လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၉)

(၉)
အဲဒီညက ကျွန်တော်ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။ အခန်းရဲ့ အပြင်ဖက်ကမြင်ကွင်းတွေကို ငေး ကြည့်လိုက်၊ အိပ်ရာပေါ် လှဲချလိုက်နဲ့ စဉ်းစားခန်းဖွင့်နေ မိတော့သည်။ ချစ်သူအကြောင်းတော့ အဓိက ပေါ့လေ။ ဘာကိုဦးတည်ချက်ထားပြီး တွေး လို့တွေးနေမိမှန်းမသိတော့ပါ။ ကျွန်တော်တို့ နှစ်ယောက်ခွဲ ခွာခဲ့ပြီး နာရီဝက်လောက်တွေးနေမိစဉ်မှာပဲ မတ်ဆေ့ချ်တစ်စောင် ရောက်လာလေသည်။
“ I love you so much, sleep well ” တဲ့။ ဘုရား ဘုရား။ ကျွန်တော် စိတ်ထဲကြည်နူးမိတာကို ဘယ် အရာနဲ့ တိုင်းတာရပါ့မလဲ။
“Same to you honey ….Good night” လို့ပြန်ပြောလိုက်တော့ သူမကလည်း ဂွတ်နိုက်ထ်လို့ ပြန်ပြောသည်။ အဲဒီနောက် ကြည်နူးစွာ အိပ်စက်ဖို့ ပြင်သည်။
ချိုမြိန်သော အိပ်စက်ခြင်းပေါ့ ချစ်သူရယ်။ သူမနဲ့ ကျွန်တော်တို့ရဲ့ အရင်ကအကြောင်း တွေကို ပြန် လည်တွေးရင်း အဖြေရှာမရသော အကြောင်းအရာတွေနဲ့ ကျွန်တော် အိပ်ပျော်သွားခဲ့သလား မသိ တော့ပါ။ မနက်ပိုင်း မတ်ဆေ့ချ်သံေကြောင့် ကျွန်တော်နိုးလာသည်။ ချစ်သူဆီကပေါ့။
“Good Morning Dear! I love you” တဲ့လေ။ ပြီးတော့ ဆက်မေးသည်။

“မနက်စာစားပြီးပြီလား” တဲ့။
“ဟင့်အင်း၊ ခုမှနိုးတာ”
“ကောင်းကောင်းအိပ်ပျော်ရဲ့လား”
“ဟင့်အင်း၊ ပြန်အိပ်ချင်နေတယ်ခု၊ မထချင်သေးဘူး ”
“လန်းသွားအောင်ရေချိုးလိုက်ပါလား၊ ရေချိုးပြီးရင်တော့ လန်းလန်းဆန်းဆန်းဖြစ်သွားလိမ့်မယ်”
“အိုကေ၊ ရေချိုးလိုက်တော့မယ်၊ တာ့တာ ညနေတွေ့မယ်နော်”
“ကောင်းပြီ”
ခဏတာ အပြန်အလှန်ပြောပြီးရေမိုးချိုး အလုပ်အတွက် ပြင်ဆင်ရသည်။ မနက်စာလည်း မစားဖြစ်ပါ။ ကျွန်တော် အင်မတန်ဝါသနာပါလှသော အလုပ်ကို စိတ်မပါလှစွာ ပထမဦးဆုံးအကြိမ် အဖြစ်လုပ်နေ သလို ခံစားရသည်။
ကုန်ပစ္စည်း (နည်းပညာထုတ်ကုန်) တစ်ခု ကိုမိတ်ဆက်ခြင်းပင်။ တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေသည့် နည်းပညာ ထုတ်ကုန်မို့ ရုံးခွဲတစ်ခုရှိရာ စင်ကာပူနိုင်ငံကို နိုင်ငံအသီးသီးက သတင်းထောက်တွေကိုဖိတ်ခေါ်ပြီး မိတ်ဆက်ပေးခြင်း ဖြစ်သည်။ အာဆီယံနိုင်ငံ အတော်များများက သတင်းထောက်တွေအပါအဝင် သြစတေးလျလို နိုင်ငံကသတင်းထောက် တွေလည်း ပါသည်။
ကုန်ပစ္စည်း ကိုမိတ်ဆက်ရုံမဟုတ်ဘဲ အဲဒီနည်းပညာထုတ်ကုန်တံဆိတ်နှင့် ပတ်သက်လို့ ကျွန်တော် တို့နိုင်ငံအသီးသီးရဲ့စျေးကွက်မှာ ဘယ်လိုရှိလဲ။ ရောင်းချမှုအနေအထားအပေါ်မှာရော ဘယ်လိုမြင်လဲ ဆိုတာတွေကိုပါ အကြံဉာဏ်ယူလေသည်။ အလုပ်ရုံဆွေးနွေးပွဲအသေးစားပဲအလွယ်တကူ မှတ်သား ထားလိုက်သည်။ အချိန်အားဖြင့်တော့ တော်တော်ကြာပါသည်။
နေ့တစ်ဝက်ကျိုးတော့နေ့လည်စာစားကြသည်။ ပြီးတော့ ကျွန်တော်တို့သတင်းထောက်တွေကို အပန်းဖြေအနားယူစေဖို့ Sendosa ကိုလိုက်ပို့ပေးပါသည်။ လုံးဝ အပန်းဖြေ ဖြစ်စေဖို့လို့ ဆိုပါသည်။ ပေါ့ပေါ့ ပါးပါး အဝတ်အစားလဲပြီးနောက် တည်းခိုရာ ဟိုတယ်ကနေ Sendosa ကိုထွက်ခဲ့ကြသည်။
စုစုပေါင်း အယောက်(၂၀) နီးပါးရှိသည်။ လမ်းတစ်လျှောက်မှာတော့ ဘယ်သူနဲ့မှ ဘာစကားမှ မပြောမိဘဲ ချစ်သူ အကြောင်းကိုပဲ တွေးနေမိလေသည်။ ဘယ်နေရာသွားသွား ကျွန်တော်သဘော ကျနှစ်သက်တဲ့ ရှုခင်းတွေကိုငေးကြည့် ဓါတ်ပုံရိုက်တတ်တဲ့အကျင့်တောင်ကွယ်ပျောက်ခဲ့လေပြီ။
သတိရစိတ်နဲ့ မတ်ဆေ့ချ်ပို့မယ်လို့တွေးပြီး ဖုန်းကိုကြည့်လိုက်မိတော့ ချစ်သူပို့ထားတဲ့ မတ်ဆေ့ချ် တစ်စောင်ကို တွေ့ရ သည်။ ကျွန်တော်လုံးဝသတိမထားမိသောအရာ။
“မြတ်နိုးကို ချစ်တယ်လို့ ဘယ်တော့မှ မပြောဖို့ဆုံးဖြတ်ထားလားဟင်”
ကျွန်တော် မြတ်နိုးကို ချစ်တယ်ဆိုတဲ့စကားမပြောမိဘူးလား။ မြတ်နိုး ကျွန်တော့်ဆီက အဲဒီစကားကို စောင့်မျှော်နေရှာတာလား။ ကျွန်တော် ဘာလို့မပြောမိခဲ့တာပါလဲ။ ကိုယ့်ကိုကိုယ်လည်း မတွေးတတ် တော့ပါ။
“ဘာလဲဟင်” (What) ဆိုပြီး ကျွန်တော်ပြန်ပို့လိုက်မိသည်။
ချစ်သူက “အလုပ်ကို ချည်းဖိလုပ်ပြီး နေ့လည်စာ စားဖို့မေ့နေဦး မယ်နော်” တဲ့။
“အင်းပါ”
“အိုကေ၊ ညတွေ့မယ်နော်၊ တာ့တာ I Love You forever”
အဲဒီစာကို ဖတ်လိုက်ရတဲ့ခဏမှာ ကျွန်တော့်ရင်ထဲမှာ ဟိုးအရင်အချိန်တွေကို ပြန်လည်တွေးမိပြီး သာယာကြည်နူးလိုက် တာ။ ပြောပြမတတ်အောင်ပါပဲ။ ဒါပေမဲ့ ချစ်သူကို မေးချင်တဲ့မေးခွန်းတစ်ချို့ ကျွန်တော့်ထံမှာရှိနေသည်။
“မြတ်နိုးကို ကိုယ်စွန့်လွှတ်ခဲ့တာတောင် ဘာလို့ ချစ်နေသေးတာလဲဟင်”
“မပြောပြတတ်ဘူး၊ မြတ်နိုးလည်း ကိုယ့်ကိုကိုယ်မသိတော့ပါဘူးကွာ။ ဒါပေမဲ့ သေချာတာကတော့ မောင်ဟာ ကျွန်မရဲ့ နှလုံးသားထဲမှာအမြဲတမ်းရှိနေတယ်ဆိုတာပဲ၊ ဒါဟာတဒင်္ဂမဟုတ်ဘူး၊ မောင် မြတ်နိုးအပေါ်ဘယ်လိုပဲ ပြုမူပြုမူ စိတ်ထဲမှာ အမြဲတမ်းချစ်နေတာပါ၊ မောင်ယုံကြည်အောင်ပြောနေ တာမဟုတ်ပါဘူး၊ မယုံလည်းရပါတယ်၊ မောင့်ဘက်က ဘယ်လိုပဲ သဘောထားထားပါ”
ကျွန်တော့်ရင်ဘတ်ထဲမှာ ရှိနေတာကို ဝန်ခံမိပါသည်။
“ကိုယ်လည်း မင်းကိုခုချိန်ထိ ချစ်နေဆဲပါကွာ”
“မြတ်နိုးလေ…မောင်နဲ့ တစ်နေ့ကျရင်အတူနေမယ်ဆိုပြီး မျှော်လင့်နေတုန်းပဲ၊ ဘယ်သူတွေဘာ ပြောပြော ဂရုမစိုက်ဘူး၊ ဒါပေမဲ့ လက်ရှိ မြတ်နိုးမှာ ဘာမျှော်လင့်ချက်မှ ထားနိုင်တဲ့အခြေအနေ မရှိပါဘူးလေ”
ချစ်သူရဲ့စာတိုက ကျွန်တော့်အတွက် ထိရောက်လှပါသည်။ ကျွန်တော်မတွေးဘဲ ရင်ထဲကစကားတွေ ကို ပြောနေမိသည်။
“ကိုယ်လည်းမျှော်လင့်မိနေတယ်၊ အဲဒီအတွက် ကိုယ်အတတ်နိုင်ဆုံးကြိုးစားမယ်၊ လက်ရှိကိုယ့်စိတ်ထဲ မှာ မင်းပဲ လွှမ်းမိုး နေတယ်ကွာ၊ ဒါပေမဲ့ ဒါပေမဲ့ ကိုယ်မင်းကိုသေချာတဲ့ကတိတွေမပေးနိုင်တာ တော် တော်စိတ်မကောင်းဖြစ်ရတယ် မြတ်နိုးရယ်၊ ကိုယ့်ကိုနားလည်ပေးပါကွာ”
“အဲလိုမပြောပါနဲ့လေ၊ အရာရာတိုင်းဟာ မြတ်နိုးရဲ့အမှားပါ”
“ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲလေ၊ ကိုယ်မှားတာပါ၊ သေချာခိုင်မာတဲ့အရာကို အခုချိန်မှာကိုယ် မဆုံးဖြတ်နိုင်အောင်ဖြစ်နေမိတယ်၊ တကယ်ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တယ်ကွာ”
“ဟင့်အင်း၊ မောင်…အဲလိုမထင်ပါနဲ့၊ မောင်ပျော်နေတာပဲ မြတ်နိုးမြင်ချင်တာ”
“မသိတော့ဘူးကွာ၊ အခုချိန်မှာ ကိုယ့်ရင်ထဲမှာတစ်ခုပဲရှိတယ်၊ အဲဒါက မင်းကိုအရမ်းချစ်တယ်ဆိုတာပဲ ချစ်သူရယ်၊ အိုကေ အလုပ်ထဲမှာမှလား အလုပ်ဆက်လုပ်ပါ၊ ညနေမှ တွေ့မယ်နော် ”
“အိုကေ၊ အရမ်းချစ်တယ်”
ယောကျ်ားလေးတစ်ယောက်ဟာ မိန်းကလေးနှစ်ယောက်ကို တစ်ပြိုင်တည်းချစ်ခွင့်ရှိပါရဲ့လား။ ကျွန်တော့်လိုအခက်အခဲ တွေ့ကြုံနေရတဲ့သူ ဘယ်နှစ်ယောက်ရှိနေသလဲ။ ဟင့်အင်း။ ကျွန်တော်နိုနို့ ကို သံယောဇဉ်အတိုင်းအတာတစ်ခုရှိတာကလွဲ လို့ မချစ်ဘူးဆိုတာသေချာပါသည်။ ဒါဆို ကျွန်တော် ချစ်သူနှစ်ယောက်ကို တစ်ပြိုင်တည်းချစ်နေမိတာပေါ့။ စိတ်ညစ်တာ လား၊ စိတ်ရှုပ်တာလား မတွေး တတ်တော့ပါ။ ရင်ထဲမှာလေးလံနေတာတော့ အသေအချာပဲဖြစ်လေသည်။
Sentosa ကျွန်းမှာစင်ကာပူနိုင်ငံရဲ့ အထင်ကရကျွန်းတစ်ခုဖြစ်ပြီး တစ်နှစ်ကိုလူငါးသန်းလောက်လာ ရောက်လည်ပတ်တယ် တဲ့လေ။ ကျွန်တော့်တစ်သက်မှာတစ်ခေါက်တော့ရောက်အောင် လည်ပတ်ဦး မယ် လို့တွေးထားခဲ့တဲ့ကျွန်းလည်းဖြစ်လေ သည်။ စင်ကာပူ Universal Studios၊ ကြယ်ငါးပွင့်ဟို တယ်တွေ၊ ကမ်းခြေ စတာတွေကိုလည်းတွေ့မြင်ရသည်။ ကျွန်တော် တို့အဖွဲ့ကတော့ Sentosa ကနေ ကျွန်းလေးတစ်ကျွန်းဆီကို စပိဘုတ်ခပ်လတ်လတ်အရွယ်နဲ့ထွက်ခဲ့ကြသည်။
နာရီဝက်လောက်တော့မောင်းရမည်ထင်သည်။ အဲဒီကျွန်းကိုရောက်တော့ စင်ကာပူမြို့အလှကို ခပ်ဝေး ဝေးပဲမြင် ရတော့ သည်။ စပိဘုတ်ပေါ်မှာဝန်ထမ်းတစ်ချို့က ကျွန်တော်တို့အတွက် ဘာဘီကျူတွေ လုပ်ဖို့ပြင်နေတုန်း ကျွန်းလေးပေါ်ကို အလုပ်ကတာဝန်ရှိသူတစ်ချို့က လိုက်ပြပေးပါသည်။ ကျွန်းပေါ် မှာထွေထွေထူးထူးရှိမနေပါ။
ပုံမှန်အတိုင်းတောတွေ၊ သစ်ပင်ထူထူတွေ ပဲရှိသည်။ လေကောင်းလေသန့်တော့ရတာပေါ့လေ။ ကြောင်တွေတော်တော်များများတော့တွေ့ရသည်။ ကျွန်တော်နဲ့အတူ စကားစမြည်ပြောရင်းလမ်း လျှောက်နေတဲ့ ထိုင်းနိုင်ငံကသတင်းထောက်က အဲဒီကျွန်းကိုအလွယ်တကူပဲ နာမည်ပေးလိုက်လေ သည်။ Cat Island တဲ့။ ကျွန်းပေါ်မှာဆိုပေမယ့် ဖုန်းလိုင်းကလိုင်းအပြည့်မိနေပါသည်။
အဲဒီကျွန်းတစ်လျှောက် နာရီဝက်လောက်လမ်းလျှောက်အပြီးမှာတော့ ဘုတ်ပေါ်ပြန်တက်လာခဲ့သည်။ စပိဘုတ်ပေါ်မှာ သီချင်းခပ်အေးအေး ဖွင့်ထားတာမို့ လေညှင်းခံရင်း ချစ်သူအကြောင်းကိုတွေးမိကာ စိတ်ကူးယဉ်နေမိသည်။ Mariah Carey ရဲ့ Hero သီချင်းက ငြိမ့်ငြောင်းချိုသာစွာ ပျံ့လွင့်နေသည်။
And then a hero …..comes along……with the strength to carry on,
And you cast your fears aside…and you know ….you can survive.
So when you feel like hope is gone, look inside you and be strong.
And you’ll finally see the truth, that a hero lies in you.
အကင်တွေရပြီမို့ ဘူဖေးစနစ်ဖြင့်ယူစား၊ နည်းနည်းပါးပါးသောက်ဖြစ်ကြသည်။ ကိုယ့်နိုင်ငံ သူ့နိုင်ငံ အကြောင်း ယဉ်ကျေးမှု တွေ ဖလှယ်ကြ၊ ပြောဖြစ်ကြသည်။ ညနေစောင်းလာတော့ မိုးလေးနည်းနည်း အုံ့ချင်လာသည်။
မော်တော်မောင်းသမားက မိုးရွာတော့မည့်အရိပ်အကဲ မှန်းသဘောပေါက်မြန်ကာ ကျွန်တော်တို့အဖွဲ့ကို ခေါ်ဆောင်လာသည့် စီစဉ်သူကို ပြန်သင့်ပြီ လို့သတိပေးသည်။ ခဏကြာတော့ Sentosa ပင်မနေ ရာကို ထွက်လာခဲ့ကြသည်။ လမ်းမှာ မိုးဖွဲ့လေး တွေစရွာလာသည်။ မိုးဖွဲလေးကနေ တစ်ဖြည်းဖြည်း ကြီးလာသည်။ စပိဘုတ်ပေါ်မှာ မိုးခိုစရာနေရာ မရှိတော့လောက်အောင်ကို ဖြစ်လာသည်။
ကျွန်တော့် တစ်ကိုယ်လုံးစိုရွှဲပြီ။ ပင်မနေရာကို ပြန်ရောက်တော့ အားလုံးကြွက်စုတ်လေးတွေလို ဖြစ်ကုန်ပြီ။ ချစ်သူ အလုပ်ကပြန်ရောက်နေလောက်ပြီ လို့ခန့်မှန်းရင်း ဖုန်းဆက်လိုက်မိသည်။
“ဟိုတယ်ကပဲစောင့်နေနော်၊ အခု Sentosa ကနေထွက်လာပြီ၊”
တွေ့ချင်ဇောနဲ့ပြောလိုက်မိပေမယ့် ချစ်သူနေတဲ့နေရာနဲ့ ကျွန်တော်တည်းတဲ့ဟိုတယ် အလွယ်တကူ သွားလာလို့ရပါ့ မလား မသိတော့။ MRT က အပြာရောင်လိုင်း၊ လိမ္မော်ရောင်လိုင်း စသည်ဖြင့် လိုင်းတွေခွဲထားပြီး ချစ်သူက ဘယ်လိုင်းနားမှာ နေပါသလဲ။ ကျွန်တော်တည်းတဲ့ ဟိုတယ်ကရော ဘယ်လိုင်းမှာ ရှိပါသလဲ မသိတော့။
စိတ်ထဲမှာ မြတ်နိုးနဲ့ မြန်မြန်တွေ့ချင် လှပြီ။ “မိုးတွေရွာနေတယ်၊ ထီးယူလာနော်” လို့ပြောလိုက်ပေမယ့် ချစ်သူက ထီးဆောင်းရတာမကြိုက်ပါ။
“မိုးက မြတ်နိုးတို့ ဆီမှာတော့ မရွာဘူး၊ ခဏနေရင် တိတ်သွားမှာပါမောင်ရယ်” တဲ့။ ချစ်သူ ထီးယူလာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်ကောင်း ကောင်း သဘောပေါက်လိုက်ပြီ။
ထီးဆောင်းရမှာ ပျင်းတဲ့ချစ်သူကို ကျွန်တော်ခဏခဏ ပြောရခဲ့ဖူးသည်။ ဒီတစ်ခါမှာ မယူလာရင်တော့ အရင်တုန်းကလို ပြောဖို့၊ ဆူဖို့ စိတ်ကူးမရှိပါ။ ဒီညဟာ…ကျွန်တော်တို့နှစ်ယောက်ရဲ့ နောက်ဆုံးည မဟုတ်လား။ အင်း……ကျွန်တော် စင်ကာ ပူ လာတဲ့ခရီးစဉ်နောက်ဆုံးညပေါ့လေ။ ကျွန်တော်တို့နှစ် ယောက်ရဲ့ ဆုံးတွေ့ခြင်းနောက်ဆုံးညတော့ မဖြစ်ချင်ပါ။ အခုလိုညမျိုးမှာ တစ်ယောက်အပေါ် တစ် ယောက်ငြိုငြင်ခြင်း စိတ်ကောက်ခြင်းတွေ မလုပ်ချင်တော့ပါ။ ဒါပေမဲ့။
ဒါပေမဲ့ တကယ်တော့ အဲဒီညဟာ ကျွန်တော်တို့နှစ်ယောက်ရဲ့ အမှတ်တရ ညတစ်ည ဖြစ်လာခဲ့ ပါသည်။ ကျွန်တော် တို့ နှစ်ယောက်ရဲ့ ဘယ်တော့မှမမေ့နိုင်တဲ့ ညလေးတစ်ည ဖြစ်ခဲ့ရသည်။ စိတ်ဆိုး၊ စိတ်ကောက်၊ နာကျင် ခြင်းများမရှိတဲ့ အမှတ်တရ ညလေးတစ်ညပါပဲ။
×××××××××××××××××××××××