ရပ်ကွက်ထောက်ခံစာ

အပန်းမကြီးလှဘူးဟုယူဆထားသည့် သူက ကျွန်တော့်ကို “ရပ်ကွက်ထောက်ခံစာလေးတစ်စောင် လောက် မနက်ဖြန်ရုံးတက်ရင်ယူခဲ့ပါကွာ” ဟုပြောခဲ့ရာမှ ထိုအဖြစ်အပျက်စတင်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန် တော်အလုပ်ဆင်းရတော့မည်။ မနက်ဖြန်ကျွန်တော်အလုပ်ဆင်းရတော့မည်လေ။ ရပ်ကွက်ထောက်ခံစာ ကိုအလုပ်ဆင်းသည့်နေ့တွင်ယူလာရန် HR မန်နေဂျာက မှာလိုက်ခြင်းပင်။

“ဟုတ်ကဲ့ ယူခဲ့ပါ့မယ်”

ကျွန်တော်ကတိပေးလိုက်မိသည်။ နေထိုင်ရာရပ်ကွက်ရုံးတွင် ထောက်ခံစာတစ်စောင်ယူလိုက်ရင်ရပြီ ပေါ့။ အလုပ်သစ်အတွက် အပြတ်သဖို့ လှည်းတန်းတွင်ဆံပင်ဝင်ညှပ်မည်။ အွန်လိုင်းမှ မှာယူထားသော ရှူးဖိနပ်သစ်ကို မနက်ဖြန်အလုပ်သစ်မှာထုတ်ကြွားစီးဖို့အတွက် ခြေအိတ်အသစ်လည်းဝင်ဝယ်ရဦးမည်။ ဆံပင်ညှပ်ရင်းမျက်နှာလေးပါပေါင်းတင်လိုက်ဦးမှပါ။ ကောင်မလေးတွေအမြင်မှာ လန်းနေဖို့လိုအပ် သည်မဟုတ်ပါလား။ လုပ်စရာရှိသည်များကိုလုပ်ပြီးသည့်နောက်တွင် အိမ်ပြန်သည့်အခါ ရပ်ကွက်ရုံးကို ဝင်ပြီး ရပ်ကွက်ထောက်ခံစာယူလိုက်မည်ပေါ့။

ထင်ထားသည့်အချိန်ထက်နောက်ကျခဲ့ပါသည်။ ကျွန်တော်ရပ်ကွက်ရုံးကိုရောက်တော့ ညနေ ၅ နာရီခွဲ ရှိခဲ့လေပြီ။ ရုံးကညနေစောင်းမှဖွင့်သည်ဟု အိမ်ကလူများပြောနေကြသည့်အသံကိုတော့ကြားဖူးနားဝရှိ လှသည်။ ကျွန်တော်ခပ်ငယ်ငယ် အရင် ရောက်ဖူးတုန်းကလည်း ညနေပိုင်းများတွင်ပါပဲ။ ထို့ကြောင့် အေးအေးလူလူ ဟိုလျှောက်သွား ဒီလျှောက်သွားလုပ်နေခဲ့တာပင်။ အလုပ်ရ ကြောင်းကိုတော့ တစ်အိမ် လုံးကိုဖုန်းဆက်ပြီးပြောပြီးသွားလေပြီ။

ပျဉ်ပြားနံရံအကာဖြင့် ခပ်ကျဉ်းကျဉ်းလေးတည်ဆောက်ထားသော အနှီရပ်ကွက်ရုံးဆီသို့ဝင်လိုက်သည် နှင့် မျက်နှာကျက်ဆီမှပန်ကာလေသဲ့သဲ့ကိုခံစားရသည်။ ရုံးအရှေ့တွင် မီးချိတ်များ၊ သဲအိတ်ရေအိတ်များ ကိုလည်း ခနော်နီခနော်နဲ့ချိတ်ဆွဲထား၏။ ရုံးထဲတွင် သစ်သားစားပွဲခုံနှစ်လုံးကိုပူးပြီးစီထားကာထိုအ အပေါ်တွင်စာရွက်စာတမ်းအထပ်လိုက်ကြီးများကို ဖရိုဖရဲပုံစံဖြစ်သည့်နေရာဖြစ်၊ သေသေသပ်သပ်စီ လျှက်ရှိနေသည့်နေရာရှိဖြင့် ရုံးတို့၏ရိုးရာအတိုင်းတွေ့ရလေသည်။ ကုလားထိုင်လေးငါးလုံးကိုလည်း စားပွဲခုံပတ်ပတ်လည်တွင်တွေ့ရပါသည်။

“ကျွန်တော် ထောက်ခံစာလိုချင်လို့ပါခင်ဗျာ”

အသက်ခပ်လတ်လတ်အရွယ်အမျိုးသားတစ်ယောက် ရုံးပေါက်ဝအနားတွင် ဖုန်းပွတ်နေသည်ကိုတွေ့ရ သည်။ တစ်ရုံးလုံးတွင် သူတစ်ယောက်တည်းကိုသာတွေ့ရပါသည်။ ရပ်ကွက်ရုံးဆိုသော်လည်း ကျွန်တော် တို့ရပ်ကွက်ရုံးမှာ တစ်ထပ်အိမ်ကလေးနှင့်ပင်တူလှသည်။

ဖုန်းပွတ်နေသည့်ထိုလူက ကျွန်တော့်ကိုတစ်ချက်မျှပင်မကြည့်ပါ။ ဖုန်းကိုကြည့်နေရင်းမှပင်ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ရုံးက ည ၇ နာရီမှဖွင့်တာ အဲတော့မှလာခဲ့”

လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်သည်။ အိမ်ပြန်ပြီးတစ်ခေါက်ပြန်လာမှအဆင်ပြေမည်မို့ လှည့်ပြန် ခဲ့လိုက်တော့သည်။ ည ၇ နာရီဆိုလည်း ည ၇ နာရီပေါ့လေ။ သူကရပ်ကွက်ရုံးဆိုတော့လည်း အခြားအစိုး ရရုံးများနှင့်ဘယ်တူပါ့မလဲ။ ကျွန်တော်ကိုယ်တိုင်ကလည်းအမှတ်မှားခဲ့သည်ကိုး။ ကျွန်တော် ကိုးတန်းနှစ် တုန်းလောက်က ထိုရပ်ကွက်ရုံးဆီကိုရောက်ဖူးသားပဲ။ ဟုတ်တယ်။ အဲဒီတုန်းကညပိုင်းများ တွင်ပါပဲ။ အစ်မ၊ အဒေါ်၊ အစ်ကို တို့အလုပ်အတွက်သော်လည်းကောင်း၊ ကျောင်းအတွက်သော်လည်း ကောင်း ရပ်ကွက်ထောက်ခံစာလိုအပ်ပါက ကျွန်တော်ပဲဒိုင်ခံယူပေးခဲ့ရသည်ပင်။ နှစ်အတန်ကြာခဲ့ပြီမို့ ထိုအဖြစ် အပျက်ကိုမေ့မေ့ပျောက်ပျောက်ဖြစ်ကာ ရပ်ကွက်ရုံးသို့တစ်ဖန်ရောက်လာတော့မှသတိပြန်ရလာခဲ့ခြင်း ပင်။

ထိုတုန်းကရပ်ကွက်ထောက်ခံစာယူရသည့်ပရိုစီဂျာကိုမန်မိုရီပြန်ခေါ်စဉ်းစားကြည့်ပြန်သည်။ စက်ဘီး တစ်စီးနှင့် ည ၇ နာရီထိုးဆိုရပ်ကွက်ရုံးကိုသွားပြီ။ လူနှစ်ထပ်ရှိနေသည့် (တန်းစီစနစ်မဟုတ်ပါ) ဧည့်စာ ရင်းတိုင်သူများကို ထိုရုံးတွင်ပင်တစ်ပြုံတစ်မကြီးတွေ့ရပေမည်။ လူအုပ်ကြီးဘေးခန်းတွင် ထောက်ခံစာ ထုတ်ပေးသည့်နေရာဖြစ်လေသည်။ ထိုနေရာတွင် ကွမ်းတမြုံမြုံဝါးသည့် ဗိုက်ရွှဲရွှဲလူတစ်ယောက်ကိုတွေ့ ရမည်။ ထိုသူ၏မျက်နှာချင်းဆိုင်တွင် လူနှစ်ယောက်ထိုင်နေသေးသည်။ (ထိုင်နေသည့်လူနှစ်ယောက်ပုံစံ ကိုတော့ မမှတ်မိတော့ပါ။)

ရပ်ကွက်ထောက်ခံစာယူချင်လို့ ဟုပြောလိုက်ပါက လက်ထဲတွင်အသင့်ပါသည့် ငွေ ၂၀၀ တန်ကိုထိုးပေး လိုက်ရသည်။ ထို့နောက် သူက လက်ရေးဖြင့်ဖြည့်စွက်ရမည့်ကွက်လပ်များပါဝင်သည့် ထောက်ခံစာကို ထုတ်ပေးသည်။ ထိုထောက်ခံစာကိုယူကာ ဆယ်အိမ်မှူးအိမ်ကိုပြေးရပါသည်။ ဆယ်အိမ်မှူးဘုရားရှိခိုး နေလျှင် သူ့မိန်းမက လက်ညိုးကိုနှုတ်ခမ်းပေါ်ကန့်လန့်ဖြတ်ထောင်ပြကာ ရှုးတိုးတိုးလုပ်သည်။ ထို့ နောက် ဆယ်အိမ်မှူးဘုရားရှိခိုးပြီးသည်အထိစောင့်ရသည်။ တစ်ခါတစ်လေတွင် နာရီဝက်လောက်အထိ ကြာတတ်သည်။

ဘုရားရှိခိုးပြီးသော် ကျွန်တော်ယူလာသည့် ထောက်ခံစာ (ထောက်ခံစာပေါ်တွင်နာမည်ဘာညာတို့ကို ကျွန်တော်က အသင့်ဖြည့်စွက်ထားပြီးဖြစ်သည်။) ပေါ်တွင်ဆယ်အိမ်မှူးလက်မှတ်နေရာ၌ သူကလက် မှတ်ထိုးပေးလေသည်။ ထို့နောက် အဆင်သင့်ချထားသော ငွေဖလားအိုးကလေးတွင် စေတနာကြေးကို ထည့်ပေးရလေသည်။ ငွေကြေးပြေလည်သူတစ်ချို့ကတော့ တစ်ရာတန်များထည့်နိုင်သော်လည်း ကျွန် တော်တို့လိုလူလတ်တန်းစားမိသားစုကတော့ ၅၀ တန်ထည့်သည်။ အောက်ခြေလူတန်းစားများဆိုပါက ၂၀ တန်သာထည့်နိုင်ပါသည်။ မည်မျှပင်ထည့်ထည့် ဆယ်အိမ်မှူးကစောဒကမတက်။ သို့သော်လည်း အတန်ကြီးသည့်သူကို ပျူပျူငှာငှာဆက်ဆံတတ်သည်ကိုတော့ကောင်းကောင်းကြီးသတိထားမိပါသည်။

ဆယ်အိမ်မှူးလက်မှတ်ရရှိပြီးသည့်နောက် ရပ်ကွက်ရုံးကိုတစ်ခါပြန်သွားရပြန်သည်။ ရပ်ကွက်ဉက္ကဌ လက်မှတ်ယူရန်ဖြစ်သည်။ ထိုလက်မှတ်ရပြီး တံဆိပ်တုံးထုပြီးမှ ရပ်ကွက်ထောက်ခံစာဖြစ်တော့သည်။

“အော် ငါအဲဒီလိုမျိုးပဲလုပ်ရမှာလား၊ အခုကခေတ်တွေလည်းပြောင်းပြီဆိုတော့ အစစအရာရာအဆင်ပြေ မှာပါပဲ၊ ပိုက်ဆံလည်းပေးစရာမလိုတော့ဘူး၊ ဆယ်အိမ်မှူးကလည်း ငါတို့ငယ်ငယ်တုန်းကလိုအသက်ခပ် ကြီးကြီးတွေမဟုတ်ဘဲ လူငယ်တွေပြောင်းလိုက်ပြီကြားတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်အရင်ကထက်တော့ အဆင်ပြေနိုင်ကောင်းပါရဲ့” ဟုတွေးကာ အိမ်ကိုပြန်လာပြီးရေမိုးချိုးသည်။ ထို့နောက် ည ၇ နာရီအတိ တွင် အိမ်မှ စက်ဘီးတစ်စီးဖြင့်ထွက်ခဲ့တော့သည်။

“ကိုယ့်ရပ်ကွက်မှာ ကိုယ့်အိမ်အပိုင်နဲ့၊ ကိုယ်ပိုင်သန်းခေါင်စာရင်းနဲ့နေတာ၊ အဲဒီလိုနေထိုင်ကြောင်းကို လည်း သန်းခေါင်စာရင်းကြည့်လိုက်ရင်သိတာပဲ၊ အိမ်မှာရောလာကြည့်မလားရတယ်လေ၊ အအေး တောင်တိုက်လိုက်ဦးမယ်၊ ဘာကိစ္စရပ်ကွက်ထောက်ခံစာတွေတောင်းနေရသလဲနားကိုမလည်တော့ဘူး၊ ထောက်ခံစာရဖို့အရမ်းလွယ်ကူတယ်များထင်နေကြတယ်” ဟု ကျွန်တော့အစ်ကိုက ကျွန်တော်ထွက်လာ စဉ်ပြောနေသည်ကိုတော့ သတိထားမိလိုက်သည်။

ရပ်ကွက်ရုံးရှိ လူကြီးများမရောက်သေး။ ည ၇ နာရီကား ၁၅ မိနစ်စွန်းခဲ့လေပြီ။ နောက်ထပ် ၁၀ မိနစ်ခန့် စောင့်အပြီးမှာတော့ အနှီရပ်ကွက်လူကြီးများရောက်လာလေသည်။ သုံးယောက်။ ကျွန်တော်ငယ်ငယ်က သိခဲ့သည့် ဗိုက်ရွှဲရွှဲ၊ ကွမ်းဝါးသည့်လူကြီးမှန်း မှတ်မိလိုက်လေသည်။ အော်…ကိုယ်တွေသာ လူကြီးဖြစ် လာတာ သူကတော့အရင်အတိုင်းပါပဲလား ဟု ရည်းစားဦးကိုလွမ်းဆွတ်တမ်းတသည့်ပုံစံဖြင့်သူကိုဆွေး ငေးကြည့်လိုက်သေးသည်။ သူရာထူးလည်းမပြောင်း၊ အလုပ်လည်းမပြောင်းဘဲ ဆယ်စုနှစ်တစ်ခုဝန်း ကျင်ရှိသည့်တိုင်နေနိုင်လှသည်။ ယခင်နှင့်ကွာခြားသောအရာများတွင် သူ့လက်နှစ်ဖက်တွင်ဝတ်ဆင် ထားသော အုတ်ပုံရွှေလက်စွပ်ကြီးကြီးနှစ်ကွင်းနှင့် ဆွဲကြိုးခပ်တုတ်တုတ်ကြီးပင်။ မျက်နှာကြောကတော့ တင်းမြဲတင်းဆဲ။
ထို့နောက်။

“ကျွန်တော် ထောက်ခံစာလိုချင်လို့ပါ”

“ဘာအတွက်လဲ”

“နေထိုင်ကြောင်းပါ”

“ခဏစောင့်”

“ဟုတ်”

တစ်ခွန်းမကျန်ပြန်ပြောပြီးသည့်နောက် ၅ မိနစ်ခန့်ထပ်စောင့်လိုက်ရသည်။ ထို့နောက် ဘယ်ရပ်ကွက် တွင်နေထိုင်သနည်းဟုမေးပြန်သည်။ နေထိုင်ရာအိမ်နံပါတ်နှင့်ရပ်ကွက်ကိုပြောလိုက်ပြီး ထောက်ခံစာ ထုတ်ပေးလေသည်။

“အော်…ငါ ငယ်ဘဝကို ၁၀၀ ရာခိုင်နှုန်းလုံးသတိရစေတဲ့လေသံပါလား” ဟု တိုးတိုးလေးရေရွတ်မိပြန် တော့သည်။ ထိုစာရွက်ရလာပြီးသည့်နောက် ဆယ်အိမ်မှူးထံသွားရပြန်သည်။ ခေတ်သစ်ဆယ်အိမ်မှူး ၏ ပုံစံဘယ်လိုများနေလိမ့်မလဲတွေးကာ ရင်ခုန်မိလေသည်။

“မရှိဘူးကွဲ့ တရားပွဲသွားတယ်”

အံမယ်။ လူငယ်ပီပီတရားဘာဝဏာလိုက်စားလိုက်တာဟုအထင်ကြီးသွားမိပြန်သည်။

“ခင်ဗျာ၊ တရားသွားနာတာပေါ့နော်”

“မဟုတ်ဘူး ပြသနာမဖြစ်အောင် တရားပွဲဝိုင်းကူတဲ့ကလေးတွေကိုကြပ်မတ်ထိန်းကြပ်ပေးရတာပေါ့ ကွယ်၊ ချက်ချင်းတော့ပြန်လာမှာမဟုတ်ဘူး၊ တရားပွဲက ည ၉ နာရီမှပြီးမှာလေ၊ သူကပြီးပြီးချင်းလည်း ပြန်လာလို့ရမှာမဟုတ်ဘူးသိတဲ့အတိုင်းပဲလေ ပစ္စည်းသိမ်းဘာညာကြီးကြပ်ရဦးမှာဆိုတော့…”

မိခင်ဖြစ်သူက သားဖြစ်သူကိုယုံကြည်ကိုးစားအထင်ကြီးနေသည့် သားချစ်မိခင်ပင်။ ဆယ်အိမ်မှူး၏တာ ဝန်ကလည်း ထိုသို့သောရပ်ကွက်သာရေးနာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရသည်မဟုတ်လား။ ဘယ် တတ်နိုင်မလဲ။ နောက်နေ့ပေါ့။

ဆယ်အိမ်မှူးဆိုသည့်နေရာကလည်းခေသူမဟုတ်။ အပြိုင်အဆိုင်အများအပြားထဲမှရွေးချယ်ခံရသူတစ် ဦးပင်မဟုတ်ပါလား။ ဒီမိုကရေစီခေတ်ဆိုတော့ မဲစနစ်နှင့်ရွေးချယ်ခံထားရသူပေပဲလားပေါ့။ ရပ်ကွက်အ တွက်ဆယ်အိမ်မှူးရွေးချယ်တုန်းကမှတ်မိပါသေးသည်။ ခေတ်စနစ်လည်းပြောင်းပြီမို့ လူငယ်တက်တက် ကြွကြွရပ်ရွာအကျိုးသယ်ပိုးသည့်သူကိုရွေးချယ်ကြမည် အရည်အချင်းရှိသူအဆိုပြုတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သေးသည်ကိုး။ ထိုတုန်းက ကျွန်တော်တို့နေထိုင်ရာလမ်းအဖြတ် ၃ ရှိအိမ်ခြေ ၇၀ ခန့်တွင် ဆယ်အိမ်မှူးအဖြစ်လျှောက်ထားအဆိုတင်သွင်းသူ ၂၈ ဦးရှိခဲ့သည်။ ဘာကြောင့်အရေအတွက်အတိ အကျသိသလဲဆိုပါလျှင် ထိုစဉ်က ကျွန်တော်က အငယ်တန်း စာရေးနေရာ အတွက်လျှောက်ထားပြီး ဝင် ခွင့်ဖြေဆိုခဲ့ရာတစ်မြို့နယ်လုံးတွင် ဖြေဆိုသူ ၂၈ ဦးသာရှိခဲ့၍ ထိုအရေအတွက်နှင့်တူနေခဲ့သောကြောင့် အလွယ်တကူမှတ်မိနေခြင်းပင်။

ဆယ်အိမ်မှူးနှင့်အငယ်တန်းစာရေးမည်သူကရာထူးပိုမြင့်သလဲကို ဂဃနဏ ကျွန်တော်မသိပါ။ ကျွန် တော်ခန့်မှန်းမိသည်ကတော့ လူ့ပတ်ဝန်းကျင်သည် မူရင်းလစာထက် လုပ်ပိုင်ခွင့်နှင့်လုပ်ပိုင်ခွင့်ကြောင့် ကြီးပွားလာမှုကိုပိုမက်မောနေတတ်ကြသည်ကိုပင်။

“ကျန်းမာရေးဝန်ထမ်းတော့မလုပ်ချင်ဘူး၊ လစာနည်းတယ်၊ လူကြီးဘေးမှာနေရတဲ့ PO တော့စိတ်ဝင်စား တယ်၊ ပါမစ်တွေဘာတွေလည်းရတာပေါ့” ဟု အိမ်ကအစ်မက ရွှတ်နောက်နောက်ပြောခဲ့ခြင်းသည်တ ကယ်တမ်းတွင်နောက်ပြောင်ခြင်းသပ်သပ်မဟုတ်ဟုနားလည်မိလိုက်ပါသည်။ ကျွန်တော်တို့၏စိတ်ထဲ တွင် အခွင့်အရေး၊ အဂတိတို့ကြောင့်ရလာမည့်ဝင်ငွေများကိုပိုမိုမက်မောနေတတ်သည့် စိတ် ဘယ်တုန်း ကများရောက်လာခဲ့တာပါလိမ့်ဟုလည်းအဖြေရှာနေမိပြန်သည်။

သို့နှင့် အလုပ်ဆင်းသည့်နေ့တွင်ထောက်ခံစာပါမသွားခဲ့။ ဒုတိယနေ့အဖြစ်ဆယ်အိမ်မှူးထံကိုရောက် သွားသည့်အချိန်တွင်လည်း လက်ဖက်ရည်ဆိုင်သွားထိုင်နေချိန်နှင့်တိုက်၍မရခဲ့ချေ။ ည ၈ နာရီခန့်တွင် တစ်ကြိမ်ထပ်သွားရသည်။ ထိုတော့မှ ကိုယ်တော်ချောက ခင်ဗျားဘယ်အိမ်ကလဲ သန်းခေါင်စာရင်းပါ လားဘာညာနှင့်ရစ်နေသေးသည်။ မှတ်မှတ်ရရ ထိုဆယ်အိမ်မှူးဖြစ်သွားသည့်ကောင်က ရဲပြုတ်၊ ရဲပြုတ် ဟုခေါ်နေကြသည့် အသက် ၃၀ ကျော်အရွယ်ပေါ့။ ဆိုင်ကယ်တစ်စီးနှင့် နှစ်လုံးထီဖမ်းကာ ရဲဝန်ထမ်းများ လက်ထောက်ချထားသည့်သူဟူ၍နာမည်ကြီးသည့်ကောင်။ ဘာကြောင်းများ ရဲပြုတ်ဟုခေါ်သလဲသေချာ တော့မသိပါ။ ဆက်ဆံပုံအရတော့ မောက်မာလွန်းသည်ဟုထင်မိသည်။ ကိုယ့်ထောက်ခံစာရမည့်အရေး သည်းခံမှပါဟု စိတ်ပိုင်းဖြတ်ကာ ငြိမ်နေမိလေသည်။
သူလက်မှတ်ထိုးမည့်စာရွက်အောက်တွင် တစ်ထောင်တန်တစ်ရွက်တင်ပေးလိုက်သည့်အခါ ထိုတစ် ထောင်တန်ကို ကျွန်တော့ကိုပြန်ပေးလေသည်။

“ခင်ဗျားပိုက်ဆံပြန်ယူသွား မလိုဘူး၊ ကျွန်တော့ဆီလာရင် အနည်းဆုံး ၂ ရွက်တော့ယူလာဗျ” ဟုပြော ပြန်လေသည်။ ကျွန်တော်က ခေါင်းညိတ်လိုက်သည်။ နောက်တစ်ရွက်လည်းထပ်ထုတ်ပေးမနေခဲ့တော့။ သူထိုးပေးလိုက်သည့်လက်မှတ်ကိုသာယူကာ ရပ်ကွက်ရုံးဆီလာခဲ့လိုက်တော့သည်။ ငယ်ငယ်တုန်းက တောင် ၅၀ တန်တစ်ရွက်နှင့်ပြီးသေးသည်။ အခု အာဂတိမလိုက်စားဖို့ အစိုးရကလည်းတင်းတင်းကြပ် ကြပ်တားမြစ်ထားသည်မို့ ပေးနေစရာအကြောင်းမရှိဟု တွေးကာနိုင်ငံကြီးသားပီသလိုက်လေသည်။

ရပ်ကွက်ရုံးရောက်သည့်အခါတွင်တော့ စမ်းသပ်ချင်လိုစိတ်များတစ်ဖွားဖွားပေါ်လာမိပြန်လေသည်။ ထို့ ကြောင့် ဆယ်အိမ်မှူးလက်မှတ်ထိုးပေးလိုက်သည့် ထောက်ခံစာ၏အောက်ဖက်တွင် တစ်ထောင်တန် ကို တွဲလျှက်ပေးလိုက်မိပြန်သည်။ တာဝန်ရှိလူကြီးမင်းကခေါင်းတစ်ချက်ညိတ်ပြကာ ကျွန်တော့နေထိုင် ကြောင်းရပ်ကွက်ထောက်ခံစာသို့ လက်မှတ်ထိုးပေးရန် သူ့အရှေ့တွင်ရှိသော ဉက္ကဌလား သူ့စီနီယာ လား ကျွန်တော်သေချာမသိသောလူသို့ ကမ်းပေးလိုက်တော့သည်။ ထိုလူက ကျွန်တော့စာရွက်ပေါ်တွင် လက်မှတ်ထိုးပေးပါသည်။

ထောက်ခံစာရရှိပြီးသည့်နောက်တွင် ကျွန်တော့်မျက်နှာပြုံးလျက် ရှိနေတော့သည်။ တစ်ချို့သောအရာတို့ သည် မူအရပြောင်းလဲကောင်းပြောင်းလဲနိုင်ပါသည်။ ရှေးရိုးစွဲရှိခဲ့သော မူလပကတိမွေးရာပါကဲ့သို့ဖြစ်နေ ခဲ့သောအရာတို့မှာမူ မည်သို့မျှပြောင်းလဲနိုင်လိမ့်မည်မဟုတ်ဟုသာ တွေးကာသက်ပြင်းချရင်း။
>>>>>
ချစ်ခြင်းအပြိုင်းအရိုင်းနှင့် ထင်ဒိုင်းအောင်