရိမ်ရမှာ၊ ကျန်တဲ့သူတွေကကိုယ့်အသက်လောက်အရေးမကြီးဘူး”
“ငါ ညို့ကိုတွေ့ချင်တယ်”
“မင်းတန်ရဲ့လားသားကြီးရာ၊ ပြည့်တန်ဆာမိန်းကလေးတစ်ယောက်အတွက်မင်းလုပ်ခဲ့တာ၊ လုပ်နေ တာ၊ ခံစားရတာတွေအားလုံးဟာတန်ရဲ့လား”
“ဟင့်အင်း၊ ငါတို့နှစ်ယောက်ကြားမှာသာတယ်နာတယ်၊ တန်တယ်မတန်ဘူးဆိုတာမရှိဘူး၊ ပြီးတော့ ညို ဟာမင်းပြောသလိုပြည့်တန်ဆာတစ်ယောက်မဟုတ်တော့ဘူး၊ အဲဒါသေချာတယ်၊ ညိုဘာကြောင့် အဲဒီနေ့ညကအဖြစ်အပျက်ဖြစ်စေခဲ့သလဲဆိုတာကိုတော့ သေသေချာချာဖြေရှင်းခိုင်းဖို့လိုတယ်၊ အဲဒါ ကြောင့်ငါသူ့ကိုတွေ့ချင်တယ်၊ သူငြင်းဆိုတဲ့စကားတွေကိုယုံချင်တယ်”
“အခုချိန်မှာ ဒါတွေမပြောပါနဲ့ဦးကွာ၊ မင်းကျန်းမာရေးကောင်းဖို့လိုတယ်၊ အခုဘယ်လိုခံစားရသလဲ၊ သက်သာလား၊ ဒဏ်ရာတွေနာနေလား မင်းသက်သာမှ မြန်မာနိုင်ငံကိုပြန်နိုင်မယ်လေ”
ဟုတ်ပါရဲ့။ ကျွန်တော်ဘန်ကောက်မှာပဲရှိနေသေးတာပါလား။ ဒါ ဘန်ကောက်ရဲ့ဆေးရုံတစ်ခုထင်ပါ ရဲ့။ ကျွန်တော့်နဖူးကိုစမ်းကြည့်လိုက်မိတယ်။ နာကျင်နေတုန်းပဲ။ ဘာလို့အဲဒီလောက်ဒေါသထွက်ခဲ့ရ တာပါလိမ့် ကိုယ့်ကိုယ်ကိုဆန်းစစ်ကြည့်မိတယ်။ ညို့ကို ကျွန်တော်မဖြစ်ချင်ဆုံးအရာတစ်ခုအနေနဲ့မြင် လိုက်ရလို့ သာမန်ထက်ပိုပြီးဒေါသထွက်ခဲ့တာနေမှာ။
ကျွန်တော့်လက်သီးဆုတ်ကလည်းနာကျင်နေတယ်ညို။ အတွင်းကြေမွသွားပြီလားမပြောတတ်တော့ပါ ဘူး။ ပြီးတော့လည်း သွေးတွေများသွင်းထားရသလားမပြောတတ်။ လက်ကောက်ဝတ်၊ လက်တစ်ချောင်းစာလုံးနီးပါး တွေမှာ အပ်ဖောက်ရာတွေနဲ့။ ခေါင်းမှာပတ်တီး တွေဖွေးနေ အောင်စည်းထားတာကိုတော့ ဆေးရုံနံရံ ပြောင်လက်နေတဲ့ မှန်တစ်ချို့အပေါ်မှာ မထင်မရှားမြင်လိုက်ရတယ်။
“ငါတို့ဘန်ကောက်မှာပဲရှိသေးတာလား”
“အေး ငါနေခဲ့တယ်၊ ပြီးတော့ တစ်ချို့တွေလည်းမပြန်ဘဲနေခဲ့ကြသေးတယ်၊ မင်းကြောင့်လည်းပါသလို ဈေးဝယ်ဖို့ကျန်ခဲ့ကြတာလည်းရှိတယ်”
“မင်းအခုဘယ်လိုခံစားရလဲ၊ သက်သာလား”
“အင်း ဒဏ်ရာတွေနည်းနည်းနာတာကလွဲလို့နေသာထိုင်သာရှိပါတယ်”
“အေး၊ တော်သေးတာပေါ့၊ ဘာမဟုတ်တာလေးနဲ့ဒေါသကြီးလိုက်တာဆွဲမရပြုမရ၊ ကိုယ့်နိုင်ငံမှာ လည်းမဟုတ်၊ သူများနိုင်ငံမှာ၊ အဲဒီနေ့ကငါဘယ်လောက်တိုင်ပတ်လဲသိလား၊ နေအောင်မင်းဆီကိုဖုန်း ဆက်၊ ရိုက်ကူးရေးအဖွဲ့သားတွေကိုဖုန်းဆက် လက်လှမ်းမီသမျှအကူအညီခေါ်နဲ့ပျာယာကိုခတ်နေတာ ပဲကွာ”
“ညိုရော”
အောင်သက်ပိုင်နည်းနည်းငြိမ်သွားတယ်။ ညို့အကြောင်းမပြောချင်ဘူးထင်ပါရဲ့။ ကျွန်တော်ကအရမ်း သိချင်တဲ့ပံြုပနေတာကြောင့် မပွင့်တပွင့်တော့ပြောလိုက်သေးတယ်။
“ပါပါတယ်၊ သူ မင်းကိုဆေးရုံအထိလိုက်ပို့ပေးပြီး ခဏတော့ပြုစုခဲ့သေးတယ်”
“နောက်ကော”
“ကျွတ် မင်းပိုင်ဇေ၊ မင်း အဲဒီမိန်းမအကြောင်းကိုမမေးလို့မရဘူးလားကွာ၊ မင်းဘာလို့ဒီလောက်ထိဖြစ် သွားရတာလဲ၊ ညိုပြာပြာကိုမင်းမေ့လိုက်ပါသူငယ်ချင်း”
သူစိတ်ရှည်ပုံမရတော့ဘူး။ နေအောင်မင်းရောပဲ။ ညို့အကြောင်းမေးမယ်ဆိုမျက်နှာတွေပျက်ပျက်သွား ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်းညို့အကြောင်းကိုပဲ ကွက်သိချင်နေခဲ့တာ။ တိုက်ရိုက်မေးလို့မရ တဲ့အဆုံးသွယ်ဝိုက်သောနည်းလမ်းနဲ့မေးဖို့လမ်းကြောင်းလိုက်ပြန်တယ်။
“ငါ တို့လောင်းထားတဲ့ပွဲမှာ ငါရံှူးတာပေါ့နော်”
“ထားလိုက်တော့ မင်းပိုင်ဇေ၊ ငါတို့အဲဒီလောင်းကစားပွဲကိုဆက်မကစားတော့ဘူး၊ မင်းလည်းမနိုင်သလို ငါတို့လည်းမနိုင်ဘူး။ သရေပဲလို့သတ်မှတ်လိုက်မယ်”
“အခုလက်ရှိအနေအထားအရ ငါရံှူးတာလို့ပြောလို့ရတယ်လေ၊ ဒီတော့ လျော်ကြေးကိုငါပေးပါ့မယ် ကွာ၊ တကယ်တော့ လူတစ်ယောက်မှာရှိတဲ့အကျင့်စရိုက်ဆိုတာ ပြုပြင်ပြောင်းလဲလို့မရမှန်းငါလက်ခံ သွားပါပြီ၊ ညို့ကိုငါပြုပြင်လို့မရခဲ့ဘူး။ ညို့အသက်မွေးဝမ်းကျောင်းဟာ ညို့အကျင့်စရိုက်မှန်းငါသိ လိုက်ရပါပြီ”
“မလောင်းတော့ပါဘူးဆိုကွာ”
“အေး ငါကရှူံးနှင့်နေပြီးသားလေကွာ၊ မလောင်းလို့တော့မရဘူး၊ ညို့ကိုငါပြုပြင်နိုင်မယ်ဆိုပြီးအတပ် သိနေလို့လောင်းခဲ့တာ၊ ကျေကျေနပ်နပ်ကြီးပေးတယ်သူငယ်ချင်း”
“မင်းတော့ ခက်တော့တာပဲကွာ”
“တကယ်တော့ ညိုဟာဒီအလုပ်ကိုမလွဲသာတဲ့အခြေအနေတစ်ခုကြောင့်လုပ်ခဲ့ရတာလို့ပဲငါထင်ထားခဲ့ လို့ ဒီလောင်းကစားပွဲကိုငါစပြီးကစားခဲ့တာပါ၊ ညိုဟာငါထင်သလိုမဟုတ်ခဲ့ဘူးထင်တယ်ကွာ၊ လုပ်ရက် လိုက်တာ၊ ဟား ငါ့မှာတော့ သူ့လိုအင်ဆန္ဒတွေကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပြီး ငါလိုချင်တဲ့ပုံစံကိုမရ မက ရိုက်သွင်းနေခဲ့တာ”
ဒီကောင်တွေ ညိုနဲ့ပတ်သက်ပြီးဘာဆက်ပြောမလဲဆိုပြီး စိတ်ထဲရှိရာညို့အကြောင်းကိုပြောနေမိခဲ့ပေ မယ့် ကျွန်တော့်လိုချင်တဲ့အဖြေသူတို့ဆီကမရခဲ့ပါဘူး။
“မင်း မောနေမယ် သူငယ်ချင်း၊ ကောင်းကောင်းအနားယူပါ၊ ဆေးရုံကဆင်းတာနဲ့မြန်မာနိုင်ငံကိုပြန်ရ မှာ အားမွေးထားဖို့လိုတယ်”
ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပဲ တစ်ခုချင်းလိုက်ပြောနေကြတော့တယ်။
“ညိုဘယ်ကိုထွက်သွားလဲငါ့ကိုဘာလို့မပြောကြတာလဲကွာ၊ အခုချိန်မှာ ငါလိုအပ်နေတဲ့အရေးကြီးဆုံး အချက်ကအဲဒါဆိုတာမင်းတို့နှစ်ယောက်လုံးသိရက်သားနဲ့မပြောတာလောက်စိတ်မကောင်းဖြစ်ရတာ မရှိဘူး”
သည်းမခံနိုင်တဲ့အဆုံးကျွန်တော်လိုချင်တဲ့မေးခွန်းကိုတိုက်ရိုက်ပဲမေးလိုက်တော့တယ်။
“ထွက်သွားပြီ၊ မရှိတော့ဘူး”
“ဟင်၊ ဘယ်ကိုထွက်သွားတာလဲ”
“ငါတို့လည်းမသိဘူး၊ ငါတို့လိုချင်တာမင်းအနားမှာသူမရှိဖို့ပဲ၊ ညိုပြာပြာဟာမင်းကိုဒုက္ခပေးတဲ့မိန်းက လေးတစ်ယောက်ပဲ၊ အဲဒီတော့ ဒီမိန်းကလေးကိုငါတို့သူငယ်ချင်းအနားမှာရှိမနေဖို့မောင်းထုတ်ရမှာပဲ၊ အဝေးဆုံးကိုထွက်သွားခိုင်းရမှာပဲ မင်းပိုင်ဇေ၊ ဒီအတွက်မင်း ငါတို့ကိုအပြစ်တင်မယ်ဆိုလည်းတင် မတတ်နိုင်ဘူး”
“မင်းတို့ ညို့ကိုမောင်းထုတ်လိုက်တာပေါ့ ဟုတ်လား”
“အေး၊ ဟုတ်တယ်”
“ကျွတ်”
သူတို့ကိုတော့ အပြစ်မတင်ရက်ပါဘူး။ သူငယ်ချင်းတွေက ကျွန်တော့်အတွက်ပဲအရာရာကိုစဉ်းစားပေး နေကြတယ်။ ညို့လိုမိန်းကလေးတစ်ယောက်ကို ကျွန်တော်ကျင်လည်နေတဲ့အသိုင်းအဝိုင်းထဲကိုမခေါ်လာသင့်ဘူးလို့သူတို့ယူဆထားကြတာ။ ဘဝမှာ အမည်းစက်ထင်ပြီးရင် ပြန်လည်ဖျက်ပစ်ဖို့တော့ခက်ခဲတယ်မဟုတ်လား။ လူတွေရဲ့အစွဲအလမ်းတွေ ကြားမှာ ညိုနဲ့ကျွန်တော် ဇာတ်သိမ်းလှမှာမဟုတ်ပါဘူး။ အဲဒီတော့ ဒီလူတွေနဲ့အဝေးဆုံးနေရာကိုထွက် သွားရင်ပဲကောင်းမလားလို့တွေးမိပါတယ်။
ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသာလက်ခံရင် ကျွန်တော်နဲ့ညိုတို့ဘ၀ ဘယ်လောက်ပျော်စရာကောင်း မလဲ။ ကျွန်တော်ချစ်ခင်ရတဲ့ကျွန်တော့်အပေါ်ကောင်းတဲ့သူငယ်ချင်းတွေရယ်၊ ဘဝလက်တွဲဖော်ညို ရယ်။ အဆင်အသင့်ရှိပြီးသားအလုပ်အကိုင်ရယ်။
“ငါတို့ မင်းကို ညိုနဲ့သဘောမတူနိုင်တာအပြစ်တင်လည်းတင်တော့ မင်းပိုင်ဇေ”
“ငါတို့က လူလူချင်းခွဲခြားဆက်ဆံတတ်တဲ့သူတွေမဟုတ်ပါဘူး။ ခေတ်လူငယ်၊ ခေတ်အမြင်တွေကိုယ် စီနဲ့ပါ၊ ဒါပေမဲ့ တကယ်တမ်းလက်တွေ့ရင်ဆိုင်လာရတဲ့အခါကျတော့ ညိုပြာပြာလိုမိန်းကလေးတစ် ယောက်နဲ့မင်းနဲ့တစ်သက်လုံးလက်တွဲသွားဖို့အဖြစ်ကို သိပ်လက်မခံချင် ဘူးဖြစ်နေတယ်”
ကျွန်တော် နှုတ်ဆိတ်နေမိတယ် သူတို့ဘာပြောဦးမလဲပေါ့။
“အွန်လိုင်းမှာပြောတဲ့စကားတွေဟာ မင်းစတာနောက်တာလို့ပဲမြင်ခဲ့တယ်၊ ပြီးတော့ မင်းနဲ့သူ့ရဲ့ဇာတ် လမ်းကလည်း ဘန်ကောက်မှာပဲပြီးသွားမယ်လို့ပဲထင်ထားတာ၊ မင်း ညိုပြာပြာနဲ့ပတ်သက်ပြီးအခုလို အစီအစဉ်တွေ တကယ်ချထားတယ်၊ တကယ်ဆုံးဖြတ်ထားတယ်ဆိုတာကို မင်းနဲ့မျက်နှာချင်းဆိုင်တွေ့ မှပဲယုံလိုက်ရတော့တယ် မင်းပိုင်ဇေ”
ညိုနဲ့ချစ်တာ မဟာအမှားကြီးတစ်ခုကိုကျူးလွန်တယ်လို့ပတ်ဝန်းကျင်ကသတ်မှတ်ရင်လည်း အဲဒီအမှား ကိုကျွန်တော်ရဲရဲကြီးကျူးလွန်မယ်ညို။ ကျွန်တော်မှ ညို့ကိုမစွန့်လွှတ်နိုင်တာ။ ပြေးပါညို။ ညို ကြိုက်သလောက်ပြေးစမ်းပါ။ ကမ္ဘာ့အပြင်ဘက်၊ တမလွန် အထိဆိုလည်းကျွန်တော်လိုက်မယ်။
“မင်းသတိလစ်နေတဲ့အချိန်မှာ သူ့ကိုအကျိုးအကြောင်းပြောပြလိုက်တော့ သူနားလည်ပြီးထွက်သွားပါ တယ်၊ ငါတို့ညို့ကိုညီမချင်းကိုယ်ချင်းစာတဲ့ပုံစံနဲ့ပဲပြောတာပါ၊ စိတ်ချပါ”
သူတို့ပြောတာနဲ့တင် ညိုက အသာတကြည်ထွက်သွားရောလား။ ကျွန်တော့်နားမှာနေဖို့နည်းနည်းလေး မှမတောင်းဆိုတော့ဘူးလား။
မဖြစ်နိုင်ဘူး။ ကျွန်တော်နည်းနည်းမှမယုံကြည်ခဲ့ဘူး။ ညိုပေးခဲ့တဲ့ကတိတွေ၊ ချစ်စကားတွေက အလကားသပ်သပ်ပြောခဲ့တာမဟုတ်ဘူးလို့ ကျွန်တော်နားလည်ခဲ့ပါတယ်။ ညို့ကိုကျွန်တော်ဒေါသ ထွက်နေတဲ့အချိန်မှာ ပြုမှုခဲ့မိတဲ့အတွက်လည်း နောင်တရမိတယ်ညို။ အဲဒီနောက်တော့….။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။