(၆)
အဲဒီအဖြစ်အပျက်တွေအပြီး နှစ်နှစ်လောက်အကြာမှာတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်း က တကျော့ပြန် ပြန်လည်ရှင်သန်လာခဲ့လေသည်။ မထင်မှတ်ထားတဲ့အဖြစ်အပျက်မို့ အံအားသင့်စရာ ကောင်းလှသည်။ ဒါပေမဲ့ အဲဒီအချိန်က နှစ်ယောက်စလုံးအရင်ကထက်တည်ငြိမ်ရင့်ကျက်ခဲ့ပြီ။ တည် ငြိမ်တယ်ဆိုပေမယ့် လူတိုင်းကအချစ်နဲ့ပတ်သက်လာရင် နုပျိုတတ်ကြတယ်ဆိုတဲ့စကားကလည်းရှိ သေးတယ်မဟုတ်လား။
တွေ့ဆုံပုံကတော့ ဆန်းကြယ်ခဲ့ပါသည်။ တကယ်ကိုဆန်းကြယ်ခဲ့ပါသည်။ ဒီလိုအခြေအနေနဲ့ နောက်ထပ်တစ်ဖန်ပြန်လည်တွေ့ဆုံရလိမ့်မယ်လို့ဘယ်တုန်းကမှထင်မထားခဲ့ပါ။
ကျွန်တော့်လိုပဲ မြတ်နိုးလည်းထင်ထားမှာမဟုတ်တာသေချာပါသည်။ အချစ်ဦးဆိုတာက ဘယ်လို အခြေအနေပဲရောက်ရောက် မေ့နိုင်ကြတာမှမဟုတ်တာလေ။ ကျွန်တော့်လိုအရာရာတိုင်းကို ခံစား ချက်နဲ့ကြည့်တတ်တဲ့သူဆိုရင်တော့ပိုဆိုးပြီပေါ့။ စတင်ချစ်ခဲ့တဲ့အချိန်ကနေခုချိန်ထိ ဘယ်လိုမှမမေ့နိုင် လောက်အောင်ရင်ထဲကချစ်ရပါသည်။ မာနကြောင့်သာမြတ်နိုးနဲ့ကျွန်တော်ဝေးခဲ့ရတာ။
နှစ်တွေကြာသည့်တိုင်အောင် အဖြစ်အပျက်ကမဟောင်းနိုင်ခဲ့။ အချိန်ကာလတွေပြောင်းလာတာနဲ့ အမျှလူတို့ရဲ့နေထိုင်မှုဘဝပုံစံတွေပြောင်းလာသည်။ အတွေ့အကြုံတွေပြောင်းလဲလာသည်။ ချစ်သူကို ချစ်တဲ့ကျွန်တော့်အချစ်တွေမပြောင်းလဲတာကလွဲရင်ပေါ့လေ။
မြန်မာနိုင်ငံကိုချစ်လှပါချည်ရဲ့ဆိုတဲ့ ကျွန်တော့်ညီမလေးလည်းပညာသင်ဆုရလို့ စင်ကာပူနိုင်ငံမှာ ကျောင်းတက်ဖို့အကြောင်းဖန်လာသည်။ ညီမလေးစင်ကာပူကိုကျောင်းတက်နေရင်း ခုနစ်လလောက် အကြာ မှာပဲကျွန်တော်လည်းစင်ကာပူနိုင်ငံကိုအလုပ်ကိစ္စနဲ့ သွားရောက်ရဖို့အကြောင်းဖန်လာခဲ့သည်။ ဒီအကြောင်းအရာတွေထက်ထူးခြားတာကတော့ မြတ်နိုးလည်းစင်ကာပူကိုရောက်နေခဲ့တာပင်။
“ကိုကို နင်လာမယ်ဆိုတာနဲ့အတော်ပဲအံသြစရာတစ်ခုပြောရဦးမယ်၊ မြတ်နိုးလည်းဒီကိုရောက် နေတယ်သိလား”
ညီမလေးရဲ့ဖေ့စ်ဘုတ်ထဲကတစ်ဆင့်ပြောစကားကြောင့်ရင်ထဲမှာလှိုက်ခနဲဖြစ်သွားရပါသည်။
“ဘယ်လို”
“သူဟိုကနေပြောင်းပြီးဒီမှာအလုပ်လာလုပ်တာကြာနေပြီဟ၊ ညီမလေးတို့သာမသိတာ၊ အခုဒီမှာ ညီမလေးလည်းအဖော်ရတယ်လေကိုကိုရ၊ မြတ်နိုးနဲ့ညီမလေးတို့နဲ့က တွေ့ဖို့ကံကိုပါလာတာပါ၊ ဟီဟိ ညီမလေးတောင်သူ့ကိုပြောထားသေးတယ်၊ နင်နဲ့ငါသမီးယောင်းမတော်ရအောင်လို့၊ ကျောင်းပိတ်ရက် သူအလုပ်အားတဲ့ရက်တိုင်းတွေ့ဖြစ်ကြတယ်”
ကျွန်တော်ဘာလုပ်ရမလဲ။ တွေဝေရပြန်ပြီ။ မြတ်နိုးကိုကျွန်တော်တွေ့သင့်ရဲ့လား။ အချိန်တွေကြာ ခဲ့ပြီပဲလေ။ သူများနေသားကျနေပြီလား။ ဘုရားဘုရား။ ကျွန်တော်ဘာလုပ်ရမလဲ မသိတော့ပါ။
“အော်…ပြောရဦးမယ်ကိုကို၊ နင်လာမယ့်ရက်တွေကညီမလေးမအားဘူးဟ၊ အဲဒါဟိုဟိုဒီဒီ သွားဖို့ကို မြတ်နိုးပဲတာဝန်ယူပို့ပေးလိမ့်မယ်၊ ပြောထားပြီးသွားပြီ”
“ဘယ်လို”
“သူ့အလုပ်ကနေ့လည်နှစ်နာရီခွဲသုံးနာရီဆိုရင်ပြီးပြီ အိုတီမဆင်းရင်ပေါ့လေ၊ မနက်ခြောက်ခွဲကနေ ဆင်းရတာ၊ ပြီးတော့လည်လည်ဝယ်ဝယ်လည်းပိုရှိတယ်လေဟာ”
အလိုက်ကန်းဆိုးမသိလွန်းလှတဲ့ ကျွန်တော့်ညီမကိုရိုက်ချင်စိတ်ဖြစ်သွားသည်။ တစ်ဖက်ကလည်း ကျွန်တော်မြတ်နိုးကိုတွေ့ချင်လွန်းလှပါသည်။ အဲဒီလိုနဲ့ကျွန်တော်နဲ့မြတ်နိုး ပြန်လည်တွေ့ဆုံဖို့ အကြောင်း ဖန်ခဲ့ပါသည်။ ဒါပေမဲ့ အခုချိန်မှာတော့ဇာတ်လမ်းပြန်ဆက်ဖို့ဆိုတာ အရင်အခြေအနေ ထက်ဝေးသည်ထက်ဝေးသွားခဲ့လေပြီ။ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ရပ်ကို ကျွန်တော်ပိုင်ဆိုင် ထားမိခြင်းကြောင့်ပင်။ ကျွန်တော့်ကို အင်မတန်ချစ်မြတ်နိုးလှတဲ့ ချစ်သူကောင်မလေးတစ်ယောက်ကို ကျွန်တော်ပိုင်ဆိုင်ထားမိနေခြင်းပင်။
ရည်းစားတွေထည်လဲတွဲလောက်အောင်၊ မိန်းကလေးတွေဝိုင်းဝိုင်းလည်နေလောက်အောင် ကျွန်တော် ရုပ်မချော၊ ဥစ္စာမကြွယ်ဝပါ။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာအဲဒီအမျိုးသမီးငယ်နှစ်ဦးကိုတော့ချစ်မိခဲ့တာပင်။ အချစ်ဆိုတာကလည်းဘယ်လိုပုံဖော်ပြောပြရမှန်းတောင် မသိတော့ပါ။ မြတ်နိုးကျွန်တော့်ဘဝမှာ မရှိလောက်တော့ဘူးဆိုတာ ကျွန်တော့်ရင်ဘတ်ထဲကိုအတင်းလက်ခံခိုင်းပြီး နိုနို့ကိုကျွန်တော် ချစ်ခဲ့မိတာပါ။ အခု မြတ်နိုးနဲ့ပြန်လည်တွေ့ရတော့မယ် ဆိုတော့ကျွန်တော်ဘယ်လိုအင်အားတွေနဲ့ တွေ့ရမလဲဆိုတာကိုမတွေးတတ်တော့ပါ။ သေချာတာတစ်ခုကတော့ နိုနို့ကိုကျွန်တော် သံယောဇဉ် အတိုင်းအတာတစ်ခုအထိနဲ့ပဲချစ်နေတာဖြစ်ပြီး မြတ်နိုးကိုချစ်ခင်မြတ်နိုးမှုလောက်မနက်ရှိုင်းခဲ့ပါ။
ဒါပေမဲ့ လက်ရှိချစ်သူကိုသစ္စာဖောက်လောက်အောင်လည်း ကျွန်တော့်ကိုယ်ကျင့်တရားက ခွင့်မပြုပြန်တော့ဘယ်လိုဆုံးဖြတ်ရမလဲမသိတော့ပါ။ တွေဝေမှုတွေမြောက်မြားစွာနဲ့ပင် စင်ကာပူကို ကျွန်တော်ရောက်လာခဲ့ရပြီ။ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကျွန်တော်ဝေခွဲမရနိုင်ဘဲ ကံကြမ္မာ ကိုသာပုံချထား မိလေတော့သည်။
“ငါဘာလုပ်ရမလဲ”
အချစ်အကြောင်းနဲ့ပတ်သက်လာရင်တိုင်ပင်ရမယ့်သူကခပ်ရှားရှားပင်။ ကျွန်တော့်သူငယ်ချင်းတွေ ထဲမှာလည်း အချစ်နဲ့ပတ်သက်လာရင်အဖြစ်ရှိတဲ့ကောင်ကခပ်ရှားရှားရယ်။ ကျွန်တော်တောင်မှ အင်မတန် ကံကောင်းတဲ့ကောင်မို့ အခုလိုကိုယ့်ကိုချစ်တဲ့သူနှစ်ယောက်ရှိလာခြင်းပင်။ ဒါပေမဲ့ ကျွန်တော့် အပေါ်ချစ်မိခဲ့တဲ့အဲဒီနှစ်ယောက်အပေါ် ပြတ်ပြတ်သားသားမဖြစ်နိုင်လှတဲ့ ဒုက္ခလောက် ဆိုးရွား တာဘယ်မှာရှိဦးမှာလဲလေ။ ကျွန်တော်မြတ်နိုးကိုအခုချိန်ထိချစ်နေတုန်းပါပဲ။ ဒါပေမဲ့ နိုနို့ အပေါ်သံယောဇဉ်လည်းမပြတ်နိုင်။
မြတ်နိုးနဲ့ ဆက်မနွယ်နိုင်လောက်ပဲပြတ်စဲသွားတာ သေချာလောက်တဲ့အခြေအနေမျိုးလို့မှန်းဆပြီး နိုနို့ကို ဘဝတစ်သက်တာအတွက်ချစ်မိခဲ့တာပင်။ စင်ကာပူကိုရောက်လို့မြတ်နိုးနဲ့ နှစ်ရက်သုံးရက် လောက်အတူသွားအတူလာတာဘာဖြစ်လာမှာမို့လို့လဲ။
ရင်ထဲကအချစ်တွေကို အပြင်ကိုမထုတ်နိုုင်ရင်ပြီးတာပဲ။ ရန်ကုန်မှာတုန်းကတောင်ခပ်တည်တည် နေနိုင်ခဲ့သေးတာပဲလေ။ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ပြီးတော့အခုချိန်မှာမြတ်နိုးကလည်း လူလွတ် ဟုတ်ချင်မှဟုတ်တော့မှာ။ စိတ်ကိုတင်းထားစမ်းလို့ပဲကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်မိသည်။ ပြီးတော့ မြတ်နိုး ကိုချစ်နေသေးရုံမှအပ ဘာတစ်စုံတစ်ရာကိုမှကျွန်တော်မျှော်လင့်မထားခဲ့ပါ။
ဒါပေမဲ့ အဖြစ်အပျက်တွေကအံသြစရာကောင်းလွန်းနေခဲ့ပါသည်။ ဘဝမှာ မမျှော်လင့်ထား တာတွေကတော့ဖြစ်တတ်လာတာပဲလေ။ ကျွန်တော့်အဖြစ်အပျက်တွေက ချစ်ခြင်းတရားနဲ့ တိုက်ရိုက် ဆက်နွယ်နေတဲ့အဖြစ်အပျက်တွေပဲမို့..။ ချစ်သူရယ်ကိုယ်မသိတော့ပါဘူးကွာ…။
×××××××××××××××××××××××
ဆက်ပါဦးမည်။