လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၄)

(၁၄)
လမ်းခွဲမယ့်အကြောင်းကို မပြောရဲပြောရဲနဲ့အရဲစွန့်ပြီးပြောလိုက်တဲ့ခဏမှာပဲ မဟာပြသနာကြီးတစ်ခုကို ရင်ဆိုင်လိုက်ရတော့သည်။ နိုနို့ကို ပြောရင် ဒီလိုအဖြစ်အပျက်တွေဖြစ်မယ်ဆိုတာကြိုတွေးမိပေမယ့် တကယ်တမ်း ရင်ဆိုင်ရတဲ့အခါမှာတော့ စိတ်ရှုပ်ဖို့ကောင်းလှစွာ။
“ကို ဘာပြောလိုက်တာလဲ”
နိုနိုက ကျွန်တော့်ကို စူးဝါးဝါးကြည့်ပြီးပြန်မေးလိုက်သည်။
“ကိုယ်တို့လမ်းခွဲချင်ပြီနိုနို”

စားပွဲပေါ်ကတစ်ရှှုးဘောက်စ်နဲ့ကျွန်တော့်ကိုလှမ်းပစ်ပေါက်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပဲကျွန် တော်နဲ့အနီးကပ်ဆုံးနေရာကို အပြေးတစ်ပိုင်းရောက်လာပြီး ရင်ဘတ်ကို တစ်ဘုန်းဘုုန်းထု တော့ သည်။
“ရှင်ဘာလို့ အဲစကားပြောလိုက်တာလဲ မြတ်မင်းဒီပါ၊ ရှင့်ကျွန်မကို ချစ်ခဲ့တာလမ်းခွဲဖို့အတွက်လား၊ ပြော ရှင်လမ်းခွဲချင်တဲ့အကြောင်းကိုပြော”
“ကိုယ်”
အားနာတတ်တဲ့အကျင့်က ဒီနေရာမှာတော်တော်ဆိုးရွားတယ်လို့ခံစားရပေမယ့် မတတ်နိုုင်တော့။ ကျွန်တော် နိုနို့ကိုဒီလိုပြောဖို့ အားအင်တွေဘယ်လောက်တောင်မွေးခဲ့ရသလဲ။
“ရက်စက်လိုက်တာ ကိုရယ်၊ ရှင် ပြောထွက်တယ်နော်”
“မဖြစ်နိုင်တော့ဘူး နိုနို၊ ကိုတို့မဖြစ်နိုင်တော့ဘူး”
ကျွန်တော် အကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ခဲ့တဲ့ကိစ္စ။ အခုလည်းဒီအတိုင်းပြောနေရင် အောင်မြင်ဖို့လမ်းစမမြင်။ ဒီတော့ ဆုံးဖြတ်ထားတဲ့အတိုင်း နိုနို့ကိုနာ ကျင်စေမှရတော့မည်။ ကျွန်တော်လုပ်ခဲ့တဲ့လုပ်ရက် တွေဟာ ကျွန်တော်နဲ့ပတ်သက်တဲ့ မိန်းကလေးတွေကိုနာကျင်စေခဲ့တာ များလား။
“ကိုယ် မင်းကိုမချစ်ဘူး၊ သေချာတယ်”
အဲဒီစကားကိုပြောလိုက်တော့ နိုနိုကဆတ်ဆတ်ခါနာလေသည်။
“အဲဒါဆို ရှင်ဘာလို့ကျွန်မကိုရည်းစားစကားပြောခဲ့တာလဲ၊ ကျွန်မကိုမရရင်သေရတော့မတတ်အဖြစ် အပျက်မျိုးတွေနဲ့ဘာလို့မြုဆွယ်ခဲ့တာလဲ၊ အချိန်ကာလအတော်ကြာတဲ့အထိ ကျွန်မနားမှာချစ်သူ ကောင်းတစ်ယောက်အဖြစ်နဲ့ဘာလို့နေပေးခဲ့ တာလဲ”
“ကိုယ်”
“လူတစ်ယောက်ကိုချစ်တာဟာ ကိုယ်သဘောကျနှစ်သက်တဲ့ပစ္စည်းတစ်ခုကိုအသုံးပြုသလိုလုပ်လို့ မရဘူးမြတ်မင်းဒီပါ၊ ကိုယ်ကြိုက်နေတဲ့အချိန်မှာတခုတ်တရသုံးစွဲပြီး ကြာလို့ညည်းငွေ့လာရင်ချောင်ထဲ ပစ်ထားရလို့မရဘူး၊ အဲဒီတော့ ရှင်ကျွန်မကိုလမ်းခွဲမယ့်ကိစ္စ ခွင့်မပြုနိုင်ဘူး”
ကျွန်တော် နိုနိုနဲ့စကားယှဉ်မပြောချင်ပါ။ ပြောလို့လည်းနိုင်မှမဟုတ်ဘူး။ အကြောင်းအရာတော်တော် များကို မရမကငြင်းတတ်တာကြောင့် စိတ်မရှည်တတ်တဲ့ ဆက်မငြင်းချင်တော့တဲ့ကျွန်တော်ကအမြဲ တမ်းလိုလိုအလျှော့ပေးခဲ့ရသည်။
“ကိုယ် မင်းလက်ထဲကလွတ်မြောက်ချင်နေပြီ နိုနို”
အဲဒါအမှန်ပဲ။ ကျွန်တော် နိုနို့လက်ထဲကလွတ်မြောက်ချင်ခဲ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ ဖြစ် နိုင်ရင် နိုနိုအနားကနေစက္ကန့်ပိုင်းအတွင်းမှာပဲကွယ်ပျောက်သွားချင်တာ။
“ဟား ပြောရက်လိုက်တာ၊ ကျွန်မက ရှင့်ကိုဘာတွေများစိုးမိုးလွှမ်းမိုးနေလို့ လွတ်မြောက်ချင်နေတယ် ဆိုတဲ့စကားကိုပြောရတာလဲ”
ဒါကိုတော့ နိုနိုအသိဆုံးဖြစ်မယ်ထင်ပါရဲ့။ အစစအရာရာလိုက်လံပိတ်ပင်တားဆီးနေတာမျိုးလောက် စိတ်ပျက်တာမရှိပါ။ ကျွန်တော်ဘယ်သွားသွားဘာလုပ်လုပ် အရာအားလုံးကိုတားဆီးနေချုပ်ချယ်နေ တာကို ကျွန်တော်စိတ်ပျက်လှပြီ။ အဲဒါကတစ်ပိုင်း။ နောက်တစ်ပိုင်းကတော့။
“နိုနို၊ ကိုယ် ကိုယ့်မှာအရမ်းချစ်ရတဲ့ချစ်သူတစ်ယောက်ရှိတယ်၊ နိုနိုနဲ့မပတ်သက်ခင်တုန်းကချစ်ခဲ့ရတဲ့ ချစ်သူပေါ့၊ အကြောင်းမတိုက်ဆိုင်လို့ကိုယ်ကနေသူ့ကိုဖြတ်ခဲ့ရတာ၊ ကိုယ် သူ့အပေါ်အကြွေးတွေအ များကြီးတင်နေတယ်”
“ဟာ”
ဘယ်ထင်ထားပါ့မလဲ။ ဒီလိုစကားမျိုးပြောလာမယ်လို့။ ကျွန်တော့်မှာအရင်ချစ်သူရှိခဲ့ဖူးတယ်လို့ပဲနိုနိုသိ ထားတာ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ထွေထွေထူးထူးမမေးခဲ့။ ကျွန်တော်ကလည်းသေသေချာ ချာမပြောပြဖြစ်ခဲ့ပါ။ လက်ရှိချစ်သူကိုအရင်ချစ်သူအကြောင်းပြောပြတာလောက်နာကျင်စေမှာဘာရှိ ဦးမှာလဲ။ ကျွန်တော်နဲ့နိုနိုချစ်နေသမျှကာလပတ်လုံး မြတ်နိုးအကြောင်းပြောလို့ နိုနိုငြိုငြင်မှာကိုမလို လား။ နိုနိုကိုယ်တိုင်ကလည်း ကြားချင်မှာမဟုတ်ဘူးလေ။ ဒါတွေကြောင့် ကျွန်တော်မပြောဖြစ်ခဲ့။
“ကို ရှင်ဘယ်လိုအတွေးနဲ့ဒီလိုပြောရက်သလဲဆိုတာနားမလည်တော့ဘူး၊ အရင်ရည်းစားနဲ့ပြန် ဆက်ချင် လို့ ကျွန်မကိုဖြတ်ချင်တယ်ဆိုတဲ့သဘောပြောမှာမလား၊ ရှင်အဲဒီအတွေးဘယ်ကနေဘယ်လို ရလာတာလဲ ကို၊ ဘာလဲ စလုံးကိုတစ်ပတ်လောက်သွားလိုက်တာ အဲဒီမိန်းမနဲ့ပြန်တွေ့ပြီးဇာတ် လမ်းတွေပြန်ဆက်လာတယ်ပေါ့”
နိုနိုက ထင်ထားတာထက်အကင်းပါးလှသည်။
“ထင်တော့ထင်တယ်၊ အဲဒီမိန်းမ စလုံးမှာရှိတယ်ဆိုတာကြားထားတယ်၊ အခုလိုဖြစ်လာမယ်ဆိုတာ ထင်နေခဲ့တယ်၊ သံသယပိုတာတွေလျှော့မယ်လို့တွေးထားလို့မပြောခဲ့တာ၊ အခုတော့ထင်ထားတဲ့အ တိုင်းဖြစ်ပြီ၊ ရှင်တို့နှစ်ယောက်ဇာတ်လမ်းပြန်ဆက်ဖို့ ကျွန်မကနောက်ဆုံးပေးရမယ်ပေါ့၊ ရှင့်ကိုလက် လွှတ်ပေးလိုက်ရမယ်ပေါ့ ဟုတ်လား”
နိုနိုရဲ့နာကြည်းမှုတွေကို ကျွန်တော်မြင်နေရသည်။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော်ထင်ထားသလိုပါပဲ။ လွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး။ ကျွန်တော်ဖြေရှင်းရမှာတွေအများကြီး။
“ကိုယ်တောင်းပန်ပါတယ်”
ဒီစကားပဲပြောစရာရှိတော့တာ။
“မတောင်းပန်နဲ့၊ ခွင့်မလွှတ်ဘူး၊ ကိုယ့်ကိုမချစ်ဘဲ အရင်ရည်းစားနဲ့တွဲခုတ်ဖို့ပြန်ပြင်ဆင်နေတဲ့ရှင့်ကို လွယ်လွယ်နဲ့ခွင့်ပြုမယ်ထင်နေလို့လား၊ တစ်သက်လုံးမပြုဘူး၊ ရှင် ကျွန်မနဲ့ပဲတွဲရမယ် မြတ်မင်းဒီပါ၊ ရှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ရှင့်ရည်းစားက နိုနိုပဲ၊ ဒါအရင်ကလည်းအားလုံးသိထားတယ်၊ အခု လည်းသိထားကြတယ်၊ နောင်လည်းသိမှာပဲ၊ ကျွန်မတို့လက်ထပ်ကြမယ်၊ အခုရက်ပိုင်းအတွင်းလက် ထပ်မယ်”
“နိုနို မင်း ရူးနေလား”
“ဟုတ်တယ်၊ ဘာဖြစ်လဲ၊ ရှင်ပေးဆပ်ရမယ်၊ ကျွန်မရဲ့အချစ်တွေပုံအောပေးခဲ့တာတောင် ကျွန်မကိုပြန် မချစ်နိုင်တဲ့အတွက် ပေးဆပ်ရမယ်မြတ်မင်းဒီပါ”
ကျွန်တော်ဖွင့်ပြောလိုက်တာမှားများမှားသွားပြီလား။ မြတ်နိုးနဲ့ကျွန်တော့်အကြောင်းကိုကြားရင်ပြသနာ ဖြစ်မှာတော့သိတယ်။ ဒါပေမဲ့ နိုနိုကမာနကြီးတဲ့မိန်းကလေးပီပီ ကျွန်တော့်ကို နာကြဉ်းစွာနဲ့ပဲနောက်ဆုတ်ပေးမယ်။ ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်အတွက်ဝမ်းနည်းကြေကွဲနေမှာမ ဟုတ်ဘူးလို့ပဲထင်ထားမိခဲ့တာပါ။ အခုကတော့။
“အဓိပ္ပါယ်မရှိတာကွာ”
“သိပ်ရှိတာပေ့ါ ကို”
“အေး မင်းဟာမင်းလုပ်ချင်တာလုပ်၊ ငါကတော့ဘာမှပါဝင်ပတ်သတ်မှုရှိမှာမဟုတ်တော့ဘူး၊ မင်းကိုငါ အပြတ်ပြောမယ်ကွာ၊ မင်းနဲ့တွဲလာတဲ့ကာလတစ်လျှောက်လုံးမှာ မင်းသဝန်တိုတာတွေ သာမန်ထက် လွန်ကဲတဲ့ချုပ်ချယ်မှုတွေကို ငါအလူးအလဲခံပြီးပြီ၊ နောက်ထပ်မခံစားနိုင်တော့ဘူး၊ ဒါကြောင့် စိတ်ပျက် နေခဲ့တာကြာပြီ၊ စိတ်တွေလေနေခဲ့တာကြာပြီ၊ အခု စလုံးကိုရောက်တုန်း မြတ်နိုးနဲ့တွေ့တယ်၊ အရင်က မပြေလည်မှုတွေကို ပြန်ညှိပြီးအဆင်ပြေခဲ့ကြတယ်၊ မြတ်နိုးကိုပဲလက်တွဲဖို့ဆုံးဖြတ်လိုက်တယ်၊ ဒါကြောင့် ငါတို့လမ်းခွဲမယ်လို့ မင်းကိုရိုးသားစွာပြောတာ၊ ငါဆုံးဖြတ်ထားပြီးပြီ၊ ဒီကိစ္စကိုပြန်လည်ပြင် ဆင်မှာလည်းမဟုတ်တော့ဘူး၊ မင်းနဲ့ပတ်သက်ပြီးသေဆုံးသွားခဲ့တဲ့ င့ါအချစ်တွေကလည်းပြန်ရှင်သန် လာမှာမဟုတ်တော့ဘူး နိုနို၊ ဒါကြောင့် ငါစိတ်ချမ်းသာဖို့ကိုပဲ ရွေးချယ်လိုက်တော့မယ်၊ ဒီနေ့ကစပြီး မင်း နဲ့ငါလမ်းခွဲပြီ”
ကျွန်တော်လှည့်ထွက်လာခဲ့လိုက်သည်။ ဒါပေမဲ့ မရပါ။ နိုနိုက နောက်ကလိုက်လာပြီး ကျွန်တော့် ပခုံးကို ဆွဲလှည့်လိုက်၏။
“ရှင်သိအောင်ပြောလိုက်မယ်၊ ရှင်လုပ်ချင်သလိုလုပ်လို့ရအောင် နိုနိုကအရုပ်မဟုတ်ဘူး၊ ရှင်ကျွန်မကို မပြတ်စေရဘူး၊ လုံးဝလက်မလွှတ်စေရဘူး၊ ရှင်လုပ်ချင်သလိုလုပ်လို့မရအောင် ကျွန်မလိုက်ဖျက်ပြ မယ်ကြည့်နေ”
တကယ်လုပ်မှာဆိုတာ ကျွန်တော်သိတာပေါ့။ မတတ်နိုင်ဘူး။ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခုရဲ့နောက် ဆက်တွဲကို ကိုယ်ကိုယ်တိုင်တာဝန်မယူရင်ဘယ်သူယူမှာလဲ။ ကျွန်တော့်ကို နိုနိုဘာလုပ်နိုင်မှာလဲ။ လုပ် ပါစေတော့။
မျှော်လင့်ထားခဲ့သလိုပဲ။ ကျွန်တော်နဲ့ နိုနိုကြားမှာ မုန်တိုင်းတွေဆက်တိုက်ထန်ခဲ့ရတော့သည်။
×××××××××××××××××××××××
ဆက်ပါဦးမည်။