(၁)
ထိုအမျိုးသမီးအကြောင်းမကြားရဘူးဆိုပါလျှင် ကျွန်တော်တို့နှစ်ယောက်၏ အခိုက်အတန့်များသည် ကြည်နူးသာယာစရာအပြည့်ပင်။
တနင်္ဂနွေညနေခင်းသည် ပုံမှန်အားဖြင့် သာယာချိုမြိန်စရာအခိုက် အတန့်များဖြစ်သည်။ ထိုနေရာကလေးတွင်နှစ်ယောက်သားထိုင်ကာ ပတ်ဝန်းကျင်ကိုမိန်းမောကြည့်ရှု လျက်စကားစမြည်ပြော၊ လွန်ခဲ့သောလေးနှစ်များဆီက ကြည်နူးစရာကလေးများကို စမြုံ့ပြန်ရင်း ဖြတ်သန်းနေကျပင်။ လူသွားလူလာ အနည်းငယ်ရှိနေသည့်တိုင် ကျွန်တော်တို့နှစ်ယောက်စကားကောင်း ကောင်းပြော၍ရပါသည်။ ကော်ဖီဆိုင်မှာ ချိန်းတွေ့ဖို့ကတော့ အခုကာလ ကုန်ဈေးနှုန်းနှင့်ဆိုပါလျှင် အနည်းဆုံး နှစ်သောင်း၊ သုံးသောင်း ဝန်းကျင်တော့ကုန်ကျမည်။
ဒီတော့လည်း အများပြည်သူသွားလာရာ နှင့်မနီးမဝေးတွင်ရှိနေသည့် အုတ်ခုံတန်းကလေးသည် ကျွန်တော်တို့ချစ်သူနှစ်ချိန်းတွေ့ရနေရာ ဖြစ် တော့သည်။
ထိုနေရာကလေးတွင်တွေ့ ပြီး ငါးပတ်မြောက်အကြာတွင် ထိုအမျိုးသမီးအကြောင်းကိုစတင်ကြားမိရာမှ အဖြစ်အပျက်တို့ စတင်ခဲ့ပါသည်။ ကျွန်တော်နှင့် တိုက်ရိုက်ပတ်သက်သည့်ကိစ္စမဟုတ်သော်လည်း အတော်ကလေး အာရုံနောက်စရာကိစ္စဖြစ်နေ၍ ဘေးလူတစ်ယောက်အနေဖြင့် မသက်မသာခံစားရလေသည်။
“သည်းခံပါမောင်လေးရယ်၊ ငါတို့က ကင်းနိုင်သေးတာမှမဟုတ်တာ၊ ပြီးတော့ သူနဲ့က ဒီအလုပ်မှာခဏ တာတွေ့ရတာလေ၊ ဘာလို့အမုန်းပွားနေမှာလဲ၊ တတ်နိုင်သမျှ စိတ်ကိုလျှော့ထားလိုက်၊ ဘာမှ ပြန်ပြော မနေနဲ့၊ သူက အထက်လူကြီးဖြစ်နေတော့ ငါတို့ဘာမှ လုပ်လို့မရဘူးလေ”
ကျွန်တော်တို့နှစ်ယောက်ဆုံတွေ့သည့်အချိန်တိုင်းလိုလိုတွင် မောင်ဖြစ်သူထံမှ ဖုန်းလာကာ ထိုအမျိုးသ မီးအကြောင်းကိုတွင်တွင်ညည်းကြပြောကြသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
“ဟိုမိန်းမအကြောင်းပဲလား”
ချစ်သူက ဖုန်းချ၊ သက်ပြင်းချ၍ ကျွန်တော့်ကို မသက်မသာကြည့်တော့ မဲ့ပြုံးပြုံးကာမေးလိုက်မိသည်။ ကျွန်တော်တို့နှစ်ယောက်၏ ညနေခင်းများသည် ဘာမဆိုင်ညာမဆိုင်သော မိန်းမတစ်ယောက်ကြောင့် အာရုံနောက်စရာဖြစ်နေခဲ့ပြီ။
“ဟုတ်တယ်၊ မောင်လေးကို အခုချက်ချင်းနယ်ကိုသွားခိုင်းတာတဲ့၊ ကိစ္စကလည်း သိပ်အရေးမကြီးတဲ့ ဓါတ်ပုံတစ်ချို့ကို Hard disk နဲ့ယူခိုင်းတာတဲ့၊ နယ်ကလူတွေအွန်လိုင်းကနေပို့ဖို့အဆင်မပြေလို့တဲ့လေ”
ချစ်သူ၏မောင်ငယ်၊ ကျွန်တော်၏မတော်ရသေးသည့် ယောက်ဖ၏ ပြဿနာဖြစ်သည်။ သူ့ကုမ္ပဏီ တွင် သူ့အထက်လူကြီး မာကတ်တင်းဒါရိုက်တာအမျိုးသမီးက သူ့ကို အကျင့်ယုတ်သည့်ကိစ္စဖြစ်သည်။ တစ်လကျော် ကြာပြီမို့ အကြောင်းစုံစုံလင်လင်ကို ကျွန်တော် ဂဃနဏသိရှိပြီးဖြစ်သည်။ ကျွန်တော့် ယောက်ဖလောင်းက Content Writer (ကြော်ငြာစာရေးသူ) ဖြစ်ပြီး သူ့အထက်လူကြီးညွှန်ကြားချက် အတိုင်းအလုပ်လုပ်ရသည်။
ပြဿနာက မာကတ်တင်းဒါရိုက်တာတာဝန်ယူထားသူအမျိုးသမီး၏ ပညာရည်မပြည့်ဝခြင်းဖြစ်သည်။ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တွင် အလုပ်လုပ်ခဲ့ပြီး ပြင်ပကုမ္ပဏီအေဂျင်စီလောကသို့ရောက် လာကာ ရာထူးကြီးကြီးရထားခြင်းဖြစ်၍ အလုပ်လည်ပတ်ပုံအကြောင်းကိုလက်တွေ့အားဖြင့် သိပ်နား လည်ပုံမရ။ လုပ်ငန်းခွင်ထဲ သူ့စီမံခန့်ခွဲမှုအောက်တွင်ရှိနေသော ဝန်ထမ်းများကို မတရားအနိုင်ကျင့်၍ အလုပ်ဘောင်သွင်းထားပုံရသည်။
ကျွန်တော်ကြားသိရသလောက်ကတော့ ဉပမာအားဖြင့် Content Writer ကို ဒီဇိုင်းနာခေါင်းစဉ်တပ်၍ ဒီဇိုင်းများဆွဲခိုင်းသည်။ Content Writer ကို ဗီဒီယို/ဓါတ်ပုံရိုက်ကူးသူအဖြစ်ခေါင်းစဉ်တပ်ကာ ရိုက်ကူး ရေးလုပ်ခိုင်းသည်။
Content Writer ကို ဗီဒီယိုတည်းဖြတ်သူအဖြစ်ခေါင်းစဉ်တပ်ကာ Editing လုပ်ခိုင်း ပြန်သည်။ ထို့နောက် Content Writer ရေးသမျှကို သူ့စိတ်အခြေအနေအပေါ်မူတည်၍ ကောင်း၏မ ကောင်း၏ သူဆုံးဖြတ်ပြန်လေသည်။ အွန်လိုင်းပေါ်တွင်တွေ့နေကျ အလုပ်ခေါ်စာမျိုးကဲ့သို့ထထေရာ တည်းတူညီနေသော လုပ်ငန်းခွင်စရိုက်ကို ကျွန်တော့်ယောက်ဖ (ယောက်ဖဟုပဲဆိုပါစို့) က အမှန်တ ကယ်ပင်ပိုင်ဆိုင်ထားလေသည်။ ကြာလာတော့ လုပ်ငန်းခွင်မှာ မပျော်ရွှင်တော့။ သူ့အစ်မဖြစ်သူကို ဖုန်း ဆက်၍ တိုင်ပင်ရင်ဖွင့်သည်။ မောင်နှစ်မနှစ်ယောက်တည်းရှိတာလည်းဖြစ်၊ သူငယ်ချင်းလိုလည်းဖြစ်နေ သည်မို့ ကျွန်တော့်ရည်းစားသူ့အစ်မက သူရင်ဖွင့်သမျှကို နားထောင်အကြံပေးရသည်။ ယောက်ဖ၏လုပ် ငန်းခွင်က မန္တလေးမှာမို့ ဖုန်းဖြင့်အားပေးစကားများသာ အစ်မဖြစ်သူကခွန်အားပေးနိုင်လေသည်။
“အဲဒီအမျိုးသမီးက သူ့မိသားစုနဲ့အဆင်မပြေဖြစ်လာရင်လည်း မောင်လေးကိုမဲတယ်၊ လုပ်ငန်းခွင်မှာမျက် နှာပုပ်ကြီးနဲ့ သူ့အောက်ကဝန်ထမ်းတွေကို မချေမငံဆက်ဆံတယ်၊ သူ့စိတ်ထဲမှာအဆင်ပြေတယ်ထင်တဲ့ သူတစ်ယောက်က တစ်ခုခုပြောလိုက်ရင် ဦးဏှောက်နဲ့မစဉ်းစားတော့ဘူး၊ ပြောသမျှ နားဝင်ပြီး အကုန် လုံးကို လျှောက်မဲတယ်၊ သူ့လူယုံတွေနားသွင်းသမျှအကုန်ယုံတယ်၊ Content Writer က ဒီဇိုင်းမဆွဲတတ် ဘူးလားဆိုပြီး အပြစ်တင်တာမျိုးတွေ၊ မဆီမဆိုင် အခမ်းအနားမှာ ဓါတ်ပုံရိုက်ဖို့တာဝန်ပေးတာတွေကို လျှောက်ခိုင်းတာ”
“သဲ မောင်လေးက လုပ်တာပဲလား”
“သူကလည်း လုပ်တတ်နေတာရယ်၊ ဒီကာလ အလုပ်ထွက်ပြီးပြန်ဝင်တာမျိုးမဖြစ်ချင်တာ၊ လစာလေး လည်းမဆိုးတာရယ်ကြောင့် အောင့်အည်းပြီးလုပ်ပေးနေရတာပေါ့၊ ဒါပေမဲ့ စိတ်ကတော့ အသားကုန် ညစ်နေတာပဲ”
ကျွန်တော်သက်ပြင်းချလိုက်မိသည်။ လုပ်ငန်းခွင်တော်တော်များများက စုန်းပြူးတစ်ယောက်တော့အ နည်းဆုံးရှိနေကျဆိုသော်လည်း ထိုစုန်းပြူးမှာ ရာထူးခပ်ကြီးကြီး သို့မဟုတ် ကိုယ်နှင့်အလုပ်တွဲလုပ်ရ သည့်သူဖြစ်ခဲ့ပါလျှင် တိုင်ပတ်ပြီဖြစ်သည်။
“သူ့ လစဉ်ရီပို့တွေကိုလည်း ဘာသာပြန်ခိုင်းတယ်၊ သူစိတ်တိုင်းမကျရင်လည်း ကောင်းကောင်းမွန်မွန် မပြောဘူး၊ လူရှေ့သူရှေ့မှာအော်တယ်တဲ့၊ အရှက်ခွဲတာပေါ့လေ၊ အလုပ်တွေခိုင်းရင်လည်းအခုတစ်မျိုး တော်ကြာတစ်မျိုးတဲ့၊ သူခိုင်းတဲ့အလုပ်တွေကိုလည်း ပြန်ပြီး Follow up လိုက်တာမျိုးမရှိဘူး၊ ခိုင်းပြီး ရင်လည်းတစ်ခါတစ်လေ ပြန်မစစ်ဘူး၊ စိတ်ကူးပေါက်မှ ထမေးတာမျိုးတဲ့၊ Content တွေရေးပြီဆိုရင် လည်း မဖတ်ရသေးဘူး၊ အဆင်မပြေဘူးဆိုတဲ့စကားမျိုးက အရင်လာတာတဲ့”
ထိုအခြေအနေကို ကျွန်တော် အတော်လေးသဘောပေါက်ခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့ရုံးကအမျိုးသမီး တစ်ယောက်ကိုတောင် ပြေး၍မြင်ယောင်လိုက်၏။ ဟိုလူ့ကိုဆက်သွယ်ခိုင်း၊ ဒီလူ့ကိုဆက်သွယ်ခိုင်း၊ အ လုပ်တွေကို ကိုယ်စားလွှဲပြီးအကူညီတောင်းခိုင်း၊ စကားလုံးအကြီးကြီးတွေပြောပြီး တစ်ဖက်ကိုချိတ် ဆက်ခိုင်း၊ တကယ်တမ်းနောက်ဆုံးအနေအထား Confirm လုပ်ရတော့မယ်၊ စာချုပ်ချုပ်၊ ငွေချေရတော့ မယ်ဆိုမှ အနားကပ်ဖြုတ်ခိုင်းနဲ့ကြားထဲက ကျွန်တော်က မျက်နှာပျက်ပေါင်းများလှပြီ။ သူ့ကြောင့် ဒုက္ခ အကြိမ်ကြိမ်ရောက်ပြီး အသိမိတ်ဆွေလုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးသူတစ်ချို့က ကိုယ့်ကို ကတိမတည်သူ အဖြစ်သတ်မှတ်ခဲ့ပြီးပြီ။ ထိုကဲ့သို့ အကျင့်စရိုက်ရှိသူ လူတစ်စုကြီးစိုးနေသော လုပ်ငန်းခွင်ဝန်းကျင်သည် ဘာကြောင့် စိတ်ချမ်းသာစရာများကြောင်းရမည်နည်း။ ယောက်ဖဖြစ်သူကို ကိုယ်ချင်းစာသော်လည်း အ နေအထားအရ ဘယ်လိုကယ်တင်ရမလဲဟုသာ အတွင်တွင်စဉ်းစားနေမိတော့သည်။
“သဲက သူ့ကိုဘာတွေအကြံပေးဖြစ်လဲ”
ကျွန်တော်နှင့်မတွေ့ဖြစ်သည့်အချိန်များတွင်လည်း အစ်မဖြစ်သူကို ဖုန်းဆက်ပြီးရင်ဖွင့်ခဲ့ပြီးဖြစ်လိမ့်မည်။ ချစ်သူကတော့ ရွှေပြည်အေးတရားသာဟောမည်ကိုအတပ်သိပါသည်။
“သည်းခံဖို့ပေါ့၊ ဘာလုပ်မှာလဲ၊ နောက်တစ်ချိန်ကျရင်လည်း တွေ့ရင် မခေါ်မပြောနိုင်ဖြစ်ပြီး အမုန်းနဲ့ လမ်းခွဲရတာမျိုးတော့မကောင်းပါဘူးလေ၊ မကင်းနိုင်သမျှတော့ သည်းခံရမှာပေါ့”
“မဟုတ်သေးပါဘူးကွာ”
“မလွန်ဆန်နိုင်တဲ့အနေအထားလေမောင်ရယ်..သည်းမခံတော့လည်း အလုပ်ထွက်ရုံကလွဲလို့ဘာရှိမှာ လဲ၊ သဲတို့အခြေအနေကိုလည်းမောင်သိနေတာပဲ၊ အဲဒီမိန်းမကလည်း ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လစာကိုယ်ယူပြီး ဘာလို့ သူတစ်ပါးအပေါ်အကျင့်ယုတ်တာလဲနားမလည်ဘူး၊ မောင်လေးနဲ့ဆို ရင်လည်းအနေအထားက အကွာကြီးကို”
“သဲမောင်လေး အဲလိုခံစားနေရတာကြာပြီထင်တယ်နော်၊ ကိုယ်ကြားတာတောင် သဲနဲ့ကိုယ် ဒီနေရာမှာ တွေ့ပြီး ငါးပတ်မြောက်ကတည်းကပဲ၊ အတော်လေးတော့ ကြာပြီ”
အလုပ်သမားအခွင့်အရေးဟူ၍ရေရေရာရာမသိဘဲ လုပ်ငန်းခွင်ဝင်နေကြရသူအများအပြားသည် ထိုကဲ့သို့ သောလူအမျိုးအစားများနှင့်တွေ့လျှင် မည်သို့ဖြေရှင်းကြပါသနည်း။ လက်ရှိနိုင်ငံရေးအနေအထား၊ စီးပွား ရေးအနေအထားအရ မချစ်သော်လည်းအောင့်ကာနမ်းနေကြရသည့် ဝန်ထမ်းအချို့၏ ဘဝအခြေအနေ က မလူးသာမလွန့်သာ။
“ကြာပြီပေါ့၊ မောင် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့သာ အခုနောက်ပိုင်းမှသာ မဖြစ်မနေပြောခဲ့ရတာ၊ သူ ခံစားနေရတာအလုပ်ဝင်ပြီးလေးငါးလကတည်းကပဲ၊ စုစုပေါင်းဆို သုံးနှစ်ခွဲလောက်ရှိပြီ”
“ဟင်၊ ဒါဆို အတော်ကြာပြီပဲ”
ကျွန်တော်ခံစားခဲ့ရသည်များ၊ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်များကို မြင်ယောင်လာကာ ယောက်ဖဖြစ်သူကို သနားဂရုဏာသက်မိပြီး သက်ပြင်းချမိသည်ကို ချစ်သူကသဘောပေါက်သည်။
“မောင်လည်းရင်ဆိုင်ခဲ့ဖူးတာပဲ၊ ဘယ်လိုဖြေရှင်းခဲ့သလဲဆိုတာ သူ့ကို အကြံပေးလိုက်ပါလား”
“ကိုယ့်အကြံအတိုင်း သဲရဲ့မောင်လေးကလက်ခံနိုင်ပါ့မလား၊ ကိုယ်ပြောတဲ့အလိုက်တကယ်လိုက်လုပ် မယ်ဆိုရင် အဲဒီမိန်းမ သူ့အပေါ်အနိုင်မကျင့်ရတော့ဘူး၊ သေချာတယ်၊ ကိုယ့်မှာနည်းလမ်းရှိတယ်၊ အဲဒီ မိန်းမပုံစံက ကိုယ်ရင်ဆိုင်ခဲ့ရတဲ့အမျိုးသမီးပုံစံနဲ့တစ်ထေရာတည်းပဲ၊ ဒီတော့ ကိုယ်ပြောတဲ့အတိုင်းတာ သေချာလုပ်ရင် လုပ်ငန်းခွင်မှာပုံမှန်အတိုင်းအဆင်ပြေပြေနေနိုင်လိမ့်မယ်၊ ပြီးတော့ အဲဒီမိန်းမလည်း ထပ် ပြီးအနိုင်မကျင့်စေရဘူး၊ ဘယ်လိုလဲ”
“မောင့်ကိုယုံပါတယ်။”
ကျွန်တော်က ချစ်သူ၏လက်ဖဝါးနုနုကိုဆုပ်ကိုင်လျက်နှစ်သိမ့်လိုက်သည့်အခါ သူ့မျက်နှာလေးလက်ခနဲ ဖြစ်သွားသည်။
“လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအဆင်မပြေတာမျိုးတော့ရှိမှာပဲ၊ အတိုင်းအတာတစ်ခုအထိ တော့သည်းခံရမှာပဲ၊ ကိုယ့်ဖက်က အနစ်နာခံပြီးလုပ်ပေးရမယ့်အရာတွေလည်းရှိမှာပဲ၊ ဒါပေမဲ့ အရာရာ တိုင်းကို အညံ့ခံဖို့၊ အရှုံးပေးဖို့ ရှောင်လွှဲဖို့မလိုဘူး၊ ရင်ဆိုင်ဖို့ထိပ်တိုက်တွေ့ဖို့လည်းအဆင်သင့်ရှိနေရမယ် လေ၊ သဲရဲ့မောင်လေး ဒီသီတင်းကျွတ်ပိတ်ရက် ရန်ကုန်ကိုပြန်လာမယ်မှလား၊ ကိုယ်သူနဲ့ စကားပြော ကြည့်မယ်”
>>>>>
(၂)
“တတ်နိုင်သမျှလည်းအမှားမရှိအောင်နေတယ်၊ အလုပ်ကိုလည်းချစ်တယ်၊ အလုပ်ရှင်ကလည်းကောင်းတယ်၊ လုပ်ငန်းရဲ့သွားနေတဲ့ပုံစံလည်းမိုက် တယ်၊ ဒါပေမဲ့ ကိုယ့်ကိုကြီးကြပ်ဖို့တာဝန်ယူထားတဲ့အထက်လူကြီးဆိုသူက ဘလိုင်းကြီးတွေ ဘလိန်းနေတာ၊ မကောင်းတွေမြင်နေတာ၊ ကျွန်တော်လုပ်သမျှကို သူက အကန်ချည်းပဲမြင်နေတာ၊ ကျွန်တော်လုပ်တဲ့ အလုပ်ကိုပဲ အခြားသူတစ်ယောက်လုပ်ရင်အကောင်း၊ ကျွန်တော်လုပ်ရင် တလွဲတဲ့၊ တစ်ခုခုစိတ်မကျေနပ် တာရှိရင်အပြုသဘောနဲ့ပြောတာမျိုးလည်းမရှိဘူး၊ လူကြားသူကြားထဲမရှောင် မျက်နှာထိမျက်နှာထားနဲ့ အော်ဟစ်ပြောဆိုအပြစ်တင်နေတာက ရှက်ဖို့လည်းကောင်းပါတယ်ဗျာ၊ သူကျတော့ သူများတကာကို ပြောဆိုပြီး ဟီးဟီးဟားဟားနဲ့၊ ဟိုအခုတလောနာမည်ကြီးနေတဲ့ ရွှေဆိုင်ဝန်ထမ်းတွေလိုပေါ့၊ အထက်ဖားအောက်ဖိဆိုတာမျိုးလေ၊ သူက ကျွန်တော့်တစ်ယောက်တည်းကိုအဲလိုလုပ်သလားဆိုတော့ လည်းမဟုတ်ပြန်ဘူး၊ သူ့အရင်းနှီးဆုံးသူတွေကိုတောင် ရက်ရက်စက်စက်တွေလုပ်ပစ်သေးတာ၊ လူရှေ့ မှာ ပက်ပက်စက်စက်ပြောတာမျိုး၊ သူအသာစီးရဖို့အတွက် ချနင်းပစ်တာမျိုးအကွက်တွေအများကြီးမှ အများကြီးပါဗျာ၊ ချဉ်ဖတ်ကြီးပါ”
ယောက်ဖဆီမှ ရင်ဖွင့်သံကို စတင်ကြားလိုက်ရသည်။
“ညီလေး ကိုယ်မေးတာလေးတွေကို အမှန်အတိုင်းဖြေကြည့်၊ အဲဒီမိန်းမအကြောင်းကိုလည်း ညီလေး သိသလောက်ပြီးရင်ပြောကြည့်ပေးမယ်မှလား”
အလုပ်ကြောင့်ပင်ပန်းခြင်းမဟုတ်ဘဲ စိတ်ပင်ပန်းလွန်း၍ သူ့မျက်နှာလေး ညှိုးနွမ်းနေလေသည်။ လူ တစ်ယောက်၏ အဆင့်အတန်းကိုသိချင်လျှင် ထိုသူထက်နိမ့်ပါးသည့်လူများအပေါ်ဘယ်လိုဆက်ဆံ သလဲဆိုတာကိုကြည့်တဲ့။ ထိုအမျိုးသမီး၏ အဆင့်အတန်းကို သူကောင်းကောင်းရိပ်မိသော်လည်း ညီ ငယ်လေးအတွက် မေးခွန်းများကိုမေးရပါလိမ့်မည်။
“ညီလေး အဲဒီအမျိုးသမီးနဲ့သိတာဘယ်လောက်ကြာပြီလဲ”
“ကျွန်တော် အလုပ်စဝင်ကတည်းကဆိုတော့ သုံးနှစ်နဲ့ ခုနစ်လရှိပြီအစ်ကို”
“ဒါဆို သူ့အကြောင်းအတော်သိပြီပေါ့”
“သေသေချာချာကိုသိပြီအစ်ကို၊ သူ့မိသားစုပတ်ဝန်းကျင်အကြောင်းရော လုပ်ငန်းခွင်ကလူတွေအပေါ် ဆက်ဆံတတ်တဲ့အပြုအမူအဆုံးထိတော်တော်များများသိတယ်”
“ဒါဆို အစ်ကိုပြောတဲ့အချက်တွေထဲမှာ သူနဲ့ကိုက်ညီမှုမရှိတဲ့အချက်ကိုရွေးထုတ်ကြည့်နော်၊ အဲဒီမိန်းမဟာ နံပါတ်(၁) စကားကိုဗလောင်းဗလဲပြောတတ်လိမ့်မယ်၊ အခုတစ်မျိုးတော်ကြာတစ်မျိုးစိတ် ကအမျိုး မျိုးပြောင်းတတ်တယ်၊ ကိုယ်ပြောပြီးစကားကိုလည်းတာဝန်မယူဘူး၊ မျက်နှာပြောင်တိုက် ဖို့လည်းဝန်မ လေးဘူး၊ ကတိမတည်ဘူး၊ ပေးပြီးသားကတိလည်းပြန်ဖျက်တတ်တယ်၊ နံပါတ် (၂) နေရာ အရမ်းလိုချင်တယ်၊ ဦးစားပေးခံချင်တယ်ပေါ့ကွာ၊ တစ်နေရာရာသွားလို့ သူ့ကိုမခေါ်ရင်စိတ်ဆိုးတတ်တာ မျိုးပေါ့၊ သူ့ကိုခေါ်လည်းလိုက်ချင်မှလိုက်တာ၊ အတ္တကြီးပြီးသူသာလျှင်အရာရာဖြစ်ချင်တာပေါ့၊ နံပါတ် (၃) ကတော့ ကိုယ်ချင်းစာတရားမရှိဘူး၊ သူတစ်ပါးအပေါ်အနိုင်ကျင့် အမြတ်ထုတ်ချင်တဲ့စိတ်ရှိတယ် သူများကိုချနင်းတယ်၊ အပြစ်လုပ်မိရင်လည်းသူများအပေါ်ပုံချတယ်၊ နံပါတ် (၄) ကတော့ သံသယအလွန် များတယ်၊ သူများကိုယုံသလိုလိုလုပ်ပြီးမယုံဘူး၊ သူယုံတဲ့သူစကားဆိုရင်လည်းမှားမှားမှန်မှန်အတည်ပဲ၊ သူ့ကိုသိမ်းသွင်းပြီးအခြားသူကိုလုပ်ကြံဖို့လွယ်တယ်၊ ကူညီပေးတဲ့ကျေးဇူးတွေဘာတွေသိမှာမဟုတ်ဘူး၊ ပါးစပ်က ကျေးဇူးတင်နေပေမယ့်စိတ်ထဲကမပါဘူး၊ ကျေးဇူးကန်းတဲ့အပြုအမူတွေကိုလည်းမကြာမကြာ လုပ်လိမ့်မယ်။ နံပါတ် (၅) ကတော့ သူများကိုနှိမ်ချင်တဲ့အကျင့်ရှိတယ်၊ တစ်ခုခုဆို သူပဲဆရာကြီး၊ သူပဲ အကောင်း သူတစ်ပါးကြိုးစားအားထုတ်မှုကိုအသိအမှတ်မပြုတတ်ဘူး၊ အပြစ်တွေလုပ်မိရင်လည်း ထပ် ခါထပ်ခါပြောပြီးနှိမ်ချင်တဲ့စိတ်ရှိတယ်၊ နောက်ဆုံးတစ်ချက် နံပါတ် (၆) ကတော့ မျက်နှာပြောင်တိုက် လိမ့်မယ်၊ သူလိုချင်တာရဖို့အရှက်မရှိဘူးပေါ့ကွာ၊ တစ်ယောက်ကိုချနင်းပြီးနောက်တစ်ယောက်ဆီကို သာကူးတယ်၊ ပြီးရင်မျက်နှာပြောင်တိုက်ပြီး ပထမတစ်ယောက်ကိုလေပြေသွေးတဲ့အကွက်ပေါ့။ အဲဒီ အချက်တွေအားလုံးထဲမှာ သူနဲ့မကိုက်ညီတာဘယ်အချက်ရှိလဲ”
ယောက်ဖဖြစ်သူသည် ကျွန်တော်ပြောပြသည့်အကြောင်းအရာကိုပါးစပ်အဟောင်းသားနားထောင်နေ ရင်းမှ မျက်လုံးမျက်ဆန်ပြူးသည့်အဆင့်ပါရောက်ခဲ့တော့သည်။
“အစ်ကိုပြောတဲ့အချက် ခြောက်ချက်၊ တစ်ချက်မှ မလွတ်ဘူး၊ အကုန်လုံးအဲဒီအမျိုးသမီးဆီမှာတွေ့ ရတဲ့အရာတွေပဲ၊ အစ်ကို့ကို ကျွန်တော့်အစ်မက သေချာပြောပြထားလို့လား”
“မဟုတ်ဘူး၊ ညီလေးတွေ့ဖူးတဲ့အမျိုးသမီးလိုပုံစံကို အစ်ကိုလည်းတွေ့ဖူးခဲ့လို့ပဲ၊ အဲဒါက Narcissistic Personality Disorder (NPD) လို့ခေါ်တဲ့လူအမျိုးအစားပေါ့ကွာ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာ လည်းမဟုတ်ဘူး၊ ရောဂါဖြစ်နေတာလည်းမဟုတ်ဘူး၊ ဆိုးသွမ်းတဲ့လူအမျိုးအစားတစ်ခုပေါ့၊ ခပ်ရိုင်းရိုင်း ပြောရရင် ကိုယ်ရည်ကိုယ်သွေးချို့ယွင်းနေတဲ့လူအမျိုးအစားပေါ့ကွာ၊ ရခိုင်လိုပြောရရင် တော့ နပ်ယောင်ကား၊ အသုံးချစိတ်ပညာစကားနဲ့ပြောရရင် narcissistic personality disorder၊ ဗမာလိုပြောရရင်တော့ပြုတ်မနူး၊ ခေတ်စကားနဲ့ပြောရရင်ပန်းနုသွေးနေသောခင်မို့မို့အေး ပေါ့ကွာ၊ ပုံမှန်ထက်ကို အများကြီး ပိုပြီး အလွန်အကျူးဆိုးသွမ်းနေတဲ့လူအမျိုးအစားပေါ့၊ ဆိုးသွမ်းတယ်ဆို တာက ကိုရီးယားဒရမ်မာထဲကကျောင်းသားဆိုးလေးတွေလိုမျိုးမဟုတ်ဘဲ ပျော့ပျော့လေးနဲ့နံလွန်းတဲ့ပုံစံလိုမျိုး၊ သူများအမြင်မှာ သူတော်ကောင်းယောင်ဆောင်နေပြီး အချိန်တန်ရင်ဇာတိပြလာတဲ့ပုံစံမျိုးကိုပြောတာ”
“ဒါဆို သူ့ကိုကျွန်တော်ဘယ်လိုဆက်လုပ်ရမလဲအစ်ကို”
“ညီလေး အခုအလုပ်အပေါ်တန်ဖိုးထားသလား၊ အလုပ်မှာရော တာဝန်ကျေကျေနဲ့စေတနာပါပါ လုပ်လေ့ရှိသလား အဲဒီနှစ်ခုအပေါ်သေချာလေးစဉ်းစားပြီးဖြေကြည့်”
“ကျွန်တော်အလုပ်ထွက်ချင်တိုင်းမေးဖြစ်တဲ့မေးခွန်းနှစ်ခုပါ၊ ဘယ်အချိန်မေးမေးရဲရဲကြီးဖြေရဲပါ တယ်၊ ကျွန်တော်အလုပ်ကိုတန်ဖိုးလည်းထားသလို တာဝန်မလစ်ဟင်းအောင်၊ အကောင်းဆုံးဖြစ်အောင် စေ တနာပါပါနဲ့ အမြဲလုပ်တယ်အစ်ကို၊ ဒါကိုတော့ ကျွန်တော်အာမခံတယ်”
“ဒါဆိုအရာရာတိုင်းကို မရှောင်လွဲဘဲထိပ်တိုက်ရင်ဆိုင်ဖို့၊ အမှန်တရားအ တွက်နောက်မဆုတ်ဖို့သတ္တိရှိနိုင်မလား၊ ဒါကိုတော့ ညီလေး စဉ်းစားဖို့လိုတယ်၊ ပြီးတော့ သူတစ်ပါးက ကိုယ့်အပေါ်အခုလိုမကောင်းတာတွေလုပ်နေတာ၊ ကိုယ်ကရော တကယ်မကောင်းတာလား၊ သူ့အမြင်မှာ လိုအပ်ချက်ကဘာတွေလဲဆိုတာ ညီလေး သုံးသပ်ကြည့်ပြီးပြီလား၊ တကယ်လို့စဉ်းစားပြီး သုံးသပ်ပြီးတော့ အဖြေက အဲဒီအမျိုးသမီးအကျင့်ယုတ်နေတာသေချာသွားပြီဆိုရင်တော့ အစ်ကိုပြောတဲ့နည်းလမ်း ကိုပဲ သုံးပါ”
ထို့နောက်။
>>>>>
(၃)
ဘဝင်လွန်ကဲအဆင့်ရောက်နေသည့် Narcissistic person များကို ကာကွယ်ရန်နည်းလမ်းများကို အင် တာနက်တွင်သော်လည်းကောင်း၊ စာအုပ်စာပေများတွင်သော်လည်းကောင်း လက်လှမ်းမှီရာရှာဖွေဖတ် ရှုကြည့်ပြီးမှ နောက်ဆုံး ရလာသောအဖြေ၊ ကျွန်တော် ကိုယ်တိုင်လက်တွေ့ကျင့်သုံးခဲ့သောအပြုအမူ တ ချို့ကို မျှဝေပေးနိုင်ခဲ့သည်။
ခြုံကြည့်လိုက်ရင်နှစ်ခုသာရှိသည်။ (၁) ဉပေက္ခာနှင့် (၂) တန်ပြန်။ ဉပေက္ခာဆိုသည်မှာ ထိုအမျိုးသမီး (Narcissistic) ကိုအရောမဝင်၊ လူရာမသွင်းဘဲ ဉပေက္ခာပြုထားသည့်ပုံစံဖြစ်သည်။ လုပ်ငန်းခွင်မှာ သူ နှင့်အလုပ်လုပ်စရာရှိလျှင် လုပ်လိုက်မည်။ စကားပြောစရာရှိလျှင်ပြောလိုက်မည်။ ကျန်တာသူ့ကိုအရေး တယူမလုပ်၊ စကားမပြောဘဲရှောင်လွှဲထားရမည့်ပုံစံဖြစ်သည်။ သူနှင့်ပတ်သက်၍ ရှိသမျှအတွေးကိုခေါင်း ထဲကဖယ်ထုတ်ထားဖို့ဖြစ်သည်။
နံပါတ်(၂) တန်ပြန်မှာ ပိုလေးနက်သည့်အပိုင်းဖြစ်သည်။ ကိုယ့်အပေါ်မကျေနပ်၍ တုန့်ပြန်လာသည့်အ ချိန်များတွင် (ကိုယ်မှန်နေလျှင်) ငြိမ်ခံမနေဘဲ သူနှင့်ဆတူလိုက်ပြောနိုင်ရန်ဖြစ်သည်။ ငါးစိမ်းသည်အ ကွက်ပဲဆိုဆို တန်ပြန်တိုက်စစ်ဝင်နိုင်မှ တော်ရာကျမည်။ လုပ်ငန်းခွင်များတွင် မိန်းကလေးမို့လို့၊ လူကြီး မို့လို့ ဆိုပြီး ကိုယ်မှန်နေသည့်တိုင် အလျှော့ပေးရသည့် ပုံစံများကို နင်းချေတတ်ဖို့လိုသည်။ အထူးသဖြင့် မြန်မာလုပ်ငန်းခွင်များတွင် မန်နေဂျာ၊ အထက်လူကြီးများသည် မိုးကျရွှေကိုယ်လုပ်ကာ သူတို့ပြောသမျှ အမှန်ဟုခံယူချင်ကြသည့် ဓလေ့ရှိတတ်သည်မို့ ဆင်ခြင်ရန်လိုသည်။ အရေးကြုံပါက အမှန်တရားအ တွက် တန်ပြန်တိုက်စစ်ဆင်နိုင်ရန်လိုသည်။ ဘဝင်လေဟပ်ကာ သူတစ်ပါးအပေါ်အမြဲတမ်းမကောင်းမြင် လိုသည့် Narcissistic သမားများကို တုန့်ပြန်ရန်မှာသူတစ်ခွန်း၊ ကိုယ်နှစ်ခွန်းပုံစံဖြစ်သည်။
သူ့ဖက်က အပြစ်တင်စကားတစ်ခွန်းဆိုလာပါလျှင် ကိုယ့်ဖက်က ပြန်လည်ချေပမှု နှစ်ခွန်းလောက်အ နည်းဆုံးတုန့်ပြန်ရမည်။ ထိုသို့တုန့်ပြန်ရာတွင်လည်း လျော့တိလျော့ရဲဖြစ်မနေရ၊ တိကျပြတ်သားမှန်ကန် နေရမည်။ သူနှင့်နောက်ဆုံးတိုက်ပွဲဖြစ်နေသည့်တိုင်အောင် ကိုယ့်ဖက်ကလုံးဝလျော့မနေစေရ၊ ပြင်းပြင်း ထန်ထန်နှင့် သူ့ကိုရင်ဆိုင်ဖို့အသင့်ရှိနေသည့်ပုံစံဖြစ်အောင်နေရမည်။
“နောက်ဆုံးပြောလိုက်မယ်ညီလေး၊ သူက လုပ်ငန်းခွင်မှာ ကိုယ့်ထက်အရာရောက်လို့ကိုယ်က သူ့ကြောင့် အလုပ်ထွက်သွားရမယ်ဆိုရင်တောင် သူ့ရဲ့အပြင်ဘဝမှာဒုက္ခလှလှတွေ့စေရမယ့်ပုံစံတွေအကွက်တွေ သုံး သင့်ရင်သုံးရမယ်၊ သက်သေစုပြီး အလုပ်သမားရေးရာနဲ့ တိုင်မယ်တို့ ILOအထိ တက်တိုင်မယ်တို့ အထိပြင်ဆင်စုဆောင်းထားဖို့လည်းလိုတယ်၊ ကုန်ကုန်ပြောရရင်ကွာ သူတစ်ဆုံးကိုယ်တစ်ဆုံးတိုက်ရမယ်၊ ပြင်းထန်တဲ့တန်ပြန်တိုက်စစ်အရေးကြုံရင် သုံးကိုသုံးပစ်လိုက်၊ အနည်းဆုံးတော့ သူ စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီးလန့်ဖျပ်သွားလိမ့်မယ်၊ တကယ်လို့ ကိုယ်က အလုပ်မထွက်ရဘူး၊ သူက ကိုယ့် ကို စိတ်ဒုက္ခပေးချင်လို့ သူ့လက်အောက်မှာပဲဆက်လုပ်ပြီး သောကပေးနေရင်လည်း ပိုကောင်းတယ်၊ သူ ကိုယ့်ကိုမြင်နေရင်ကို အလိုလိုစိတ်ဆင်းရဲနေအောင် လုပ်နိုင်ရမယ်၊ တန်ပြန်တိုက်စစ်ဟာ သူ့ထက်သေး သေးလေးမှ မလျော့ဘူးဆိုတာကို သူသိသွားပြီဆိုတဲ့အချိန် သူ့ဖက်က လုံးဝ အလျှော့ပေးသွားလိမ့်မယ်၊ Narcissistic သမားတွေမှာ သူလုပ်လို့မရမှန်းသိရင် ဆက်မလုပ်တော့ဘူး၊ အားမတန်ဘဲမာန်လုံးဝလျှော့ သွားလိမ့်မယ်ညီလေး၊ အဲတော့ သူတိုက်ကိုယ်တိုက်၊ သူယုတ်ကိုယ်ယုတ်ပဲ၊ လုံးဝမလျော့နဲ့၊ အကျင့်ယုတ်ဖို့အတွက်ညီလေး ကိုသင်ပေးနေတာမဟုတ်ဘူးနော် Narcissistic သမားတွေကို ဆက်ဆံရမယ့်ပုံစံကိုပြောပြနေတာ၊ အခြားလူတွေကိုတော့ သွားမလုပ်နဲ့ တိုင်ပတ်ကုန်မယ်”
>>>>>
(၄)
ချစ်သူ၏ နူးညံ့သောလက်အစုံကိုခပ်ဖွဖွဆုပ်ကိုင်လျက်ပြုံးပြုံးကြီးမျက်လုံးချင်းဆုံကြသည့်အခိုက်အတန့် မျိုးကို နောက်ဆံတင်းစရာ၊ စိတ်ဖိစီးစရာမရှိဘဲ လွတ်လွတ်လပ်လပ်အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ် လေသည်။ ယောက်ဖတော်ပြန်သွားသည့်နေ့မှ စ၍ သူ့အစ်မဆီသို့ ပြဿနာတက်သည့်အကြောင်းပြောပြ မည့်ဖုန်းမလာခဲ့တော့ပါ။ ကျွန်တော့်ထံကိုတော့ ဖုန်းလာခဲ့သည်။ တစ်လကျော်ကျော်အကြာတွင်ပေါ့။
“အစ်ကိုရေ….အစ်ကို့နည်းလမ်းကကွက်တိပဲဗျာ၊ အခုဆို သူနဲ့ဆက်ဆံရေးကအရင်လိုမဟုတ်တော့ဘူး၊ သူလျှော့ကိုယ်လျှော့၊ သူတင်းကိုယ်တင်းပဲ၊ အရေးကြုံရင်တိုက်ဖို့ လက်နက်တွေလည်းအသင့်ပြင်ထား တယ်၊ အလုပ်လုပ်ရတာလည်းပျော်လာတယ်၊ သတ္တိတွေလည်းပိုရှိလာတယ်၊ အဲဒီအမျိုးသမီးကိုမြင်ရင် လည်း ဘာမဆိုရင်ဆိုင်နိုင်တယ် လာခဲ့စမ်းကောင်မ ဆိုပြီး စိတ်ထဲပြောနေနိုင်တဲ့အခြေအနေကိုရောက် သွားပြီဗျို့၊ သူ့ကိုသည်းခံနိုင်တဲ့အတိုင်းအတာကျော်သွားပြီမို့ သည်းခံစရာအကြောင်းကိုမရှိတော့တာ”
လူတိုင်းအမှားနှင့်မကင်းနိုင်ပါ။ အထူးသဖြင့် လုပ်ငန်းခွင်နယ်ပယ်တွင် တွေ့သူအချင်းချင်းညှိညှိနှိုင်း နှိုင်းဖြင့် ပူးပေါင်းဆောင်ရွက်ကာ လုပ်ငန်းအောင်မြင်ရန်ပြေပြေလည်လည်ဖြေရှင်းနိုင်လျှင် အ ကောင်းဆုံးပင်မဟုတ်ပါလား။
စကားတစ်ခွန်းကိုသတိရသွားသည်။
“ဝဋ်ဆိုတာမလည်ရင် လည်အောင်လှည့်ပေးရတယ်”တဲ့လေ။
>>>>>
ကျမ်းကိုး – www.mayoclinic.org, wikipedia.org, Narcissistic (သို့မဟုတ်) အတ္တမာနသံသယဘဝင် လွန်ကဲမှုဆောင်းပါး ခေါင်းစဉ်ဖြင့် ဖေ့စ်ဘုတ်ပေါ်တွင်တွေ့ရသောဆောင်းပါးတစ်ပုဒ်
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
ထင်ဒိုင်းအောင်