(၁၅)
“ဟေ့ရောင် ဧည့်ခန်းမှာ မင်းစော်ရောက်နေတယ် ထွက်တွေ့ပါတဲ့”
ပြသနာတော့ ရုံးအထိတောင်လိုက်လာခဲ့ပြီ။ ကျွန်တော် ဒီရက်ပိုင်းနိုနို့ကိုတတ်နိုင်သမျှမတွေ့ဖြစ် အောင်ရှောင်နေခဲ့ပါသည်။ ဖုန်းလာရင်လည်းမကိုင်၊ ရုံးကိုုဖုန်း ဆက်ရင်လည်း မရှိဘူးလို့ပြောခိုင်းထားသည်။ အခုတော့လူကိုယ်တိုင်လိုက်လာပြီ။
“ငါ မရှိဘူးလို့ပြောပေးပါလားသားကြီးရာ”
“မရဘူး၊ ရှိတယ်ဆိုတာသိတယ်တဲ့”
“ကျွတ်”
မတွေ့ချင်တော့တဲ့လူတစ်ယောက်ကို ဘယ်လိုနှလုံးသွင်းပြီးတွေ့ရမှာလဲ။ ကျွန်တော် ဘာလုပ်ရမလဲ။ နောက်ဆုံးထွက်တွေ့လိုက်ရတော့တာပေါ့။ ရန်ကုန်မှာ ရှိနေသရွေ့ကာလပတ်လုံးက တော့ နိုနို့ရန်ကနေဘယ်ကင်းလွတ်နိုင်ပါ့မလဲ။ သက်ပြင်းရှည်ကြီးကိုဆွဲ ချပစ်လိုက်မိသည်။
“မင်းတို့ ဘာဖြစ်နေကြတာလဲ၊ စိတ်ဆိုးနေကြတာလား”
သူငယ်ချင်းကမေးတော့ ဘယ်လိုဖြေရမလဲတောင်မသိတော့ပါ။ ပြတ်သွားတယ်လို့ပဲပြောရမလား။ အင်းလေ ကျွန်တော့်ဖက်ကနေပြတ်သွားတာပေါ့။
“အဲလိုပဲ ပြောလို့ရတာပေါ့”
သူကနားမလည်သလိုခေါင်းကုတ်သွား၏။ ကျွန်တော်လည်းဆက်ရှင်းပြမနေတော့။ နိုနိုရှိရာဆီကိုပ ထွက် လာခဲ့လိုက်တော့သည်။ မတွေ့ရမမြင်ရအောင်ရှောင်နေခဲ့တာ အခုတော့လည်း ဆိုက်ဆိုက် မြိုက်မြိုက်ကြီးတွေ့ရပြန်ပြီပေါ့။
“ရုံးဆင်းတာနဲ့ သွားနေကျမင်းလမ်းဆိုင်သွားစားမယ်၊ ဂဏန်းချဉ်စပ်စားမယ်၊ အရွက်စုံသုတ်စားမယ်၊ ပြီး ရင်ကန်ဘောင်လျှောက်မယ်၊ ဒီည နိုနိုတို့အိမ်မှာပဲ ကို အိပ်ရမယ်၊ သူငယ်ချင်းတွေနဲ့စုပြီးညစာချက် စားဖို့စီစဉ်ထားတယ်၊ ဖေဖေတို့မေမေတို့ကိုလည်းပြောထားတယ်”
“ကိုယ် မအားဘူးနိုနို၊ အိုတီဆင်းရမယ်ထင်တယ်”
“မလိုချင်ပါဘူး၊ အဲအိုတီကိုလည်းရအောင်ဖျက်”
“ဖျက်လို့ဘယ်လိုလုပ်ရမှာလဲ၊ အလုပ်လေ၊ ဖျက်ရင်အလုပ်ပြုတ်မှာပေါ့”
“ကို ဟာ အဲဒီလောက်တောင်အလုပ်များတဲ့သူဖြစ်သွားပြီလား၊ ကျွန်မကိုမတွေ့ချင်တိုင်းအလုပ် တွေဖိလုပ်နေခဲ့ပြီး အိုတီတွေဘာတွေတောင်ဆင်းရတော့မှာလား”
“ဟုတ်တယ်”
ငြင်းဆန်မယ့်အင်အားတွေ မြတ်နိုးကပေးခဲ့ပြီ။ ကျွန်တော်နဲ့နိုနို အဆက်အသွယ်လုံးဝပြတ်မှဖြစ်တော့ မယ့်အခြေအနေ။ ဒါကို ဘာလို့နားမလည်ရတာပါလဲ။ ဟုတ်တယ်။ ကျွန်တော် မြတ်နိုးကလွဲရင်ဘယ် မိန်းကလေးကိုမှ မချစ်တော့ဖို့ဆုံးဖြတ်ထားပြီးသား။
နိုနိုနဲ့ပတ်သက်သမျှအရာအားလုံးကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ဆုံးဖြတ်လိုက်စဉ်မှာပဲ ကျွန်တော့် ရဲ့အားနာတတ်တဲ့အကျင့်က အရိုးစွဲလို့နေပြန်သည်။ စိတ်ပျက်သွားတဲ့မျက်နှာလေးကို မြင်မိလိုက်စဉ် မှာပဲ ကျွန်တော့် အသည်းနှလုံးက အရည်ပျော်ကျမတတ်။ သူတစ်ပါးစိတ်ညစ်အောင်လုပ်ရတဲ့အလုပ် လောက် ကျွန်တော့်ဘဝမှာ စိတ်ဆင်းရဲရတာမရှိ။ အခုအခြေအနေက မလုပ်လို့မရတဲ့အခြေအနေ။
“ကောင်းပြီလေ၊ ကို ပြီးတဲ့အထိ နိုနိုထိုင်စောင့်နေမယ်”
“ဟာ”
နောက်ဆုံးတော့လည်း ကျွန်တော်ပဲအလျှော့ပေးလိုက်ရတော့တာပါ။ ရုံးခန်းထဲပြန်ဝင်ပြီး ကျောပိုးအိတ် ပြန်ယူ၊ ကွန်ပျုတာသိမ်းကာ နိုနိုနဲ့လိုက်လာခဲ့ရသည်။ ကားပါလာတော့ ထုံးစံအတိုင်း ကျွန်တော်ကပဲကားမောင်းရတော့၏။
“မင်းလမ်းဆိုင်ကိုသွားမှာနော်၊ ကန်ဘောင်က မင်းလမ်း၊ ဟုတ်တယ်မှလား”
နိုနိုကျွန်တော့်ကိုစိုက်ကြည့်နေသည်။ ကြေကွဲဝမ်းနည်းမှုတွေ အတိုင်းသားမြင်နေရ၏။ ပြည်လမ်းပေါ် ရောက်တဲ့အချိန်အတော်ကြာတဲ့အထိ နှစ်ယောက်သားကြားမှာ တိတ်ဆိတ်နေခဲ့ပြီးမှ ကျွန်တော်က စကားစလိုက်ခြင်းပင်။ ဘာစကားမှပြန် မပြောတော့လည်း ဆိုင်ရှိရာဆီကိုပဲ ဦးတည်မောင်းလာခဲ့ တော့သည်။ ကန်ဘောင်အရောက်ကားပါကင် ထိုးအပြီး ဆင်းမယ်ပြောတော့ နိုနိုမျက်ရည်တွေကျ လာတာကိုတွေ့လိုက်ရသည်။
“နိုနို ငိုနေတာလား”
ကျွန်တော် သတိထားလိုက်မိတဲ့အခိုက်မှာပဲ ရှိုက်သံသဲ့သဲ့ထွက်လာ၏။
“ကို”
ကားပေါ်ကဆင်းခွင့်မပေးပါ။ စတီယာရင်ကိုင်ထားတဲ့ ကျွန်တော့်လက်နှစ်ဖက်ကို နိုနို့လက်နှစ်ဖက်နဲ့ အုပ်မိုးကိုင်ပြီး ခေါင်းကိုကျွန်တော့်ရင်ခွင်ထဲတိုးဝင်လာတော့သည်။
“အချိန်အကြာကြီးချစ်ခဲ့ပြီးမှ ဘာလို့လမ်းခွဲချင်ရတာလဲဟင်၊ ကျွန်မ ပတ်ဝန်းကျင်အသိုင်းအဝိုင်းသူငယ် ချင်းတွေကြားမှာ အရှက်တကွဲဖြစ်စေချင်တာလား ကိုရယ်၊ ကျွန်မ ဘာဆက်လုပ်ရမလဲကို၊ ကိုနဲ့ပြတ် တယ်ဆိုရင် သူငယ်ချင်းတွေကဘာပြောကြမလဲ”
သဝန်တို၊ စိတ်ကောက် တာတွေကလွဲရင် နိုနိုဟာကျွန်တော့်အတွက် ချစ်သူကောင်းတစ်ယောက်ပါ။ ဒါ ပေမဲ့ အဲဒီသဝန်တို၊ စိတ်ကောက်မှုတွေကပဲ ကျွန်တော့်ကိုစိတ်ပျက်စေခဲ့တာကြာပြီ။ မလိုအပ်ပဲအရာ ရာ ချုပ်ချယ်တတ်တာ၊ တွေ့ကရာမိန်းကလေးတိုင်းနဲ့စွပ်စွဲပေးစားတတ်တာမျိုးတွေဟာ ကျွန်တော့်ဘဝ မှာ စိတ်အရှုပ်ဆုံးအရာတွေပင်။ ဒါတွေဖယ်လိုက်ရင်တော့ ကျွန်တော့်ဘဝမှာ ကျွန်တော့်အပေါ် အကောင်းဆုံးမိန်းကလေးတွေထဲကတစ်ယောက်ပင်။
အမေရယ်၊ မြတ်နိုးရယ်၊ နိုနိုရယ် ပြီးတော့ ညီမလေးရယ်။ ဒီလေးယောက်ဟာ ကျွန်တော့်ဘဝမှာ ကျွန်တော့်ကိုအချစ်ဆုံးမိန်းမတွေပဲ။ တစ်ယောက်နဲ့တစ်ယောက် ကျွန်တော့်အပေါ်ချစ်ပုံချင်းတော့မ တူညီကြပါ။ နိုနိုချစ်တဲ့အချစ်ကတော့ ပြင်းလွန်းတယ်လို့ခံစားရတာအမှန်ပင်။
“ကိုယ်တောင်းပန်ပါတယ် နိုနိုရယ်”
ဒီစကားကလွဲရင် တစ်ခြားပြောစရာမရှိတော့ပါ။
“ကို သိပ်ရက်စက်တယ်၊ နိုနို ဘဝမှာ ကို့ကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ကိုအသိဆုံး၊ ကိုမရှိ တော့ရင် နိုနို ဘယ်လိုရှေ့ဆက်ရမှာလဲ”
ကိုယ့်ကိုယ်ကို နာမည်ရင်းဖြစ်တဲ့ နိုနို လို့နာမ်စားသုံးတဲ့လေသံမှာ နိုနို့ရဲ့ကလေးဆန်မှု၊ သိမ်ငယ်နေမှု ကို ကျွန်တော်ကြားနေရသယောင်။ နိုနိုဟာ ကျွန်တော့်ကို နာမည်ရင်းနဲ့ပြောလိုက်၊ ကျွန်မ ဆိုတဲ့လူ ကြီးဆန်ဆန် နာမ်စားသုံးလိုက်နဲ့ တစ်လှည့်စီပြောတတ်သည်။
“ကို”
“အင်း”
မျက်ရည်၊ နာကျင်ကြေကွဲစရာအပြောလေး၊ ဝမ်းနည်းနေတဲ့အမှုအရာတွေကြားထဲမှာ ကျွန်တော်ဘယ် လိုရှင်သန်ရပါ့မလဲ။
“နိုနို့ကို ခွဲမသွားပါနဲ့ ကိုရယ်”
“ကို်ယ်…”
ကျွန်တော်ဘာဆက်လုပ်ရမလဲ။ ဘာလုပ်ရမလဲ။
“နိုနိုတို့ အရင်လိုပဲချစ်ကြမယ်၊ အနာဂတ်ကိုတည်ဆောက်ကြမယ်”
မျက်ရည်တွေကြားထဲက ကျွန်တော့်ဆီကိုအနမ်းတစ်ပွင့်ခြွေပေးသည်။ ကျွန်တော့်ရင်ခွင်ထဲကနေ ရုန်း မထွက်တော့။ အတင်းအကြပ်ဖက်တွယ်ထားတော့သည်။
အဲဒီခဏမှာပဲ အနာဂတ်မှာ ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာဆုံးဖြတ်လိုက်မိတော့သည်။ ဟုတ် တယ်။ ဒီအတိုင်းဆက်နေရင် အရာအားလုံးရှုပ်ထွေးကုန်တော့မှာ။ ပြသနာတွေပိုကြီးလာတော့မှာ။
အားနာမှု၊ သနားမှုတွေကို မကျော်လွန်နိုင်ရင် ကျွန်တော်လိုချင်တဲ့အနာဂတ်ကိုဘယ်လိုမှရနိုင်တော့ မည်မဟုတ်ပါ။
နိုနို့ မျက်ရည်တွေကိုသုတ်ပေး၊ ပါးပြင်လေးကိုမြတ်နိုးစွာနမ်းရှိုက်လိုက်မိတော့သည်။ ဒါဟာနှုတ်ဆက် ခြင်းလား၊ နှစ်သိမ့်ခြင်းလား မဝေခွဲတတ်တော့။
အဲဒီနောက်….။
×××××××××××××××××××××××
ဆက်ပါဦးမည်။