လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၄)

(၃)
ယောကျင်္ားလေးတိုင်းမှာ သူတို့ကိုးကွယ်တတ်တဲ့ ယောက်ျားမာနဆိုတာရှိတတ်တယ် ချစ်သူ။ ဒါပေမဲ့ အဲဒါဟာ အတိုင်းအတာတစ်ခုကျော်လွန်မှသာတွေ့ရမှာပါ။ မင်းကိုယ့်မျက်လုံးတွေရဲ့ နောက်ကွယ်ကို ရောက် တဲ့အချိန်မှသာ အဲဒီယောကျင်္ားမာနကထွက်ပေါ်လာခဲ့တယ်ဆိုတာ ကိုယ်ဝန်ခံပါတယ်။
မှတ်မိသေးတယ်။တစ်ခုသော ခရစ်စမတ်အကြိုတုန်းကအဖြစ်အပျက်။ အဲဒီတုန်းက ချစ်သူခေါ်ရာ နောက်ကို ကျွန်တော်လိုက်သွားမိခဲ့သည်။

ဆိုင်လေးတစ်ဆိုင်မှာခဏစောင့်ပြီး ယောက်ျားလေးတစ်ယောက်ရောက်လာသည်။ ချစ်သူနဲ့ စကားတွေ ဖောင်ဖွဲ့ပြီးရယ်လိုက်မောလိုက်ဖြစ်နေကြတာ။ ကိုယ်ကဘေးနာမှာငုတ်တုတ်ကြီး။ ထားပါတော့။ အဲဒီလောက် အနေအထားကိုတော့သဘောထားကြီးပေးရမှာပေါ့။ ဒါပေမဲ့ သိပ်မကြာပါ။ အခြားတစ်နေရာကိုသွားရမည်တဲ့။ သွားဆိုပြီး သုံးယောက်သားကားငှားသွားခဲ့သည်။
ဟံသာဝတီအဝိုင်းကားမှတ်တိုင်နောက်ဘက်မှာရှိတဲ့ ဘာသာ ရေးအဆောက်အဦအနားက အဆောင်တစ်ခုမှာ။ ဗဟိုလမ်းနဲ့လည်းနီးပါသည်။ စစ်သချိုင်း အဲဒီ အနောက်ကနေဝင်သွားရတာ။ အဲဒီအဆောင်မှာ ယောက်ျားလေး သုံးလေးယောက်၊ မိန်းကလေး သုံးလေးယောက်တွေ့သည်။ အစည်းအဝေးလုပ်မှာတဲ့လေ။ လုပ်ပေါ့။ ကျွန်တော်ထိုင်စောင့်ပေးမယ်ဆိုပြီး အဆောင်အောက်က ခုံတန်းလျားလေးမှာစောင့်ပေးသည်။
အဆောင်ထဲကဧည့်ခန်းထဲမှာ အစည်းအဝေးလုပ်ကြသည်။ ရယ်သံတစ်ချက်တစ်ချက်ကိုသာ ကျွန်တော်ကြားရသည်။ ဘာသာရေးဆိုင်ရာကိစ္စမို့ ကျွန်တော်ဝင်မသွားဖြစ်။ သူတို့အစည်းအဝေးက မနက်ဆယ် နာရီခွဲကနေစလိုက်တာညနေငါးနာရီမှပြီးသည်။ ခုံတန်းလျားပေါ်မှာ အိပ်ပျော်တစ်ချက်၊ နိုးတစ်ချက်နဲ့ စောင့် လိုက်ရတာ။ ဗိုက်ကလည်းဆာလိုက်တာတဂွီဂွီနဲ့။
အစည်းအဝေးပြီးတော့ မနက်ကကောင်နဲ့ပဲ ရယ်ရယ်မောမော ထွက်လာသည်။ ကျွန်တော့်ကို သွားမယ်ဆိုပြီး တစ်ချက်လှမ်းပြောကာ ကားမှတ်တိုင်ရှိရာကို လမ်းလျှောက်လာခဲ့ကြသည်။ လမ်းတစ် လျှောက်လုံး ဘာစကားမှလှည့်ပြောဖော်မရ။ ကျွန်တော့်မှာဒေါသထွက်လိုက်တာ။
တစ်ချက်တစ်ချက်တောက်ခတ်ရုံမှအပ ဘာမှအပြစ်တင်စကားမပြောတော့။ ပြောလည်းဘာထူးမှာလဲ။ ကျွန်တော်ပဲရှုံးမည်။ ကားမှတ်တိုင်ရောက်တော့ ဟိုကောင်ကနှုတ်ဆက်ပြီးပြန်သွားသည်။ ဒီအချိန်ကြီး ကျမှ ဘယ်ကိုဆက်သွားလို့ရတော့မှာလဲ။ စိတ်ဆိုးဆိုးနဲ့ ဘာစကားမှမပြောဘဲနေမိတော့ သူကလည်း ကျွန်တော့်ကို စကားပြန်ပြောဖော်၊ ချော့ဖော်မရပါ။ ဆယ်မိနစ်လောက်ကြာတော့ ကျွန်တော်ကပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး စကားပြန်ပြော၊ ချစ်သူကိုကားပေါ်တင်ပေးပြီးပြန်လာရသည်။
ခရစ်စမတ်ကျတော့လည်း ဟိုကောင်နဲ့တူတူသွားတာ။ အဲဒီကောင်နဲ့ ချစ်သူနဲ့ အီစကလီအပြန်အလှန် လုပ်နေကြတာကိုညီမလေးဆီကနေ တစ်ဆင့်သိခဲ့ရသည်။ ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြတာကို အမေရော၊ညီမလေးရောမရိပ်မိကြပါ။ ခရစ်စမတ်အကြိုအဖြစ် အပျက်က ကျွန်တော့် ရဲ့ယောက်ျားမာနကို ထိပါးသွားမှန်းမသိစိတ်မှာ ကိန်း အောင်းနေခဲ့လေသည်။
အဲဒီကတည်းက ချစ်သူနဲ့ ကျွန်တော် ကြားမှာအဖုအထစ်လေးတစ်ခုစတင်ဖြစ်ထွန်းခဲ့ တာပင်။ နောက်အစားအသောက်အတူတူစားတဲ့အခါအဖြစ်တွေလည်း ရင်ထဲမှာ ခံစားစရာတွေဖြစ်လာတတ်ခဲ့ သည်။
ချစ်သူဖြစ်ခါစကနေ အချိန်အတော်များများအထိ ချစ်သူက သူစားတဲ့ ပထမဦးဆုံးတစ်လုပ်ကို ကျွန်တော့်ကိုခွံ့ကျွေးတတ်ပါသည်။ မှတ်မှတ်ရရ လှည်းတန်း အိုင်တီဆိုင်မှာ ရှမ်းခေါက်ဆွဲမှာ စားတုန်းကပထမဦးဆုံးတစ်လုပ်ကိုစားဖို့ကျွန်တော်က ပါးစပ်ဟပေးသည့်တိုင် ချစ်သူကခွံ့မကျွေးခဲ့ပါ။
“ဘာဖြစ်လို့လဲ မြတ်နိုး၊ကိုယ်ကိုခွံ့ကျွေးလေ”
“ဟင့်အင်း၊လူတွေအများကြီးပဲ ရှက်စရာကြီး”
“ဟာ.. ခါတိုင်းလည်းခွံ့ကျွေးနေကျပဲလေကွာ”
“အာ…..ရှက်တယ်၊ ကျွေးချင်ပါဘူး”
“ကျွတ်”
ကျွန်တော်စိတ်ဆိုးသွားမှန်းလည်းသိရောချစ်သူကဘာပြောတယ်ထင်ပါလဲ။
“ကဲ…ခွံ့မကျွေးတဲ့အတွက် ဒီနေ့စားတဲ့ဟာကို မြတ်နိုးရှင်းမယ်။ လျော်ကြေးပေးတဲ့အနေနဲ့ ဟုတ်ပြီလား” တဲ့။
အဲဒါဟာအညင်သာဆုံးသော ချော့မြူခြင်းဖြစ်သည်။ အဲဒီနေ့ ကျွန်တော်သူမကိုစိတ်ဆိုးတာ တော်ရုံနဲ့ မပြေပါ။ စားသောက်ပြီးဆိုင်ဘေးနားက ခိုင်ရွှေဝါ လမ်းထဲခေါ်ပြီး စိတ်ရှိလက်ရှိ ဖက်နမ်းပစ်လိုက် တော့မှ မြတ်နိုးအပေါ်စိတ်ဆိုးမှုတွေပျောက်သွားလေသည်။ မှတ်ထားအဲဒါ လူရှေ့မှာ မုန့်ခွံမကျွေး ချင်တဲ့အတွက်လျော်ကြေး။
အဲဒီနေ့က မြတ်နိုးတစ်ယောက် ရှက်ရှက်နဲ့တာမွေကားပေါ်တက်ပြီးပြန်သွားတာ မှတ်မိပါသေးသည်။ ဒါပေမဲ့နောက်ပိုင်း ဘာစားစား ကျွန်တော့်ကိုခွံ့မကျွေးတော့ပါ။ ကျွန်တော့်ဘက်ကမှားမှား ချစ်သူ ဘက်ကမှားမှား အလျှော့ပေးရသူမှာကျွန်တော်ပဲဖြစ်လေသည်။ တစ်နေ့ကျွန်တော့်သင်တန်းနားကို ချစ်သူရောက်လာတော့ ဆရာယူခိုင်းတဲ့ မားသားဘုတ်ကို ဆိုင်တစ်ဆိုင်ကနေယူပြီးထွက်လာတဲ့ ကျွန်တော်နဲ့အတန်းဖော်ကောင်မလေးတစ်ယောက်ကို တွေ့သွားတော့သည်။
မိုးကခပ်ဖွဲဖွဲရွာတော့ မားသားဘုတ်စိုမှာကိုလည်းစိုးရိမ်၊ ခန္ဒာကိုယ်စိုမှာလည်းစိုးရိမ်နေတာကြောင့် နှစ်ယောက်သား ခပ်သုတ်သုတ်ပြေးသယ်လာကြတဲ့ပုံစံကို တွေ့ပြီး သဝန်တိုသွားခဲ့သည်။
ဒါပေမဲ့ သဝန်တိုကြောင်းဝန်မခံပါ။ အတွင်းစိတ်ကသာပုန်းအောင်းပြီးတော့သာနေခဲ့လေသည်။
“မနေ့ကတွေ့တော့ လှမ်းခေါ်လိုက်တာမဟုတ်ဘူး”
“အနှောင့်အယှက်ဖြစ်မှာစိုးလို့”
“ဘာကိုဖြစ်ရမှာလဲ”
“အော်…..နှစ်ယောက်သားပူးယှက်ပြီးမိုးရေထဲမှာပြေးသွားနေတာလေ”
“ဟာ….အဲဒါ ရိုးရိုးသားသားပါကွာ၊ဘာလဲ သဝန်တိုတာလား”
“ဘာလို့တိုရမှာလဲ”
တကယ်တော့ သူမကျွန်တော့်ကိုသဝန်တိုတာ နှစ်ပတ်လောက်တောင်ကြာပါသည်။ မေးတော့လည်း မဟုတ်ဘူးငြင်းပြီးကျွန်တော့်ကိုဖုန်းလည်းမဆက်၊တွေ့တော့လည်းစကားအကောင်းမပြော။ကျွန်တော့်မှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
“မြတ်နိုးဘာဖြစ်နေတာလဲ”
“ဘာမှမဖြစ်ဘူး”
“ဘာမှမဖြစ်ရင် ဘာလို့အဲလိုနေရတာလဲကွာ မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောမှပေါ့။ အဲဒါမှဖြေရှင်းသင့်ရာဖြေရှင်း၊ ချော့သင့်ရာချော့ရမှာလေ”
အဲလိုပြောတော့လည်းလက်မခံ။ စိတ်ကောက်မြဲ။ တွေ့တိုင်းမျက်နှာစူပုပ်မြဲပင်။ ကျွန်တော့်မှာ စိတ်ပင် ပန်းလိုက်ရတာ။ အဲဒီအဖြေမရှာနိုင်တဲ့ စိတ်ပင်ပန်းမှုကလည်း အဖုအထစ်လေးတစ်ခုဖြစ်မှန်းမသိ ဖြစ်သွားခဲ့လေသည်။ နောက်ထပ်အဖုအထစ်ငယ်ပေါင်းများစွာကို ကျွန်တော်ကြုံတွေ့ရလေသည်။
အသေးအမွှားကိစ္စလေး တွေဆိုပေမယ့် စိတ်ပင်ပန်းရတာတွေများလာတော့ အဖုအထစ်အသေးလေး တွေဟာ အကြီးကြီးအဖြစ် ကျွန်တော့်ရင်ထဲ ကိန်းအောင်း ခိုဝင်နေခဲ့လေသည်။ ချစ်သူရဲ့အနိုင်ယူမှုနဲ့ ကျွန်တော့်ရဲ့လိုက်လျောအလျှော့ပေးမှုတွေကြားထဲမှာ အဲဒီပြသနာလေးတွေက မပြောပလောက်စရာ ကနေ ကြီးပြင်းလာခဲ့တာပဲဖြစ်သည်။
ကျွန်တော့်ရှေ့မှာတင်ယောကျ်ားလေးတွေနဲ့ အီစီကလီလုပ်ပြတာ၊ မထင်ရင်မထင်သလို စိတ်ကောက် စိတ်ဆိုးတာ၊ ဘယ်အရာမဆိုမြတ်နိုးကချည်းပဲ တစ်ဖတ်သက် မှန်နေခဲ့တာတွေဟာ ကျွန်တော်ကောင်း ကောင်းပြုပြင်ပေးရမယ့်အရာတွေမှန်းသိပေမယ့် ချစ်တဲ့စိတ်တစ်ခုကြောင့် ခွင့်လွှတ်သည်းခံ အလျှော့ ပေးခဲ့ရသည်ချည်း။
အဆိုးဆုံးကတော့သူမယူကေကို ကျောင်းသွားတက်တော့မယ့်အချိန်မှာ ကျွန်တော်ပေးထားတဲ့ အမှတ်တရလက်ဆောင်တွေကိုယူမသွားတာ ပဲဖြစ်သည်။ ဟိုကောင်ခရစ်စမတ်လက်ဆောင် ပေးတဲ့ အရုပ်လေးကိုတော့ ခရီးဆောင်သေတ္တာထဲ သေချာထည့် လိုက်တာ သူ့အိမ်ကိုညီမလေးနဲ့ ရောက် သွားခိုက် မြင်ဖြစ်အောင်မြင်လိုက်သည်။ မသေချာလို့ အွန်လိုင်းပေါ် မှာတွေ့တဲ့အခိုက်မေးမိသေး သည်။
“မောင်ပေးတဲ့ပစ္စည်းကိုမယူရက်လို့” ဆိုပြီးအကြောင်းပြသည်။ ဘာလို့မယူရက်တာလဲ။ ဘယ်လို မယူ ရက်တာလဲဆိုတာကိုတော့ မရှင်းပြပါ။
မြတ်နိုး နိုင်ငံခြားမှာကျောင်းသွားတက်ချိန်မှာ ကျွန်တော် (…..) ဂျာနယ်မှာအလုပ်ဝင်ပြီး ခြောက်လ လောက်ပဲရှိပါလိမ့်မည်။ ချစ်သူ မသွားခင်ညက ကျွန်တော်သွားတွေ့တော့ နှုတ်ဆက်အနမ်းကို တောင်အာပေါက်အောင်တောင်းယူရသည်။ နောက်တစ်နေ့ လေဆိပ်ကိုလိုက်ပို့တော့ ကျွန်တော့်ကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင် မသတ်မှတ်။ မြတ်နိုးရဲ့အစ်ကိုတွေ သူငယ်ချင်းတွေနဲ့သာ အလွမ်း သယ်နေလေသည်။
ကျွန်တော့်မှာတော့ ကြေကွဲလိုက်ရတာ။ မှတ်မှတ်ရရ အဲဒီနေ့က ကျွန်တော်တို့ အယ်ဒီတာချုပ်က မိုးဇလမှာ ဦးထွန်းလွင်(အဲဒီတုန်းကတာဝန်ထမ်းဆောင်နေဆဲ)ကို အင်တာဗျူးခိုင်းတဲ့နေ့ပေါ့။ လေဆိပ်မှာသူမကိုလိုက်ပို့ပြီး ကမ္ဘာအေးမိုးဇလဝင်းကိုလာပြီး အင်တာဗျူးရသည်။ မျက်နှာမသာမယာ ဖြစ်နေမှာတော့အမှန်။
နေ့လည် အလုပ်တူတူဝင်တဲ့ ကိုအောင် ၊ မမြင့်ကေ တို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်တော့ ချစ်သူကိုလွမ်းပြီးချုံးပွဲချငိုမိ သည်။ ကိုအောင်တို့က ၀ိုင်းချော့ကြရသေးတဲ့ ကျွန်တော့်အဖြစ်။ တစ်ပတ် လောက်အထိ တော်တော်ခံစားလိုက် ရသည်။ နောက်တော့အွန်လိုင်းမှာတွေ့ရင်း၊ ဖုန်းဆက်ရင်း အလွမ်းပြေလာခဲ့လေသည်။
ဒါပေမဲ့ မြတ်နိုးကျွန်တော့်မျက်စိရှေ့မှာမရှိတော့ တဲ့အချိန်တွေမှာ မြတ်နိုးအပေါ်ဖြစ်နေတဲ့ အဖု အထစ်က ရင်ထဲမှာ ကိန်းအောင်းနေရာမှ ထွက်ပေါ်လာခဲ့ပါသည်။ ကံတရားကြောင့်လား မပြောတတ် တော့ပါ။ ချစ်သူကို အရင်ကလောက် စိတ်ထဲမရှိတော့တာ ကျွန်တော့်ကိုကျွန်တော် သေချာလာသည်။ ဒါပေမဲ့ မြတ်နိုးကို ကျွန်တော်မချစ်ဘူးလား။ မဟုတ်…ချစ်ပါသည်။ တကယ်မြတ်မြတ်နိုးနိုးချစ်တာပါ။
တစ်နေ့ကျွန်တော့် Gtalk Status မှာတင်ထားတဲ့ စာသားကိစ္စနဲ့ပတ်သတ်ပြီး အွန်လိုင်းပေါ်မှာ စကားများကြသည်။ Lovely လို့ရေးထားပြီး ကလေးတစ်ယောက်ပုံကိုတင်ထားတာပင်။ အဲဒါကို ချစ်သူကဘယ်သူ့ကိုချစ်ဖို့ ကောင်းတယ်လို့ပြောရတာလဲ။ သူ့အပြင်ဘယ်သူတွေ့နေပြီလဲဆိုပြီး စိတ်ကောက်သည်။ တော်တော်ကြာသည်အထိ ဖုန်းမဆက်တော့။ အဲဒီတုန်းက ငါးသိန်းဖုန်းတွေ တောင်မပေါ်သေးတော့ ရုံးဖုန်းကိုပဲလည်ပင်းရှည်အောင်မျှော်ရသည်။
အပြင်ကိုလည်းတော်ရုံနဲ့မထွက်ရဲ။ တော်ကြာသူ့ဖုန်းလာမှာစိုးလို့။ ကျွန်တော့်ဆီကသူ့ဆီကိုဖုန်းဆက်ဖို့ နိုင်ငံခြားကောခေါ်ဆိုရမှာမို့လို့အဆင်မပြေလို့ ချစ်သူရဲ့ဖုန်းကိုပဲမျှော်ရ တာပင်။ နှစ်ပတ်လောက် အကြာကျမှ ဖုန်းလာပါသည်။ ကျွန်တော်လည်း အဲဒီတော့မှ မြိုသိပ်ထားသမျှခံစားချက်တွေ ပေါက်ကွဲ ကုန်တော့သည်။
“မင်း ငါ့ကိုရည်းစားအဖြစ်ရော သတ်မှတ်ထားသေးလား။ မင်းလုပ်ချင်သလိုလုပ်၊ အနိုင်ယူချင်သလိုယူ ခဲ့ပြီးပြီပဲ။ အဝေးရောက်နေတဲ့အချိန်မှာအဆင်ပြေပြေနေကြရအောင်လား” ဆိုပြီးအပျော့နည်းနဲ့ စိတ်ဆိုးပြပါ သည်။ ဒါပေမဲ့ မြတ်နိုးကထုံးစံအတိုင်းကျွန်တော့်ကိုအနိုင်ပိုင်းဖို့ အသင့်စောင့်နေ လေသည်။ ကျွန်တော်အရမ်း ပြောရင်ဖုန်းမဆက်ပဲနေမှာပေါ့။ ဒါပေမဲ့ ကျွန်တော်လည်း ကိန်းအောင်းထားသမျှပြောဖြစ်ပါသည်။
“မြတ်နိုး ကိုယ့်မင်းကိုချစ်တဲ့စိတ်နဲ့ အရာရာအလျှော့ပေးသည်းခံခဲ့တာချည်းပဲ၊ မင်းအတွက် ယောကျင်္ား မာနတွေလည်းကုန်နေပြီ၊ အဖတ်လည်းဆယ်လို့မရတော့ဘူး၊ ကိုယ်မင်းကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ဖူးလို့လား၊ မင်းစိတ်မကျေနပ်စရာရှိရင်လည်းကိုယ်တောင်းပန်ဖို့အဆင်သင့်ပဲ၊ ဒါပေ မဲ့မြတ်နိုးက ကိုယ့်အပေါ်အဲဒီလိုမဟုတ်ဘူး၊ အရာရာမြုံစိစိနဲ့၊ မကျေနပ်တာတွေကိုလည်း ကိန်းအောင်းထားတယ်၊ ကိုယ်ဘယ်လိုနားလည်ရမလဲမြတ်နိုး”
“အခုမကျေနပ်လို့ဖုန်းမဆက်တာလေ၊ စိတ်ဒုက္ခပေးထားတာ”
“အေး မင်းကရော စိတ်ချမ်းသာနေရလို့လားမြတ်နိုး၊ အခုလိုလုပ်တာမင်းပျော်နေရလို့လား၊ နှစ်ယောက်စလုံးစိတ်ပင်ပန်းမယ့်အလုပ်တွေကိုလုပ်နေတာလေ”
“မောင် စိတ်ညစ်နေမှာသိရင်ကျေနပ်တယ်”
“သွားစမ်းပါ၊ ဘာလဲ ဒါဆိုမင်းက ကိုယ့်ကိုစိတ်ညစ်စေချင်တဲ့စိတ်နဲ့ချစ်ခဲ့တာလား၊ ဘုရားကျောင်းက သူငယ်ချင်းတွေနဲ့တစ်နေကုန်အချိန်ဖြုန်း၊ ကိုယ့်ကိုတစ်နေကုန်ထိုင်စောင့်ခိုင်းပြီး စိတ်ကျေနပ်အောင် အပြောလေးနဲ့ပဲဖြစ်ဖြစ်မတောင်းပန်တာ ကိုယ့်ကိုစိတ်ညစ်စေချင်ခဲ့တာလား၊ ဆိုင်မှာမုန့်စားရင်ခွံ့ကျွေး တတ်တဲ့အကျင့်ကိုအရင်စလုပ်ခဲ့ပေးပြီးမှ ဗြုန်းစားကြီးဖြတ်ချပစ်လိုက်တာရော ကိုယ့်စိတ်ကိုဒုက္ခပေး တာလား၊ စိတ်ကောက်နေရင် ဘာကိုစိတ်ကောက်နေမှန်းသိအောင်မပြောဘဲ ကိုယ့်ရှေ့မှာတစ်ချိန်လုံး မျက်နှာစူပုပ်ပြနေ၊ ကိုယ့်ကိုဘုကလန့်ပြောနေခဲ့တာတွေကရော စိတ်ဒုက္ခပေးခဲ့တာတွေပဲလား”
“ဟုတ်တယ်”
“အေး ဒါဆိုမြတ်နိုး ဘယ်သူမှားလဲ ဆန်းစစ်ကြည့်ဖို့လိုပြီ”
အဲဒီနောက်တော့ သူမကဘာပြောတယ်ထင်ပါလဲ။
“နောက်ထပ်မောင့်ဆီကိုဖုန်းမဆက်တော့ဘူး။ မြတ်နိုးတို့ပြတ်ကြရအောင်” တဲ့။
ကျွန်တော်ကလည်းစိတ်ဆိုးနေတဲ့အရှိန်ရော၊ အရင်ကအဖုအထစ်တွေရော ပေါင်းပြီးပြန်ပြောလိုက်ပါသည်။
“အင်းကောင်းပြီလေ၊ မင်းနဲ့ငါလမ်းခွဲကြတာပေါ့”။
×××××××××××××××××××××××
(၄)
အဲဒီနောက်ပိုင်းမှာတော့ မြတ်နိုးရဲ့အဆက်အသွယ်ကို ကျွန်တော်မမျှော်လင့်ခဲ့တော့ပါ။ လွမ်းတော့ လွမ်းမိပါသည်။ ဒါပေမဲ့သေချာစဉ်းစား ကြည့်တော့နာစရာကပိုများနေသည်။ ယောကျင်္ားမာန ကိုထိပါးတာမျိုးတွေကိုစဉ်းစားမိတဲ့အခါ ကျွန်တော်မြတ်နိုးကိုပြတ်နိုင်ပြီဆိုတာ သေချာသွား လေသည်။
ဒါပေမဲ့ပြသနာကပြီးဆုံးမသွားခဲ့ပါချေ။ တစ်ပတ်လောက်အကြာမှာဖုန်းလာလေသည်။ “မောင် တကယ်ပြတ် နိုင်လား”တဲ့။ ကျွန်တော်ကတော့စိတ်ပိုင်းဖြတ်ထားခဲ့တာမို့ “အင်း ပြတ်နိုင်တယ်” လို့သာပြောခဲ့သည်။ အဲဒီနောက် မှာတော့ ချစ်သူ ဖုန်းချသွားပြန်သည်။ နောက်တစ်နေ့ ထပ်ဆက်သည်။ “တကယ်ပြတ်မှာလား သေချာအောင်မေး တာ” တဲ့လေ။ “အင်း… ငါမင်းကို မချစ်တော့ဘူး။ ငါ့အချစ်တွေက စိတ်နာစရာအဖြစ်ပြောင်းလဲသွားပြီ” လို့ပြောလိုက်တော့ ကျွန်တော် မထင်မှတ်ထားတဲ့အဖြစ်အပျက်ဖြစ်လာခဲ့သည်။ မြတ်နိုးရဲ့ချံူးပွဲချငိုသံကို ကျွန်တော်ကြားလိုက်ရ တာပင်။
“ဟင့်အင်း မြတ်နိုးမောင့်ကို မပြတ်နိုင်ဘူး။ မောင့်ကိုချစ်တယ်၊ မောင်ကြားချင်တဲ့စကားတွေကို မြတ်နိုး ပြောမယ်။မောင့်ကိုချစ်တယ်။ မောင့်ကိုချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်” ဆိုပြီးသူမဆက်ငိုတော့သည်။ ကျွန်တော်စိတ်ကိုတင်းထားလိုက်မိသည်။
ကျွန်တော်မြတ်နိုးကိုတကယ်ပြတ်နိုင်တာမို့၊ မြတ်နိုးရဲ့ပုံစံကကျွန်တော့်ကို အရှုံးတွေချည်းပဲများစေခဲ့ တာမို့ မင်းကိုငါမချစ်ဘူးလို့သာ အကြိမ်ကြိမ်ပြောနေမိခဲ့သည်။ အရင်တုန်းကဆို ချစ်သူရဲ့ချစ်တယ်ဆို တဲ့စကားသံကို အကြားချင်ဆုံးဖြစ်ခဲ့ပြီး သူ့ကိုပြောစေဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပင်။
စတင်ချစ်ခါစက ရက်ပိုင်းလောက်သာကြားခဲ့ရတာပင်။ ချစ်တယ်ဆိုတဲ့ စကားကိုကြားရဖို့ ကျွန်တော့် ဖက်ကအကျပ်ကိုင်မှုများစွာ၊ ချော့မြူမှုများစွာကိုသုံးခဲ့ရဖူးသည်။ နောက်ဆုံးတော့ အဲဒီစကားက ဒလဟောထွက်လာခဲ့တာပဲ မဟုတ်လား။
“ကဲ၊ပြောစရာမရှိတော့ဘူး ဖုန်းချလိုက်တော့မယ်၊ တာ့တာ ဒါနောက်ဆုံးနှုတ်ဆက်တာပဲ”
“နေပါဦးမောင်ရယ် မြတ်နိုးတောင်းပန်ပါတယ်”
ကျွန်တော် ဖုန်းချလိုက်သည်။ (…) ဂျာနယ်တိုက်ကဝန်ထမ်းတချို့စူးစမ်းတဲ့အကြည့်နဲ့ ကြည့်သွားကြသည်။ ဖုန်းကထပ်လာသည်။ ကျွန်တော်လည်းချစ်သူတောင်းပန်တာကို နားထောင်ပြီး ဖုန်းချလိုက် သည်။ ထပ်ခေါ်သည်။ ကျွန်တော့်ကိုတစ်ခုခုပြန်ပြောဖို့တောင်းပန်သည်။ အဲလိုမျိုး ဖုန်းချလိုက် ပြန်ခေါ် လိုက်နဲ့ ချစ်သူရဲ့ ဖုန်းကတ်ကုန်ခါနီးကျမှ တော်သွားသည်။
“မြတ်နိုးကို နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် စကားပြောခွင့်ပေးပါမောင်ရယ်။ မနက်ဖန်မနက်၁၀ နာရီမှာ မောင့်ကိုအွန်လိုင်းကနေ စောင့်နေမယ်။ ဆက်ဆက်လာခဲ့ပါနော်” တဲ့။
ကျွန်တော်လက်ခံခဲ့သည်။ နောက်တစ်နေ့ မနက်ဆယ်နာရီမှာတော့ အွန်လိုင်းပေါ်တက်ခဲ့လေ သည်။
“မောင် မြတ်နိုးတောင်းပန်ပါတယ်…။ မြတ်နိုးကိုခွင့်လွှတ်ပါမောင်” တဲ့လေ။
ကျွန်တော်ဘာပြန်ပြောရမယ်မှန်းမသိ။ ချစ်သူအပေါ်သနားမိတာတော့အမှန်ပင်။ တစ်ဖက်ကလည်း ယောက်ျားမာနက ထက်သန်မှန်းမသိထက်သန်နေခဲ့လေသည်။
“တော်ပြီ မြတ်နိုး၊ မင်းကိုငါတော်တော်စိတ်ကုန်သွားပြီ၊ ဇာတ်လမ်းကိုဒီမှာတင်ပဲရပ်လိုက်တာကောင်း မယ်၊ ရပ်ဖို့လည်းငါဆုံးဖြတ်ပြီးပြီ”
“ဘာကြောင့်လဲမောင်”
“အေး အမှန်အတိုင်းပြောရရင် ငါ့မှာမင်းထက်ချစ်စရာကောင်းတဲ့ ချစ်သူတစ်ယောက်တွေ့ထားလို့ပဲ”
အဲဒီစကားကို ကျွန်တော်တည်တည်ငြိမ်ငြိမ်ပင်ပြောနိုင်ခဲ့ပါသည်။ မြတ်နိုးယုံကြည်အောင်ပြောနိုင် ခဲ့ခြင်းပင်။
“အားလုံးက တစ်သက်မှာတစ်ခါတော့ မှားတတ်ကြတာပဲမဟုတ်လားမောင်၊ မြတ်နိုးဝန်ခံပါတယ်၊ မောင့်အပေါ်အနိုင်ယူခဲ့မိတယ်၊ ဖြစ်သင့်တာထက်ပိုပြီး မောင့်ကိုအနိုင်ယူခဲ့တာပါ၊ အဲဒီအတွက် တောင်းပန် ပါတယ်မောင်ရယ်၊ မြတ်နိုးကိုပြန်ပြီးလက်ခံပေးပါ”
ကျွန်တော်ဘာလုပ်ရမလဲလျှပ်တစ်ပြတ်စဉ်းစားမိသည်။ နောက် Gtalk ပေါ်မှာ မနှင်းနှင်းဝေ ကိုတွေ့သည်။
“အစ်မ ကျွန်တော့်ဆီကိုခဏလာခဲ့ပါ တစ်ခုလောက်ကူညီပါ အရေးကြီးလို့” ဆိုပြီး အွန်လိုင်းကနေလှမ်း ပြောတော့မနှင်းနှင်းဝေကစမ်းတဝါးဝါးရောက်လာသည်။ ကျွန်တော်သုံးနေသည့်အင်တာနက်ဆိုင်က အဆောက်အဦရဲ့ဆယ်လွှာမှာဖြစ်ပြီး ဂျာနယ်တိုက်ရုံးကပထမထပ်မှာဖြစ်သည်။
“ငါလက်ရှိ စတွဲနေတဲ့ကောင်မလေးကိုဘယ်လိုလုပ်ရမလဲ”
“မြတ်နိုးသူကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်မောင်ရယ်”
“ဟင့်အင်း မရတော့ဘူး သူနဲ့ငါက မင်းမသွားခင်ကတည်းကအဆင်ပြေနေတာ”
“မြတ်နိုးမောင့်ကိုပိုင်ဆိုင်ခွင့်မရှိတော့ဘူးလားမောင်၊ မောင်အရင်တုန်းက ဆောက်ခဲ့တဲ့အိပ်မက်တွေ မှာ မြတ်နိုးမပါနိုင်တော့ဘူးလား”
ကျွန်တော်ချစ်သူကိုပြောဖူးပါသည်။ လက်ထပ်ပြီးတဲ့အခါ တိုက်ခန်းလေးတစ်ခန်း ဝယ်ပြီးတူတူ နေကြမယ်လို့။ အိမ်မှာဆိုညီမလေးနဲ့ချည်းစကားပြောဆိုသွားလာနေရင် ကျွန်တော့်ကိုဂရုစိုက်နိုင်မှာ မဟုတ်တော့ဘူးလို့ လေ။ ပြီးတော့ ကျွန်တော်တည်ဆောက်မည့်အိမ်ထောင်သည် ဘဝတွေကို ခြယ်မှုန်းပြီး မြတ်နိုးကိုစိတ်ရှည်လက် ရှည်ပြောပြခဲ့ဖူးသည်။
“ဆောရီး မြတ်နိုး မင်းအတွက်စိတ်မကောင်းပါဘူး၊ ကိုယ့်ဘေးနားမှာသူထိုင်နေတယ်အခု ပြောမလား” ဆိုပြီး မနှင်းနှင်းဝေကို အသံနည်းနည်းပေးဖို့အကူအညီတောင်းခဲ့ပါသည်။
အစ်မကလည်းဘုမသိဘမသိနဲ့ ကျွန်တော့်ကိုကူညီလေသည်။ ကျေနပ်တဲ့အထိတောင်းပန်မယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းပြောမလား လို့ဆိုတော့ ချစ်သူက မပြောရဲပါချေ။
“မြတ်နိုးသူ့ကိုဘယ်လိုစကားတွေပြောရမလဲမသိဘူးမောင်။ မောင့်ကိုချစ်တာပဲသိတယ်၊ မောင်နဲ့မခွဲ နိုင်တာပဲသိတယ်၊ အခုမြတ်နိုးတစ်ယောက်တည်း သူများနိုင်ငံမှာနေနေရတာ၊ မောင်အဲလိုမျိုး မြတ်နိုးကို စိတ်အားငယ်အောင်ဝမ်းနည်းအောင်မလုပ်ပါနဲ့လားဟင်”
“မင်းဖန်တီးခဲ့တာပါမြတ်နိုး၊ အရာရာကို မင်းဖန်တီးခဲ့တာပါ”
“မြတ်နိုးဘယ်လိုမှတောင်းပန်လို့မရတော့ဘူးလား”
“မရတော့ဘူး၊ မင်းအသံကိုတောင် ငါမကြားချင်တော့လောက်အောင်ဖြစ်သွားမိတယ်၊ တကယ်ပြော တာ အဲဒါ”
မြတ်နိုး ရဲ့ရှိုက်ငိုသံကိုအတိုင်းသားကြားနေရသည်။ ခဏကြာတော့ချစ်သူ လက်လျှော့သွားဟန် တူပါသည်။
“အင်းလေ မြတ်နိုးမတတ်နိုင်တော့ပါဘူး၊ မောင့်ကိုနှုတ်ဆက်ရုံကလွဲရင်ဘာတတ်နိုင်တော့မှာလဲလေ၊ မောင်မြတ်နိုးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ပါနော်”
“အင်း၊ တာ့တာ…။ ငါမင်းအပေါ်ပေးခဲ့တဲ့အမှတ်တရတွေ အကုန်လုံးဖျက်ဆီးပစ်လိုက်နော်”
ကျွန်တော်အဲဒါပဲပြောလိုက်ပါသည်။ ချစ်သူကြားချင်တဲ့စကားကချစ်တယ်ဆိုတဲ့စကားမှန်းသိတာပေါ့။ ဒါပေမဲ့ ခုချိန်မှာပြောလို့ဘာထူးမှာလဲလေ။ကျွန်တော် Sign Out လုပ်လိုက်သည်။ ဆက်ပြီးအဓွန့်မရှည် ချင်တော့။ အဲဒီနောက်ပိုင်းကစပြီး မြတ်နိုးကျွန်တော့်ဆီကိုဖုန်းမဆက်တော့ပါ။ ဆယ်ရက်လောက် အကြာမှာတော့ ယူကေမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီကအီးမေးလ်တစ်စောင် လက်ခံရရှိလေ သည်။ သူက ကျွန်တော်တို့နှစ်ယောက်အကြောင်းကိုကောင်းကောင်းသိထားသူပင်။
“မြတ်မင်း
မင်းတော်တော်အကျင့်မကောင်းတဲ့ကောင်ပဲလို့ ငါပြောချင်တယ်၊ အစတုန်းက မင်းကို သနားခဲ့တာ။ အခုမြတ်နိုးကကမ္ဘာပေါ်မှာသနားစရာအကောင်းဆုံး ကောင်မလေး တစ်ယောက်ဖြစ် နေပြီ။ မင်းနဲ့သူ ပြတ်သွားတာလား..။ ပြသနာတက်တာလား ငါသေချာမသိပေမယ့် မြတ်နိုးတော် တော်စိတ်ဆင်းရဲနေတာတော့ ငါမြင်နေရတယ်။ လေးငါးရက်ဆက်တိုက်ငို ချည်းပဲငို နေတယ်၊ အစားလည်းကောင်းကောင်း မစားဘူး၊ သူများနိုင်ငံမှာအားကိုးစရာ လည်းငါတို့က လွဲရင်မရှိရှာ ဘူးလေ။ အခုတော့ အရင်လောက်ရက်ဆက် မငိုတော့ပေမယ့် မျက်နှာလုံးဝမလန်းဘူး။ ကြာရင် ကျန်းမာရေးထိခိုက်မှာစိုးတယ်။ သူ့ကိုမေးတော့လည်းအရမ်းခံစားရတယ် ဆိုတာကလွဲလို့ ဘာမှမပြောဘူး။ မင်းသူ့ကိုအီးမေးလ်လေးပဲဖြစ်ဖြစ်ပို့ပြီးပြေရာပြေကြောင်းနှစ်သိမ့်သင့်တယ်။ မိန်းက လေးတစ်ယောက်တည်း သူများနိုင်ငံမှာတော်တော်အားငယ် နေရှာတယ်။ သူ့ကို ဆက်သွယ်ဖြစ် အောင် ဆက်သွယ်လိုက်ပါ။
သူငယ်ချင်း မောင်မောင် ”
ဖတ်တုန်းကတော့ ကျွန်တော်လည်းမျက်ရည်ကျခဲ့ရပါသည်။ ဒါပေမဲ့ကျွန်တော်ကစပြီးမြတ်နိုးကို ပြန်မ ဆက်သွယ်ချင်တော့တာသေချာ သွားခဲ့လေသည်။ ကျွန်တော့်အပေါ်အနိုင်ယူမှုများ၊ ကျွန်တော့် ရှေ့မှာတင် ယောက်ျားလေးတချို့နဲ့အီစကလီလုပ်ပြီး ကျွန်တော့်ကိုလျစ်လျူရှူထားပုံတွေ ကိုမြင် ယောင်နာကျင်လျှက်။ မောင်မောင် မြန်မာနိုင်ငံကိုခဏပြန်လာတော့ ကျွန်တော့်အတွက် မြတ်နိုးဆီက စာတစ်စောင်ပါလာလေသည်။
စာထဲမှာက “ဖြစ်ပြီးခဲ့သမျှကိုသေချာစေချင်လို့ ဒီစာကိုရေးလိုက်တာ” ဆိုတာပဲပါလေသည်။ အဲဒီစာကို ကိုအောင့်ကိုပြဖြစ်သည်။ ပြီးတော့အမှိုက်ပုံးထဲလွှင့်ပစ်လိုက်မိသည်။ မင်းပြတ်နိုင်တယ်ဆိုရင် ကိုယ်ဝမ်းသာပါ တယ် ချစ်သူ။
×××××××××××××××××××××××
ဆက်ပါဦးမည်