(၁၂)
၀ါသနာကိုတားမြစ်လာတဲ့အထိဖြစ်လာရင်တော့ ဘယ်သူ့မှသည်းခံလာနိုင်တော့မည်မဟုတ်ပါ။ ကျွန် တော် နည်းပညာသတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့သည်။ နိုင်ငံရေးသတင်းတွေ၊ ဖျော်ဖြေရေးသ တင်းတွေ၊ ကျန်းမာရေး၊ ပညာရေးသတင်းတွေရေးဖို့ထက် နည်းပညာသတင်းတွေရေးဖို့ကိုစိတ်အား ထက်သန်ခဲ့သည်။ ဒါကြောင့် နည်းပညာဂျာနယ်မှာ အလုပ်ပြောင်းလုပ်ခဲ့သည်။
သတင်းလိုက်ခြင်းထက် နည်းပညာအကြောင်းအရာကိုလိုက်ရေးခြင်းက ကျွန်တော့်အတွက်ပိုအဖိုးတန် သည်။ နာမည်ကြီးမင်းသားမင်းသမီးတွေရဲ့ သတင်း၊ နိုင်ငံရေးသတင်းတွေထက် မိုဘိုင်းဖုန်းတွေ ၁၅၀၀ ကျပ်နဲ့ဝယ်နိုင်ပြီဆိုတဲ့သတင်းက ပိုစိတ်ဝင်စားဖို့ကောင်းသည်။ နာမည်ကြီးနိုင်ငံရေးသမားတစ် ယောက်နဲ့အင်တာဗျုးကိုဂျာနယ်မှာဖော်ပြတာထက် အိုင်တီစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဘယ် လိုဖြစ်လာသလဲဆိုတဲ့အင်တာဗျုးကို ဖော်ပြဖို့ပို စိတ်ဝင်စားသည်။
အော်ပရေတာကုမ္ပဏီတွေက အများကိုဘယ်လိုဝန်ဆောင်မှုနည်းပညာသစ်တွေပေးမလဲ၊ စျေးကွက်ထဲ မှာ ဘယ်နည်းပညာသစ်တွေရောက်နေသလဲ ဆိုတာတွေကိုရေးပြရင်း ကျွန်တော်ပျော်တတ်ခဲ့သည်။ ဒါ ကျွန်တော့်ဝါသနာမို့ အလုပ်လုပ်ရတာ ဘယ်တော့မှ မညည်းငြူဖူးခဲ့။ နည်းပညာသတင်းတွေနဲ့ပတ် သက်လို့ပြည်တွင်းပြည်ပနေရာတော်တော်များများကိုလည်းသွားရောက်ခွင့်ရခဲ့သည်။ ဒါပေမဲ့ နိုနိုနဲ့ တွေ့ပြီးနောက်ပိုင်းမှာ ကျွန်တော့်ဝါသနာကိုချုပ်ချယ်တာမျိုးတွေဖြစ်လာခဲ့လေသည်။
“အဲဒီခရီးကို မသွားရဘူးလို့ပြောနေတယ်နော်၊ မသွားနဲ့ လုံးဝမသွားရဘူး”
နိုနိုနဲ့ ချစ်သူဖြစ်ပြီးတဲ့နောက် နေပြည်တော်ကိုသွားဖို့အကြောင်းဖန်လာတော့ ကတောက်ကဆဖြစ်ခဲ့ ရသည်။ အဲဒါ ပထမဆုံးသော ခရီးနဲ့ပတ်သက်တဲ့ကတောက်ကဆလည်းဖြစ်လေသည်။
“ဒါ ကိုယ့်အလုပ်လေ နိုနိုရဲ့၊ မသွားလို့မရဘူး၊ ဟိုမှာ အင်တာဗျုးချိန်းထားပြီးပြီ”
“ရှင်နည်းပညာသတင်းထောက်ပဲလေ၊ နည်းပညာကိုအသုံးပြုပြီးအင်တာဗျုးလုပ်ပေါ့၊ ဖုန်းတွေ၊ အီး မေးလ်တွေ ဖက်စ်တွေကဘာလုပ်ဖို့လဲ၊ အဲဒါနဲ့လည်းလုပ်လို့ရတာပဲ၊ ကျွန်မတို့ကုမ္ပဏီကိုလည်းဒီလိုပဲ လုပ်နေကြတာပဲလေ”
အဲဒီလောက်အထိပြောလာလိမ့်မယ်လို့မထင်ထားပါ။ နိုနိုရဲ့ချုပ်ချယ်မှုက ကျွန်တော့်ဝါသနာမို့ သည်း မခံနိုင်ခဲ့။
“မင်း စော်ကားသွားပြီနိုနို၊ လုပ်ငန်းတိုင်းကိုအဲလိုလုပ်လို့မရဘူးကွ၊ ဟိုမှာ ဝန်ကြီးဌာနအစည်းအဝေး လုပ်နေတာ၊ အဲဒီအစည်းအဝေးမှာကိုယ်တို့ကတက်ပြီးသတင်းယူရတယ်၊ ပြီးတာနဲ့ လူကြီးတွေနဲ့တွေ့ ပြီး အင်တာဗျုးလုပ်သင့်တာလုပ်ရတာ၊ အဲဒီလူကြီးတွေက တစ်ခါတစ်ခါတွေ့ဖို့မလွယ်တဲ့လူကြီးတွေ၊ ဒီ လိုအခွင့်အရေးဆိုတာ သတင်းထောက်တိုင်းမျှော်လင့်ကြတာ၊ ကိုယ်မသွားလို့မရဘူး”
“ရှင့်အလုပ်မှာ ရှင်တစ်ယောက်တည်းစီနီယာရှိတာမှမဟုတ်တာ၊ တစ်ခြားသူတွေကိုရောလွှတ်လို့ရတာ ပဲ သပ်သပ်အပျော်ရှာချင်လို့အကြောင်းပြတာ”
“နိုနို၊ ကိုယ်တောင်းပန်တယ်၊ ကိုယ့်ကိုအလုပ်နဲ့ပတ်သက်ပြီးမတားပါနဲ့၊ ဒီအလုပ်ကကိုယ့်အလုပ်မို့ ကိုယ်လုပ်ရတာ၊ တစ်ခြားသတင်းထောက်အလုပ်ဆိုသူလုပ်မှာပေါ့၊ နေပါဦး၊ မင်းက အဲဒီလိုဘာကြောင့် တားရတာလဲ မရှင်းလို့ပြောပါဦး”
“ရှင် ကျွန်မကွယ်ရာမှာမဟုတ်တာတွေလုပ်မယ်လေ၊ နေပြည်တော်မှာ အစည်းအဝေးခဏတက်ပြီး ကျန်တဲ့အချိန်က ဟိုသွားဒီသွားလုပ်မယ်လေ၊ ဒါတွေက အလွတ်ရနေပြီးသား၊ ဒါမျိုးနိုနို့ကိုလာလုပ်လို့ မရဘူး၊ လုံးဝမသွားရဘူးနော်”
“သွားမယ်၊ ကိုယ့်အလုပ်ကိုယ်သွားမှရမယ်နိုနို၊ မင်း ဒါတော့တားလို့မရဘူး၊ မင်းစိတ်တိုင်းကျကိုယ်နေ ပေးခဲ့တာချည်းပဲ၊ ဒါကိုယ့်အလုပ် ကိုယ့်ဝါသနာမို့ မင်းတားလို့မရဘူး”
“ရှင်ပြောတော့ ရှင့်ဝါသနာကိုစွန့်လွှတ်ပြီး ကျွန်မကိုချစ်နိုင်တယ်ဆို”
“အေး ဟုတ်တယ်၊ အချိန်တန်ရင်စွန့်လွွှတ်မယ်၊ ဒီအလုပ်ကမချမ်းသာဘူး၊ မကြီးပွားဘူး ဒါကြောင့် တစ်ချိန်ချိန်မှာစွန့်လွှတ်ဖို့ဆုံးဖြတ်ထားပြီးသား၊ ဒါပေမဲ့ အခုတစ်နှစ်နှစ်နှစ်လောက်တော့ ငါ၀ါသနာပါ တာကို လွတ်လွတ်လပ်လပ်လုပ်ပါရစေ”
“လုပ်ပါ၊ ဒါပေမဲ့ ရှင်က ရန်ကုန်သတင်းထောက်၊ ရန်ကုန်မှာပဲနေရမယ်၊ နိုနိုမြင်ကွင်းမှာပဲလုပ်ရမယ်၊ တစ်ခြားနေရာမသွားရပါဘူး”
“ကျွတ် ခက်တော့တာပဲ”
ဘယ်လိုမှရှင်းပြလို့မရ။ ဒီထက်ပိုပြီးတော့လည်း မရှင်းပြတတ်တော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ်သွားဖို့ဆုံး ဖြတ်ထားပြီးသား။ စီစဉ်ထားပြီးသားမို့ အဲဒီနေ့ည အီလိုက်ကားနဲ့နေပြည်တော်ကိုသွားဖို့အောင်မင်္ဂလာ အဝေးပြေးဝင်းကို လာခဲ့တော့သည်။
ကျွန်တော်ဟာ နိုင်ငံရေးသမားတွေမဲဆွယ်စည်းရုံးနေတဲ့နေရာနောက်ကိုလိုက်ပြီးသတင်းရေးသူတစ် ယောက်သာဖြစ်ခဲ့ရင်၊ နေရာတကာလှည့်လည်သွားလာပြီး ဒေသဆိုင်ရာသတင်းတွေလိုက်လံရေးသား သူတစ်ယောက်သာဖြစ်ခဲ့ရင်တော့ နိုနိုနဲ့ချက်ချင်းပြတ်သွားမလားမသိတော့ပါ။
အဲဒီနေ့က ည ၇ နာရီကားမထွက်ခင်မှာ နိုနိုရောက်လာခဲ့သည်။ ကျွန်တော့်ကိုကားပေါ်အထိတက်ပြီး လိုက်လံတားမြစ်တော့သည်။ ကျွန်တော့်ဘဝမှာ နိုနိုနဲ့ပတ်သတ်ပြီး စိတ်အပျက်ကြီးပျက်ခဲ့တဲ့အချိန်ထဲ ကတစ်ခုလည်းဖြစ်သည်။
“လူစုံပြီ၊ ကားထွက်တော့မယ်”
ကားစပယ်ယာအော်နေတုန်းမှာပဲ ကားပေါ်ကိုတက်လာခဲ့ခြင်းဖြစ်သည်။
“နေဦး၊ တစ်ယောက်မလိုက်တော့ဘူး”
ကျွန်တော့်နေရာကိုတောင်သူကသိနေခဲ့သည်။ နားကြပ်တပ်ပြီးသီချင်းနားထောင်နေတဲ့ကျွန်တော် အံအားသင့်သွားမိခဲ့၏။ အစည်းအဝေးဆိုတော့ အခြားသူတွေလည်းသွားရတာမို့ ကားပေါ်မှာအခြား ဂျာနယ်တိုက်က သတင်းထောက်လေးငါးယောက်လည်းပါလာသည်။
“နိုနို”
နာမည်ကိုတိုးတိုုးရေရွက်လိုက်ပြီး ဘာဆက်လုပ်မလဲကြည့်နေမိသည်။ သူက ကျွန်တော့်လက်ကိုဆတ် ခနဲဆွဲပြီးကားပေါ်က ဆင်းထုတ်ဖို့ကြိုးစားသည်။
“ကျွန်မကမသွားနဲ့လို့ပြောထားတဲ့ကိစ္စကို ရအောင်သွားတော့ ရအောင်တားရတာပေါ၊့ အခုချက်ချင်း ကားပေါ်ကဆင်း၊ သွားမယ်”
“မင်း၊ မင်းအဲလိုမလုပ်ရဘူး နိုနို ၊ ကိုယ်အလုပ်ကိစ္စသွားရမှာလေ”
“မသွားရဘူး၊ ဆင်း၊ အခုကားပေါ်ကဆင်း”
“မဆင်းဘူးကွာ၊ မင်းတစ်ဆိတ်တော့လွန်သွားပြီ၊ ဘာလို့ဒီအထိလိုက်ပြီးတားနေရတာလဲ”
ကျွန်တော်တို့နှစ်ယောက်ကို အားလုံးကသတိထားမိလာသည်။ ကားကလည်းထွက်ခါနီးမို့ ကျွန်တော် တို့ကို စောင့်ကြည့်နေကြ၏။
“တားချင်လို့တားတယ်၊ ကျွန်မက ရှင့်ချစ်သူ၊ မြတ်မင်းဒီပါ မရဘူး၊ အခုလိုက်ခဲ့”
လေသံက ပုံမှန်ထက်ကျယ်သွားတာမို့ အားလုံးမှင်သက်ကုန်ကြသည်။ ကားထွက်ဖို့ပြောနေတဲ့စပယ် ယာလည်း ဘာမှမပြောနိုင်ဘဲ ကျွန်တော်တို့ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေသည်။ ကားပေါ်မှာဖွင့် ထားတဲ့ သီချင်းခွေလည်းဆက်မဖွင့်တော့။ အားလုံးရဲ့အာရုံက ကျွန်တော်တို့ဆီကို။
“ဟာ”
အဲဒီ တဒင်္ဂမှာ ဘယ်တုန်းကမှမဖြစ်ခဲ့တဲ့စိတ်ပျက်မှုတစ်ခုကိုခံစားမိလာသည်။ ဟုတ်တယ်။ ကျွန်တော် နိုနို့ကို စိတ်ပျက်သွားခဲ့ပြီ။ ဘယ်လိုမှထင်မထားတဲ့လုပ်ရပ်ကြောင့်နာကျဉ်စိတ်ပျက်မိခဲ့ပြီ။
“ရှင် ဒီထက်ပိုပြီးအရှက်မကွဲချင်ရင် ကျွန်မနဲ့လိုက်ခဲ့”
ဘာပြောရမှန်းမသိအောင်ကိုမှင်သက်ခဲ့တာပါ။ ကျွန်တော်လုပ်ပေးနိုင်သမျှလိုက်လျောခဲ့သည်။ အခု က ကျွန်တော့်ဝါသနာ၊ ကျွန်တော့်အလုပ်ကိစ္စမို့ ရင်ထဲမှာ အဖုအထစ်ကြီးတစ်ခုဖြစ်လာခဲ့လေသည်။
“ဟူး”
သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ ခုံပေါ်ကနေထလိုက်သည်။ အထုတ်ကိုအသာဆွဲပြီး နိုနို့ နောက်ကိုလိုက်လာခဲ့သည်။ စိတ်ကတော့ တော်တော်ပျက်လှပြီ။ ရှက်လည်းအရမ်းရှက်မိ၏။ ကျွန် တော့်အကြောင်းကို ကျွန်တော့်လုပ်ဖော်ကိုင်ဖက် အခြားတိုက်ကသတင်းထောက်တွေသိပြီးရင်သိခဲ့ပြီ။ သိက္ခာလည်းအဖတ်ဆယ်လို့ရတော့မှာမဟုတ်။
စော်ကြောက်ဆိုတဲ့နာမည်က ထင်ရှားပြီးရင်းထင်ရှားလာတော့မည်။ အလုပ်ကိစ္စတစ်ညအိပ်ခရီးလေး ကို ဒီလိုအော်ကြီးဟစ်ကျယ်နဲ့ကားပေါ်အထိလိုက်ပြီးတားဖို့လိုသလား။ ဘုရား။ ကျွန်တော်ဘယ်လိုချစ် သူမျိုးကိုရခဲ့တာပါလဲ။ မြတ်နိုးရေ။ ကိုယ်မှားပြီလား။
ချစ်ဦးသူကို တမ်းတမိလိုက်သည်။ ရန်ကုန်နီယွန်မီးတွေကြားထဲ ကျွန်တော့်ရဲ့ဒုတိယမြောက်ချစ်သူက ကျွန်တော့်ကို ကားရှိရာဆီဦးဆောင်ခေါ်သွားနေသည်။
ကားအနားကိုရောက်တော့ ဘာစကားမှမပြောတော့ဘဲ အိတ်ကိုကားနောက်ခန်းထဲပစ်ထည့်ကား မောင်းသူနေရာကိုဝင်ထိုင်လိုက်၏။ စတီယာရင်ပေါ်ကို လက်နှစ်ဖက်တင်ကာခေါင်းမှောက်ချလိုက်မိ တော့၏။ ဘုရား၊ ဘုရား။ ကျွန်တော့်ဘဝမှာ တစ်ခါမှမဖြစ်ဖူးတဲ့စိတ်ပျက်မှုပါလား။
“ကို”
မိနစ်ပိုင်းလောက်ငြိမ်သက်ပြီးတဲ့နောက်မှာ နိုနို့ရဲ့အသံနဲ့အတူ ကျွန်တော့်ဆံပင်ပေါ်နူးညံ့တဲ့လက်တစ် ဖက်ထိတွေ့လာသည်။
“နိုနို အခုလိုတားတာ ကို့ကိုအရမ်းချစ်လို့ပါ၊ ကျွန်မကွယ်ရာမှာသွားပြီး အခြားကောင်မလေးကိုလိုက် ကြောင်မှာ၊ ကျွန်မမကြိုက်တဲ့အရာတစ်ခုခုလုပ်မှာ အရမ်းစိုးရိမ်တဲ့၊ အဲဒီစိုးရိမ်စိတ်က ဘယ်အရာမှ တားဆီးလို့မရဘူး၊ ဒါကြောင့် ဒီအထိလိုက်ပြီးတားခဲ့တာပါ”
နူးညံညင်သာတဲ့အသံလေးက ကျွန်တော့်ရင်ဘတ်ကို မရိုက်နိုင်တော့ပါ။ ကျွန်တော့်ဝါသနာကိုထိပါး လာခဲ့တဲ့အဖြစ်အပျက်မို့ ကျွန်တော့်ခံစားမှုကို ဘယ်အရာကမှထိန်းချုပ်နိုင်တော့မယ်မထင်ပါ။ သေချာ တာကတော့ နိုနို့ကို စိတ်အပျက်ကြီးပျက်ခဲ့တာပင်။
“အခြားနေရာကိုသွားရင်လည်း တားမှာပဲလားနိုနို”
သူကလေပြေသွေးနေတော့ ကျွန်တော်လည်းလေပြေသွေးပြီးမေးလိုက်မိသည်။
“အင်း၊ ဟုတ်တယ်၊ ကို ရန်ကုန်ကနေဘယ်ကိုမှမသွားရဘူး၊ နိုနိုကွယ်ရာမှာ မနေရဘူး၊ ဒါဘာလို့ လဲ ကိုသိတယ်မှလား”
“ဘာလို့လဲ”
“ကို့ ကိုသိပ်ချစ်လို့ပေါ့”
ဒါ အချစ်လို့သတ်မှတ်ခဲ့မယ်ဆိုရင် ကျွန်တော်အချစ်မခံချင်တော့ပါ။ အရင်တုန်းကတားဆီးသမျှတွေ ကိုခံနိုင်ပေမယ့် ၀ါသနာကိုထိလာတဲ့ကိစ္စကို သည်းခံနိုင်စွမ်းရှိမည်မဟုတ်တော့ပါ။ ကျွန်တော် နိုနို့ကို လမ်းခွဲစကားပြောဖို့စတင်စဉ်းစားခဲ့မိသည်။
ဒါပေမဲ့ တကယ်တမ်း အချိန်အတော်ကြာတဲ့အထိပြောမထွက်ခဲ့ပါ။ အားနာတတ်တဲ့ကျွန်တော့်အကျင့် က ဒီနေရာမှာပိုလွန်းနေခဲ့သလို နိုနိုနဲ့ပတ်သက်လို့သည်းခံနိုင်သမျှ ဆက်လက်သည်းခံဖို့လည်းဆုံး ဖြတ်ထားခဲ့လေသည်။ ဒါပေမဲ့ ကျွန်တော့်ကို ရန်ကုန်အပြင်ထွက်ပြီးအလုပ်မလုပ်ဖို့ပြင်းပြင်းထန်ထန် တားမြစ်ခဲ့တာဟာ ကျွန်တော်တို့နှစ်ယောက်ရဲ့ရှေ့ဆက်မယ့်လမ်းကို ဖျက်ဆီးပစ်လိုက်တာနဲ့အတူတူ ပဲဖြစ်တော့သည်။
အဲဒီနောက်ပိုင်း ကျွန်တော်ဟာ နိုနို့ဘေးမှာ အသက်မပါတဲ့အရုပ်တစ်ရုပ်လိုဖြစ်မှန်းမသိဖြစ်ခဲ့လေ သည်။ အရင်ကလို ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွလည်းမရှိတော့။ ချစ်သူနှစ်ဦးတွေ့တဲ့အချိန်က ချိုမြိန်မှုမရှိတော့ပါ။
“ငါဘာလုပ်ရမလဲ”
အိပ်ရာဝင်တိုင်းစဉ်းစားဖြစ်သည်။
ဘာဆက်လုပ်ရမလဲ။ နိုနို့ကိုဆက်မတွဲချင်တော့ဘူး။ ပြတ်ကြမယ်ပြောဖို့ဘယ်လိုပြောရမလဲ။ စဉ်းစား တိုင်း စိတ်တွေလေးလံလာသည်။
×××××××××××××××××××××××
ဆက်ပါဦးမည်။