မပြိုဘဲနဲ့ ညို အပိုင်း (၂၀)

(၂၀)
မနီရဲ့အဖွင့်စကားတွေက စိတ်ဝင်စားစရာကောင်းပေမယ့် ညိုဘယ်မှာရှိသလဲဆိုတဲ့အချက်နဲ့ ညို ဘာ ကြောင့်အခုလိုထွက်သွားရတာလဲဆိုတဲ့အချက်က ပိုစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် နှစ်ခုလုံးကိုကြားခွင့်မရခဲ့ဘူးညို။ မနီကပြောချင်ပေမဲ့ မကြားနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့။
“တကယ်တော့ ညိုဟာ…..”
မနီရဲ့အကြည့်က ကျွန်တော့်နောက်ကျောဖက်ဆီကိုရောက်သွားခဲ့တယ်။ တစ်စုံတစ်ရာကိုမြင်ပြီးလန့် သွားပုံပါပဲ။ မျက်လုံးတွေပြူးပြီး စိတ်လှုပ်ရှားသွားပုံပေါ်တယ်။ ကယောင်ကတမ်းဖြစ်ပြီးထိုင်နေရာက နေထထွက်သွားဖို့ပြင်တယ်။
“ဘာဖြစ်လို့လဲ အစ်မ၊ ဘယ်သွားမလို့လဲ”
“ကျွန်မ ကျွန်မ”

တကယ်ကိုသွေးပျက်နေပုံပါပဲ။
“ကျွန်မကိုခွင့်လွှတ်ပါ၊ ကျွန်မ ဆိုင်နားမှာခဏပုန်းနေမယ်၊ ကျွန်မ ရှင်နဲ့တွေ့တာသူတို့မသိပါစေနဲ့၊ သူ တို့လုံးဝမသိပါစေနဲ့နော်၊ ရှင့်သူငယ်ချင်းတွေ”
ကျွန်တော့်နောက်ကျောဖက်ကိုလှည့်ကြည့်လိုက်တော့ အောင်သက်ပိုင်နဲ့နေအောင်မင်းတို့လာတာကို တွေ့ရတယ်။ ကျွန်တော့်ကိုလာရှာတာသေချာတာပေါ့။ ကျွန်တော်ညို့ကိုရှာနေတာ သူတို့တွေသိနေတာပဲ။ ဘာဖြစ်လို့လဲ။ ဘာပြသနာရှိလို့ပါလိမ့်။
“ဟူး ရှာလိုက်ရတာ၊ မင်း ညဖက်အဲဒီလိုလျှောက်မသွားနဲ့တော့ကွာ၊ လိုက်ရှာရတာပင်ပန်းတယ်”
“ငါ ကလေးမှမဟုတ်တာကွာ၊ မင်းတို့ကလည်း”
“မင်း မနီကိုလာရှာတာမှလား”
“ဟုတ်တယ်လေ၊ ဒီနေ့နဲ့ဆိုသုံးရက်ရှိပြီ အခုသူနဲ့တွေ့ဖို့စောင့်နေတာ၊ ဘာလို့လဲ၊ ဘာဖြစ်လို့လဲ မင်းတို့ ကမှ ညိုရှိတဲ့နေရာကိုမပြောတာ မနီကိုပဲမေးရမှာပေါ့၊ သူသိမယ်ထင်တယ်”
သူတို့ကြားမှာ ပြသနာတစ်ခုခု၊ အကြောင်းတစ်ခုခုရှိနေတယ်ဆိုတာသေချာသလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်သိခွင့်မရခဲ့ဘူးညို။ အဲဒီအခိုက်အတန့်မှာ သိခွင့်မရခဲ့ပါဘူး။
“ညို ထွက်သွားတဲ့နေရာကိုငါတို့လည်းမသိဘူးလေမင်းပိုင်ဇေရာ၊ သိရင်မင်းကိုပြောမှာပေါ့၊ ငါတို့က မင်း ရဲ့ ညိုကိုထွက်သွားဆိုပြီးမောင်းထုတ်လိုက်တာတော့မှန်ပါတယ်၊ ဒါပေမဲ့ ဘယ်ကိုသွားမှာလဲလို့ မေးလိုက်တာမှမဟုတ်တာ၊ အခု မင်းထွက်သွားတာကြာပြီ မို့စိတ်ပူလို့လိုက် လာတာ ကဲသွားစို့”
သူငယ်ချင်းတွေကို အရမ်းကြီးလည်းအပြစ်မတင်ရက်ဘူးညို။ သူတို့က ကျွန်တော့်ဘဝမှာအကောင်းဆုံး သူငယ်ချင်းတွေမို့လို့ပါ။ သူတို့မနီကိုသိတာတော့ အံသြမိတယ်။ ဘယ်လိုပုံစံမျိုးနဲ့သိတာလဲလို့ အတွေးနယ်မချဲ့တော့ပါဘူးလေ။
“နေဦးလေ၊ ငါဒီမှာ မှာထားတာတွေမကုန်သေးဘူး၊ ထွက်လာလက်စနဲ့မင်းတို့လည်းတစ်ခါတည်းစား လိုက်တော့လေ၊ လာ”
အချိန်ကိုတတ်နိုင်သမျှဆွဲယူဖို့ကြိုးစားလိုက်တယ်။
မနီပုန်းနေတဲ့နေရာဆီကိုကြည့်လိုက်တော့ မရှိတော့ဘူး။ နေရာက သေသေချာချာပုန်းလို့ရတဲ့နေရာ လည်းမဟုတ်ဘူး။ လမ်းဘေးဆိုင်ရဲ့လက်တွန်းလှည်းလေး၊ အိုးခွက်ပန်းကန်တွေစီထားတဲ့နေရာလေး ပဲရှိတာမို့ လူတစ်ယောက်လုံခြုံဖို့အတွက်ကာကွယ်မပေးနိုင်ပါဘူး။
စိတ်ထဲမှာတော့ သွားပြီလို့တွေးလိုက်တယ်။ ကောက်ရိုးတစ်မျှင်လည်းမရှိတော့ဘူး။ မနီကိုနောက်နေ့ လာရှာရုံကလွဲရင် ဘာတတ်နိုင်တော့မှာလဲ။ ဒါပေမဲ့။
“အေး ဟုတ်တယ်၊ ထိုင်းစားကို အမှတ်တရစားသွားအောင်သက်ပိုင်၊ မင်းတို့ကောင်တွေမနက်ဖြန်ပြန် ပြီးရင်နောက်တစ်ခေါက်လာဖို့ကဘယ်လောက်ကြာဦးမယ်မသိဘူး”
နေအောင်မင်း က အောင်သက်ပိုင်ကိုစားခိုင်းနေတယ်။ မနက်ဖြန်တဲ့။
“ဘယ်လို မနက်ဖြန်ပြန်မှာဟုတ်လား”
“ဟုတ်တယ်လေ၊ မနက်ဖလိုက်နဲ့”
“ဟင် ငါလည်းမသိရပါလား”
“အေး အခုပြောမလို့ပဲ”
“အာ၊ မဟုတ်သေးပါဘူး၊ ငါညို့ကိုတွေ့အောင်ရှာပြီးမှပြန်လာခဲ့မယ်၊ မင်းတို့ပြန်နှင့် ငါမလိုက်သေးဘူး၊ လေယာဉ်လက်မှတ်နောက်ပြန်ဆုတ်လိုက်ရင်ရတယ်လေ”
“မင်းပိုင်ဇေ၊ မင်းအဲဒီလိုလုပ်မှာစိုးလို့တမင်မပြောခဲ့တာ၊ မင်းနဲ့ငါတို့အလောင်းအစားမလုပ်ခဲ့သင့်ဘူး၊ ဒီ မိန်းမနဲ့မှ မင်းပတ်သက်ရတယ်လို့ကွာ”
“မင်းတို့ငါ့ကိုတစ်ခုခုလျှို့ဝှက်ထားတယ်”
ညိုက လူထဲကလူတစ်ယောက်ပဲ။ ကျွန်တော်ဘာလို့လက်မထပ်နိုင်ရမှာလဲ။ ကျွန်တော်အရမ်းချစ်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်တယ်။ ညိုနဲ့ပတ်သက်ပြီးအရာရာကိုကျွန်တော့်အတွက်ပြုပြင်ပေးခဲ့ ပြီးမှ နှစ်ယောက်သားဝေးရမတဲ့လားဗျာ။ ဘယ်လိုမှလက်မခံနိုင်ဘူး။ သူငယ်ချင်းတွေကိုတော့ သူတို့ စေတနာကိုစော်ကားရာကျမှာမို့ ကျွန်တော်အတင်းကာရောအတိုက်အခံမလုပ်ခဲ့ပါဘူး။
“အေး ဟုတ်တယ်”
ဒီကောင်တွေကလည်း မငြင်းခဲ့ဘူးညို။
“အဲဒါဘာလဲ”
“မပြောဘူးမင်းပိုင်ဇေ၊ သေချာတာကတော့ ငါတို့မင်းအတွက်သူငယ်ချင်းကောင်းပီသစွာရပ်တည်ပေး ခဲ့လုပ်ပေးခဲ့တယ်ဆိုတာပဲ၊ မင်းအဲဒါကို သဘောပေါက်သင့်တယ်ကွာ”
“ငါနားလည်ပါတယ်ကွာ၊ ဒါပေမဲ့ ငါညို့ကိုအဲဒီလောက်ထိချစ်မိသွားမယ်မှန်းမသိဘူး၊ အခုအခြေအနေ ကိုလည်းနောက်မဆုတ်ချင်ဘူး၊ ငါ့ကိုနားလည်ပေးပါသူငယ်ချင်းတို့ရာ”
“မင်းပိုင်ဇေ၊ ငါတို့ကလူ့ပတ်ဝန်းကျင် မိဘအသိုင်းအဝိုင်းမှာနေတာဖြစ်တဲ့အတွက်တစ်ခါတစ်လေကျ ရင် ပတ်ဝန်းကျင်အတွက် ကိုယ်ကျင်လည်နေရတဲ့လူမှုအသိုင်းအဝိုင်းအတွက် စတေးသင့်တာကိုစ တေးရတတ်တယ်၊ မင်းညို့ကိုမေ့လိုက်ပါသူငယ်ချင်း”
“ငါ မေ့လို့ရမယ်ထင်လို့လားကွာ”
“အေး မင်းစိတ်ပင်ပန်းတာငါတို့လည်းမကြည့်ရက်ဘူးကွာ၊ ငါတို့သေချာတာတစ်ခုပြောချင်တယ်၊ မင်းကို ညို ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူး၊ ညိုကလည်းအဝေးတစ်နေရာကိုထွက်သွားပြီ၊ မင်း ဆက်မရှာနဲ့တော့၊ မနက်ဖြန်ရန်ကုန်ကိုပြန်လိုက်ခဲ့ရမယ်ကွာ”
ဘယ်လိုအကြောင်းတရားကများ ကျွန်တော်နဲ့ညို့ကိုဝေးအောင်ဖန်တီးစေတာပါလိမ့်။ ဒီကောင်တွေ ဘာတွေများလုပ်ထားပါလိမ့်။ ကျွန်တော်အရမ်းသိချင်ခဲ့ပါတယ်။ ဒါပေမဲ့ သိခွင့်မရခဲ့ဘူးလေ။
“ညိုနဲ့ပတ်သက်ပြီးမင်းတို့လုပ်ခဲ့တဲ့ ငါမသိတဲ့အရာကဘာလဲ ဒါဆို”
“သူငယ်ချင်း၊ ငါတို့မပြောပါရစေနဲ့၊ တစ်သက်လုံးထိန်းသိမ်းထားဖို့လည်းဆုံးဖြတ်ထားပြီးတဲ့ကိစ္စတစ် ခုလို့ပဲ မင်းသတ်မှတ်လိုက်ပါ၊ အဲဒီအတွက် မင်းငါတို့ကိုထိုးမလား၊ အပြစ်တင်မလား၊ သူငယ်ချင်းအဖြစ်ကနေ သေခန်းပြန်ရပ်စဲမလား၊ ရတယ် မင်းသဘောပဲ၊ အေး သေချာတာကတော့ မင်းအတွက် ငါတို့လုပ်ခဲ့တယ်ဆိုတာပဲ”
ဒီကောင်တွေဘက်က ဒီလောက်အခိုင်အမာငြင်းဆိုနေမှတော့ ကျွန်တော်လည်းမတတ်နိုင်တော့ပါဘူး။ သူတို့ပြန်ခေါ်တဲ့နောက်ကိုပဲလိုက်ခဲ့ရတယ်။ လက်လျှော့တာတော့မဟုတ်ဘူးညို။ ညို့ကိုရှာဖို့ခိုင်ခိုင် မာမာဆုံးဖြတ်ထားပြီးသားပဲ။ ရန်ကုန်ကိုပြန်လိုက်သွားမယ်။ သူတို့နဲ့အခြေအနေမပျက်တစ်ရက်နှစ် ရက်လောက်နေပြီးတဲ့နောက် ဘန်ကောက်ကိုထပ်လာပြီးညို့ကိုရှာမယ်။
မနီက ကျွန်တော့်ကိုကူညီမှာပါ။ ဒီနှစ်ကောင်ကိုမနီကကြောက်နေတယ်။ နောက်တစ်ခါတွေ့ရင်မနီ ကိုအဲဒီကိစ္စလည်းမေးရမယ်။ ပြီးတော့ ကျွန်တော်ဘန်ကောက်လာရင်နေအောင်မင်းကိုလည်းအသိ မပေးဖို့ဆုံးဖြတ်လိုက်တယ်။
“ဘယ်လောက်ကျလဲ”
ဈေးသည်အစ်မကြီးဆီကိုသွားပြီး ပိုက်ဆံရှင်းတော့ မနီပုန်းခဲ့တဲ့နေရာဆီကိုတစ်ချက်ပြန်ကြည့်လိုက် ပေမယ့်သေချာပါတယ်။ မရှိတော့ပါဘူး။ ဘတ်ငါး ရာတန်ပေးလိုက်တာမို့ ဈေးသည်ကပိုငွေကိုကျွန်တော့်လက်ထဲပြန်အမ်းပါတယ်။ ပြီးတော့ ပိုက်ဆံလက်ထဲကိုထိုးထည့်လိုက်တဲ့နေရာဆီကိုမျက်ရိပ်မျက်ကဲပြတယ်။ ကျွန်တော် ပိုငွေကိုပြန်ရေ ကြည့်လိုက်တဲ့အခါ စာရွက်ပိုင်းလေးတစ်စပါပါလာတာတွေ့ရတယ်ညို။
ဟိုနှစ်ကောင်ကတော့ကျွန်တော့်နောက်မှာရပ်နေလေရဲ့။ စာရွက်ပိုင်းလေးကိုဖတ်ကြည့်လိုက်တော့။
“ညို ရွှေဂွန်းကိုပြန်သွားတယ်၊ အဲဒီကိုလိုက်သွားပါ၊ လိပ်စာက (………………)”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။