(၈)
ညရှစ်နာရီခွဲပြီမို့ နောက်ကျပြီလို့ထင်ရပေမယ့် ဒီမှာတော့တစ်ညလုံးလည်း လျှောက်သွားနေကြတာပဲ။ မဆန်းပါဘူးလို့ညီမလးကလှမ်းပြောသည်။
“တက္ကစီက စျေးဆစ်စရာမလိုဘူးနော်၊ မီတာနဲ့ဖတ်တာ၊ သွားမယ့်လိပ်စာကိုသာပေးလိုက် လိုက်ပို့ပေး လိမ့်မယ်၊ တက္ကစီပေါ်ကဆင်းရင်လည်း ညာဖက်က ပဲဆင်း၊ ဘယ်ဖက်ကဆင်းတာကိုဒီမှာ သိပ် မကြိုက်ကြဘူး”
ညီမလေးကဆရာမကြီးလုပ်ပြီးတတွတ်တွတ်မှာသည်။
“သိပါတယ်ဟ၊ သူဖြင့်မလာဘဲနဲ့ငါ့ကိုလာခိုင်းပြီးတော့”
“ကိုကိုလည်းရောက်ဖူးအောင်လို့ခေါ်လိုက်တာပါ၊ မြတ်နိုးလည်းလာမယ်လို့ဖုန်းဆက်ထားတယ်၊ အပြန်ကိုကို့ ကို လိုက်ပို့လို့ရအောင်လေ၊ ညီမလေးဒီမှာထမင်းချက်ထားတယ်”
ကျွန်တော်တည်းခိုရာဟိုတယ်နဲ့ ညီမလေးတို့အဆောင်ရှိရာကို နာရီဝက်နီးပါးလောက် စီးရပါသည်။ လမ်းမှာ ချစ်သူဆီကိုဖုန်းဆက်မိသည်။
“တက္ကစီငှားသွားနိုင်တော့သူဌေးပဲ၊ MRT နဲ့သွားလည်းရတဲ့ဥစ္စာ၊ ကတ်ပေးထားရက်သားနဲ့”
“အာ….မစီးတတ်ပါဘူး၊ တော်ကြာလမ်းမှားနေရင်ဘယ်လိုလုပ်မလဲ”
“သတင်းထောက်ကြီးကလည်း ဒါလေးတောင်မသွားတတ်ဘူးလား၊ မြန်မာနိုင်ငံနဲ့ယှဉ်ရင်စင်ကာပူက ကျဉ်းကျဉ်းလေးပဲဥစ္စာ”
“ကဲ………အပိုတွေမပြောနဲ့ဆရာမ၊ မြန်မြန်သာလာခဲ့တော့၊ ထမင်းစားဖို့စောင့်နေမယ်”
“အင်းပါ”
လမ်းက ထင်သလောက်တော့မဝေးလှဟုယူဆသည်။ ရန်ကုန်မှာလိုတော့ ကားပိတ် မနေလို့ ဖြစ် မှာပေါ့။ နာရီဝက်သာသာလောက်တော့ မောင်း ရပါသည်။ ကားခကို မြန်မာငွေနဲ့တွက်ကြည့် တော့ နှစ်သောင်းဝန်းကျင်လောက်ကျသည်။
ခဏခဏ ရောက်ဖူးတဲ့သူတွေ အနေနဲ့တော့ သိပ်မထူးဆန်းဘူးပေါ့။ ကျွန်တော့်အတွက်တော့ တစ်ခြားနိုင်ငံတွေ ထက်ပိုသဘောကျနေမိတာ အမှန်ပင်။ ဘန်ကောက်လိုလည်းနိုင်ငံခြား ခရီးသွား တွေ ရှုပ်မနေပါ။ အိန္ဒိယ လိုလည်း ပူလောင်အိုက် စက်ခြင်း မပြင်းလှ။ မလေးရှားထက်လည်း ပိုလှသ လိုခံစားရသည်။ အထူးခြားဆုံး အချက်ကတော့ ကျွန်တော် အသက်တမျှ ချစ်ရသူ ဒီနိုင်ငံတွင်းမှာ ရှိနေတာပါပဲ။ တွေးလိုက်တဲ့ တွေးနေတဲ့ အတွေးတိုင်း ချစ်သူအကြောင်းတွေချည်းပါပဲလေ။
ညီမလေးက တိုက်အောက်ကိုလာကြိုနေသည်။ တိုက်ခန်းတွေကတော့ သပ်ရပ်သားနားလို့နေသည်။ အခန်းအတွင်းမှာတော့ အဆောင်ပုံစံမို့ နည်းနည်းတော့ ကြပ်နေသယောင်။
“နင်နေတဲ့ နေရာက မကြပ်လွန်းဘူးလား၊ ကျောင်းကပေးထားတာလား”
“ဘယ်ဟုတ်မလဲ၊ ကျောင်းကတော့ စကော်လာရှစ်ပေးတယ်ဆိုပေးမယ့် နေဖို့တော့ မစီစဉ်ပေးဘူးလေ၊ အခန်းငှားနေဖို့တော့ ပိုက်ဆံပေးတယ် ၊ တစ်လကို ခြောက်ရာပေးတယ်၊ ဒီအခန်းက စုနေကြတာ၊ တစ်ယောက်ကို တစ်လသုံးရာ့ငါးဆယ်ကျတယ်၊ ညီမလေးအတွက် ပိုက်ဆံပိုထွက်တာပေါ့ အမေ့ကို လည်း နည်းနည်းပါးပါးတော့ ပို့ချင်တယ်လေ”
ရေချိုးခန်း၊ အိမ်သာနှစ်ခန်းကို မျှသုံးကြရတာတဲ့။ ဧည့်ခန်း၊ ထမင်းစားခန်း ကလည်းတစ်ခန်းတည်းကို သုံးကြတာပေါ့။ ရန်ကုန်မှာ ကိုယ့်ခြံ၊ ကိုယ့်ဝန်းနဲ့ သာသာယာယာ နေလာတာ၊ ဒီလိုနေရတာမြင်တော့ ညီမလေးအတွက် စိတ်မကောင်းဖြစ်မိသည်။ တစ်နာရီလောက်စကားပြော၊ အမေ့ကို Viper ကနေတစ်ဆင့်ခေါ်ပြီးစကားပြော၊ VZO နဲ့ Chat ပြီးခါနီးလောက်မှ မြတ်နိုးရောက်လာသည်။ နောက် တောင် တော်တော်ကျနေ ပြီ။ ဒါပေမဲ့ သူတို့တွေက နေသားကျနေကြလို့လားမသိ အေးဆေးပင်။
အမေထည့်ပေးလိုက်တဲ့ ငါးခြာက်ကြော်၊ ကင်းပွန်းရွက်နဲ့ ပုဇွန်ကွေးလေးတွေ ရောချက်ထား တဲ့ဟင်း၊ ပုဇွန်ချဉ်သုတ်၊ ရယ်ဒီမိတ်ငါးပိရည်ချို၊ ကြက်အူချောင်းကြော်တို့နဲ့ သုံးယောက်သား ထမင်းလက်ဆုံ စားကြသည်။ ပြီးတော့ အနားနီးတစ်ဝိုက်မှာ ရှိတဲ့ ရှောပင်းစင်တာတစ်ခုဆီကိုသွားတာ အိမ်အတွက် ပစ္စည်းတစ်ချို့ဝယ်ထည့်ပေး၏။ စင်တာက ပိတ်ခါနီးနေပြီ။ စျေးဝယ်ပြီးတော့ ညီမလေးကို တိုက်ခန်းနားအထိ ပြန်လိုက်ပို့ပေးကာ နှစ်ယောက်သား MRT လမ်းကိုစကားတစ်ပြောပြောနဲ့ လျှောက်ဖြစ်သည်။
“မောင် ….မြတ်နိုးကို ဘာလို့ ပြတ်နိုင်ခဲ့တာလဲဟင်”
အကြောင်းအရာက အဲဒီကိုရောက်သွားမိကြသည်။ ကျွန်တော်ဘယ်လိုပြန်ဖြေရပါ့မလဲ။ ကျွန်တော် အကြိုက်ဆုံး စာအုပ်တစ်အုပ်ကိုဖျတ်ခနဲ သတိရလိုက်မိသည်။ ဂျူးရဲ့အမှတ်တရ။ အဲဒီစာအုပ်ထဲမှာ ဇာတ်ကောင်မင်းသမီးကိုထားသွားရစ်ခဲ့တဲ့ ဇာတ်ကောင်မင်းသား။ သူဘာလို့ထား ရစ်ခဲ့တာလဲ။
ဒီလောက်တောင်ချစ်ကြပြီးမှ ဒီလောက်တောင် တစ်ယောက်အပေါ်တစ်ယောက် ကြင်နာနေခဲ့ကြပြီးမှ လေ။ အချစ်ကို နူးညံ့သိမ် မွေ့စွာ ခံစားချင်တတ်တဲ့ ကျွန်တော်အဲဒီ ဇာတ်ကောင်အမျိုးသားကို မုန်းတီး မိသည်။ ကောင်မလေးဘယ်လောက်တောင်သနားဖို့ကောင်းလိုက် ပါသလဲနော်။ ဒါပေမဲ့ မြတ်နိုးကို ကျွန်တော်အရမ်းချစ်ခဲ့ပြီးမှ အရမ်းတန်ဖိုးထားခဲ့ပြီးမှ ဘာလို့ပြတ်နိုင်ခဲ့တာလဲ။ အခြားတစ်ယောက်ကို ဘာလို့များ အစားထိုးနိုင်ခဲ့တာလဲ။
“လူတိုင်းက အချစ်နဲ့ ပတ်သက်လာရင် ကိုယ်ပေးတာလောက် ပြန်ရချင်ကြတာချည်းပဲလေ၊ ကိုယ်မျှော် မှန်းထားသလောက် ပြန်မရခဲ့လို့ဖြစ်မှာပါ၊ အဲလိုပဲ ထင်တယ်”
“မြတ်နိုးဖက်က မောင့်အတွက် အရာရာကိုဖြည့်ဆည်းပေးချင်တာပါ”
“အခုချိန်မှာ ဒီစကားတွေပြောလို့ မထူးဆန်းတော့ပါဘူးကွာ၊ မပြောချင်တော့ဘူး နော်”
မြတ်နိုးခေါင်းညိတ်သည်။ လက်ရှိ ပစ္စုပ္ပန် အခြေအနေက အကောင်းဆုံးပဲမဟုတ်လား။ MRT လမ်း လေးတွေကိုနှစ်ယောက်သားလက်ချင်းချိတ် ပြီး လျှောက်ဖြစ်ကြသည်။ မိနစ်ပိုင်းကိုတစ်စီးစီလာတာမို့ အေးအေးလူလူပင်စောင့်ဖြစ်ကြသည်။ အချိန်ကတော်တော်နောက်ကျနေပြီမို့ ချစ်သူကို အားနာလာ သည်။
“ဘာမှစိတ်ပူစရာမလိုဘူး၊ တစ်ညလုံးလျှောက်သွားလို့ရတယ်၊ ဒီမှာက Save ဖြစ်တယ်၊ အဲ…စျေးဝယ်ဝင်တာတွေကတော့ပိတ်ပြီမို့လို့ စျေး ဝယ်လို့တော့မရတော့ဘူးပေါ့လေ”
ချစ်သူကတော့ စိုးရိမ်စရာမလိုဘူးလို့ တော့ပြောရှာပါသည်။ သူကအေးဆေးဆိုတော့လည်း ကျွန်တော် လည်းအေးဆေးပေါ့။ ဒါပေမဲ့ ကျွန်တော် အရမ်းပင်ပန်းနေတာသေချာသည်။ မနက် ရန်ကုန်ကနေ ထွက်လာပြီးကတည်းက တောက်လျှောက် ဟိုဟိုဒီဒီ သွားလာနေတာ ကောင်းကောင်းမနားရသေး။
“မြတ်နိုး မနက်ဖန်အလုပ်ဆင်းရဦးမှာမလား”
“အင်းလေ….ဘာလို့လဲ”
“အလုပ်ထဲမှာလည်း ပင်ပန်းဦးမယ် ကိုယ့်ကို လိုက်ပို့တာလဲ ပင်ပန်းနေပြီ၊ ဒီညတော့ ပြန်ကြရင် ကောင်းမယ်၊ မနက်ဖြန်ညကျမှ ထပ် တွေ့ကြမယ်လေ၊ ကိုယ်လည်း နားချင်နေပြီ ”
ကျွန်တော့်အလုပ်ကိစ္စလည်း ရှိသေးတာမို့ အနားယူဖို့တော့လိုမည်။ ချစ်သူလည်းပင်ပန်းနေလောက် ရောပေါ့။
“ကောင်းပြီလေ၊ မောင့်ကို လိုက်ပို့မယ်၊ ပြီးမှ မြတ်နိုးပြန်မယ်လေ”
“အာ….မြတ်နိုးပြန်တဲ့အချိန် MRT ရှိသေးလို့လား”
ကျွန်တော်သိထားတာက ည ၁၁ နာရီခွဲလောက်အထိပဲ MRT ကရှိတာတဲ့။ အခုတောင်အချိန်တော် တော်နောက်ကျနေပြီ။ ၁၁ နာရီကျော်နေပြီ မို့ ချစ်သူပြန်ရတာအဆင်ပြေပါ့မလား။ ပြီးတော့ MRT ကလမ်းကြောင်းမတူရင် တူတဲ့လမ်းကြောင်းကိုပြောင်းစီးနေရဦးမှာ။
“မရှိလောက်တော့ဘူး၊ တက္ကစီနဲ့ ပြန်မယ်လေ”
“အဲဒါဆို တက္ကစီခ ကိုယ်ပေးမယ်နော်”
“ဟာ….မဟုတ်တာ”
“မြတ်နိုး ကိုယ့်ထက်ပိုက်ဆံရှိတယ်ဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမဲ့ ကိုယ့်ကြောင့် မြတ်နိုးတပင်တပန်း ရှာထားရတဲ့ ပိုက်ဆံတွေ မကုန် စေချင်ဘူးကွာ၊ မြတ်နိုးရဲ့ အချိန်ကို ကိုယ်ယူပြီးပြီပဲ၊”
“မောင်နဲ့ ပြန်လည်ဆုံတွေ့ရတာထက် တန်ဖိုးကြီးတာ ဘာမှမရှိပါဘူးကွယ်”
MRT ရထားဆိုက်ပြီမို့ တက်လိုက်ကြသည်။ နှစ်ယောက်စာဘေးချင်းကပ် လွတ်နေတဲ့ ခုံမှာထိုင်ရင်း ချစ်သူကို ကျွန်တော့်ရင်ခွင်ထဲဆွဲသွင်းလိုက် လေသည်။ မမျှော်လင့်ခဲ့တဲ့ အခြေအနေတစ်ခုကို ရောက်ရှိခဲ့ပြီ။ ကျွန်တော်ဟာ သစ္စာမရှိတဲ့ ယောကျင်္ားတစ်ယောက်လား မပြောတတ် တော့။
စကားပြောလို့မဝသေးတာမို့ ဆင်းရမယ့်ဘူတာမှာ မဆင်းဘဲ တစ်ဘူတာကြိုဆင်းဖို့ ဆုံးဖြတ် လိုက်ကြသည်။ အဲဒီကနေ ကျွန်တော် တည်းခိုရာ ဟိုတယ်ကိုလမ်းလျှောက်ကြမယ် ပေါ့။ China Town ဘူတာမှာဆင်းလိုက်ကြသည်။ ဘူတာကနေ လမ်းမကြီးဆီကိုလျှောက်လာ စကားတွေဖောင်ဖွဲ့ ပြောဖြစ်ကြသည်။ မတွေ့ရတဲ့ ကာလတွေအတွင်းမှာ ရန်ကုန်မှာဖြစ်ပျက်တာတွေ၊ မြတ်နိုး ဘာလို့စင်ကာပူ ကိုအလုပ် လာလုပ်ဖြစ်သလဲ ဆိုတာတွေပေါ့။ ပြီးတော့ ကျွန်တော့်လက်ရှိ ကောင် မလေးအကြောင်းကိုပါ မေးလေသည်။
မပြောကြဘူးလို့ ဆုံးဖြတ်ထား၊ ပြောထားကြပေမယ့် စကားတွေပြောရင်း ပြောရင်း ရောက်သွား တာပင်။ နိုနို့အကြောင်းကို စိတ်ဝင်တစားမေးလာတော့ ကျွန်တော် ဘယ်လို ပြန်ဖြေရပါ့မလဲ။ ကျွန်တော့်ကို အရမ်းချစ်တဲ့ မိန်းကလေးတစ်ယောက်၊ အရမ်းလည်းသဝန်တိုမှုတွေ တစ်ဖက်စွန်း ရောက်နေတဲ့ မိန်းကလေး တစ်ယောက်၊ ပြီးတော့ ကျွန်တော်တကယ်မချစ်သော မိန်းကလေးတစ် ယောက် အဲဒီလို ပြောသင့်ပါရဲ့လား။
သာမန်ကာလျှံကာပဲ ပြောဖြစ် ပါသည်။ အရင်ချစ်သူနဲ့တွေ့တဲ့အချိန် လက်ရှိချစ်သူအကြောင်း ပြောပြ တာကို ဘယ်သူက စိတ်ချမ်းချမ်းသာသာနဲ့ နားထောင်ချင်မှာလဲလေ။ ကျွန်တော် အလွယ်တကူပဲ စကားလမ်းကြောင်းလွှဲပစ်လိုက်မိသည်။
China Town မှာတော့ လူစည်ကားနေပါသည်။ ဆိုင်တွေမှာစားသောက်နေကြတာ၊ စျေးဆိုင်တစ်ချို့ ဖွင့်နေသေးတာကို မြင်ရသည်။ အဲဒီ နေရာ ကလွဲရင်တော့ လမ်းမကြီးတစ်လျှောက် လူရှင်းနေပါ သည်။ ဒါပေမဲ့ ဟိုတယ်၊ တိုက်တာ ၊ အဆောက်အဦတွေနဲ့ မီးထိန်ထိန်လင်းနေ၏။ တကယ်တမ်း တစ်ဘူတာစာလျှောက်ရတာ ပင်ပန်းနေသူတွေအဖို့ လှမ်းတယ်ထင်ရပေမယ့် ကျွန်တော်တို့ နှစ် ယောက်အတွက်တော့ တို တောင်းလှတော့ အချိန်လေးပါပဲ။
Dorsett Singapore ဟိုတယ်ကိုလှမ်းမြင်နေရပြီ။ ကျွန်တော်တို့ရဲ့ ကြည်နူးမှုကို အဆုံးမသတ် ချင်သေး။
“မောင် မြတ်နိုးကို အထင်မသေးပါဘူးနော်”
“ဘာအတွက်လဲ”
“မောင့်ကို အလွယ်တကူ လက်ခံလို့”
“ကိုယ်တို့နှစ်ယောက်ကြားမှာ ဒါတွေပြောဖို့လိုလား မြတ်နိုးရယ်၊ ဒီလောက်ကြီးချစ်ခဲ့ပြီးမှ”
“ဒါပေမဲ့ မောင့်မှာ လက်ရှိချစ်သူ ရှိရက်ကြီးနဲ့လေ….မြတ်နိုးက အချစ်တစ်ခုတည်းနဲ့ အဲဒါကို မေ့ပြီး မောင့်ကို ပြန်လက်ခံတာ…”
ပြန်လက်ခံတယ်ဆိုတဲ့စကားကြောင့် ကျွန်တော်ရင်နာရသည်။ ကျွန်တော်မြတ်နိုးကို ပြန်လည်ပြီး ချစ်သူဖြစ်ခွင့် ဖန်တီးခဲ့တာပေါ့။ ဒါဆို နိုနို့အတွက်ရော။ ချစ်သူနှစ်ယောက်ကို တစ်ပြိုင်တည်းထား တဲ့ကောင်ပေါ့။ ဘုရား။ ကျွန်တော်ဘာလုပ်ရမလဲ။ ဒီခဏမှာ ကျွန်တော့်ရင်ထဲမှာ မြတ်နိုးကို ချစ်တာ ကလွဲလို့ ဘာမှမသိချင်ပါ။
“ကိုယ်မှာ လက်ရှိချစ်သူရှိတာတော့မှန်ပါတယ်၊ ဒါပေမဲ့ အခု မြတ်နိုးနဲ့တွေ့နေတယ်၊ မြတ်နိုးကို ကိုယ်ချစ်တယ်၊ ဒါလေးပဲ ခေါင်းထဲ ထည့် ထားရအောင်ကွာ….နော်”
“အော်…မြတ်နိုးကို အငယ်အနှောင်းသဘောမျိုး တွဲတာပေါ့လေ…”
ချစ်သူက ကျွန်တော့်ကို စသည်။ ကျွန်တော့်မျက်နှာမှာ စိတ်မကောင်းတဲ့ ပုံစံပေါ်နေတော့ တစ်ခြား အကြောင်းအရာကို လွှဲလိုက်၏။ ကျေးဇူးတင် ပါတယ် ချစ်သူရယ်။ ဟိုတယ်ကို နီးလာပြီမို့ နှုတ်ဆက်ဖို့ အချိန်တန်လေပြီ။
“တစ်နေ့တာလုံးအတွက် လူရောစိတ်ပါပင်ပန်းခဲ့သမျှအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် မြတ်နိုး၊ တကယ်ပါ”
“မောင်ရယ်….ဒါတွေက သူစိမ်းဆန်လွန်းပါတယ်၊ ဘုရားသခင်က မောင်နဲ့ ပြန်လည်တွေ့ဆုံခွင့်ပေးလို့ မြတ်နိုးဝမ်းသာလိုက်တာ၊ မြတ်နိုးအတွက် အပျော်ဆုံးနေ့ပါပဲ မောင်၊ ကဲ ဟိုတယ်ကိုမြင်နေရပြီ မောင်သွားတော့နော်”
“ဟင့်အင်း ၊ မြတ်နိုးကို တက္ကစီစောင့်ပေးဦးမယ်”
Taxi Stand ရှိရာ မှာ နှစ်ယောက်သား မတ်တပ်ရပ်ရင်းတစ်ယောက်ကိုတစ်ယောက် ကြည်နူးလွမ်း ဆွတ်စွာ ကြည့်မိကြသည်။ ကျွန်တော်က ငါးဆယ်တန်တစ်ရွက် ထုတ်ပေးတော့ သူမ အကြောက် အကန်ငြင်းသည်။ တက္ကစီတစ်စီးလာနေပြီမို့ လှမ်းတားလိုက်၏။ တက္ကစီ ရပ်တော့ ချစ်သူက ကျွန်တော့်ကို နှုတ်ဆက်သည်။
“ဂွတ်နိုက်ထ် မောင်”
“ဂွတ်နိုင်ထ် မြတ်နိုး၊ မနက်ဖြန်ည တွေ့ချင်သေးတယ်”
“အိုကေ၊ တာ့တာ”
ကားလေးက ဝေးသည်ထက်ဝေးသွားသည်။ ညက တိတ်ဆိတ်စပြုနေပြီ။ တိတ်ဆိတ်မှုနဲ့အတူ စိတ်ထဲ မှာနာကျင်မှုတွေက ဝင်လာသည်။
မြတ်နိုး… ကိုယ်မင်းနဲ့တွေ့မိတာမှားများမှားသွားပြီလားကွာ။ ကိုယ်မင်းကို အိပ်မက်မက်ခွင့်တွေ ထပ်ပေးမိနေတာလားမသိတော့ဘူးကွာ။ ကိုယ်ဘာဆက်လုပ်ရမလဲ။ Dorsett ဟိုတယ်ကိုလျှောက်ရာ လမ်းတိုလေးသည် ခုနက ချစ်သူနဲ့အတူလျှောက်ခဲ့သော လမ်းရှည်ထက် အဆ ပေါင်းများစွာ ဝေးသ လိုခံစားရသည်။
မနက်ဖြန် ဘာဆက်ဖြစ်မလဲ ကိုယ်မတွေးချင်တော့ဘူးချစ်သူရယ်။
အလုပ်ကိစ္စကို ဖယ်ထားပြီး ချစ်သူနဲ့ ပြန်လည်ဆုံတွေ့ဖို့ အဲဒီလိုတွေးမိတဲ့ ခဏမှာတော့ စိတ်ထဲမှာ ကြည်နူးသွားမိသည်။
×××××××××××××××××××××××
ဆက်ပါဦးမည်။