(၇)
အကြောင်းအမျိုးမျိုးကြောင့် မရောက်နိုင်ခဲ့တဲ့နိုင်ငံကို မျက်ဝါးထင်ထင်ရောက်လာခဲ့လေပြီ။ ကျွန်တော့် အတွက်ပထမဦးဆုံးသော တစ်ယောက်တည်းလာရသည့် ခရီးစဉ်လည်းဖြစ်လေသည်။ ခါတိုင်းဆို အဖော်တစ်ခြားစာနယ်ဇင်းတွေပါတတ်တာမို့ စိတ်မလှုပ်ရှားပေမယ့် တစ်ယောက်တည်း လာရတဲ့ အခါမှာတော့ အနည်းငယ်စိတ်လှုပ်ရှားမိလေ၏။ ကျွန်တော်အချစ်ဆုံးသူတစ်ယောက်၊ ကျွန်တော် ရက်ရက်စက်စက်ပြတ်စဲခဲ့သောချစ်သူတစ်ယောက်ကိုတွေ့ဆုံရမယ့်အတွက်လည်းစိတ်လှုပ်ရှားတာဖြစ်နိုင်ပါသည်။ ချစ်သူရေ…..ကိုယ်မင်းကိုတွေ့ချင်နေတုန်းပဲ။ ဒါပေမဲ့ မတွေ့သင့်တဲ့အခြေအနေမှာလည်း ဖြစ်နေပြန်တယ်။ ဘာလုပ်ရမလဲကွာ။
“ကျွန်တော် မြတ်မင်းဒီပါ ပါ”
လေဆိပ်မှာကျွန်တော့်နာမည်ဆိုင်းဘုတ်ကိုကိုင်ပြီးလာကြိုနေသည့်ခပ်ဝဝလူတစ်ယောက်ကိုလှမ်းနှုတ်ဆက်လိုက်၏။ သူကကျွန်တော့်အထုတ်အပိုးကို ကူသယ်ပေးကာလာကြိုသည့် ကားဆီသို့ဦး ဆောင်ခေါ်သွားလေသည်။
“အရင်ရောက်ဖူးလား”
“ဟင့်အင်း၊ ဒါပထမဦးဆုံးအကြိမ်ပဲဗျ”
ဒေသခံ အင်္ဂလိပ်စကားသံကို အတော်ကြိုးစားနားထာင်ယူရသည်။ ရန်ကုန်ကနေပြီး ဒေသစံတော်ချိန် မနက်ရှစ်နာရီမှာ MAI လေကြောင်းနဲ့လာခဲ့တာဖြစ်ပြီး Changi လေဆိပ်ကို ရောက်ရှိချိန်မှာတော့ဒေသစံတော်ချိန်၁၂နာရီခွဲရှိလေပြီ။ ခရီးချိန်သုံးနာရီဝန်းကျင်လောက်ကြာမြင့် ပါသည်။ လေဆိပ်ကနေကျွန်တော်တည်းခိုရမည့် Dorsett Hotel ကိုနာရီဝက်ဝန်းကျင် လောက်မောင်းပါသည်။ လာကြိုတဲ့လူကကျွန်တော်မပျင်းအောင် လမ်းတစ်လျှောက်စကားတွေ ပြောပေးပေမယ့် ကျွန်တော့်ခေါင်းထဲသိပ်မရောက်ပါ။ အတွေးထဲမှာချစ်သူမျက်နှာကိုသာမြင်ယောင် နေလေသည်။ ရန်ကုန်မှာတုန်းကနွေးထွေးစွာမကြိုဆိုခဲ့ရတဲ့အဖြစ်။ အခု သူကျွန်တော့်ကိုတွေ့တော့ လည်း ကျွန်တော့်လိုပဲ နွေးထွေးစွာကြိုမည်ဟုထင်မထားပါ။ ကျွန်တော်ကအမှား လုပ်ခဲ့တဲ့သူ မဟုတ်လား။
“ဒီမှာရာသီဥတုအခြေအနေကဘယ်လိုရှိလဲဗျ”
ကိုယ့်ကိုစကားပြောပေးတာမို့ကိုယ်ကလည်းတစ်ချက်တစ်ချက်ပြန်မေးမိပါသည်။
“ဒီရက်ပိုင်းကနည်းနည်းပူနေတယ်”
“မိုးမရွာဘူးလား”
“ရွာတယ်ခဏပဲ”
နွေနဲ့မိုးပဲရှိတဲ့နိုင်ငံမို့ သူကဆောင်းရာသီအကြောင်းကျွန်တော့်ကိုမေးလေသည်။ ကျွန်တော်တို့နိုင်ငံမှာ ဆောင်းရောက်ပြီလားတဲ့။
“အင်း၊ အခုကအောက်တိုဘာဆိုတော့ နောက်တစ်လပြီးလို့ ဒီဇင်ဘာခရစ်စမတ် မတိုင်ခင်ဆို မြန်မာနိုင်ငံမှာ တော်တော်အေးနေပြီ၊ ခင်ဗျားရောက်ဖူးလား”
“မရောက်ဖူးဘူး၊ သွားတော့သွားချင်တယ်”
“လာရင်တော့လည်စရာတွေအရမ်းများပဲ၊ ပျော်မှာပါ”
ဟိုတယ်ကိုရောက်ပြီမို့ ကားတံခါးဖွင့်ဆင်းလိုက်၏။ လာကြိုသူက ကျွန်တော့်အထုတ်ကို ဟိုတယ် ကောင်တာမှာ ထားပေးကာနှုတ်ဆက်ထွက်သွားလေသည်။ ဟိုတယ်ဝန်ထမ်းတွေက ကျွန်တော့် ပတ်စ်စပို့တောင်းကာ Check In ဝင်ပေး၏။ ကျွန်တော့်ကိုလှမ်းခေါ်သည့် ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်ယောက်တောင်မတွေ့ရသေး။ ဟိုတယ်ကောင်တာမှာ မေးကြည့်ရတော့သည်။ အချိန်ကလည်းစောနေ၊ မသွားတတ်မလာတတ်မို့ကြောင်တောင်တောင်ဖြစ်နေတာအသေအချာပင်။
“လူကြီးမင်းတို့ကိုဒီနေ့ညခုနစ်နာရီမှာ ဟိုတယ်ထဲကစားသောက်ဆိုင်ကိုလာဖို့ခေါ်ထားပါတယ်၊ အဲဒီကျမှ အစီအစဉ်ကိုသိရမယ်ထင်ပါတယ်၊ အခုကဘာမှမမှာထားပါဘူး”တဲ့။
သေပြီ။ ကျွန်တော်နေ့လည်စာဘယ်လိုစားရမလဲ။ ဟိုတယ်ဝန်ထမ်းလိုက်ပို့တဲ့ ဆယ်လွှာရှိအခန်းမှာ ပစ်လှဲရင်းစဉ်းစားမိတော့ညီမလေးဆီ ဖုန်းဆက်ဖို့သတိရသွားသည်။
“အေး ကျောင်းချိန်မို့အပြင်ထွက်လို့မရဘူးကိုကို၊ မြတ်နိုးကိုဖုန်းဆက်ပေးမယ်”တဲ့လေ။
တော်သေးတာပေါ့။ ကျွန်တော်လေဆိပ်မှာကတည်းက ဖုန်းကတ်ဝယ်ပြီးပိုက်ဆံဖြည့်ထားလို့ ဖုန်း တစ်လုံးတော့အဆက်အသွယ်လုပ်ဖို့အလွယ်တကူရထားသည်။ ကျွန်တော့်ဖုန်းနံပါတ်ကိုသိသွားပြီမို့ အရေးအကြောင်းဆိုညီမလေးဆက်လာမှာမို့ စိတ်ချလက်ချနေမိသည်။ သိပ်မကြာလိုက်ပါ။ ညီမလေးဆီက Message တစ်စောင်ရောက်လာသည်။
“မြတ်နိုးကိုဖုန်းဆက်ထားတယ်၊ သူလာခေါ်လိမ့်မယ်၊ သူအလုပ်ပြီးသွားပြီ၊ ကိုကိုသွားချင် တဲ့နေရာတွေကိုသူလိုက်ပို့လိမ့်မယ်”တဲ့။
ရင်ခုန်စွာနဲ့ချစ်သူအလာကိုစောင့်နေမိပါသည်။
သုံးနာရီခွဲလောက်မှာချစ်သူရောက်လာပါသည်။ ရောက်နေပြီဆိုတဲ့အကြောင်းဖုန်းလှမ်းဆက်ပါသည်။
“အင်း၊ ရောက်နေပြီ ဘယ်ကစောင့်ရမှာလဲ”
“ဟိုတယ်ရှေ့ကပဲစောင့်နေလေ၊ လာပြီ”လို့ ပြန်ပြောကာ ဟိုတယ်အောက်ထပ်ကောင်တာကို ဆင်းလာခဲ့ပါသည်။ အင်း…ရင်ခုန်နေလားဆိုတော့ အဲဒီတဒင်္ဂမှာ ဘယ်လိုခံစားရမှန်းမသိလောက် အောင်ကိုဖြစ်နေတာပင်။
ဟိုတယ်အရှေ့အဝင်ဝမှာမတ်တပ်ရပ်စောင့်နေသည့် မြတ်နိုးကို ကျောပြင်လေးကနေ အရင်ဆုံး တွေ့လိုက်ရသည်။ ချစ်သူကျွန်တော့်ကို မကြည့်ပါ။ ကျွန်တော်ချစ်သူ ကိုအရင်ဆုံး ကြည့်မိလိုက်ပါ သည်။ ချစ်သူရယ်…မြတ်နိုးရဲ့နှုတ်ခမ်းအစုံကို ကျွန်တော်မြတ်နိုးခုံမင်စွာကြည့်မိသည်။ အရင်လို ပါပဲ။ အရင်လိုရူးသွပ်စွာပါပဲ။ ခံစားမှုကဘာလို့မပြောင်းနိုင်တာလဲ စဉ်းစားလို့မရတော့ပါ။ လွမ်းဆွတ် တမ်းတမှုတွေတခဏအတွင်းကွယ်ပျောက်သွား၏။ ချစ်သူကိုကျွန်တော့်ရင်ခွင်ထဲသွင်းပြီး ခဏတာခို နားခွင့်ပေးချင်လိုက်တာ။ ချစ်သူရယ်။ ကိုယ်အရမ်းလောဘကြီးနေပြီလား။ ချစ်သူကျွန်တော့် ကိုမေးလေးငေါ့ပြပြီးမေးပါသည်။
“ဘယ်သွားချင်လဲ”
ဘေးလွယ်အိတ်လေးတစ်လုံးကိုလွယ်ကာ ကျွန်တော်သွားချင်ရာကို တခုတ်တရလိုက်ပို့ဖို့အသင့်ဖြစ် နေသောချစ်သူ။
“ညခုနစ်နာရီပြန်ရောက်မှရမှာ၊ အဲဒီတော့အချိန်မီနိုင်တဲ့နေရာကိုပဲသွားကြတာပေါ့၊ Merlion သွားချင် တယ်နီးမလား”
“အင်း၊ သွားလေနီးနီးလေးပဲ”ဆိုပြီးကျွန်တော့်ကိုကတ်လေးတစ်ကတ်ထုတ်ပေးပါသည်။
“ရော့”
“ဘာလဲအဲဒါ”
“MRT ကတ်လေ”
“တစ်ကတ်တည်းနဲ့နှစ်ယောက်သွားလို့ရလား”
“မရဘူး၊ သူငယ်ချင်းတစ်ယောက်ဆီကခဏတောင်းလာတာ”
မြတ်နိုးကဦးဆောင်ပြီး MRT လမ်းရှိရာဆီကိုခေါ်သွားပါသည်။ လမ်းမှာစကားမပြောခင်ကျွန်တော် မထင်မှတ်တဲ့အပြုအမူတစ်ခုကိုချစ်သူက ပြုလုပ်လိုက်လေသည်။ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်ခြင်းပင်။
“ဘာပဲဖြစ်ဖြစ်အခုလိုတွေ့ဆုံဖို့မထင်မှတ်ထားဘူး၊ ဝမ်းသာပါတယ်”
ချစ်သူရဲ့လက်ကလေးကိုဆွဲယူနှုတ်ဆက်လိုက်ကာ ကျွန်တော့်အကျင့်အတိုင်း လက်ညှိုးလေးနဲ့ ချစ်သူရဲ့လက်ဖဝါးလေးကိုခြစ်ပြီး ကလိထိုးလိုက်တော့ရယ်ပါသည်။ အဲဒီတဒင်္ဂကစပြီး ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာနွေးထွေးစပြုလာပါသည်။
ကျွန်တော်နဲ့စိမ်းတဲ့ပတ်ဝန်းကျင်အနေအထား၊ လွတ်လပ်တဲ့နေရာမို့ ကျွန်တော့်စိတ်တွေက ပေါ့ပါးလို့နေသည်။ အမှန်အတိုင်းဝန်ခံရရင် အရင်ပုံစံကိုပြန်ရောက်သွားသလို ခံစားရလေသည်။ MRT နှစ်ဘူတာလောက်စီးပြီးတော့ မြန်မာတွေအများစုရှိရာ ပန်နီဇူးလားပလာဇာ (Peninsulia Plaza) ကို ရောက်လာခဲ့လေသည်။
“ထမင်းမစားရသေးလို့ထမင်းအရင်လိုက်ကျွေးနော်”
ဆိုတော့ချစ်သူကကျွန်တော့်ကိုသနားတဲ့မျက်ဝန်းတွေနဲ့ကြည့်သည်။
“ဘာစားချင်လဲ”
“ထိုင်းစာစားချင်တယ်”
“အိုကေ”
ရှမ်းအစားအစာနဲ့ ထိုင်းအစားအစာတွဲဖက်ရောင်းတဲ့ မြန်မာဆိုင်တစ်ဆိုင်ကိုခေါ်လာခဲ့ပါသည်။ ဆိုင်တွေအားလုံး မြန်မာလိုချည်းဆိုင်းဘုတ်တပ်ရေးထားတာတွေ့ရ၏။ ဆေးဘဲဥသုတ်၊ ကန်စွန်း အစပ်ပလိန်း၊ ကြက်ခြေတောက်သုတ်မှာပြီး နှစ်ယောက်သားထမင်းစားကြသည်။ အဲဒီနောက်တော့ Merlion ရှိရာဖက်ကိုလမ်းလျှောက်လာခဲ့ကြလေသည်။ လမ်းမှာတော့ ထွေရာလေးပါးပြောလာခဲ့၏။
မြတ်နိုးမေးတာကိုကျွန်တော်ဖြေလာခြင်းပင်။ အလုပ်အကြောင်းအဓိကပေါ့။ လမ်းမှာ ရှူခင်း ကောင်းကောင်းတွေတွေ့ရင် ကျွန်တော်ကပါလာတဲ့ ကင်မရာနဲ့ဓါတ်ပုံရိုက်၊ ချစ်သူက ကျွန်တော့် ကိုဓါတ်ပုံရိုက်၊ ခုံတန်းလျားလေးတွေပေါ်မှာ နှစ်ယောက်သားထိုင်စကားစမြည်ပြောနဲ့ လျှောက်လာ ခြင်းပင်။ အဲဒီတဒင်္ဂမှာကျွန်တော်ပျော်လိုက်တာ။ အရာအားလုံးကိုမေ့ပျောက်သွားလေသည်။ မြတ်နိုးကရော…ဟင့်အင်း။ မြတ်နိုးအကြောင်းကိုကျွန်တော်မမေးမိပါ။ ထိုင်ခုံလေးတစ်ခုံမှာ နှစ်ယောက်သားထိုင်ရင်း ကျွန်တော့်ကင်မရာလေးကို အရှေ့ဖက်ကိုလှည့်ကာ နှစ်ယောက်တွဲပုံ ရိုက်ဖို့ပြင်တော့ ချစ်သူကအနားကိုတိုးတိုးလေးကပ်ပေးသည်။ ကျွန်တော်တို့နှစ်ယောက် အနီးဆုံး နေရာဖြစ်သွား၏။
မြတ်နိုးရဲ့ခေါင်းနဲ့ကျွန်တော့်ခေါင်းချင်းထိမိတဲ့ အနေအထားကိုရောက်လာတော့ မထင်မှတ်ဘဲ ချစ်သူ အပေါ်အနမ်းလေးတစ်ပွင့်ခြွေမိသွားလေသည်။ အခုလိုအခြေအနေမျိုးကိုချစ်သူ မျှော်မှန်းထားပြီးသား လား မသိတော့ပါ။ မအံသြတာအသေအချာပင်။ ဘုရားဘုရား။ ကျွန်တော်ဘာတွေလုပ် မိလဲမသိတော့ပါ။ အဲဒီအဖြစ်အပျက်အပြီး Merlion ရုပ်ရှိရာကိုလာရာလမ်းတစ်လျှောက်မှာ ချစ်သူရဲ့ ပခုံးလေးကိုမြတ်နိုးလှစွာဖက်တွယ်လျှောက်တတ်ခဲ့လေပြီ။
မြတ်နိုးကလည်း သူ့ပခုံးပေါ်ကိုတင်ထားတဲ့ကျွန်တော့်လက်ဖျားလေးကို ယုယစွာကိုင်တွယ်ကာ ကြည်နူးလို့။ စိန်ပန်းနီနီပင်တွေအနား လမ်းလျှောက်ခဲ့တဲ့အဖြစ်အပျက်မျိုးကို နှစ်အတော်ကြာပြီးမှ ပြန်လည်ရရှိခြင်းဖြစ်လေသည်။
ချစ်သူ..ကိုယ်ဘယ်လိုလုပ်ရမလဲ။ ဝေခွဲမရနိုင်တော့တဲ့ အဖြစ်အပျက်မျိုးကိုကျွန်တော်ထိတွေ့ခံစားပြီး ချစ်သူကို မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် အတိုးချခင်တွယ်နေမိတော့သည်။ Merlion ရောက်တော့ဓါတ်ပုံတွေရိုက် ခဏထိုင်စကားပြောနေရင်းပဲ ခြောက်နာရီထိုးမှန်းမသိ ထိုးသွားခဲ့လေသည်။
“မနက်ဖန်လာတွေ့ဦးမှာလားဟင်”
“အင်း၊ လာတွေ့မယ်အလုပ်ကိစ္စပြီးရင်ဖုန်းဆက်လိုက်လေ”
“ကျေးဇူးပဲနော် မြတ်နိုး၊ အခုလိုလိုက်ပို့ပေးတဲ့အတွက်”
“အဲလိုသူစိမ်းဆန်တဲ့စကားကိုမပြောပါနဲ့လေ”
“အရင်လိုအခြေအနေမှမဟုတ်တော့တာသူစိမ်းလိုပါပဲလေ”
“မြတ်နိုးဖက်ကတော့အရင်တိုင်းပါပဲ မောင်ရယ်”
ဘုရား။ ချစ်သူရဲ့အပြောတစ်ချက်ကြောင့်ကျွန်တော်အသည်းပေါက်လုမတတ်ခံစားလိုက်ရလေသည်။
“ကိုယ်….ကိုယ်….”
“မောင့်မှာလက်ရှိချစ်သူရှိနေတာကို မြတ်နိုးသိပါတယ်”
“ဘယ်လို……. မြတ်နိုးဘယ်လိုသိလဲ”
“မမေးပါနဲ့လေ မြတ်နိုးကမောင့်အကြောင်းကိုအမြဲတမ်းစိတ်ဝင်စားနေခဲ့တာပါ”¬¬
“ကိုယ်…..ကိုယ်တောင်းပန်ပါတယ်….မြတ်နိုးကို….ကိုယ်..”
“ဟင့်အင်း မောင်နဲ့ပတ်သက်လာရင်အရာအားလုံးကိုမြတ်နိုးနားလည်အောင်ကြိုးစားပြီးပါပြီကွယ်”
အပြန်လမ်းမှာတော့ ကျွန်တော့်အတွက်ဝေခွဲမရနိုင်တဲ့ အတွေးတွေနဲ့ပြည့်နှက်နေခဲ့လေသည်။ ချစ်သူရယ်…မင်းကိုယ့်အပေါ်မှာ အဲဒီလောက်ထိတောင် ခင်တွယ်နေလိမ့်မယ်လို့ ကိုယ်ဘယ်လိုထင် ထားမှာလဲ။ မင်းဘာလို့နားကျဉ်းမုန်းတီးမနေခဲ့တာပါလဲ။ အရာရာကိုယ်မှားနေခဲ့ပြီလား။ ကျွန်တော် စိတ်တွေ လေးလံစွာပင်ဟိုတယ်ကိုပြန်ရောက်လာခဲ့လေသည်။ မြတ်နိုးထွက်ခွာရာ ကျောပြင်လေးကို ငေးကြည့်ပြီး အရင်အခြေအနေတွေကိုပြန်လည်သတိရနေမိသည်။ ကျွန်တော်လာရတဲ့ခရီးစဉ်က နှစ်ညအိပ်သုံးရက်ခရီးသာ။ ဒါပေမဲ့ ခံစားရတဲ့အဖြစ်အပျက်ကအရင်လိုပါပဲ နင့်ခနဲ့။ အလုပ်ချိန်တွေကို ပစ်ထားပြီးမင်းနဲ့တစ်ချိန်လုံးတွေ့ချင်စိတ်တွေချည်းဖြစ်နေမိတယ်ချစ်သူရယ်။
ညခုနစ်နာရီမှာချိန်းထားရာဆိုင်ကိုရောက်လာခဲ့သည်။ မနက်ဖန်အလုပ်ကိစ္စအတွက် ဆက်သွယ် ပြောဆိုရမယ့်သူတွေ၊ တစ်ခြားနိုင်ငံကသတင်းထောက်တွေနဲ့အချင်းချင်းမိတ်ဆက်ပြီး ပွဲစီစဉ်သူ တစ်ချို့က မနက်ဖန်အစီအစဉ်ကိုပြောပြလေသည်။ မနက်ပိုင်းအလုပ်ရုံဆွေးနွေးပွဲတက် ရမည်။ အဲဒါပြီးတော့ Sentosa ကိုသွားအဲဒီကနေမော်တော်ဘုတ်စီးပြီးကျွန်းလေးတစ်ကျွန်းကို သွားကြမည်။ ဟိုတယ်ကိုညရှစ်နာရီခွဲလောက်မှပြန်ရောက်မယ်တဲ့။ သွားပြီ။ ကျွန်တော်ချစ်သူနဲ့ တွေ့ဖို့အချိန် မရှိတော့။ ပြီးတော့ညီမလေး။ ညီမလေးရှိရာကိုလည်းသွားဖို့အချိန်ရမှာမဟုတ်တော့။ သန်ဖက်ခါက ပြန်ရတော့မှာဆိုတော့။ နောက်ဆုံးဖြစ်နိုင်တဲ့အခြေအနေကိုကြံမိလေ သည်။ မြတ်နိုးကိုဖုန်းဆက် လိုက်ခြင်းပင်။
“အဲတော့ဘယ်လိုလုပ်မလဲ”
“ကိုယ်ဒီညပဲ ညီမလေးတို့နေတဲ့နေရာကိုသွားလိုက်မယ်မြတ်နိုး၊ အမေပေးလိုက်တဲ့ငါးပိကြော်ထုတ်၊ လက်ဖက်ထုတ်၊ ငါးခြောက်ထုတ်တွေသွားပို့ရမှာ”
“ကောင်းပြီလေဟိုတယ်ကပဲစောင့် မြတ်နိုးလာခဲ့မယ်၊ ပြီးမှတူတူသွားတာပေါ့”
“ဟင့်အင်းရတယ် မြတ်နိုးကိုယ့်ကိုလိုက်ပို့တာတစ်နေကုန်ပင်ပန်းနေပြီ၊ မနက်ဖန်လည်း အလုပ်ဆင်း ရဦးမယ်”
“ရပါတယ်ဆိုကွာ…စောင့်နေဆို စောင့်နေပေါ့”
“ကဲ…ဒါဆိုဒီလိုလုပ်၊ ကိုယ်တက္ကစီငှားပြီးညီမလေးဆီကိုသွားလိုက်မယ်၊ မြတ်နိုးလည်းအဲဒီကိုလာခဲ့၊ အပြန်ကျမှ ဟိုတယ်ကိုပြန်လိုက်ပို့၊ ဘယ်လိုလဲ”
“အိုကေ”
×××××××××××××××××××××××
ဆက်ပါဦးမည်။