လှိုင်းနှစ်စင်း ကောက်ကြောင်း
(၂၃)
သန့်ရှင်းတောက်ပြောင်နေသည့် တိုက်တာအဆောက်အဦတွေက ကျွန်တော့်ဘေးပတ်ပတ်လည်မှာ။
“ငါ မှားသွားလား၊ မှားလည်း ငါရွေးခဲ့တဲ့လမ်း၊ ငါကျေနပ်တယ်”
အဝေးဆီမှာ ပင်လယ်ရေပြာပြာတွေကိုမှိန်ပျပျမြင်နေရသည်။ ကျွန်တော်ရောက်နေတာက လူရှင်း တဲ့နေရာတစ်နေရာ။ ကျွန်တော့်ဘေးမှာ မြတ်နိုးရော၊ ညီမလေးရော မရှိပါ။ အလုပ်လည်းမသွားဖြစ်။ ဒီနေ့ တစ်နေကုန်ဒီနေရာမှာထိုင်ရင်း အချိန်ဖြုန်းဖို့စဉ်းစားထားသည်။
စင်ကာပူလိုနေရာမျိုးကို အချစ်တစ်ခုတည်းအတွက်နဲ့ရောက်လာခဲ့ရသည်။ ကျွန်တော်ခုံမင်နှစ်သက် ခဲ့သော ၀ါသနာပါရာအလုပ်ကိုစွန့်လွှတ်ခဲ့သည်။ ဒါတွေအားလုံးကျွန်တော်ကျေနပ်လို့လုပ်ခဲ့တာချည်း။
“၀ါသနာကိုတားလို့ နိုနို့ကိုလမ်းခွဲခဲ့တယ်၊ မြတ်နိုးကိုချစ်လို့ ၀ါသနာကိုစွန့်လွှတ်ခဲ့တယ်၊ မင်းတရားရဲ့ လား မြတ်မင်းဒီပါ”
ကျွန်တော့်ဘေးမှာ ကျွန်တော့်ကိုယ်ပွားတစ်ယောက်ရောက်လာပြီး မေးခွန်းမေးနေသည်။
“ဘာလို့မတရားရမှာလဲ၊ ငါမှ နိုနို့ကိုမချစ်တာ”
“အဲဒါဆိုဘာလို့အကြာကြီးတွဲခဲ့တာလဲ၊ လူသိရှင်ကြားချစ်သူတွေပါလို့ သိစေခဲ့သလဲ၊ နိုနိုလိုအင်ဆန္ဒ မှန်သမျှကို မင်းဘာလို့လိုက်လျောခဲ့တာလဲ”
“အဲဒါက အရင်တုန်းကပါ၊ ငါသူ့ကိုချစ်နေခဲ့ကာလတုန်းကပါ၊ အခု ငါနိုနို့ကိုမချစ်တော့ဘူး၊ ငါ့ဘဝအ တွက်ရွေးချယ်ထားခဲ့တဲ့သူက မြတ်နိုးပဲ၊ မြတ်နိုးကိုပဲ ငါလက်ထပ်မှာ၊ အဲဒါကြောင့် ၀ါသနာကိုစွန့်ပြီး မြတ်နိုးနောက်ကိုလိုက်လာခဲ့တာ”
“ဒါဆို”
“အေး ဟုတ်တယ်၊ ငါအစကတည်းက ဒီဝါသနာကိုစွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပြီးသား၊ နိုနို့ကိုလည်းတစ်ခါ ပြောဖူးတယ်ထင်တယ်၊ အချိန်တန်ရင် အလုပ်ကိုစွန့်ပြီး အခြားစီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်မယ်လို့၊ အခုချိန်မှာ ၀ါသနာပါရာကိုဇောက်ချပြီးခဏတော့လုပ်ပါရစေလို့ပြောခဲ့ဖူးမယ်၊ ငါ့စကားအတိုင်းပဲ ငါ့ အလုပ်ကိုစွန့်လွှတ်ချိန်မှာ နိုနိုကငါ့စိတ်ထဲမှာ မရှိတော့ဘူး၊ မြတ်နိုးဖြစ်နေခဲ့တယ်”
တိမ်တွေ ကျွန်တော်တို့နှစ်ယောက်ဆီကိုလွှင့်လာသလိုခံစားရသည်။
အိုး။ အခုချိန်မှာ အဲဒီတိမ်တွေနဲ့အတူလွှင့်မျောချင်လိုက်တာ။ ခဏဖြစ်ဖြစ်ပေါ့။ အမေ့ကိုလည်းလွမ်းလှ ပြီ။ မြန်မာနိုင်ငံကိုလည်းပြန်ချင်လှသည်။ အခုချိန်မှာပြန်ရင် ကျွန်တော်ဘာဖြစ်သွားမလဲ။ နိုနိုကရော အခု ဘယ်တွေရောက်နေသလဲ။ တကယ်သေသွားပြီလား။ အလောင်းရော။
ကျွန်တော်ဘာဆက်လုပ်ရမလဲ။ နိုနိုပျောက်ဆုံးသွားတာ ကျွန်တော့်တာဝန်မကင်း။ ဒီအတွက်တော့ စိတ်မကောင်းတော်တော်ဖြစ်ရသည်။ ဘုရား၊ ဘုရား။ ကျွန်တော်လူသတ်ခဲ့တာလား။ လူတစ်ယောက် ကိုလက်နဲ့သတ်တာမဟုတ်ဘဲ၊ အဲဒီလူသေချင်သွားအောင် စိတ်နဲ့သတ်ခဲ့တာလား။ ကျွန်တော်လူသတ် ကောင်တစ်ယောက်ဖြစ်နေခဲ့ပြီလား။
“မင်းအရူးပဲ မြတ်မင်းဒီပါ၊ နိုနို့ကိုမင်းအဲဒီလိုမလုပ်သင့်ဘူး”
“ငါမတတ်နိုင်ဘူး၊ ဖြစ်လာတဲ့အကျိုးရလာဒ်ကို ငါခံရုံကလွဲရင်မတတ်နိုင်ဘူး၊ နိုနို့အပေါ်ပြုမှုခဲ့တာတွေ အတွက် ငါစိတ်မကောင်းတာတော့အမှန်ပဲ၊ အဲဒီစိတ်ကလည်း ငါအသက်ရှင်နေသမျှကာလပတ်လုံး မြတ်မင်းဒီပါဆိုတဲ့ကောင် ကမ္ဘာကြီးမှာ ရှင်သန်နေသမျှတစ်ချိန်လုံး ဖျက်မရနိုင်တော့တဲ့အမာရွက်ကြီး တစ်ခုလို စွဲကျန်နေမှာသေချာတယ်”
“မင်း နိုနို့အတွက်ပေးဆပ်မှုက ဒါပဲလား”
“အေး ဟုတ်တယ်၊ နိုနိုလိုချင်တဲ့င့ါဆီကအရာကလည်းအဲဒါပဲ၊ ဘာလဲ မင်းကဒီလောက်ကိုနည်းတယ် ထင်လို့လား၊ ဒါဆို ငါရဲဆီကိုသွားလိုက်ရမှာလား၊ နိုနို့ကို ငါသတ်ပါတယ်လို့သွားပြောလိုက်ရမှာလား”
ကျွန်တော့်ကိုယ်ပွားကောင်ကို စေ့စေ့ကြည့်လိုက်မိသည်။ ကျွန်တော်နဲ့အပြင်ပုံပန်းသဏ္ဍာန်အားလုံး သာလာတူနေတာပါ။ ဒီကောင် ကျွန်တော်မဟုတ်ဘူး။ ကျွန်တော့်စိတ်ကိုနားမလည်ဘူး။
တကယ်ဆို ကျွန်တော့်ရင်ထဲမှာဘာရှိသလဲဆိုတာ ဒီကောင်ကောင်းကောင်းသိသင့်တာ။
“မြစ်ထဲခုန်ချပြီး သေကြောင်းကြံလိုက်တော့မယ် ကို၊ ကျွန်မ ရန်ကုန်ကိုမပြန်တော့ဘူး၊ ဒီမှာပဲသေ လိုက်တော့မယ်၊ ရှင်တို့နှစ်ယောက်ကြောင့် နိုနိုသေရတယ်ဆိုတာ ရှင်တို့အသက်ဆက်ရှင်နေတဲ့ကာ လ တစ်ယောက်လုံး တနုံ့နုံ့ခံစားစေရမယ်”
“ဟားဟား၊ မင်း ဆီကဒီစကားတွေပဲထွက်လာလိမ့်မယ်ဆိုတာသိပြီးသား၊ မင်းငါ့အပေါ်ခြိမ်းခြောက်မှု တွေနဲ့ပဲ ချည်နှောင်နေတော့မှာလား နိုနို၊ အေး ငါစိတ်မဝင်စားတော့ဘူး၊ ဘာကိုမှလည်းဂရုမစိုက်ဘူး၊ မင်းဟာမင်းလုပ်ချင်ရာလုပ်တော့”
“ကို ဒီလိုပြောမယ်ဆိုတာကို ကျွန်မလည်းတွက်ထားပြီးသားပါ၊ ဒီတစ်ခါတော့ ခြိမ်းခြောက်တာမဟုတ် တော့ဘူးကို၊ အသိပေးတာပါ၊ ကိုတို့နှစ်ယောက်ဘဝဖြောင့်ဖြူးလိမ့်မယ်လို့ လုံးဝမထင်ပါနဲ့၊ ရှင်တို့ဆက်ရှင်သန်မယ့်အနာဂတ်မှာ တုန်လှုပ်မှုတွေနဲ့ပဲဖြတ်သန်းရလိမ့်မယ်မှတ်”
ဟုတ်တယ်။ ကျွန်တော့်အနာဂတ်မှာ တုန်လှုပ်မှုတွေနဲ့ပဲဖြတ်သန်းရတော့မယ်ဆိုတာသေချာသ လောက်ပါပဲ။ မင်းနိုင်တယ်နိုနို။
နှစ်ရက်ရှိပြီ။ နိုနို့အလောင်းကိုရှာမတွေ့သေးပါ။ တကယ်ပဲသေဆုံးသွားခဲ့တာလား။ ပင်လယ်ကြီးဘယ် လောက်များကျယ်သလဲ။ ဖြစ်နိုင်ရင်ပင်လယ်တစ်ဆုံးအထိလိုက်သွားပြီးကြည့်ပစ်လိုက်ချင်လှသည်။ နိုနိုရေ ပဟေဠိတွေနဲ့ဘာလို့ထားခဲ့ရတာလဲ။
နိုနို အခုလိုဖြစ်သွားပေမယ့် အစအဆုံးလိုက်လံစုံစမ်းဖို့မေးမြန်းဖို့ကျွန်တော်တို့မှာအင်အားမရှိပါ။ မြတ် နိုးက သူ့အလုပ်ကိုပုံမှန်သွားရသလို ညီမလေးကလည်းကျောင်းပုံမှန်တက်ရသည်။ ၂၄ နာရီပတ်လုံး အချိန်ဇယားအတိုင်းလည်ပတ်ရသည်။ ဒါကိုယ့်မိခင်နိုင်ငံမဟုတ်။
သူများနိုင်ငံမှာ အလုပ်လာလုပ်တာမို့ သူတို့နိုင်ငံသားနဲ့တန်းတူအခွင့်အရေးမရ။ တစ်ဆင့်အနှိမ်ခံထား ရသလိုဖြစ်နေသည်။ အရာရာတိုင်းကိုလုပ်ချင်တိုင်းနေချင်တိုင်းနေလို့မရ။ သူများမျက်နှာကြည့်နေရ သည်။ အဆိုးဆုံးကတော့ အမေမရှိဘဲနေရတဲ့ ခံစားမှုပါပဲ။
နေ့တိုင်းလိုလို အမေ့ကိုသတိရသည်။ အိမ်ကိုလွမ်းလှသည်။ ကျွန်တော့်ဖက်ကပေးဆပ်လိုက်ရမှုတွေ ကအများကြီးပါပဲလေ။
“ငါစိတ်ညစ်နေတာပဲသိတယ်ကွာ၊ မင်းဘယ်ကကောင်လဲ ငါ့ကိုအနှောင့်အယှက်လာမပေးပါနဲ့”
“ငါက မင်းရဲ့ကိုယ်ပွားလေ၊ မင်းကိုအနှောင့်အယှက်ပေးနေတာမင်းကိုယ်တိုင်ပဲကွ”
“မင်း ဘာလိုချင်တာလဲ”
“ဘာမှ မလိုဘူး၊ မင်းကိုအသိပေးချင်တာလေးတွေရှိလို့ထွက်လာတာ”
“အေး ပြော၊ ဘာတွေအသိပေးမှာလဲ”
“ပြောစရာတွေတော့ အများကြီးပဲ၊ ခဏလေး ငါပြန်လာခဲ့မယ်”
တီဗီကြော်ညာတွေလာခါနီး အစီအစဉ်တင်ဆက်သူတွေပြောတဲ့လေသံနဲ့ပြောပြီးပျောက်ကွယ်သွား တော့သည်။
သူပျောက်သွားတော့ စိတ်နည်းနည်းပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ ဒီကောင်အညှောင့်ကောင်။ ကျွန်တော်စိတ်ညစ်နေတာကို ပိုစိတ်ညစ်အောင်လာလုပ်သွားတာ။ စိတ်ထဲမှာ နည်းနည်းများအပန်း ပြေမလားလို့ လူသူမရှိသလောက်နည်းပါးတဲ့ဒီနေရာကိုလာခဲ့တာ။ အလုပ်ကတော့ ခွင့်ယူခဲ့ရသည်။ ဒီ ကြားထဲ တည်တည်မြဲမြဲအလုပ်ရဖို့လည်းကြိုးစားရဦးမည်။ ကွမ်ရင်မယ်တော်ဘုရားကျောင်းမှာဗေဒင် လေးဘာလေးမေးဦးမှ။
စင်ကာပူက လုပ်ခလုပ်စာကတော့ မက်လောက်စရာရှိသည်။ ကျွန်တော်က ကွန်ပျုတာနဲ့ကျောင်းပြီး ထားသူလည်းဖြစ်၊ Programming Language ပိုင်းကိုနည်းနည်းပါးပါးရထားသူလည်းဖြစ်တော့ လုပ်ခလစာကောင်းတယ်ဆိုပြီး ကြားဖူးနားဝရှိထားသည်။ အခုကျတော့ စားလောက်သောက်လောက် ရုံပါပဲလေ။
အလုပ်ရှာရတာကတော့ သတင်းစာတွေထဲကနေတစ်ဆင့်ပါပဲ။ သူများမနိုးခင်ထ သတင်းစာဖတ်၊ အ လုပ်ခေါ်စာတွေကိုအသည်းအသန်လိုက်ကြည့်၊ ပြီးတော့ အီးမေးလ်ပို့သင့်တာပို့၊ လူကိုယ်တိုင်လျှောက် ဖို့လိုတဲ့နေရာတွေကိုတော့ ၀ိုင်းထားမှတ်ထားပြီးအလုပ်အားတဲ့အခါလိုက်လျှောက်လိုက်တာပါပဲ။ ဒီမှာ နေသားတကျရပ်တည်နိုင်မယ်၊ မြတ်နိုးနဲ့အတူတူနေရမယ်။ ကျွန်တော်လိုချင်သမျှအရာအားလုံးကို ဖန်တီးနိုင်ဖို့လက်တစ်ကမ်းအလိုသာရှိတော့မှာမှန်ပေမယ့် ကျွန်တော်မပျော်နိုင်တော့ပါ။
မဟာအမှားကြီးတစ်ခုကိုကျွန်တော်လုပ်ခဲ့မိပြီ။ ကျွန်တော်လူသတ်ကောင်တစ်ယောက်ဖြစ်လာခဲ့ပြီမ ဟုတ်လား။ နိုနိုသေသွားခဲ့တယ်ဆိုရင် ကျွန်တော်လူသတ်ကောင်ပဲ။
“ဟေး ငါပြန်လာပြီ”
တိမ်တွေလွင့်မျောနေရာကနေ သူထွက်လာသည်။ စုတ်တစ်ချက်သပ်လိုက်မိပြီးသူ့ကိုစိမ်းကားကား ကြည့်လိုက်လေသည်။
“မင်း ငါလာလို့ စိတ်ညစ်သွားတာလား”
“သေချာတာပေါ့၊ မင်းက ငါ့ကိုစိတ်ညစ်စရာတွေမေးမယ်လို့ပဲထင်ထားတယ်”
“နိုးပါ၊ ဒီတစ်ခါ မင်းကို အသိပေးချင်တာလေးတွေပဲပြောမယ်လို့ပြောထားတယ်လေ”
“အိုကေလေ၊ ပြော”
ကျွန်တော့်ကိုယ်ပွားမဟာပညာရှိက ကျွန်တော့်အတွက်ဘာတွေများမှာတမ်းခြွေပေးမလို့ပါလိမ့်။ တိမ် တွေကွယ်ပျောက်သွားပြီး သူ့ကိုယ်ကထင်ရှားသည်ထက်ထင်ရှားလာသည်။ ကျွန်တော့်ရှေ့တည့်တည့် မှာ ကျွန်တော်နဲ့ချွတ်စွတ်တူတဲ့လူတစ်ယောက်က ကျွန်တော့်ကိုစကားလာပြောနေသလိုခံစားရသည်။
“ရှေ့ဆက်မယ့်ဘဝတစ်လျှောက်လုံးမှာ လေနံနှစ်ဖက်မနင်းမိပါစေနဲ့၊ အကျနာတတ်တယ်”
ကျွန်တော် မိန်းကလေးနှစ်ယောက်ကိုတစ်ပြိုင်တည်းတွဲခဲ့တာတော့မဟုတ်ပါ။ ဒါပေမဲ့ လှေနံနှစ်ဖက် နင်းတယ်လို့ သူကဘာလို့ပြောရတာပါလိမ့်။ မိန်းကလေးနှစ်ယောက်ကိုချစ်မိတဲ့အဖြစ်ကို လှေနံ နှစ် ဖက်နင်းတာလို့ပြောတယ်ဆိုရင်တော့ သူ့စကားမှန်ပါတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အကျ နာခဲ့ပြီဖြစ်သည်။ သူ့စကားမှန်ပါသည်။ ဟုတ်တယ်။ ကျွန်တော်အကျနာတာက တစ်ဘဝလုံးစာ အတွက်ပဲ။
“မချစ်တော့ဘူးလို့ခံစားရတာသေချာရင်ချက်ချင်းလမ်းခွဲလိုက်ပါ၊ တစ်မိနစ်ထပ်ကြာလေ တစ်ဖက်လူ အတွက် တစ်မိနစ်ပိုခံစားရလေပဲ”
နိုနို အချိန်အတော်ကြာတဲ့အထိခံစားခဲ့ပြီး ပေါက်ကွဲသွားတာများလား။ ဒါဆိုကျွန်တော်ကရော နိုနို့ အပေါ်ရက်စက်ခဲ့တာပေါ့။
“အချစ်မှာ အားနာတာမရှိဘူး၊ ဒါကြောင့် အချစ်နဲ့ပတ်သက်ရင်ဘယ်တော့မှ အားမနာပါနဲ့”
အချစ်နဲ့ပတ်သတ်လို့အားနာတတ်တဲ့အကျင့်ကိုတော့ဘယ်တော့မှထပ်အဖြစ်ခံလိမ့်မည်မဟုတ်ပါ။ ထပ် လည်းဖြစ်တော့မှမဟုတ်။ တွေ့ကြုံသင့်တဲ့အတွေ့အကြုံကိုခံစားခဲ့ရပြီ။ ဘယ်တော့မှထပ်မဖြစ်ချင်တော့ တဲ့ နာကျင်မှုကိုလည်းကြုံခဲ့ရပြီ။
“အေး နောက်ဆုံးပြောချင်တာတစ်ခုပဲ၊ အခုမင်းဘဝမှာ မင်းကြောင့်လူတစ်ယောက်သေဆုံးခဲ့ဖူးပြီ၊ မင်း အပြစ်ကြောင့်လူတစ်ယောက်ထိခိုက်နစ်နာမှုရှိခဲ့ပြီဆိုတာကိုဘယ်တော့မှမေ့မထားပါနဲ့၊ အမြဲတမ်းသ တိရပါ၊ ဘယ်တော့မှမမေ့ပါနဲ့၊ အသက်ရှင်နေသရွေ့ကာလပတ်လုံး ရင်ထဲမှာထည့်ထားပါ”
ဒါကတော့သူမပြောလည်းရင်ထဲမှာ ဘယ်တော့မှမမေ့နိုင်တဲ့အဖြစ်အပျက်။ ကျွန်တော့်ရင်ထဲမှာအစိုင် အခဲကြီး။ ဟုတ်တယ်။ ဘယ်တော့မှမမေ့နိုင်ပါ။ ကျွန်တော့်ကိုယ်ပွားပြောစကားအရ နိုနိုတကယ်သေ ဆုံးခဲ့ပြီပေါ့။
နိုနိုဆိုတဲ့လှိုင်းတစ်စင်း ကျွန်တော့်ရင်ကိုရိုက်ခတ်ခဲ့တာ ရင်ဘတ်ထဲအထိနာကျင်စူးရှလို့။ အဲဒီနာကျင် မှုကလည်း ဘယ်တော့မှပျောက်ကွယ်မသွားတဲ့အရာအဖြစ်ဆီကို ရောက်မှန်းမသိရောက်ရှိနေလေ တော့မည်။
“ဖြစ်ရာဘဝတိုင်းမှာ ကိုယ့်လိုလူမျိုးနဲ့မတွေ့ပါစေနဲ့နိုနိုရေ၊ လက်ရှိဘဝမှာ မင်းအသက်ရှင်နေသေး တယ်ဆိုရင်လည်း မင်းလိုအင်ဆန္ဒကိုလိုက်လျောပေးနိုင်တဲ့ချစ်သူနဲ့ပေါင်းသင်းရပါစေကွာ”
×××××××××××××××××××××××
(၂၄)
မိုးတစ်ဖွဲဖွဲကျနေပေမယ့် ရာသီဥတုက ကြည်လင်နေသည်။ စင်ကာပူရာသီဥတုကဒီလိုပါပဲ။ မိုးရွာပြီး ရင်ချက်ချင်း ကြည်လင်နေတတ်တာကခပ်များများရယ်။ ဒါကြောင့် ဒီကိုလာရင်ထီးနဲ့အပြင်ထွက်ဖို့ ပျင်းတဲ့သူတွေများလှသည်။
စင်ကာပူချန်ဂီလေဆိပ်ဆီကို တက္ကစီတစ်စီး ဦးတည်လာနေသည်။ မိုးဖွဲ့ကြောင့်ပတ်ဝန်းကျင်က ပုံမှန် ထက် စိမ်းစိုလို့နေသည်။ သစ်ပင်တွေစိုက်ထားတာကြောင့် လေဆိပ်ပတ်ဝန်းကျင်ကလည်း လွမ်းမော ဖွယ် ခံစားမှုကိုပေးနေသယောင်ပင်။
တက္ကစီပေါ်မှာတော့ ခရီးသည်နှစ်ဦးစကားတစ်ပြောပြောနဲ့။ ရယ်သံတစ်ချက်တစ်ချက်က ကျယ် လောင်စွာပေါ်ထွက်လာတတ်တာကြောင့် ကားဆရာလန့်လန့်သွားတတ်လေသည်။ လေဆိပ်ရောက် တာတောင် ဒီခရီးသည်နှစ်ဦးသိပါရဲ့လား။ ပြောနေတဲ့စကားသံကလည်း စင်ကာပူလူမျိုးတွေမဟုတ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲကတစ်နိုင်ငံလို့ ကားဆရာယူဆသည်။ ဒါပေမဲ့ ထိုင်းလူမျိုးစကားတော့ မဟုတ်။ သူ ထိုင်းစကားကိုနည်းနည်းပါးပါးကြားဖူးထားတော့ ရိပ်ဖမ်းသံဖမ်းမှန်မိသည်။ ခပ် တို့ဘာတို့ မပါတော့ ဒီလေသံကထိုင်းကလွဲရင် အခြားနိုင်ငံပဲဖြစ်ရမည်။
နှစ်ယောက်စလုံးရဲ့ပုံစံက ထိုင်းနဲ့တော့ခပ်ဆင်ဆင်တူသည်။ အသားဖြူဖြူအရပ်မြင့်မြင့်တွေပါပဲ။ ဒီ အတိုင်းဆိုရင် စင်ကာပူကလို့ပဲ သတ်မှတ်လို့ရသည်။ ဒါကြောင့် ပုံပန်းသဏ္ဍန်ကိုကြည့်ခြင်းအားဖြင့် အိန္ဒိယလည်းမဟုတ်ဘူးဆိုတာသေချာသလောက်ပါပဲ။ သူ့အတွေးနဲ့တင်နှစ်နိုင်ငံကိုပယ်လိုက်ပြီ။
“ဟော”
လေဆိပ်အဝင်လမ်းကိုရောက်ပြီမို့ သူတို့နဲ့စကားပြောဖို့လိုပြီ။ သူတို့ကတော့တစ်ယောက်လေကြော မှာတစ်ယောက်မျောလို့။ တောက်လျှောက်ပြောနေလာလိုက်တာ။
“Terminal ဘယ်လောက်လဲ”
တက္ကစီဆရာက မေးလိုက်သည်။
ဒီတော့မှ သူတို့သွားချင်တဲ့ခရီးကိုရောက်တော့မယ်ဆိုတာသတိပြုမိပုံရ၏။ တစ်ကမ္ဘာလုံးသွားမယ့် နေ ရာကို Terminal နဲ့ခွဲထားတာမို့ မှားရင်တိုင်ပတ်ကုန်မည်။
ခရီးသည်က သွားရမယ့် Treminal ကိုညွှန်လိုက်၏။ ပြီးတော့ သူတို့စကားဆက်ပြောပြန်သည်။ အမျိုး သားနဲ့အမျိုးသမီး။ သူတို့နှစ်ယောက်စလုံးသွားမယ်တော့မထင်။ တစ်ယောက်ယောက်ကတော့ ဒီမှာ ကျန်ခဲ့မှာ။ ဘာလို့လဲဆိုတော့ သူအထုတ်တင်ပေးတုန်းကတစ်ထုတ်ပဲတင်ပေးခဲ့တာ။
“အိုကေ”
ရောက်ပြီမို့ ကားဆရာကားပေါ်ကဆင်းလိုက်ကာအထုတ်ကိုချပေးလိုက်သည်။ ခရီးသည်ရဲ့အထုတ် တင်၊ အထုတ်ချက ကားဆရာတွေရဲ့ဝန်ဆောင်မှုလေ။ ဒါကို သူတို့နိုင်ငံက တက္ကစီသမားအားလုံးဝန် ဆောင်မှုပေးတတ်ကြသည်။
“ကျေးဇူးပဲ”
အမျိုးသားကောင်လေးက မီတာကိုကြည့်ပြီး ကျသင့်ငွေကိုရှင်းပေးလိုက်သည်။ ပြီးတော့ အထုတ်ကို ယူကာ လေဆိပ်ထဲကိုဝင်လာခဲ့၏။ ကောင်မလေးကတော့ ကားပေါ်ကဆင်းတာနဲ့ခြုံပဝါကိုလည်ပင်း ကနေ ခေါင်းပေါ်ခြုံပတ်ထားလိုက်သည်။ မျက်နှာကို လေဆိပ်ကလူတွေသေသေချာချာမမြင်ရအောင် ကာကွယ်လိုက်တာပင်။
လေယာဉ်ချိန် နီးနေပေမယ့် လူကျိတ်ကျိတ်တိုးမနေပါ။ သူ့နေရာနဲ့သူတန်းစီစောင့်ဆိုင်းကြလို့။ လေဆိပ်အတွင်းက Duty Free ဆိုင်တွေမှာလက်ဆောင်ဝယ်တဲ့သူဝယ်၊ အမှတ်တရဓါတ်ပုံရိုက်တဲ့သူ ရိုက်နဲ့။ ကောင်လေးက ကောင်မလေးကိုလေယာဉ်လက်မှတ်ကောင်တာအထိလိုက်ပို့ပေးသည်။ အား လုံးပြီးသွားတော့ မျက်နှာချင်းဆိုင်မေးလိုက်၏။
“ငါပြန်ရတော့မလားနိုနို”
လိုက်ပို့တဲ့သူငယ်ချင်း ကျော်စွာက နိုနို့ဖက်ကိုလှည့်ပြီးပြောလိုက်တော့ ပုဝါခြုံထားတဲ့နိုနို့မျက်နှာလေး ကခေါင်းညိတ်ပြသည်။
နှုတ်ဆက်ခြင်းအထိမ်းအမှတ်အဖြစ် တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်နှုတ်ဆက်လိုက်ကြသည်။
“အရာရာတိုင်းအတွက် ကျေးဇူးပါပဲ သူငယ်ချင်းရယ်”
ကျော်စွာကို လှိုက်လှိုက်လှဲလှဲပြုံးပြပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။ နိုနို့စကားကြောင့် ကျော်စွာ က သွားတက်တွေပေါ်အောင်ရယ်လိုက်သည်။
“ရပါတယ်ဟာ၊ နင်အဆင်ပြေဖို့ပဲငါမျှော်လင့်နေတာပါ”
“အင်း အဆင်ပြေပါတယ်၊ နင်ပြန်တော့နော် ကျော်စွာ”
နိုနိုက ကျော်စွာ့ကိုနှုတ်ဆက်ပြီး ကျောခိုင်းကာ လေယာဉ်ဂိတ်ဆီကိုဦးတည်လိုက်သည်။ ဒါပေမဲ့ ကျော် စွာက “ဟိတ်၊ ခဏလေး” ဆိုပြီးလှမ်းတားလိုက်ပြီး မေးခွန်းတစ်ခုမေးလိုက်သည်။
“မြန်မာနိုင်ငံမှာရော ဘယ်လိုစီစဉ်ထားလဲ၊ ငါ သိခွင့်ရှိမလား”
နိုနိုက ပြုံးပြီး ပြန်ပြောလိုက်၏။
“အင်း၊ ရှိပါတယ်၊ ငါရန်ကုန်မှာမနေဘူး၊ မော်လမြိုင်ဖက်မှာ တစ်နှစ်နှစ်နှစ်လောက်နေဖို့စီစဉ်ခိုင်းထား တယ်၊ အဲဒီမှာ အလုပ်တစ်ဖက်နဲ့ခဏတော့ကွေးနေလိုက်မယ်၊ ပျင်းရင် ဘန်ကောက်လေးဘာလေး ချိန်းပြီးသွားကြတာပေါ့”
“သိပ်ကောင်းတဲ့အစီအစဉ်ပေါ့ဟာ၊ ဒါနဲ့ နင်က မော်လမြိုင်မှာဘာအလုပ်ရှိမှာတုန်း”
“အင်း ရေကူးသင်တန်းဆရာမပေါ့ဟာ၊ အပျင်းပြေပေါ့”
နှစ်ယောက်သားရယ်မိလိုက်ကြသည်။
×××××××××××××××××××××××
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
တိမ်တိုက်ထွန်း (ကစ္ဆပနဒီ)
ဇွန် ၂၀၊ တနင်္လာ၊ ၂၀၁၆။
ညနေ ၄ နာရီ ၇ မိနစ်။
×××××××××××××××××××××××
ကျေးဇူးတင်ရှိခြင်း
လှိုင်းနှစ်စင်း ကောက်ကြောင်း ဝတ္ထုအတွက် ကူညီပေးခဲ့ကြတဲ့ နေသူ၊ လုပ်ငန်းခွင်ကသူငယ်ချင်း တွေ၊ စင်ကာပူရောက်မြန်မာသူငယ်ချင်းတွေအားလုံးအားလုံး တစ်ယောက်စီတိုင်းကိုကျေးဇူးဥပကာရ တင်ရှိ ကြောင်း မှတ်တမ်းတင်ချင်ပါတယ်။ အရင်စာအုပ်တွေကနေ အခုစာအုပ်အထိ အစအဆုံး ကူညီ လုပ်ကိုင်ပေးကြတဲ့သူငယ်ချင်း အားလုံးကိုလည်း အထူးကျေးဇူးတင်ပါရစေ။
ဒီဝတ္ထုထဲရဲ့ခေါင်းစဉ်အပါအဝင် ဇာတ်ကောင်နာမည်၊ အဖြစ်အပျက်တွေဟာ စာရေးသူကျွန်တော့်ရဲ့ ဇာတ်လမ်းဖန်တီးမှုတွေသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက် ကိုမှ ရည်ရွယ်ရေးသားထားခြင်း မရှိပါ ဘူး။ အကြောင်းအရာတစ်စုံတစ်ခု တိုက်ဆိုင်ခဲ့ရင် ဒါဟာ တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါတယ် ဆိုတဲ့ အကြောင်း နဲ့ တစ်ခုခုများ တိုက်ဆိုင်မှုရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပန်ကြားပါရစေ ခင်ဗျာ။
လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်လောက်တုန်းက “ချစ်ခြင်းတောင်ပေါ်မှာ စိန်ပန်းနီတွေပွင့်ခဲ့ပြီချစ်သူ” ဆိုတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို အွန်လိုင်းစာမျက်နှာမှာတင်ခဲ့ဖူးပါတယ်။ အဲဒါကိုဖတ်မိကြတဲ့ စာဖတ်သူတော် တော်များများက ဝတ္ထုအဆက်လေးဖတ်ချင်ပါတယ်ဆိုလို့ လှိုင်းနှစ်စင်းကောက်ကြောင်း ကိုဖန်တီးဖြစ် ခဲ့တာပါ။ စာရှုသူအပေါင်းမေတ္တာရိပ်မှာအေးချမ်းပါစေ။
×××××××××××××××××××××××