(၂၂)
“ဒါ ညိုပြာပြာတို့အိမ်…”
အိမ်တည်ဆောက်ပုံက အတွင်းဘက်ဆီကိုလှမ်းမြင်နေရတာကြောင့် ညို့ကိုကျွန်တော်မြင်လိုက်ရပြီ။ ဘုရားဘုရား။ ဒါအိမ်မက်မဟုတ်ပါစေနဲ့။ ညို့ကိုအရှင်လတ်လတ်ကြီးတွေ့နေရတာ ကျွန်တော်ဖြင့် ပျော်လိုက်တာဗျာ။
ညို ပိန်သွားတာလား။ မျက်နှာလေးတွေချောင်ကျနေသလိုပဲ။ ညိုလည်းအံသြသွားတာမှလား။ ကျွန် တော့်ကိုကြည့်ပြီးကြောင်နေလေရဲ့။ အခုလိုမျိုးရုတ်တရုက်ကြီးရောက်လာမယ်ဆိုတာနည်းနည်း လေးမှမတွေးခဲ့ဘူးလားညိုရယ်။ မင်းပိုင်ဇေ ဟာ ညို့ကိုအမြဲတမ်းလိုက်ရှာနေမယ့်သူတစ်ယောက်ဆိုတာညိုသိရက်သားနဲ့။
“မင်းပိုင်ဇေ”
တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးမျက်ရည်ဝဲမိကြတယ်နော်ညို။ နှစ်ယောက်စလုံးချစ်ရက်သားနဲ့ ဘာကြောင့်ဝေးကွာကြရမှာလဲ။ အခု ညိုရှိတဲ့နေရာဆီကိုကျွန်တော်ရောက်လာပြီ။ မခွဲတော့ဘူးညို။ အဲ ဒီလူတွေရှိတဲ့ ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်တဲ့ပတ်ဝန်းကျင်ဆီကိုပြန်မသွားတော့ဘူး။ ညိုနဲ့ပဲအတူနေ တော့မယ်။
“ကျွန်တော့်ကို အိမ်ထဲမခေါ်တော့ဘူးလားညို”
“အော် လာပါ၊ ဝင်ပါ”
ညိုတို့အိမ်လေးကချစ်စရာကောင်းတယ်။ ပျဉ်ခင်းဝါးထရံကာတစ်ထပ်အိမ်လေး။ ထပ်ခိုးတော့အပေါ်မှာ တွေ့ရတယ်။ အိမ်အပြင်ကနေ ဟိုးအနောက်ဖက်အထိတိုးလျှိုးပေါက်လမ်းမြင် နေရတယ်။ အလယ်မှာတော့ အခန်းတွေရှိတာပေါ့။ ကျွန်တော်ဝင်လာတာညိုတို့အိမ်ရဲ့အရှေ့ပေါက်ထင်ပါရဲ့။ ဒီနားတစ်ဝိုက်ကရပ်ကွက်ကတော့ကားလမ်း ဘေးမှာမို့သိပ်မရှာရဘူး။ အနောက်ဖက်ဆီမှာတော့ ကား ဆရာအစ်ကိုကြီးပြောခဲ့တဲ့ မြစ်ရှိမှာပေါ့။
အိမ်ထဲမှာတော့ ခပ်ဆူဆူအသံတွေကိုကြားလိုက်ရတယ်။ ကျွန်တော်လာတာကိုတီးတိုးတီးတိုးပြော နေကြတာများလား။
“မေကြီး”
ကလေးလေးတစ်ယောက်ထွက်လာပြီးညို့ထမီစကိုလှမ်းဆွဲတယ်။ ခေါ်လိုက်တာကမေကြီးတဲ့။ ဘုရား ဘုရား။ ကျွန်တော့်ခရီးဆောင်ကျောပိုးအိတ်ကိုချလိုက်ရတဲ့လက်တွေတုန်ယင်သွားမိတယ်။
“ညို၊ ဒီကလေးက”
ညို ကျွန်တော်ကိုအချိန်အတော်ကြာစိုက်ကြည့်နေတယ်။ တစ်ခုခုကိုပြောချင်နေတယ် ဒါပေမဲ့ ပြော မထွက်တဲ့ရုပ်နဲ့။ ကလေးနဲ့ပတ်သက်ပြီးတော့လား။ ဒီကလေးက မေကြီးလို့ခေါ်လိုက်တဲ့အတွက်လား။ ခဏကြာတော့ ညိုနှုတ်ခမ်းလေး ဟ လာတယ်။
“ဟုတ်ပါတယ်၊ ကျွန်မ အိမ်ထောင်သည်ပါ၊ ရှင့်ကိုပြောမထွက်ခဲ့…”
ကျွန်တော် ယုံရအခက်။ မယုံရအခက်။ ဘာကိုဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။ ခံစားသွားရတာတော့ သေချာတယ်။
“ရက်စက်လိုက်တာညိုရာ၊ ကျွန်တော်မျှော်လင့်ချက်အကြီးကြီးနဲ့ညို့ဆီရောက်လာခဲ့တာ၊ အားလုံးနဲ့ အတိုက်အခံလုပ်ဖို့လည်းဆုံးဖြတ်ထားပြီးသား”
ရှိသမျှအားအင်တွေကုန်ခမ်းသွားသလိုခံစားရတယ်ညို။ ကျွန်တော့်ဖြစ်တည်မှုပျောက်ဆုံးသွားသလိုပဲ။ မင်းပိုင်ဇေဟာ ဒီကမ္ဘာကြီးကနေပျောက်ကွယ်သွားသလိုပဲ။ ကျောပိုးအိတ်ကိုချပြီး လာရာလမ်းဆီပြန် ထွက်ဖို့ပြင်လိုက်တယ်။ ကျွန်တော်အိမ်ထဲမဝင်ခဲ့သင့်ဘူးထင်ပါရဲ့။ အိမ်ခန်းထဲက ဆူဆူညံညံအသံတွေ ကြားမှာ ညို့အမျိုးသားပါမယ်ထင်ပါရဲ့။
“ဘယ်သွားမလို့လဲ၊ ခရီးရောက်ဦးမဆိုက်နားပါဦးလား”
“ကျွန်တော်ပြန်လာခဲ့မယ်၊ စိတ်ချပါ၊ ကျွန်တော်ညို့ဆီကိုလာတာ ဘယ်မှမသွားပါဘူး၊ ဒါပေမဲ့ ဒီအိမ်ထဲ မှာတည်းခိုဖို့ ကျွန်တော် တစ်ညလောက်တော့အရှိန်ယူရမယ်ထင်ပါရဲ့”
“တစ်ည”
“ဟုတ်တယ်၊ တစ်ည”
ကျွန်တော်ထွက်လာခဲ့တယ်။ သူများသားမယားဖျက်ဆီးခဲ့တဲ့ကျွန်တော်ဘာဖြစ်သွားပြီလဲ။ ရက်စက် လိုက်တာညိုရာ။ ကျွန်တော် ညို့အပေါ်အပြစ်တင်ချင်ပေမယ့် စိတ်မနာနိုင်ခဲ့ပါဘူး။ ကားဆရာအစ်ကို ကြီးပြောတဲ့ မြစ်ဆီကိုပဲထွက်လာခဲ့လိုက်တယ်။ ရွှေဂွန်းဒေသခံတစ်ချို့ကတော့ ကွက်ကြည့်ကွက် ကြည့်လုပ်နေတယ်။ သူစိမ်းမို့လို့ထင်ပါရဲ့။ ဒီဒေသရဲ့သဘောကဘယ်လိုရှိသလဲ နားမလည်ဘူး သေချာတာကတော့ ကျွန်တော်လျှောက်သွားမှဖြစ်မယ်။
မထင်ထားတဲ့အရာတစ်ခုကိုတွေ့ရှိလိုက်ရတဲ့အတွက် အဲဒါကိုလက်ခံဖို့အားမွေးရမယ်။ ရာသီဥတုက ချမ်းစိမ့်စိမ့်။ အနွေးထည်ပါလာပေမယ့် ကျောပိုးအိတ်ထဲမှာမို့ပြန်မယူချင်တော့ပါဘူး။
မြစ်။ ဟုတ်တယ်။ သံလွင်မြစ်။ ကျွန်တော်မြစ်ကိုမြင်ရပြီ။ ညနေခင်းလည်းစောင်းပြီဆိုတော့ လူခြေတိတ်ဆိတ်စပြု နေတာတွေ့ရတယ်။ ရန်ကုန်မှာဒီလိုမဟုတ်ဘူး။ ဘန်ကောက်မှာဒီလိုမဟုတ်ဘူး။ ရန်ကုန်မှာဆို ၂၄ နာရီလုံးဖွင့်တဲ့ဆိုင်တွေရှိတယ်။ ညလယ်မှဖွင့်တဲ့ စားသောက်ဆိုင်တွေရှိတယ်။ တစ်ညလုံးပျော်ပါးလို့ရတဲ့နေရာတွေရှိတယ်။ ဘန်ကောက်မှာဆိုပိုဆိုး။ ဘန်ကောက်က ညဖက်ပိုစည်တယ်။ ရွှေဂွန်းကတော့ အဲလိုမဟုတ်ဘူး။ နေဝင်ရီတရောအချိန်ထိ တောင်မှလူတွေစည်ကားမနေတော့ပါဘူး။
မြစ်ဆီကလာတဲ့လေညှင်းကို ရှုရှိုက်မိတယ်။ အေးမြနေလေရဲ့ညို။ ကျွန်တော် ဒီညဘယ်ကိုသွားရမလဲ။ ဒီမှာပဲနေရမလား။ ညိုတို့ဆီကိုပဲပြန်သွားရင်ကောင်းမလား။ အဲဒီကလေးက ညို့ကလေးတတကယ်အ မှန်လား။ မဟုတ်ဘူးဆိုရင် ညိုဘာလို့အခုလိုပြောရတာလဲ။
ကျွန်မ အိမ်ထောင်သည်ပါဆိုတဲ့စကားကိုဘာလို့လက်လွှတ်စပယ်ပြောလိုက်ရတာလဲ။ ဒါဟာအမှန် တရားလား။ ဒါဆိုညိုဘာလို့ကျွန်တော့်ကိုလိမ်ခဲ့ရတာလဲဗျာ။ လေညှင်းတွေကိုရှုရှိုက်ရင်း၊ မြစ်ရဲ့အငွေ့ အသက်ကိုမှီခိုရင်း ကမ်းနဖူးပေါ်ထိုင်နေခဲ့တယ်။ အတွေးတွေချဲ့နေခဲ့တယ်။ ခြင်တော့မကိုက်ပါဘူး။ ဒါ ပေမဲ့ အရမ်းအေးတယ်ညို။ အနွေးထည်ပြန်ယူဖို့မထနိုင်လောက်အောင်အေးတယ်။ ပြီးတော့ ကျွန်တော်မပြန်တတ်တော့ဘူး။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ၊ လေးနာရီ။ သန်းခေါင်ကျော်ပြီ။ ကျွန်တော်တွေဝေငေးမောနေတုန်းပါပဲ။ ကျွန်တော့်ဘေးပတ်ပတ်လည်မှာ ခွေးတစ်ကောင်ကြောင်တစ်မြီးမှမရှိတော့ဘူး။ ကြယ်တွေကိုလည်း ဝိုးတဝါးပဲမြင်ရတယ်။ အရမ်းချမ်းတယ်ညို။ အေးခဲမတတ်ပါပဲ။ နောက်ဆုံးမြစ်ကမ်းနဖူးပေါ် ကျွန်တော် မိန်းမောသွားခဲ့တယ်။ သတိလစ်သွားခဲ့တာလား။ အိပ်ပျော်သွားခဲ့တာလားမပြောတတ်တော့ပါဘူး။ ပြန် နိုးလာတော့ အလင်းရောင်မှိန်ပျပျကိုမြင်ရပြီ။ မိုးလင်းနေပြီ။ လူသွားလူလာတစ်ချို့ကိုလည်းမြင်ရပြီ။ ကျွန်တော့်ကိုလည်း ကွက်ကြည့်ကွက်ကြည့်နဲ့။
“ဧည့်သည်လားဗျ၊ ဘာကူညီပေးရမလဲ”
အစ်ကိုကြီးတစ်ယောက်က ကျွန်တော့်လက်မောင်းကိုဆွဲထူရင်းကူညီမယ့်စကားဆိုပါတယ်။
“ကျွန်တော့်ကို ညိုပြာပြာတို့အိမ်ကိုလိုက်ပို့ပေးပါ”
အိုး ကျွန်တော့်လျှာတွေလေးလံလိုက်တာ။ တစ်ညလုံးအအေးမိခဲ့ပြီထင်ပါရဲ့။
အစ်ကိုကြီးအပါအဝင်ဒေသခံတစ်ချို့ကျွန်တော့်ကိုဖေးမပြီးညိုတို့ဆီကိုလိုက်ပို့တယ်။
“အိုး၊ တစ်ညလုံးစိတ်ပူနေတာ၊ ညိုပြာပြာ ရှင့်ကိုစောင့်နေခဲ့တယ်၊ လာ လာ”
အမျိုးသမီးတစ်ယောက်က ထွက်ကြိုတယ်။
“ညို ရောဟင်”
“ထွက်သွားပြီလေ၊ လာ ရှင့်အတွက်စာအုပ်တစ်အုပ်ပေးခဲ့တယ်”
ညို ထွက်သွားပြီ။ ဟာ။ ညိုဘာသဘောလဲ။ ပြီးတော့ မနေ့ကကလေးလေးကိုလည်းအိမ်ရှေ့ထွက် လာတာတွေ့ရတယ်။
“ဒီကလေးက….”
“ကျွန်မသမီးလေ၊ ညို့တူမပေ့ါ၊ ဒါပေမဲ့ ညို့ကိုလည်းမေကြီးလို့ပဲခေါ်တယ်”
ထင်တဲ့အတိုင်းပါပဲ။ ညိုလိမ်ပြန်ပြီ။
“ညိုက အိမ်ထောင်သည်မဟုတ်ဘူးပေါ့”
“မဟုတ်ပါဘူး၊ ရှင့်ကိုနောက်နေတာ အထဲကကျွန်မတို့တောင်ပြောနေသေးတယ်၊ မနေ့က၊ ညို တော့ ဧည့်သည်ကိုနောက်ပြီလို့၊ ကဲ ဒီစာအုပ်လေးဖတ်ဖို့မှာသွားတယ်၊ အထဲမှာဘာရေးထားသလဲတော့မသိ ဘူး၊ ဒါလေးကိုဆုံးအောင်ဖတ်ပါတဲ့၊ ညို ညတုန်းကရေးနေတာတော့တွေ့တယ်၊ အစအဆုံးလား၊ အရင် ကတည်းကရေးထားပြီးညကမှအဆုံးသတ်တာလားမပြောတတ်ပါဘူး၊ လျှပ်စစ်မီးပြတ်လို့ ဖယောင်း တိုင်မီးနဲ့အချိန်တော်တော်ကြာတဲ့အထိရေးနေတာပဲ”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။