လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၀)

(၁၀)
ဟိုတယ်ကိုရောက်ပြီး ရေမိုးချိုး၊ အဝတ်အစားလဲရင်း ချစ်သူကို စောင့်နေမိသည်။ အလုပ်ကတော့ ပြီးသွားပြီ။ ရန်ကုန် ရောက်မှ သတင်းရေးရမှာမို့ စိတ်ပူစရာမရှိ။ အဲဒီကုန်ပစ္စည်းကို မိတ်ဆက်တဲ့ သတင်းက ချက်ချင်းရေးဖို့ခွင့်မပေးသေး။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အားလုံးတူတူရေးရမှာမို့ သတင်းသိုးမှာလည်း မပူရ။ ဒီလ (၁၄) ရက်နေ့မှ စရေးရမှာဆို ပြီး စာချူပ်မှာ လက်မှတ်ထိုးခဲ့ရသည်။ နည်းပညာ ဂျာနယ်သတင်းထောက် တစ်ယောက်အနေနဲ့ အလုပ်မှာဖိအား များများ စားစား မရှိလှတာမို့ ဒေသန္တရ သတင်း၊ ဆောင်းပါးတွေ လည်းယူမနေတော့ပါ။ ချစ်သူနဲ့ပဲ အချိန်ဖြုန်းဖို့ ဆုံးဖြတ်ထားသည်။

ဟိုတယ်အောက်ကို ဆင်းစောင့်ပြီး သိပ်မကြာခင်မှာဘဲ မြတ်နိုးရောက်လာသည်။ အနွေးထည် ပါးပါးလေး တစ်ထည်ကို အပေါ်က ခြုံဝတ်ထားလို့။
“အပိုတွေ၊ မိုးလည်းမရွာတော့ဘဲနဲ့၊ ချမ်းလည်းမချမ်းဘဲနဲ့ တော့များ” လို့ကျွန်တော်ကလှမ်း စသည်။
“ဒါစတိုင်လေ” တဲ့လေ။ အင်းလေ။ စင်ကာပူသူဖြစ်နေပြီကိုး။ ကျွန်တော်က လက်ကမ်းပေးလိုက်တော့ ချစ်သူက ကျွန်တော့် လက်ကို တယုတယ ပြန်ကမ်းပေးကာ နှစ်ယောက်သားလက်ချင်းတွဲပြီး MRT ဘူတာဆီသို့ လျှောက်လာခဲ့ကြသည်။
“ဘယ်သွားမလဲ”
“စျေးဝယ်ရမယ်လေ၊ အမှတ်တရ ပစ္စည်းတွေပေါ့”
“ဘာတွေဝယ်မှာလဲ၊ ပစ္စည်းကိုသိမှ ဝယ်မယ့်နေရာကို စဉ်းစားရမှာ”
“တီရှပ်ပေါပေါတွေပေါ့၊ နောက်ပြီး စားစရာဘာညာတွေ…နေပါဦး ဒီအချိန်စျေးဖွင့်သေးလို့လား”
“ရတယ်”
ချစ်သူခေါ်ရာနောက်ကို လိုက်လာခဲ့သည်။ စျေးထဲပတ်ကာ စင်ကာပူ အမှတ်တရတီရှပ်တွေဝယ်သည်။ မက်ဒေါနယ်လ် ကော်ဖီဆိုင် မှာမုန့်ဝင်စားသည်။ ညစာကိုတော့ ဖြစ်ဖြစ်မြောက်မြောက်မစားဖြစ်။ ချစ်သူက စားလာပြီး ကျွန်တော်ကတော့ စပိဘုတ်ပေါ်မှာအကင်တွေ တော်တော်များများ စားလာ တာမို့ ဗိုက်သိပ်မဆာ။ အောက်တိုဘာလဆိုပေမယ့် နာမည်ကြီးတံ ဆိပ် အဝတ်အစားတွေတော် တော်များများ လျှော့စျေးနဲ့ရောင်းနေတာတွေ့ရသည်။
ကျွန်တော်က ဝယ်မယ်ဆိုတော့ ချစ်သူ က အရောင်ရွေးပေးသည်။ အဖြူရောင်နဲ့ အစိမ်းနုရောင် စပို့ရှပ်တစ်ထည်စီ။ လက်ထဲမှာ ကိုင်စရာအထုတ်တွေ တော်တော် များများ ရောက်ပြီးသွားတော့ အချိန်တော်တော်နောက်ကျနေပြီ။ ည ၁၀ နာရီကျော်ပြီထင်ပါရဲ့။ MRT ကို တရုတ်တန်း ( China Town) ဘူတာအထိပဲ စီးလာခဲ့ကြပြီး တစ်နေရာမှာ ထိုင်စကားပြောကြမယ်ပေါ့။
“အဆောင်က ဘယ်အချိန်လောက်အထိ ဝင်လို့ရလဲ”
“ရတယ်”
“ဘာရတာလဲ”
“ရပါတယ်ဆိုနေ”
ချစ်သူနဲ့ ကျွန်တော်အဖုအထစ်လေးတွေဖြစ်ခဲ့ကြတာ အဲဒီလို မပွင့်မလင်းအကြောင်းတွေက အဓိက ပင်။ မြတ်နိုး ကျွန်တော့်ကို ဘယ်တုန်းကမှ အလေးအနက်ထား ပွင့်ပွင့်လင်းလင်း မပြောပြခဲ့ပါ။ ဘာမ ဟုတ်တဲ့အကြောင်းအရာလေးတွေက အစ အဲဒီလို သိုဝှက်တတ်ခဲ့လို့ ကျွန်တော်တို့တွေ ဝေးခဲ့ကြရ တာမဟုတ်လား။ ကျွန်တော့်စိတ်ထဲ နည်းနည်းခုသွားတာကို ချစ်သူ က ရိပ်မိဟန်တူသည်။
“မနက်ကျမှ ပြန်လာမယ်လို့ ပြောခဲ့တယ်” တဲ့။ ဘုရား ဘုရား။ ကျွန်တော် အံသြမိသွားရပြီ။ ကျွန်တော် မမျှော်လင့်သော အဖြေ။
“ဒါဆို…ကိုယ်တို့ တစ်ညလုံးအတူရှိခွင့်ရမှာပေါ့နော်” လို့ပြန်ပြောလိုက်တော့ ချစ်သူက ခေါင်းညိတ် သည်။
“တကယ် မမျှော်လင့်ထားဘူး”
အဲဒီနောက်မှာတော့ ကျွန်တော်တို့နှစ်ယောက် တစ်ညလုံးစကားပြောလို့ရမယ့်နေရာတစ်ခုကို မြတ်နိုး က ဦးဆောင်ခေါ်လာခဲ့သည်။ တောင်ကုန်းမြင့်လေးပေါ်မှာ တည်ရှိနေတဲ့ ပန်းခြံ ( Park) တစ်ခု။ သစ်ပင်ရိပ်ကောင်းကောင်းနဲ့ ထိုင်စရာ ခုံတန်း လျားတွေ အများကြီးနဲ့။ တောင်ကုန်းလေးပေါ်ကို တစ်ဆင့်ပြီး တစ်ဆင့်တက်သွားတာနဲ့ အတွဲတွေ ကိုယ်စီထိုင်စကားပြော နေကြတာ ကိုတွေ့ရသည်။ တော်တော်တော့ မှောင်နေပြီမို့ လျှပ်စစ်မီးရောင် မှိန်ဖျော့ဖျော့ ကိုုသာလှမ်းမြင်နေရသည်။
“ဒါက တစ်ညလုံးဖွင့်ထားတာလားဟင်”
“အင်း”
“ဟောဗျာ….မိုက်လှချည်လား၊ ဘယ်သူမှလာမချောင်းဘူးလား”
ချစ်သူက ကျွန်တော့်ကိုမျက်စောင်းလှမ်းထိုးသည်။ နှစ်ယောက်သားအေးအေးလူလူ ထိုင်နိုင်မည့် ခုံတန်းလျားလေးကို လိုက် ရှာကြသည်။ တစ်ချို့နေရာက လူတွေထိုင်နှင့်ပြီးနေပြီ။ တစ်ချို့နေရာ ကျတော့ မိုးရွာထားတာမို့ မိုးရေတွေစိုလို့နေသည်။ မြက်ခင်းပြင်တွေ သစ်ရိပ်ဝါးရိပ်တွေ မို့ မြွေပါးကင်း ပါးတော့ ကြောက်မိသည်။ နောက်ဆုံးတော့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ရှိတဲ့ သစ်သားခုံတန်း လျားလေးကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိသွားကြသည်။ ခုံတန်းလျားလေးကတော့ အနည်းငယ်စို ထိုင်းလို့နေသည်။
“ကွက်ကျားမိုးဆို၊ ဒီမှာကျတော့ ရွာတယ်၊ တော်တော်အကျင့်မကောင်းတဲ့ မိုး၊ ချိန်းတွေ့တာတောင် ဇိမ်ရှိရှိမတွေ့ရဘူး”
ခုံတန်းလျားလေးပေါ်ထိုင်ကာ ချစ်သူကို ကျွန်တော့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။ ငှက်အော်သံ တစ်ချို့၊ လမ်းမထက်ဆီ က ကားတွေသွားလာသံသဲ့သဲ့ ကလွဲရင် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ ဆိတ်ငြိမ်ခြင်းဟာ တကယ်ပဲ အချစ်စိတ်ကို နိုးထစေသလား မသိတော့ပါ။ ကျွန်တော်တို့နှစ်ယောက် စလုံး ဘာစကားမှမပြောဖြစ်ကြ။ နောက်ထပ်တွေ့ခွင့်မရှိတော့တဲ့ လူနှစ်ဦးလိုပဲ မခွဲနိုင်မခွာရက် တင်းကြပ်စွာဖက်ထားမိကြသည်။
“အရမ်းချစ်တယ် မြတ်နိုးရယ်”
ခုလိုအေးချမ်း ဆိတ်ငြိမ်တဲ့နေရာလေးမှာ မိုးစိုနေရာကွက်တိကွက်ကျားဖြစ်နေတာကိုတော့ ကျွန်တော် သဘောမကျလှပါ။ ပြီးတော့ မှောင်မှောင်မည်းမည်းကြီးထဲမှာ မြတ်နိုုးနဲ့ကျွန်တော် နှစ်ယောက်တည်း ရှိနေတာဟာ မြတ်နိုးအတွက် တရားပါရဲ့လား။ အဲဒီတဒင်္ဂမှာ ဖျတ်ခနဲအတွေးတစ်ခုဝင်လာသည်။ မှားသလား မှန်သလား ဝေခွဲဆုံးဖြတ်လို့ မရသောအတွေး။ အဲဒီအတွေး ကို အကောင်အထည်ဖော်ဖို့ ချစ်သူကို တိုက်တွန်းမိလေသည်။
“မြတ်နိုး”
“ပြောလေ မောင်”
“ဟိုလေ…..ဒီည ကိုယ်တို့ နှစ်ယောက်အတူတူ အနားယူချင်တယ်”
“ဟောတော်….အခု ထိုင်ပြီးအနားယူတာမဟုတ်ဘူးလား”
“ဒီနေရာက မိုးရေတွေလည်းစိုနေတယ်၊ ပြီးတော့အမှောင်ကြီး၊ ကြောက်စရာကောင်းလိုက်တာ၊ ကိုယ်ပြောတာက ဟိုတယ် တစ်ခုခုမှာ….”
“ဘာ”
“ဟို….ကိုယ်ပြောတာက…”
“မောင်..မြတ်နိုးကိုအထင်သေးတာလားဟင်၊ တိုင်းတပါးမှာရောက်နေတယ်ဆိုပြီး အကျင့်စာရိတ္တ ပျက်စီးနေတဲ့ မိန်းကလေး တစ်ယောက် အဖြစ်……….”
“အာ….အဲသဘောနဲ့ပြောတာမဟုတ်ပါဘူး။ ကိုယ်….ကိုယ် မြတ်နိုးနဲ့ ဒီတစ်ညတာ အတူရှိချင်တာပါ၊ မြတ်နိုး ကိုကိုယ် ဒီတစ်ညတာ အပိုင်လိုချင်နေမိတယ် မြတ်နိုးရယ်”
ကျွန်တော်တို့နှစ်ယောက်က ပြန်လည်ချစ်သူတွေဖြစ်နေကြတာလား။ ကျွန်တော် မြတ်နိုးကို ဘာတွေ တောင်းဆိုမိနေသလဲ ကိုယ့်ကိုယ်ကို တောင်ဝေခွဲမရတော့ပါ။ လူတိုင်းလူတိုင်းမှာ ခဏတာဖြစ် ပေါ်လာတဲ့ စိတ်ကိုဘယ်လိုစွမ်းအင်တွေနဲ့ ထိန်း ချုပ် တတ်ကြပါသလဲ။ ကျွန်တော်ကတော့ ထိန်းချူပ် နိုင်စွမ်းမဲ့နေသည်မှာ အသေအချာပင်။
“မြတ်နိုး ဘယ်နေရာပဲရောက် မြန်မာမိန်းကလေးတစ်ယောက်ပဲဆိုတာ ကိုယ်နားလည်ပါတယ်၊ ဒါပေမဲ့ ကိုယ်တို့နှစ် ယောက်က ခုမှတွေ့ဖူးကြတဲ့ သူတွေမှမဟုတ်တာ၊ အရင်းနှီးဆုံး လူနှစ်ယောက် ဖြစ်ခဲ့ပြီးမှ…”
“ကဲပါ၊ မောင့်ကို မြတ်နိုး ခုချိန်ထိချစ်နေတုန်းပဲလို့ပြောပြီးပြီပဲလေ၊ လူတစ်ယောက်ကိုချစ်ရင် အဲဒီလူ အတွက် ဘာမဆိုပေး ဆပ်ဖို့ အဆင်သင့်ရှိနေတာဟာ မိုက်ရူးရဲဆန်တယ်ဆိုရင်လည်း မြတ်နိုးရဲရဲကြီး အပြောခံပါ့မယ်”
ကျွန်တော် ကျေနပ်ကာ မြတ်နိုးရဲ့နဖူးလေးကို ဖွဖွလေးနမ်းလိုက်သည်။ ခုချိန်ကျတော့လည်း ကမ္ဘာ ကြီးဟာ ကျေနပ်စရာ ကောင်းလိုက်တာ။ အဲဒီနောက်…ကျွန်တော်တို့နှစ်ယောက် ပန်းခြံထဲကနေ ထွက်ခဲ့ကြသည်။ အဆင်းလှေကားလေးတွေကို လက်ကမ်းကာ ဆင်းစေရင်း သာယာတဲ့အချိန်တွေကို ကျော်ဖြတ်ကြသည်။
တရုတ်တန်းဖက်ကို ထွက်ခဲ့ကြကာ နီးစပ်ရာဟိုတယ်ကို လိုက်ရှာကြသည်။ မြတ်နိုးကပဲ ကျွန်တော့်ကို ဦးဆောင်ခေါ်ရတာ ပေါ့လေ။ မီးရောင်ထိန်ထိန်လင်းနေတဲ့ ဟိုတယ်တစ်ခုထဲကိုဝင်လာခဲ့ကြ၏။ ဖြစ်ချင်တော့ ကျွန်တော့်ပတ်စ်ပို့တစ်ခုတည်း နဲ့ တည်းခိုလို့မရဘူးတဲ့။ အဲဒီတော့ သူမ ID ကတ်ကိုပါ ထုတ်ပြရတော့တာပေါ့။ ဘယ်နှစ်ရက်တည်းမှာလည်းဆိုတော့ နှစ်ယောက်သားပြိုင်တူ ဖြေမိကြ သည်။ “ဒီတစ်ညတည်း”။ ဟိုတယ်ကအကောင်းကြီးတော့မဟုတ်ပါ။ ကြယ်သုံးပွင့်လောက် သာရှိမည်။ အခန်းက ကျဉ်းကျဉ်းလေးရယ်။
ကုတင်ပေါ်မှာ ရှိတဲ့ ခေါင်းအုံးနှစ်လုံးထဲက တစ်လုံးကိုဖယ်ထားကာ ကျန်တဲ့ခေါင်းအုံးတစ်လုံးပေါ်ကို ကျွန်တော်အုံးသည်။ ညာဖက်လက်ဝါးကို ကျွန်တော့်ခေါင်းအနောက်သို့ ဖိထားပြီးအဲဒီလက်အပေါ်ကို ချစ်သူကို အိပ်စက်စေသည်။ ပြီးတော့ နှစ်ယောက်သား စိတ်ချမ်းသာစေမည့် စကားလုံးလေးတွေကိုပဲ ရွေးချယ်ကာ ပြောဖြစ်ကြသည်။
“ဒါ…အိပ်မက် မဟုတ်ပါဘူးနော် မောင်” တဲ့။ အိပ်မက်ဆိုရင်လည်း မင်းရောကိုယ်ရော ဘယ်တော့မှ မနိုးထပါရစေနဲ့ ချစ်သူ။
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချိုမြိန်ဆုံးညလေးပါပဲ။ မနက်မိုးလင်းရင် ကျွန်တော်တို့နှစ်ယောက် လမ်းခွဲကြမည်။ ကျွန်တော်က တည်းခိုရာဟိုတယ်ကိုပြန်ရမည်။ ချစ်သူက အဆောင်ခဏပြန်ပြီး အလုပ်ကိုသွားရမည်။ ကျွန်တော်က အထုတ်အပိုးတွေ ပြင်ဆင်ပြီးလေဆိပ်ကို ထွက်ခွာချိန်မှာ ချစ်သူကအလုပ်ထဲမှာရောက်နှင့်နေပြီ။ မတွေးချင်…နောက်ဘာ တွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို တွေးချင်စိတ်ကွယ်ပျောက်ရပြီ။
နှစ်ယောက်စလုံးက စိတ်ချမ်းသာစရာ စကားလုံး တွေကိုချည်း ရွေးချယ်ပြောဖြစ်တယ်ဆိုပေမယ့် ကျွန်တော်နာကျင်ရတဲ့စကားတစ်ခွန်းကိုတော့ မြတ်နိုး ပြောခဲ့ပါ သည်။ ဒါပေမယ့် အဲဒါဟာ မြတ်နိုးအနေနဲ့ လုံးဝပြောသင့်တဲ့စကားပါလေ။
“မြတ်နိုးတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို မောင့်ချစ်သူကို ပြောပြသင့်တယ်” တဲ့။
ဟုတ်မှာပါလေ။ ကျွန်တော် နို့နို့ကို ပြောပြသင့်တာပေါ့။ နိုနိုနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ကြားမှာ အဆင်မပြေဖြစ်နေတဲ့ အဖုအထစ် ဖြစ်နေတဲ့ အဖြစ်အပျက် ကြီးတစ်ခု ထပ်တိုးတာပေါ့လေ။ လက်ရှိ ကျွန်တော့်မှာ ချစ်သူရှိသည်။ အဲဒီချစ်သူကို ကျွန်တော်တကယ်မချစ်မှန်း အချိန် တစ်ခုအထိ ကြာပြီးမှ သိခဲ့ရသည်။
အဲဒီချစ်သူက ကျွန်တော့်အပေါ် အရာရာသဝန်တိုပြီး စိတ်ပျက်စရာကောင်းလောက် အောင်အပြုအမူတွေ တစ်မျိုးပြီးတစ်မျိုး လုပ်တတ်တဲ့ မိန်းကလေးတစ်ယောက် ဆိုတာကို မြတ်နိုး သိပါရဲ့လား။
မြတ်နိုးရဲ့စကားအတိုင်း ကျွန်တော်လိုက်နာခဲ့ပါသည်။ ဒါပေမဲ့ ရလာဒ်ကတော့ မျှော်မှန်းထားတဲ့ အတိုင်း ရလာဒ်ကောင်း မဟုတ်ခဲ့ပါ။ စိတ်ဆင်းရဲစရာအဖြစ်အပျက်တွေ ကိုသာရရှိခဲ့လေသည်။ အဲဒီ စိတ်ဆင်းရဲမှုက တစ်ခဏမဟုတ်ပါ။
နိုနို ကျွန်တော့် အပေါ်မပြတ်နိုင်သေးဘူးဆိုတဲ့ ကာလတစ်ခုလုံး ပေါ့။ လူတစ်ယောက်မှာ အဆိုးဝါးဆုံး အဖြစ်အပျက်တွေ ဆက် တိုက်ဆိုသလို ကြုံရတာမျိုး တစ်ချိန်ချိန်တော့ ရှိလာကြမှာပါပဲ။ ကျွန်တော့် အတွက်တော့ စင်ကာပူမှ ပြန်လာပြီးနောက်ပိုင်းလည်းတွေ့ အရင်တုန်းကလည်းတွေ့ နိုနိုနဲ့ပတ်သက် ရင်တွေ့နေခဲ့ရတော့တာပါပဲ။
အဲဒီလို အခက်အခဲဆုံး အချိန်တွေ တွေ့ကြုံခဲ့ရင် ဘယ်လိုဖြေရှင်းတတ်ကြပါသလဲ။ ကျွန်တော့် အတွက်ကတော့ဗျာ….။
×××××××××××××××××××××××

ဆက်ပါဦးမည်။