(၁၆)
တကယ်တော့ မြန်မာနိုင်ငံနဲ့စင်ကာပူနိုင်ငံဆိုတာ တကယ့်ကိုနီးနီးလေးပါ။ လေယာဉ်သုံးနာရီဝန်းကျင် စီးလိုက်ရင် တန်းရောက်သွားတဲ့နေရာပင်။ ဒါပေမဲ့ စလုံးကိုလာဖို့ကျွန်တော် ရက်ပိုင်းအတွင်းလှုပ်ရှား ရတာတော့ မလွယ်ကူလှ။ ဗီဇာကကိုယ်တိုင်မလုပ်နိုင်တော့ စလုံးဖက်မှာရှိတဲ့သူငယ်ချင်းတစ်ယောက် ကိုအွန်လိုင်း ဗီဇာတင်ခိုင်းရသည်။ သူငယ်ချင်းက ဟိုနိုင်ငံသားခံယူထားတာမို့ တစ်ရက်ပဲစောင့်လိုက် ရ၏။
ပြီးတော့ အလုပ်။ ကျွန်တော်စလုံးရောက်ရင်ဘာလုပ်ရမလဲ။ ဗီဇာသက်တမ်းကုန်သွားရင်ဘယ်လိုရှေ့ ဆက်ရမလဲ။ နေဖို့ကရောဘယ်လိုစီစဉ်ရမလဲ။ အဲဒါတွေအားလုံးကို တစ်ပတ်လောက်အချိန်ယူပြီး တစ် ယောက်တည်း ကျိတ်လုပ်နေမိသည်။ ရုံးကလည်းမသိစေရ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းလည်း မသိစေရ၊ အဓိကတော့ နိုနိုမသိစေရပါ။ အမေ့ကိုတော့ ပြောပြထားသည်။ အမေကပြသနာမရှိ။ ဟိုမှာ ညီမလေးလည်းရှိတော့ စိတ်ချသည်။ ညီမလေးအတွက်ပါ စိတ်ချတာမို့ ကျွန်တော်စလုံးသွားမှာကိုလုံး ဝမတား။
အချိန်တိုအတွင်းစီစဉ်မှုနဲ့ ကျွန်တော် စင်ကာပူကိုရောက်လာခဲ့လေသည်။ သူများနိုင်ငံမှာ သူများခိုင်းတဲ့ အလုပ်ကိုလုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပေမယ့် ချစ်တဲ့စိတ်တစ်ခုတည်းက အရာအားလုံးကိုလွှမ်း မိုးချုပ်ကိုင်နိုင်ခဲ့လေပြီ။
“အဲဒီလောက်ထိ မြန်မယ်လိုဘယ်ထင်ထားပါ့မလဲ”
မြတ်နိုးကတော့ အံသြနေတာပေါ့။ ညီမလေးကိုတော့ အဆင်ပြေအောင်ပြောရသည်။ အရွယ်ရောက် နေပြီမို့ ကျွန်တော်တို့အနေအထားကို ညီမလေးသဘောပေါက်မှာပါ။
“အရာအားလုံးကို စွန့်လွှတ်ပြီး မြတ်နိုးနောက်လိုက်လာခဲ့ပြီ မြတ်နိုးရေ”
အလုပ်က တစ်လကြိုတင်ထွက်စာတင်ရပေမယ့် နားလည်သဘောတူညီမှုရရှိခဲ့သည်။ ကျွန်တော့် အနေ အထားကို အလုပ်ကသဘောပေါက်လက်ခံလာအောင်ပြောခဲ့ရသည်။ နည်းပညာသတင်း ထောက်တစ် ယောက်ရဲ့ဘဝကနေ သူတစ်ပါးနိုင်ငံမှာ အလုပ်လာလုပ်တဲ့သူတစ် ယောက်ဖြစ်မှန်းမ သိဖြစ်ခဲ့ရပြီ။
“မောင့်ဆုံးဖြတ်ချက်မှားတယ်လို့ မြတ်နိုးမဆိုလိုပါဘူး၊ ဒါပေမဲ့ အခုလိုဗြုန်းစိုင်းကြီးလာတာ ဒီမှာနေဖို့ အလုပ် အဲဒါတွေ မောင်ဘယ်လိုစီစဉ်ခဲ့သလဲဟင်”
ကျွန်တော်လုပ်လာသမျှ ချစ်သူကိုရှင်းပြရသည်။
“လောလောဆယ်တော့ Bugis မှာစျေးရောင်းဖို့စီစဉ်ထားတယ်၊ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့အ ဆက်အသွယ်နဲ့ပေါ့၊ သူကအဲမှာဆိုင်ရှိတယ်၊ အကျီင်္နဲ့အမှတ်တရပစ္စည်းတွေရောင်းမှာပေါ့၊ လောလော ဆယ်ဒီအလုပ်ကအဆင်ပြေမယ်လို့ထင်တယ်၊ မနက်ဖြန်ကနေစပြီးအလုပ်သွားဆင်းလို့ရပြီ၊ ဝန်ထမ်း အ နေနဲ့အရင်ရောင်းရမှာပေါ့မြတ်နိုးရယ်၊ အဲအလုပ်လုပ်ရင်း တစ်ခြားဘာလုပ်နိုင်ဦးမလဲစဉ်း စားမယ်၊ နေဖို့ကလည်းလွယ်တယ်လေ၊ အခန်းစုငှားနေတဲ့သူတို့ဆီမှာသွားနေရုံပဲ ကိုယ့်အတွက်တစ် ခန်းစီ စဉ်ထားပြီးပြီ၊ သိတဲ့အတိုင်းပဲနေရာတာတော့ ကိုယ့်အိမ်လောက်တော့ဘယ်ကောင်းမလဲ၊ သင်္ဘောပေါ် က အိပ်စင်လိုမျိုးအိပ်စင်သေးသေးလေးနဲ့အခန်းကျဉ်းပေါ့၊ ရေချိုးခန်းအိမ်သာမျှသုံး၊ ဧည့် သည်လာရင် ဧည့်ခန်းမျှသုံးပေါ့”
ကျွန်တော့်အစီအစဉ်တွေကို မြတ်နိုးကမျက်လုံးပြူးမျက်ဆန်ပြူးဖြစ်လို့။ ပုံမှန်ဆို စလုံးမှာအလုပ်ရဖို့က လွယ်တာမဟုတ်။ အခုနောက်ပိုင်းဆို ပိုပြီးတော့တောင်တင်းကြပ်နေတာ။ ဒီနိုင်ငံမှာလာပြီးအလုပ်လုပ် ချင်ကြတဲ့သူတွေက အခြေခံဝန်ထမ်းထက် ပညာရှင်အဖြစ်နဲ့ပဲများသည်။ စင်ကာပူနိုင်ငံက ပြည်ပဝန် ထမ်းတွေကို သူတို့နိုင်ငံသားတွေလောက်အခွင့်အရေးပေးတာမဟုတ်။
“မောင်ရယ် လုပ်ရဲလိုက်တာ၊ မောင့်အခြေအနေက သာမန်လူတစ်ယောက်အတွက်ဆိုတော်တော်မ လွယ်တဲ့ကိစ္စနော်”
“ဘာမလွယ်စရာရှိလဲ မြတ်နိုးရဲ့၊ ကိုယ်အခုအကုန်လုံးအဆင်ပြေနေတာပဲ”
“အင်း၊ ကံကောင်းတယ်ပဲဆိုရမှာပေါ့၊ မောင်ကအခု Work Permit နဲ့လည်းမဟုတ် S Pass နဲ့လည်းမ ဟုတ်ဘူးလေ”
“ဘာကွာမလဲ”
“Work Permit နဲ့လာတယ်ဆိုရင် အများအားဖြင့်အလုပ်မှာနေ၊ အလုပ်ကကျွေးထား လကုန်တာနဲ့အ သားတင်လစာပဲရတယ်၊ S Pass ဆိုတာကတော့ ကိုယ့်ဟာကိုအပြင်မှာ အိမ်ငှား စားသောက်ပြီး အလုပ် ကိုလာ ဒါမျိုးပေါ့၊ အခု မောင်လာတာကတရားမဝင်ဘူးလေ၊ အဆင်မပြေတဲ့ခဏပဲ အဲလိုတစ်ပွဲ ထိုးဝင် လုပ်လို့ရမယ်၊ အလည်လာစျေးဝိုင်းရောင်းပေးတဲ့သဘောမျိုးပဲ၊ အသိရှိလို့ရယ် ငွေကြေးအခက် အခဲရှိ လို့ရယ် ခဏတာဖြေရှင်းဖို့ပဲဒီလိုအလုပ်ကိုလုပ်ကြတာ၊ ပေါ်တင်မရဘူး၊ မိရင်ဆိုင်ရှင်ကော လုပ်တဲ့သူ ကောထောင်ကျခံရတယ်”
“ကိုယ်က လူရင်းဆိုင်ပါမြတ်နိုးရယ် အဲလောက်တော့မစိုးရိမ်ပါနဲ့”
“လူရင်းဆိုင်ဆိုရင်တော့ ရတယ်၊ ဒါပေမဲ့ ရဲတွေဘာတွေလာရင်တော့ ဆိုင်ခဏလာလည်တာ တို့ဘာတို့ဖြစ်အောင်နေရမယ်၊ ဆိုင်ဝန်ထမ်းအဖြစ်အသိခံလို့မရဘူး၊ နောက်တစ်ခုက အဲလိုရောင်းပြီး ဘေးဆိုင်က အခြားလူကမကျေ နပ်လို့တိုင်ရင်ပြသနာရှိတယ်၊ ဘာမှမဖြစ် မတိုင်ရင်၊ အဆင်ပြေရင် တော့ ကောင်းတာပေါ့လေ”
မြတ်နိုးက ကျွန်တော့်အတွက်အရာရာစိုးရိမ်နေပေမယ့် ကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲ။ စိတ်ပူပင်တာမျိုးလုံးဝမရှိပါ။ နေဖို့စားဖို့စီစဉ်ပြီးသွားပြီ။ အချိန်ကာလတစ်ခုကိုဖြတ်သန်းပြီးရင် ကျွန် တော်မြတ်နိုးနဲ့အတူနေခွင့်ရပြီ။
“ဘယ်တော့ လက်ထပ်မှာလဲ ကိုယ့်ကို”
ရှက်သွေးဖြာတဲ့မျက်နှာလေးကိုမြင်လိုက်ရသည်။ ဒီနေရာအထိလိုက်လာခဲ့တာ အတူနေချင်လို့ပေါ့။ စင်ကာပူနိုင်ငံမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ကမ္ဘာကိုတည်ဆောက်ကြမည်။
“အမယ်လေး၊ ဒီအထိလိုက်လာပြီးမှာ ဒါကပြောစရာလိုသေးလို့လား၊ မောင်ဟာလေ ပေ့ါပျက်ပျက်နိုင် လာပြန်ပြီ၊ နေဦး မြတ်နိုးမေးပါရစေဦး၊ အခု အလုပ်ကတော့ လတ်တလောအဆင်ပြေတယ်ထားလိုက် တော့၊ နေစရာကိုရော ဘယ်နားမှာလဲ နေတဲ့စားရိတ်ကရော တစ်လကိုဘယ်လောက်ပေးရမှာလဲ”
“မြို့ထဲနဲ့နည်းနည်းတော့လှမ်းတယ်၊ ဒါပေမဲ့ ကိုယ်အလုပ်လုပ်ရမယ့်နေရာကိုလာလို့လွယ်တယ်၊ သူက အစိမ်းရောင် MRT လိုင်း (East west line) နဲ့နီးတယ်၊ အခုပြန်ရင်ဘယ်လိုပြန်ရမလဲဆိုတာမြတ်နိုး ပြောပြရမယ်၊ လေးရာပေးရမယ်တဲ့ တစ်လကို”
“အလုပ်လုပ်တဲ့လစာကရောဘယ်လောက်ရမှာတဲ့လဲ”
“တစ်နာရီကို ငါးကျပ်ပေါ့”
စင်ကာပူမှာ မြန်မာတွေလာလုပ်တဲ့အခါ ပုံစံသုံးမျိုးရှိသည်။ Work Permit ၊ S Pass နဲ့အချိန်ပိုင်းအလုပ် တွေပေါ့။ Work Permit သမားတွေကတော့ အများဆုံးတစ်လကို ငါးရာဝန်းကျင် လောက်ပဲရကြသည်။ S Pass သမားတွေကတော့ ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ အထိ ရတဲ့သူ တွေပေါ့။ ဒီထက်များတာတွေလည်းရှိမှာပေါ့။ တော်ရုံအလည်လာတဲ့သူကို ဝန်ထမ်းအဖြစ်ခန့်တဲ့ နေရာရှားလှသည်။ ရတယ်ဆိုရင်လည်း အချိန်ပိုင်းတစ်နာရီကို ငါးဒေါ်လာလောက်ပဲပေးကြတာ တွေ့ရသည်။ ပြည်တွင်းမှာနေတဲ့သူတွေကတော့ ဧည့်သည်တွေထက် ပိုရတာပေါ့။ တစ်နာရီကို ရှစ်ဒေါ်လာကနေ ၁၀ ဒေါ်လာလောက်အထိရကြသည်။
နေစရာကတော့ မြို့လယ်နဲ့အနီးအဝေးအပေါ်မူတည်ပြီးစျေးနှုန်းကွာခြားသည်။ အနည်းဆုံးကတော့ ဒေါ်လာ ၃၅၀ လောက်ပေးရသည်။ များသောအားဖြင့်တော့ မြန်မာတွေအချင်းချင်း ပြန်ငှားတာ နေကြသည်။ ကျွန်တော်နေရမယ့်နေရာက လည်း မြန်မာတွေချည်းရှိသည့်နေရာ။
“ကဲ ဒေါ်မြတ်နိုး မေးလို့ပြီးဦးမှာလား၊ ကျုပ်ဗိုက်ဆာလှပြီ”
မြတ်နိုးကို လေဆိပ်မှာလာကြိုခိုင်းခဲ့တာပင်။ လေဆိပ်ကနေ မြတ်နိုးခေါ်တဲ့နေရာကိုပဲ လိုက်လာခဲ့ သည်။ ဘယ်ကိုခေါ်လာသလဲ ကျွန်တော်မသိပါ။ အဝတ်အစား ထုတ်ကလည်းများများ စားစားမပါ။ ကျွန်တော် စလုံးကိုလာတာ ပတ်ဝန်းကျင်ကလည်းမသိအောင်လုပ် ရသည်။ တစ်ယောက်ယောက်က မေးလို့ ဖြေမိလို့ နိုနို့ဆီကိုရောက်သွားမှာလည်း စိုးရိမ်ရသည်။
“အင်းပါ၊ အခု ဆိုင်ကိုရောက်တော့မယ်”
ပင်လယ်လားမြစ်လားမသဲကွဲပါ။ ရေတွေကိုတော့မြင်ရသည်။ ရေပြာပြာတွေကိုလှမ်းမြင်နေရတဲ့ဆိုင် တစ်ဆိုင်ဆီကိုရောက်လာခဲ့ကြသည်။ ဘေးပတ်ဝန်းကျင်မှာတော့ သန့်ရှင်းသပ်ရပ်တဲ့တိုက်တာ အ ဆောက်အဦတွေပတ်လည်ဝန်းရံနေလို့။ ဒါဘယ်နေရာလဲ ကျွန်တော်မသိပါ။ နေရာကျွမ်းကျင်ဖို့ ကြိုးစားရဦးမည်။ ကျွန်တော်သိထားတာက စလုံးမှာ MRT လိုင်းငါးလိုင်းရှိသည်။ အစိမ်းရောင်း၊ အနီ ရောင်၊ ခရမ်းရာင်၊ အဝါရောင်နဲ့အပြာရောင်။ MRT ကတ်လုပ်ထားရင်တစ်မြို့လုံးကိုစျေးသက် သက်သာသာနဲ့သွားနိုင်မည်။ ဒီလောက်ပဲ။ Bugis ကိုလည်း ကျွန်တော်နေတဲ့နေရာကနေသွားလို့ လွယ်တယ်ဆိုတာပဲသိရသေးသည်။ ဘယ်လိုသွားရသလဲ အပြန်မှမြတ်နိုးကိုမေးရဦးမည်။
“မောင်”
“အင်း မြတ်နိုး”
“ကျေးဇူးတင်ပါတယ်နော်”
“ဘာအတွက်လဲ”
“မြတ်နိုးကိုရွေးချယ်ပြီး ဒီအထိတောင်လိုက်လာလို့”
ယုယစွာဖက်ထားလိုက်မိတော့သည်။ ရန်ကုန်မှာ နေသားတကျနေနေတဲ့ အလုပ်ကိုကြော့ကြော့ မော့ မော့လုပ်နေတဲ့သူတစ်ယောက်က အခုလိုမျိုးလိုက်လာပြီး အရာရာကိုရင် ဆိုင်ဖို့ဆိုတာ တကယ်တော့ လွယ်ကူလှတဲ့ကိစ္စမဟုတ်။
တစ်သက်လုံးအမေနဲ့အတူတူနေလာတဲ့သူတစ်ယောက်အဖို့ ရေခြားမြေခြားလာရတဲ့အခိုက်မှာအမေ့ ကို လွမ်းမိသည်။ ဒါတောင် ခွဲခွာရတာတစ်ရက်မပြည့်သေး။ မြတ်နိုးနဲ့အတူတူနေဖို့အစီအစဉ်ချထား နေတဲ့ကာလတစ်လျှောက်မှာ အိမ်မှုကိစ္စတွေ ကိုယ်တိုင်လုပ်ရမည်။ အမေခူးပေးတဲ့ထမင်းကိုစား၊ အမေလျှော်ပေးတဲ့အကျီင်္ကိုဝတ်ပြီး ကြော့ကြော့လေးနေလာခဲ့တဲ့ မြတ်မင်းဒီပါဘဝ အခုတော့အရင်နဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီ။
ပြီးတော့ အလုပ်။ ဒီလိုအခြေခံလူတန်းစားအလုပ်ကို ကျွန်တော်တကယ်လုပ်နိုင်ပါ့မလား။ စျေးရောင်း တယ်ဆိုတာမျိုးလုပ်ရဖို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ပါ။ စျေးရောင်းတဲ့အလုပ်ကို အထင်မကြီးလို့ မဟုတ်။ ကိုယ်လုပ်နေကျအလုပ်တစ်ခုမဟုတ်တဲ့အတွက် တကယ်တမ်းလုပ်ရမယ်ဆိုတာသိလိုက်ရ တော့ နည်းနည်းစိမ်းနေခြင်းပင်။
“ကိုယ်တို့ ပျော်ရွှင်စရာကောင်းတဲ့ဘဝကိုတည်ဆောက်ကြမယ်မြတ်နိုး၊ ကိုယ်ရောက်လာပြီအခု”
အရာအားလုံးကို အပြုံးတွေနဲ့ရင်ဆိုင်မည်။ ဘယ်လိုအခက်ပဲရှိရှိ ရအောင်ဖြေရှင်းမည်။ စလုံးဆိုတာ ငရဲ ပြည်လည်းမဟုတ်၊ နတ်ပြည်လည်းမဟုတ်၊ သာမန်လူတွေနေထိုင်တဲ့နိုင်ငံတစ်နိုင်ငံပဲ။ ကျွန်တော် ဘာလို့ အဆင်မပြေဖြစ်ရမှာလဲ။
“မြတ်နိုးတို့ အရာအားလုံးကို အတူတူရင်ဆိုင်ကြမယ် မောင်”
စလုံးမှာနေတဲ့ အချိန် ကြုံတွေ့ရမယ့်အခက်အခဲတွေအားလုံးအတွက် ကျွန်တော်တို့နှစ်ယောက်အသင့် ရှိခဲ့သည်။ တကယ်တမ်း ကျွန်တော်တို့ဆီကိုရောက်လာတာက အခက်အခဲမဟုတ်ခဲ့ပါ။ မျှော်မှန်းမ ထားဘူးလို့ပြောလို့ရပေမယ့် တွေးတော့တွေးမိခဲ့ရတဲ့ အနှောက်အယှက်တွေပေါ့။
ကျွန်တော် စလုံးကိုရောက်ပြီး သုံးပတ်လောက်အကြာမှာ အဲဒီအဖြစ်အပျက်တွေစတင်ခဲ့လေသည်။
×××××××××××××××××××××××
ဆက်ပါဦးမည်။