(၂၅)
“ညို ဘယ်မှာလဲ၊ ဘယ်ကိုထွက်သွားတာလဲဟင်”
ညို့အစ်မနဲ့ယောက်ဖလားတော့မသိဘူး။ ကျွန်တော့်ကိုကြောင်ကြည့်ပြီးပြိုင်တူဖြေကြတယ်။
“တောင်ပေါ်ကိုသွားပြီ”
“ဗျာ၊ ကြာပြီလား”
“ဒီမနက်လေးတင်ပဲ၊ အခုနကထွက်သွားတာ”
“ကျွန်တော့်ကိုလိုက်ပို့ပါဗျာ၊ ဘယ်နားလဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလိုက်ပို့ပါ”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြတယ်။ ညိုကဘာကိုမှာထားသလဲတော့မသိဘူး။ ကျွန်တော့်ကတော့မရမကတောင်းဆိုဖို့ဆုံးဖြတ်ထားတယ်။ နောက်ဆုံး ကျွန်တော့်နောက်ကကောင်လေးတစ်ယောက်ဆီကစကားသံထွက်လာတယ်။
“လာ ကားကအခုနကမှထွက်တာ ကျွန်တော်လိုက်ပို့မယ်”
သူက ကျွန်တော့်ကိုလက်ဆွဲခေါ်ပြီးအဆင်သင့်ရပ်ထားတဲ့ဆိုင်ကယ်ပေါ်ကိုတက်စေပါတယ်။
“ဟဲ့ မင်းမင်း၊ ဧည့်သည်ကနေကောင်းပုံမရဘူး၊ သေချာခေါ်သွားဦးနော်၊ မိုးဖွဲလေးတွေလည်းကျနေတယ်”
ကျွန်တော့်ပုံစံက နုံးချိနေလို့ယိုင်တိုင်တိုင်ဖြစ်နေတာတော့အမှန်ပဲ။ ညကအအေးပတ်ထားတာကြောင့် တစ်ကိုယ်လုံးချမ်းပြီးတုန်နေတယ်။ ဖျားနေပြီလားမပြောတတ်တော့ပါဘူးညိုရယ်။ အရေးထဲ မိုးဖွဲလေး တွေလည်းကျနေလေရဲ့။
ဆိုင်ကယ်က ဘားအံ ရွှေဂွန်းကားလမ်းမပေါ်ဝုန်းခနဲမောင်းထွက်သွားတယ်။ ကျွန်တော်ကတော့လူငယ်လေးရဲ့ပခုံးကိုအလိုက်သင့်ကိုင်ရင်းရှေ့ဆီကိုမျှော်ပြီးကြည့်ရင်းလိုက်လာတာ ပေါ့။
ရင်တွေအရမ်းခုန်နေတယ်ညို။ ညိုနဲ့ဝေးလို့မဖြစ်ဘူး။ တွေ့မှဖြစ်မယ်။ ကားလမ်းမထက်မှာဆိုင်ကယ်က တစ်ဟုန်ထိုးပြေးနေတယ်။ ဆယ်မိနစ်လောက်ပဲကြာမယ်ထင်တယ်။ ကားတစ်စီးကိုမှိန်ပျပျလှမ်းမြင်ရ တယ်။
“ရှေ့မှာမြင်ရတဲ့ကားပဲအစ်ကို၊ ရွှေဂွန်းကနေဘားအံကိုဒီအချိန်ထွက်တာ အဲဒီကားတစ်စီးပဲရှိတယ်၊ အစ်မညို အဲဒီကားထဲမှာပါသွားတယ်”
သူ့စကားမဆုံးသေးဘူး။ ဆိုင်ကယ်ကဝုန်းခနဲထိုးရပ်သွားတယ်။ ဆက်မောင်းလို့မရတော့ဘူး။
“ဘာဖြစ်လို့လဲ ညီလေး”
“ဆီကုန်သွားတာလားမသိဘူး”
“ဟာ ဒုက္ခပဲ”
ကျွန်တော်ဆိုင်ကယ်ပေါ်ကခုန်ဆင်းလိုက်တယ်။ ပြီးတော့ ညိုပါသွားတဲ့ကားဆီကိုပြေးလိုက်လာ တော့တယ်။ ညို ဘယ်ကိုပဲသွားသွား ကျွန်တော်လိုက်မှာပဲ။ ကျွန်တော့်ဘေးနားက ခွဲမသွားပါနဲ့ညို။
ကျွန်တော်ရန်ကုန်ကိုမပြန်တော့ဘူးလေ။ ရွှေဂွန်းမှာပဲနေမယ်။ ကားမကြပ်ဘူး၊ ဟန်ဆောင်မှုတွေများ တဲ့ပတ်ဝန်းကျင်နဲ့ကင်းတယ်၊ ဒီမှာပဲ ကျွန်တော်တို့နှစ်ယောက်ဘဝကိုဖြတ်သန်းမယ်။
“ညို”
ကျွန်တော်အော်ခေါ်ပြီးကားနောက်ကိုပြေးလိုက်သွားတယ်။ အဆက်မပြတ်ပြေးနေရတယ်။ ရုတ်တရက် မိုးကဟောခနဲရွာချပါရော။ မိုးရေက ကျွန်တော့်ခြေလှမ်းနှောင့်နှေးအောင်တမင်များလုပ် နေခဲ့သလားညိုရယ်။
“ညိုရေ”
မိုးရေတွေကြားထဲမှာကျွန်တော့်တစ်ကိုယ်လုံးလေးလံအေးစက်လို့။ ဒါပေမဲ့ကားဆီကိုအမီလှမ်းဖို့အား အင်တွေလုံးဝလျော့လို့မဖြစ်ဘူး။ ရှိသမျှအားတွေအစွမ်းကုန်တင်းထားမိတယ်ညို။ မိုးကလည်းသည်း လာတယ်၊ ကားကလည်းကျွန်တော့်မြင်ကွင်းနီးနေတာကနေဝေးသည်ထက်ဝေးသွားတယ်။ နောက်ဆုံး ကျွန်တော်ကားလမ်းမပေါ်ခွေယိုင်လဲကျသွားတော့တယ်ညို။ အဲဒီနောက်ဘာမှမသိတော့ဘူး။ ကျွန်တော်သတိရလာတော့ ဆေးရုံမှာ။ ဘယ်ဆေးရုံလဲမသိဘူး။ ကျွန်တော့်ဘေးမှာ ညိုရှိမနေခဲ့ပါ ဘူး။
အားအင်တွေကုန်ခမ်းနေပြီး တစ်ခုခုခံစားနေရတယ်ညို။ အဲဒါက ကျွန်တော့်ဖြစ်တည်မှုပဲ။ ကျွန်တော် ဒီကမ္ဘာလောကကြီးကနေထွက်ခွာသွားရတော့မယ်ဆိုတာကိုသိနေသလိုပဲ။ ကျွန်တော့်ဘေးမှာ ဆိုင် ကယ်နဲ့လိုက်ပို့ပေးတဲ့ညီလေးရှိနေခဲ့တယ်။
“အစ်ကို့အတွက် မမညို တို့လိုတာတွေလုပ်ပေးနေတယ်၊ အစ်ကိုကားကိုလိုက်ရင်းသတိလစ်သွားတာ”
ကျွန်တော့်ကျောပိုးအိတ်လေးကိုတော့ သူတို့ယူလာပေးကြတယ်။ ညိုရှိနေတယ်ဆိုတဲ့အသိက တက်ကြွသွားစေတယ်ညို။ ဒါပေမဲ့ တစ်ဖက်မှာတော့ ကျွန်တော့်အားအင်တွေကုန်ခမ်းတော့မယ်ဆို တာသိလိုက်တယ်။ အဆုံးစွန်ထိကုန်ခမ်းတော့မယ်။ မင်းပိုင်ဇေရဲ့ဖြစ်တည်မှုကွယ်ပျောက်တော့မယ် ဆိုတာ အလိုလိုသိနေတယ်ညို။
ညီလေးကိုအကူအညီတောင်းပြီးတော့ပဲ ကျောပိုးအိတ်လေးထဲကစာအုပ်ကိုထုတ်ပြီး ဒီနောက်ဆုံးစာ မျက်နှာတွေကိုရေးဖြစ်တယ်ညို။ ဒါဟာ ညိုဖတ်ဖို့ ညို့ကိုချစ်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ရေးခဲ့တာပါ။ ညို ဒီစာကိုဖတ်နေတဲ့အချိန်မှာ သေချာပါတယ် ကျွန်တော်မရှိတော့ပါဘူး။ အခုရှိနေတဲ့ကျွန်တော့်အားအင် တွေက ညို့ကိုခဏလောက်များမြင်လိုက်ရမလားဆိုတဲ့အသိနဲ့တည် ဆောက်ထားတာမို့လို့ပါ။ ဒါပေမဲ့ မကြာပါ ဘူး။ ကျွန်တော့် မျက်လုံးတွေပြာဝေလာတယ်။ မြင်ကွင်းတွေေ၀ဝါးလာတယ်ညို။ နောက်ဆုံးကျွန် တော်စာကိုဆက်မရေး နိုင်တော့ဘူး။
ညို။ အရမ်းချစ်တယ်။ နောင်ဘဝများရှိခဲ့ရင်ဆုံတွေ့ပါရစေညိုရယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၂၆)
တောင်တန်းပြာပြာတွေကြားမှာ စိမ်းညို့ညို့သစ်တောအုပ်လေး။ အဲဒီသစ်တောသေးသေးလေး ကျော်သွားရင်တော့ အုတ်ဂူဖြူဖြူလေးကိုတွေ့ရမှာပါ။ အဲဒီမှာရေးထား တာက “မင်းပိုင်ဇေ အသက် (၂၅) နှစ်” တဲ့။ အဲဒါမောင့်အုတ်ဂူပေါ့။
အခုတော့ ကျူံထော်ရေတံခွန်ဟာ လူသွားလူလာများတဲ့နေရာတစ်ခုဖြစ်ခဲ့ပါပြီ။ ကျူံထော်ကိုလာရင်း လမ်းမှာဖြတ်သွားရတဲ့ရွှေဂွန်းဆိုတဲ့ရွာကြီးတွေ့ရင် မင်းပိုင်ဇေအုတ်ဂူရှိတဲ့နေရာကိုမေးကြည့်လို့ရပါ တယ်။ အရမ်းချစ်တတ်တဲ့ကောင်လေးတစ်ယောက်ကို ရွှေဂွန်းသူရွှေဂွန်းသားတွေမှတ်တမ်းတင်ထား ကြပါတယ်။ ရွှေဂွန်းဈေးကြီးထဲက ညိုတို့ဆိုင်ကိုလည်းလာလည်ပြီးဈေးဝယ်လို့ရပါတယ်။
မောင်နဲ့ညိုမခွဲတော့ဘူးလေ။ ရွှေဂွန်းမှာပဲ အတူရှိနေတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မေတ္တာရိပ်မှာအေးချမ်းပါစေ
တိမ်တိုက်ထွန်း (ကစ္ဆပနဒီ)၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆။ ညနေ ၈ နာရီ ၆ မိနစ်။