မေတ္တာဖျန်း၍ လန်းစေ

(၁)
ဉူးသုမန၏ သက်တော် (၆၀) ပြည့်နှစ်တွင် ကုတင်အလုံး (၆၀) အထိကို ကျောင်းဆောင်အတွင်း၌ တိုးချဲ့ ထားသို နိုင်ခဲ့လေသည်။

စစ်ရှောင်လာကြသည့်လူများထဲမှ ပါလာသော လူနာများကိုလည်းကောင်း၊ စစ်ပွဲအတွင်း ထိခိုက်မှု များသောနှစ်ဖက်လူနာများကိုလည်းကောင်း ထိုကုတင်များပေါ်တွင်တင်ကာ ဆေးဝါးကုသပေး ရန်စီစဉ် ထားနိုင်မှုများသည် တစ်စထက်တစ်စဝန်ပိလာခဲ့ကာ ကျန်းမာရေးဝန်ထမ်းများတင်မကဘဲ ဉူးသု ကိုယ်တော်တိုင်ဝိုင်းဝန်းလုပ်ဆောင်ရသည်အထိဖြစ်လာခဲ့လေသည်။ ဉူးသုတွင် တစ်အူတုန်ဆင်း ညီမတစ်ဦးရှိပြီး အစ်ကိုဘုန်းကြီးနှင့်အတူ သက်ရှိထင်ရှားအတူတကွနေထိုင်လျက်ရှိသည်။

ဉူးသု၏ ညီမ ဒေါ်မြင့်သည် ပိန်သွယ်သွယ်ခန္ဓာကိုယ်နှင့် စကားပြောနူးညံ့သော်လည်း သပ်သပ်ရပ်ရပ်နေတတ်သူတစ် ဦးတော့မဟုတ်ချေ။ သို့သော်လည်း သူ့ဘဝတစ်လျှောက်လုံးတွင် အလုပ်တိုင်းအလုပ်တိုင်းကို သေသပ် ကျနစွာ လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။ အသက် ၅၇ နှစ်ရှိပြီဖြစ်ကာ သူ့အစ်ကို၏ ကိုယ်ပိုင်ကျောင်းမ တည်ထောင်ခင်ကတည်းကပင် အစ်ကိုဖြစ်သူဘုန်းကြီးနှင့် တက်ညီလက်ညီ ပရဟိတအလုပ်များကိုလုပ် ကိုင်ခဲ့သူဖြစ်လေသည်။

ဉူးသု၏ ဘုန်းကြီးကျောင်းကလေးသည် ရွာနီးချုံစပ်တွင်ရှိပြီး အတော်အသင့်ကျယ်ဝန်းသည်ဟုဆိုရမည်။ သို့သော်လည်း အဆောင်အားဖြင့်နှစ်ဆောင်သာရှိလေသည်။ ကျောင်းဝင်းအတွင်းသို့ဝင်ဝင်ချင်းတွင် ပထ မအဆောင်ကိုတွေ့ရမည်ဖြစ်ပြီး နေ့စဉ် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ လူနာများဖြင့် အလုပ်များနေတတ်သည်။ ပထမအဆောင်ဘေးတွင် အဖီကလေးဆွဲလျှက် ဒေါ်မြင့်နေထိုင်ကာ ထမင်း၊ ဟင်းချက်ပြုတ်စားရာနေရာကလေးကို အပြင်ကိုထုတ်ထားသည်။ ဒုတိယအဆောင်မှာမူ ဉူးသုနေထိုင် ရာ ကျောင်းဆောင်ကလေးဖြစ်ပြီး အကျယ်အားဖြင့် ပေနှစ်ဆယ်ပတ်လည်ခန့်သာရှိပါသည်။ နယ်လှည့် ဓမ္မာစရိယဘဝဖြင့် လှည့်လည်တရားဟော၍ ရရှိသမျှ အလှူငွေများကို စုစည်းကာ ဆေးကုသဆောင်က လေးတည်ဆောက်နိုင်သည်မှာ ဉူးသု၏ ငယ်ဘဝအိပ်မက်တစ်ခုပင်ဖြစ်သည်။ တစ်ဆင့်စကားတစ်ဆင့် နား ဖြင့် အဖွဲ့အစည်းများက ဉူးသုထံလာရောက်လာ ဆေးဝါးများကိုသော်လည်းကောင်း၊ ငွေကြေးကို သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း လုပ်အားပေးဒါနပြုကြပြီး နေ့စဉ် မနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ လူနာများကို ကြည့်ရှုကုသပေးလေ့ရှိပါသည်။

ယခုကဲ့သို့ပွင့်လင်းရာသီကာလအခါသမယများတွင် ဒေသအသီးသီးက ဖိတ်ကြားသည့် တရားပွဲများသို့ သွားရောက်ဟောကြားလေ့ရှိကာ ရရှိလာသည့်အလှူငွေများကို ကျန်းမာရေးကုသဆောင်သို့ထည့်ဝင် ဖြစ် ခဲ့သည်။ စေတနာအကျိုးဟုဆိုရပေမည်။ ဉူးသုထံတွင် အသပြာမရှားခဲ့။ ဝိနည်းအားဖြင့် ငွေကြေးမကိုင် သော်လည်း ညီမဖြစ်သူ ဒေါ်မြင့်က ပိုလျှံသောအသပြာတို့ကို ကျန်းမာရေးကုသဆောင်အတွက်စီမံခန့်ခွဲ တတ်ပါသည်။

ဉူးသုတို့မိဘများသည် ပုံမှန်ထက် ဉစ္စာဓနကြွယ်ဝသော ကြေးရတက်ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။ မိဘအမွေ များကိုလည်း မောင်နှမနှစ်ဦးစလုံးက ရက်ရောစွာလှူဒါန်းပစ်ခဲ့ကြပြီး လက်ရှိတွင်မူအသုံးအဆောင်ပ စ္စည်းအချို့ကိုတော့ အမှတ်တရပစ္စည်းများအဖြစ် ဉူးသု၏ကျောင်းဆောင်အတွင်းရှိ စက်တော်ခေါ်ရာ ကု တင်ဘေးဗီဒိုတွင် ထည့်သိမ်းထားဖြစ်ပါသည်။ မှတ်မှတ်ရရ ဆိုပါလျှင် ရွှေစင်ဖြင့်သွန်းထားသော ယောက် ချိုဇွန်းတစ်လက်၊ သာမာန်ရွှေဇွန်းခြောက်ချောင်း၊ ရွှေဖယောင်းတိုင်နှစ်ချောင်းတို့ဖြစ်သည်။ ထိုပစ္စည်းများ သည် မိဘကျန်ခဲ့သော အလုံးစုံပစ္စည်းသာဖြစ်သည်။ ဗီဒိုတွင်ထည့်သိမ်းသည်ဟုဆိုသော်လည်း အမြဲတမ်း သော့တန်းလန်းဖြင့်သာထားတတ်ပါသည်။

>>>>>
(၂)

ပိုင်စိုးသည် လှေထိုးသားတစ်ဦး၏သားဖြစ်သည်။ မိဘဆင်းရဲလွန်း၍ ပညာမသင်နိုင်။ လူလားမြောက် သည့်အချိန်မှ စကာ “ကကြီး, ခခွေး” ကို နကန်းတစ်လုံးမျှသိသူမဟုတ်ချေ။ ဖခင်လှေထိုးသားကွယ်လွန် ချိန်တွင် အမွေလှေထိုးသားအလုပ်ကိုလက်လွှဲယူလိုက်ပြီး ညီမဖြစ်သူ၏ခင်ပွန်းကွယ်လွန်ပြီးနောက် ကျန် ခဲ့သည့် လူမမယ်အရွယ် ကလေးသုံးယောက်နှင့် ညီမဖြစ်သူကို သူကပဲအထောက်အပံ့ပြုနေရသူဖြစ် သည်။ သူ့ဘဝတွင် မည်သည့်အလုပ်က သမာအာဇီဝအလုပ်၊ မည်သည့်အလုပ်ကတော့ ဘုရားမကြိုက်၊ နတ်မကြိုက်သည့်အလုပ်ဟူ၍ ကွဲကွဲပြားပြားမသိနိုင်ခဲ့။ ညီမနှင့်ကလေးတစ်သိုက်အတွက်ရှာရဖွေရ၊ လုံး ပန်းရသည့်အချိန်များကိုသာပိုင်ဆိုင်ခဲ့ရသည်။

လှေထိုးသားအလုပ်ကို နှစ်ပေါင်းအတော်ကြာလုပ်ကိုင်လာပြီးသည့်နောက် ရုတ်တရက်စွန့်လွှတ်ရတော့ မည့်အခြေအနေကိုရင်ဆိုင်လာရသောအခါ ပိုင်စိုးတစ်ယောက် တုန်လှုပ်ရတော့သည်။ သူ့တစ်သက်တာ ကာလပတ်လုံး လှေထိုးသားအလုပ်ဖြင့်သာလုပ်ကိုင်လာခဲ့ရပြီး သူတို့ဒေသတွင် မထင်မှတ်ဘဲကျ ရောက်လာသည့် သဘာဝဘေးအန္တရာယ်ကြောင့် လှေလုပ်ငန်းလုပ်ကိုင်သူ အားလုံး အခြားဒေသသို့ ပြောင်းရွှေ့သွားကြသည့်အခါ သူတို့ပါလိုက်ပြောင်းရန် ဖြစ်လာခဲ့သည်။ ကိုယ့်မိသားစုတစ်ခုတည်း မဟုတ် ဘဲ ဒေသတစ်ခုလုံးရွှေ့ပြောင်းကြရသည့်အခါတွင် တော့ ပိုင်စိုးတစ်ယောက်ပူရပင်ရတော့သည်။ ကျရာ အလုပ်ကိုလုပ်ရင်းငတ်တစ်လှည့်ပြတ်တစ်လှည့်ဖြစ် ကာ ညီမဖြစ်သူနှင့်ကလေးများကိုပြုစုစောင့်ရှောက် ရတော့သည်။ မည်သို့အကြောင်းပင်ဖြစ်လာစေကာမူ ပိုင်စိုးတစ်ယောက်ငြိုငြင်မှုလုံးဝမရှိခဲ့။

တစ်ခုသောဆောင်းရာသီကာလတွင် ပိုင်စိုးတစ်ယောက် လုပ်စရာအလုပ်ပြတ်တောက်သွားခဲ့သည်။ သူ ကျင်လည်ရာနေရာတစ်ဝိုက်နေ့စားအလုပ်၊ ပုတ်ပြတ်အလုပ်၊ မည်သည့်အလုပ်မျှမရှိခဲ့။ သူ့အနေဖြင့်အ ကောင်းဆုံးကြိုးစားလုပ်ကိုင်ခဲ့သော်လည်း လုပ်ကွက်မရှိသည့်အခါတွင်တော့ သူ့နောက်ကွယ်ကမိသားစု ၏ စားဝတ်နေရေးမှာ စိုးရိမ်အဆင့်သို့ရောက်လာခဲ့ရပြီဖြစ်သည်။
တစ်ခုသောညတွင် မုန့်ဖုတ်သမားတစ်ဦးသည် အိပ်ရာဝင်တော့မည့်ဆဲဆဲ၌ ကြီးမားသည့်အသံတစ်ခုကို ကြားလိုက်ရသည်။ ချက်ချင်းဆိုသလို သူ၏မုန့်ဆိုင်ကိုသွားကြည့်လိုက်စဉ်တွင်တော့ လူတစ်ယောက်၏ လက်က ဆိုင်၏မှန်အဆီးအတားကိုရိုက်ချိုးအပေါက်ဖောက်ကာ ထိုအပေါ်ထဲလက်နှိုက်၍ ပေါင်မုန့်များ ယူ ဆောင်ထွက်ပြေးသွားသည်ကိုမြင်လိုက်ရသည်။

“ဟာ သူခိုး၊ သူခိုး”

မုန့်ဖုတ်သမားလည်း အော်ဟစ်ကာ သူခိုးနောက်ကိုတောက်လျှောက်ပြေးလိုက်သည်။ ပတ်ဝန်းကျင်က လည်းကြားသိပြီး သူခိုးကိုဝိုင်းဖမ်းကြသည်။ မကြာခင်တွင်တော့ သူတို့သည် သူခိုးကိုလက်ပြန်ကြိုးတုတ် ကာ ရဲစခန်းသို့ခေါ်ဆောင်သွားကြတော့၏။ ထိုသူခိုးမှာ ပိုင်စိုးဖြစ်သည်။
ခိုးဝှုက်မှု၊ ဖောက်ထွင်းမှုတို့ဖြင့် သက်ညှာလွန်းသောပြစ်ဒဏ် အလုပ်ကြမ်းဖြင့်ထောင် နှစ်နှစ်ကျသည်။ တောင်ပတ်လည်ဝန်းရံကာ မြစ်တစ်စင်းကွေ့ပတ်စီးဆင်းနေသည့် ဒေသသို့ပြောင်းရွှေ့ခံရကာ အုတ်ဖုတ် လုပ်ငန်းခွင်တွင်လုပ်ကိုင်ရင်းထောင်တွင်းဘဝကိုဖြတ်သန်းရသည်။ ခြေကျင်းတချွင်ချွင်ဖြင့် အုတ်ဖုတ် လိုက်၊ အုတ်သယ်လိုက်လုပ်ရင်း မိသားစုအတွက်စိုးရိမ်လာ၏။ အခုချိန်ဆိုလျှင် ညီမဖြစ်သူတစ်ယောက် ဘဝကိုဘယ်လိုများဖြတ်သန်းနေပြီလဲ။ ကလေးတွေကရော ကျန်းကျန်းမာမာရှိရဲ့လား။ နေ့စဉ်စားဖို့ သောက်ဖို့ ဘယ်လိုများရှာဖွေနေကြသလဲ။ အတွေးပေါင်းများစွာဖြင့် ထောင်တွင်းဘဝမှ လွတ်မြောက်ချင် လာသည်။ ငတ်လွန်း၍ပေါင်မုန့်အနည်းငယ်ခိုးမိသည့်အမှုက ပေးဆပ်ရခြင်းကြီးမားလွန်းသည်ဟုမြင်မိ ကာ ကြံမိကြံရာကြံပြန်တော့သည်။

အုတ်များထားသိုရာနေရာအနောက်ဖက်ကမ်းကို ကူးပြီးလျှင် တောင်ခပ်နိမ့်နိမ့်ကလေးကိုတွေ့သည်။ ထို တောင်တန်းအောက်သို့ဆက်တိုးသွားမည်ဆိုလျှင် တောနက်ကြီးကိုရက်အတန်ကြာဖြတ်ပြီး နယ်စပ် ဖက်သို့ရောက်သည်ဟုသူကြားဖူးသည်။ ထွက်ပြေးလွတ်မြောက်သွားသူအချို့ကိုအားကျကာ ထောင်လုပ် ငန်းခွင်သိမ်းပြီးခါစအချိန်ထွက်ပြေးရန်ကြံလိုက်၏။ သို့သော် မအောင်မြင်ခဲ့ပါ။ သူ့အကြံအစည်ကို စတင် သည့်အချိန်၌ပင် လူမိသွားကာထောင်သက်တစ်နှစ်ထပ်တိုးခံရသည်။
>>>>>

(၃)

ပိုင်စိုးတစ်ယောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရှစ်လစော၍လွတ်မြောက်လာခဲ့ပြီးနောက် ယခင်နှင့်မတူ သည့် လူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ထောင်အတွင်း၌ မိတ်ဆွေအချို့၏ ကူညီဖေးမမှုကြောင့် မြန်မာစာ ကို ရေးတတ်ဖတ်တတ်ရုံအဆင့်ရောက်လာခဲ့သလို လိမ်ညာဟန်ဆောင်မှုလည်း ယခင်ကထက်ပို၍ပိရိ လာသည်ဟု သူ့ကိုယ်သူယူဆလာသည်။ သူ့စိတ်ထဲတွင်တော့ကံကြမ္မာကိုအပြစ်တင်ကာ ခါးသီးခြင်းများ ပြည့်နှက်၍နေလေသည်။ ဟုတ်တယ်။ ဆာလွန်း၍ သူ့တူ၊ တူမကလေးများအတွက်စိုးရိမ်လွန်း၍ ပေါင် မုန့်အနည်းငယ်ခိုးယူမိခဲ့သည်။ ဒါပေမဲ့ သူရရှိသည့် အပြစ်ဒဏ်ကပြင်းလွန်းမနေဘူးလား။

ဘဝကြီးကိုအရွဲ့တိုက်ချင်လွန်း၍ သူ့ညီမနှင့်ကလေးများရှိရာနေရာသို့တိုက်ရိုက်မပြန်သေးဘဲ ခြေဦးတည့် ရာ လျှောက်သွားနေမိသည်။ မိတ်ဆွေအချို့၏ ကူညီမစမှုကြောင့် သူ့လက်ထဲတွင် ငွေစအချို့ပါလာသည်။ ယခုခေတ်ကုန်ဈေးနှုန်းနှင့်ဆိုပါလျှင် တစ်ပတ်ခန့်တော့ဖူလုံမည်ဟုသူတွက်ချက်သည်။
စစ်အငွေ့အသက်တို့ဖြင့် ထုံမွှန်းလျက်ရှိသော ထိုဒေသသို့ သူမထင်မှတ်ဘဲရောက်ရှိလာခဲ့သည်။ ခြေဦး တည့်ရာသဘောဖြင့်လျှောက်လာခဲ့သည်မှာ နာရီအတော်ကြာခဲ့ပြီ။ သူ့ဗိုက်ထဲမှလည်း တဂွီဂွီမြည်လျက် ရှိလေသည်။ ဝယ်စားစရာဈေးဆိုင်အချို့တွေ့သော်လည်း မဝယ်စားဖြစ်ခဲ့။ တည်းခိုစရာနေရာအချို့ကို တွေ့သည်။ ပထမတော့ လူသူရှင်းသည့်အိမ်အချို့တွင် သူခွင့်တောင်းသည်။ ခရီးသွားတစ်ယောက်ဖြစ်ပြီး တစ်ညတာနားခိုခွင့်ပြုရန်တောင်းဆိုမှုကို မည်သူမျှလက်မခံခဲ့။ သူ့ထောင်ထွက်ဆံပင်ကေကြောင့်လား၊ သူ့ပုံစံက မယုံသင်္ကာစရာလူတစ်ယောက်အငွေ့အသက်ရနေ၍လားမပြောတတ်။ တည်းခိုခန်းအချို့ကို လည်း သူတောင်းဆိုပြန်တော့ မှတ်ပုံတင်တောင်းသည်။ သူ့ထံတွင် ထောင်ထွက်လက်မှတ်သာပါပြီး မှတ် ပုံတင်တော့မပါခဲ့။ ထိုထောင်ထွက်လက်မှတ်ကိုကြည့်ကာ တည်းခိုခန်းပိုင်ရှင်များ နှာခေါင်းရှုံ့၍ပြန်လွှတ် သည်။ သန်မာထွားကျိုင်းနေသော သူ့ခန္ဓာကိုယ်၊ စုတ်ပြတ်နေသည့်အဝတ်အစား၊ ဆာလောင်မွတ်သိပ်မှု နှင့် ဒုက္ခကိုရင်ဆိုင်ရင်အသင့်ပြင်ထားသည့် မျက်လုံးများကြောင့် လူအများစုသည် ပိုင်စိုးကို သာမန်ထက် ပို၍ ကြောက်ရွံကြခြင်းဖြစ်နိုင်မည်ဟုသူသတ်မှတ်လိုက်ပါသည်။

သူ ဘာမျှမစားရသေးဘဲလျှောက်လာလိုက်တာ မိုးချုပ်လုနီးခဲ့ပြီ။ ဟော..ဟိုးနားမှာ အိမ်မ,ကြီးတစ် ဆောင်ရှိပြီး အိမ်ဘေးမှာတော့ ကောက်ရိုးများဖြင့်ဆောက်ထားသော အိမ်သေးသေးလေးတစ်ဆောင်ကို တွေ့ လိုက်ရပြီ။ ဆောင်းဝင်ခါစမို့ သူချမ်းလာသည်။ အစာဝအောင်စားပြီးအနားယူချင်လာသည်။ သူ ထိုကောက်ရိုးအိမ်အနီးကို ချည်းကပ်လိုက်သည်နှင့် ခဏအတွင်း မီးတောက်မျက်လုံးများဖြင့် သူ့ဆီကို ပြိုးပြိုးပြက် ပြက်ကြည့်နေသော ခွေးကြီးတစ်ကောင်ကိုတွေ့လိုက်ရ၏။ ခွေးကြီးက တရစပ်ဟောင်ကာ သူ့ကိုပြေး လိုက်ကိုက်ရန်ပြင်သည်။ ကံကောင်းသည်ဟုဆိုရမည်။ ခွေးက လှောင်အိမ်ထဲတွင် ထည့်ထား ခံရပြီး ဟောင်သံကြောင့် ကောက်ရိုးအိမ်ငယ်ကလေးမှ လူတစ်ဦးထွက်လာသည်။ အသက် ၅၀ အရွယ် ခန့်အမျိုး သမီးတစ်ဦးပင်။

“ကျွန်တော် ဒုက္ခရောက်လာလို့ တစ်ညလောက်တည်းခွင့်ပြုပါခင်ဗျာ”

ပိုင်စိုးသည် ယခင်နှင့်မတူတော့သည့် ဒရမ်မာများကိုသာသာစီးစီးကလေးလုပ်ပြလိုက်သည်။ သနားကြင် နာတတ်ပုံရသည့် ထိုအမျိုးသမီးက သူ့ကိုစကားအချို့စပြောသည်။

“တည်းခိုခန်းမှာ သွားမတည်းဘူးလား၊ မြို့ထဲမှာတော့ တည်းခိုခန်းတွေပေါတယ်လေ၊ ဒါက မြို့ပြင်ရွာ နီး ချုံစပ်ဖြစ်နေပြီ၊ တည်းစရာဘယ်ရှိတော့မလဲ၊ ကျွန်မတို့အိမ်ရှင်က သဘောမကောင်းဘူး”

“ကျွန်တော် မြို့ထဲကလာတာပါ၊ တည်းခိုခန်းတွေမှာလည်း လူတွေပြည့်နေပြီတဲ့”

“အော် ..ဟုတ်သားပဲ၊ စစ်ရှောင်တွေနဲ့နေမှာပါလေ”

“ဟုတ်ကဲ့”

“ဟော….ဟိုးနားက ဘုန်းကြီးကျောင်း (ဉူးသုမန၏ကျောင်းကိုလက်ညိုးထိုးလျက်) ဆီမှာရော အကူ အ ညီတောင်းကြည့်သေးလား”

“ဟင့်အင်း”

“ဒါဆို အဲဒီကိုသွားပြီး အကူအညီတောင်းကြည့်၊ အဆင်ပြေပါလိမ့်မယ်”
>>>>>
(၄)

ညရှစ်နာရီဝန်းကျင်ရှိပြီ။ ဒေါ်မြင့်သည် တစ်နေ့တာလုပ်စရာရှိသည်များကို နိဂုံးချုပ်သိမ်းဆည်းရင်း မောင် ဖြစ်သူ ဉီးပဇ္ဇင်းတရားထိုင်ပြီးသည့်အချိန်ကိုစောင့်ဆိုင်းလျက်ရှိသည်။ ဘုန်းကြီးကျောင်းသားကလေးငယ် များလည်း ရွာထဲသို့ပြန်ကုန်ကြပြီ။ ကျောင်းအိပ်ကျောင်းစားနေထိုင်းသည့် လူငယ်နှစ်ဦးကလည်း အခု ရက်ပိုင်းစစ်ရှောင်စခန်းဆီသို့ လုပ်အားပေးလွှတ်ထားရသည်။ ဘုန်းကြီးကျောင်းဝင်းကြီးတစ်ခုလုံးအထဲ တွင် ညနေ ငါးနာရီနောက်ပိုင်း ဒေါ်မြင့်နှင့် ဦးပဇ္ဇင်းသာရှိလေသည်။ ညနေတုန်းက ကျန်းမာရေးဆရာမ ကလေးများတီးတိုးတီးတိုးပြောသံကို ပြန်ကြားယောင်ကာ ကြက်သီးမွှေးညှင်းများထ,နေမိသည်။

“မြို့ထဲမှာ မသင်္ကာစရာလူတစ်ယောက်ရောက်နေတယ်၊ တည်းမယ့်နေရာလိုက်ရှာနေတယ်တဲ့၊ သူ့မျက် လုံးတွေက ကြောက်စရာကောင်းလို့ ဘယ်သူ့မှ ပေးမတည်းဘူးတဲ့၊ ထောင်ကနေအခုမှထွက်လာတာဆို လားပဲ”

ဦးပဇ္ဇင်း တရားထိုင်ပြီးသည်နှင့် တစ်နေ့တာပြောစရာရှိသည်များကိုလျှောက်တင်ကာ ဒေါ်မြင့်အိပ်ရာဝင် ရတော့မည်။ သို့သော်လည်း ဒီနေ့တွင်တော့ စိုးရိမ်စိတ်များပြည့်နှက်၍နေလေသည်။ ဒီဒေသက လူစိမ်း ရောက်လျှင် ချက်ချင်းသိသည့်ဒေသ။ မြို့ကလေးကလည်းကျဉ်းကျဉ်းကလေး၊ ဒေါ်မြင့်တို့နေထိုင်ရာမြို့ နားကပ်လျှက်ရွာကလေးဆိုပါလျှင် စုစုပေါင်း အိမ်ခြေ ၃၀ သာရှိသည်။ တွေးရင်းမှပင် မိမိအိပ်စက်နားခို ရာအဆောင်ကို မပြန်ရဲဘဲရှိနေလေသည်။ သိပ်မကြာခင်မှာပဲ ဦးပဇ္ဇင်း၏ တရားထိုင်ခြင်းအမှုပြီးဆုံကာ အမျှဝေသံကိုကြားရသည်။

“ဒကာမကြီးမပြန်သေးပါလား”

“တင်ပါ့….တပည့်တော်…ဒီနေ့ ရက်ချုပ်….”

တံခါးခေါက်သံခပ်ပြင်းပြင်းသုံးချက်ကိုကြားလိုက်ရ၍ ဒေါ်မြင့်တစ်ယောက်ပခုံးတွန့်တက်သည်အထိ လန့်ဖျပ် သွားမိသည်။

“ဝင်ခဲ့ပါ”

ဦးပဇ္ဇင်းက ဖိတ်ခေါ်လိုက်သည်နှင့် တံခါးပွင့်လာကာ လူတစ်ယောက်ပေါ်လာသည်။ အရပ်သိပ်မရှည်၊ သန်သန်မာမာပုံစံဖြစ်သည်။ သူ့မျက်နှာတွင် ရိုင်းပျရက်စက်လောက်သည့်အရိပ်အငွေ့ကို ဒေါ်မြင့်တွေ့ လိုက်ရသည်။ ဆံပင်များကဖွာလံကြဲလျှက်၊ မျက်လုံးများကမီးတဝင်းဝင်း၊ အဝတ်အစားတို့ကဟောင်းနွမ်း စုတ်ပြတ်ကာဖုန်အလိမ်းလိမ်းထနေသည်။ စစ်ကျောပိုးအိတ်တစ်လုံးကိုလွယ်ထားသည့် သူ့ကိုဖျတ်ခနဲ့ တစ်ချက်ကြည့်ပြီး ဆက်မကြည့်ရဲလောက်အောင်လန့်သွားမိခြင်းပင်။ ဦးပဇ္ဇင်း က စကားမဆိုခင်တွင်ဘဲ သူက သူ့ကိုယ်သူမိတ်ဆက်ကာ တည်းခိုစရာရှာဖွေနေသူဖြစ်ကြောင်းရှင်းပြသည်။

“ဒကာမကြီး၊ သူ့ကို ဦးပဇ္ဇင်း အဆောင်ထဲမှာပဲတည်းခိုဖို့ပြင်ပေးလိုက်ပါ”

ပေနှစ်ဆယ်ပတ်လည်သာရှိသည့်နေရာတွင် မောင်ဖြစ်သူ ဦးပဇ္ဇင်းနှင့်မလှမ်းမကမ်းတွင် ထိုလူကိုညအိပ် ခိုင်းရမည့်အဖြစ်ကိုစိုးရိမ်မိသွားသော်လည်း မလွန်ဆန်နိုင်ခဲ့။ ဦးပဇ္ဇင်း၏ ကျိန်းစက်ရာကုတင်အောက်အ နား၊ ဗီဒိုဘေးတွင် အိပ်ရာပြင်ပေးရန်စီစဉ်ရသည်။ စုတ်ပြတ်နေသောသူ့ပုံစံကိုကြည့်ကာ အေးနေသည့် ကြားမှ ရေမိုးချိုးသန့်စင်ခိုင်းပြီးညနေစာပြင်ဆင်ပေးရသည်။

ဖုန်များ၊ သဲများရှင်းပြီး ဆံပင်ဘုတ်သိုက်ကိုသေချာလျှော်ပြီးသည့်အချိန်မှာတော့ ထိုလူသည် အသက် ၃၀ ပင်မပြည့်သေးသော လူငယ်တစ်ယောက်ဟု ဒေါ်မြင့် ယူဆလိုက်သည်။

“မီးလင်းဖိုလေးလုပ်ထားခဲ့မယ်၊ နွေးနွေးထွေးထွေးအိပ်ပါ၊ ဉူးဇင်းလည်းခဏနေရင်ကျိန်းပါလိမ့်မယ်” ဟု ပြောကာ ဒေါ်မြင့်တစ်ယောက် နောက်ဆန်တငင်ငင်ဖြင့်အိပ်စက်ရာထွက်ခွာလာခဲ့တော့သည်။
>>>>>
(၅)

ပိုင်စိုးသည် သေသပ်ကျနစွာခင်းထားသော အိပ်ရာပေါ်တွင်ခြေပစ်လက်ပစ်လှဲချလိုက်ပြီးခဏတာအတွင်း အိပ်ပျော်သွားတော့သည်။ နာရီသံ နှစ်ချက်ကိုကြားအပြီးတွင် သူလန်းဆန်းစွာနိုးလာခဲ့သည်။ အိပ်ချိန်က သူ့ပင်ပန်းမှုနှင့်ယှဉ်လျှင်အင်မတန်နည်းလွန်းသည်ဟုဆိုနိုင်ပါသည်။

သူစောစီးစွာနိုးလာရခြင်းအကြောင်း က အိပ်ရာကောင်းလွန်းနေခြင်းပါပဲ။ ပျဉ်ပြားချပ်အပေါ် သို့မဟုတ် မာကျောသည့်ကြမ်းခင်းများအပေါ် တွင် အိပ်စက်လာခဲ့ရသည့် သူ့အဖို့ ထိုနေ့ညမွေ့ရာသည် ဆက်လက်မအိပ်ရက်လောက်အောင်ကောင်း လွန်းနေခဲ့သည်။ သူ့ပင်ပန်းမှုများအားလုံးကိုခဏတာအတွင်းကွယ်ပျောက်သွားစေခဲ့သည့်အိပ်ရာကလေး ကို သူမြတ်နိုးနေမိ၏။ ညစာကလည်းကောင်းလိုက်တာ။ ဘုန်းကြီးကျောင်းဟင်းပေါင်းဆိုတော့အရသာ ရှိလွန်းလှသည်။ ဗိုက်ဆာဆာနှင့်စားလိုက်တာ နှစ်ပန်းကန်သာသာ။ ဒါတောင် ဟိုအဒေါ်ကြီးကိုအားနား လွန်း၍ တော်လိုက်ရခြင်းပင်။

သူ အိပ်ရာပေါ်လှဲနေရာမှ ထထိုင်လိုက်သည်။ မလှမ်းမကမ်းတွင်ရှိနေသည့် မီးလင်းဖိုမှ မီးရောင်မှိန်ပျပျ နှင့် ဆိုလာဖန်မီးသီးခပ်မှိန်မှိန်တို့မှ အလင်းသည် သူ့ပတ်ဝန်းကျင်ရှိအရာအားလုံးကိုထွင်းထွင်းဖောက် ဖောက်မြင်နေရပါသည်။ ဉီးပဇ္ဇင်းကတော့ တုတ်တုတ်မျှမလှုပ်ကျိန်းစက်၍နေလေသည်။ ညသန်းခေါင် ယံ မို့ ပတ်ဝန်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်နေလေ၏။ ပိုင်စိုးတစ်ယောက် ဟိုကြည့်ဒီကြည့်လုပ်ရင်းမှ သူ့ အိပ်ရာအနီးရှိ ပြိုးပြက်ဝင်းလက်နေသောအရာများကို သတိထားမိခဲ့သည်။ ဗီဒိုထဲတွင် ထည့်သိမ်းထား သည့် ယောက်ချိုဇွန်း၊ ရိုးရို ဟင်းခပ်ဇွန်းများနှင့် ဖယောင်းတိုင်ခပ်ကြီးကြီးနှစ်တိုင်။ ထိုပစ္စည်းများသည် သာမာန်ပစ္စည်းများမဟုတ်။ ရွှေရောင်တဝင်းဝင်းလင်းလက်နေသော ရွှေသားထုပစ္စည်းများဟု ပိုင်စိုးခန့် မှန်း မိ သည်။ သူ့ဘဝတွင် ရွှေကိုမကိုင်ဖူးသကဲ့သို့ ရွှေအတုနှင့်အစစ်ကိုလည်း သူကွဲကွဲပြားပြား မသိပါ။ သို့သော် ထောင်ထဲတွင်အလုပ်လုပ်ဖော်များပြောပြချက်၊ ခွဲခြားပေးချက်ဗဟုသုတဖြင့် သိရှိလာသည့် ပညာအရ ရွှေအစစ်နှင့်ရွှေအတု၊ ကြေးနှင့်ရွှေများကို ကိုင်ကြည့်၊ ကိုက်ကြည့်ရုံဖြင့် သူသေသေချာချာကွဲ ကွဲပြားပြားသိရှိနိုင်ခဲ့ပါပြီ။

သူ့စိတ်ထဲအတွေးတစ်ခုဝင်လာခဲ့လေသည်။ ထိုပစ္စည်းများသည် သူ့တစ်သက်လုံးလုပ်အားဖြင့် ရှာဖွေ ဝယ်ယူလျှင်တောင်မှမရနိုင် လောက်သည်ပမာဏရှိမည်ကိုခန့်မှန်းမိသည်။ သို့သော်လည်း ဘုန်းတော် ကြီးကျောင်း၏ပစ္စည်း၊ သူ့ကိုတစ်ညတာလက်ခံကျွေးမွေးထားသူ၏ပစ္စည်းကို မခိုးယူကောင်းမှန်းတော့ ဆင်ခြင်မိပါသည်။ အိပ်ရာသို့ပစ်လှဲချကာ ပြန်လည်အိပ်ပျော်ရန်ကြိုးစားလိုက်သည်။ နောက်ထပ်တစ်နာ ရီကြာသောအခါ သူနိုးလာပြန်သည်။ အပြင်ဖက်ဆီကိုခဏမျှကြည့်လိုက်မိ၏။ လဝန်းထိန်ထိန်သာလျှက် တစ်ချက်တစ်ချက်တွင်မူတိမ်စိုင်များဖုံးလွှမ်းလျက်ရှိနေပါသည်။ ကျောင်းဆောင်အတွင်းရှိပြူတင်းပေါက် များ၊ ကျောင်းဝင်းအတွင်းရှိဝင်ပေါက်ထွက်ပေါက်များကို မျက်မှန်းဖြင့်သူစနည်းနာကြည့်လိုက်သည်။

ဘုန်းကြီးကျောင်းပတ်လည်သည် သူအလွယ်တကူကျော်တက်နိုင်မည့်နံရံခပ်နိမ့်နိမ့်များဖြင့်ကာရံထားပြီး နံရံများ၏အလွန်တွင် သစ်ပင်တန်းများကိုမြင်ရသည်။ ထိုသစ်ပင်တန်းများကိုကျော်လွန်ပြီးပါက ရွာလမ်း မကိုရောက်မည်။ ပိုင်စိုးသည် အိပ်ရာဘေး၌ချထားသည့် သူ့စစ်ကျောပိုးအိတ်ကိုဖွင့်လိုက်ကာ ထိပ်ချွန် ထားသည့် သံချွန်တစ်ချောင်းကိုထုတ်ယူလိုက်သည်။ ပင်မတံခါးရှိရာကို ခြေလှမ်းဖွလျက်လျှောက်လာပြီး တံခါးချက်ကိုလှည့်ဖွင့်လိုက်သည်။ လက်ထဲတွင် သံချွန်ကိုကျစ်ကျစ်ပါအောင်ကိုင်ထားလျက် ဉူးပဇ္ဇင်း ကျိန်းစက်ရာကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သောအခါ အသက်ရှုသံညင်ညင်သာသာဖြင့် အိပ်မောကျ နေသည်ကိုတွေ့ရသည်။ ထို့နောက် အိပ်ရာသို့ပြန်လာကာ ပစ္စည်းများကို ဗီဒိုသော့တန်းလန်းကိုဖွင့်၍ ယူ ပြီး ကျောပိုးအိတ်အတွင်းသို့သိပ်ထည့်လိုက်၏။

“ဒုန်း”

သူဖွင့်ထားသည့်ပင်မတံခါးသည် လေအဝှေ့ကြောင့် နံရံနှင့် အရှိန်ပြင်းစွာရိုက်ခတ်မိသွားသောအခါ ပတ် ဝန်းကျင်တစ်ခုလုံးဆူညံသွားတော့သည်။ သွားပြီဟု စိတ်ထဲတွင်ရေရွတ်လျက်အသက်အောင့်ကာအိပ်ရာ သို့ပစ်လှဲ၍ အိပ်ပျော်ချင်ယောင်ဆောင်နေလိုက်၏။ ခဏကြာသည့်တိုင်အောင် တစ်ယောက်မျှနိုးမ လာ၊ အသံမကြား။ အပြင်ကိုတစ်ချက်ငဲ့ကြည့်လိုက်ကာ သာနေသည့်လ,တိမ်ဖုံးသည့်အချိန်ကိုစောင့်ဆိုင်းလိုက် ၏။ ထို့နောက် ဖွင့်ထားသည့်တံခါးကိုအသာကလေးတွန်းကာ ဘုန်းကြီးကျောင်းနှင့်ဝေးရာဆီကိုသုတ်ခြေ တင်ပြေးလာခဲ့လိုက်တော့သည်။

>>>>>
(၆)

“ဦးဇင်း..တပည့်တော်တို့ရဲ့ မိဘအမွေပစ္စည်းတွေအကုန်ပျောက်ကုန်ပြီ၊ မနေ့ညကဟိုလူလည်း ပျောက်သွားပြီ”

ဉူးသုသည် နေ့စဉ်မနက် နေမထွက်ခင်အချိန်တွင် စင်္ကြန်လျှောက်လေ့ရှိပြီး ထိုနေ့မနက် တွင်လည်းခါ တိုင်းရက်များကဲ့သို့ပင် ကျောင်းဝင်းပတ်ပတ်လည်အတွင်း ဘာဝနာပွားများလျက်ရှိစဉ် ဒေါ်မြင့်တစ် ယောက် ဉစ္စာပျောက်၊ ငရဲရောက်ခဲ့ရပြီဖြစ်သည်။

“ဉီးဇင်းတို့ အဲဒီပစ္စည်းတွေကို သိမ်းထားခဲ့မိတာမှားတယ် ဒကာမကြီး၊ အစကတည်းက ထုခွဲရောင်းချပြီး ဆေးကုသိုလ်လုပ်ခဲ့လိုက်ရမှာ”

ညီမတော်ဖြစ်သူ၏ ပူပန်နေမှုကို စိတ်မချမ်းသာဖြစ်မိသည်။ မိဘ၏နောက်ဆုံးအမွေမို့နှမြောတသဖြစ်မိ နေမည်ကိုလည်း စာနာမိပါသည်။ မောင်နှမနှစ်ဦးထိုကိစ္စနှင့်ပတ်သက်၍ သေသေချာချာမပြောရသေးခင် တွင် ကျောင်းရှေ့၌ ရုတ်ရုတ်သဲသဲအသံကိုကြားလိုက်ရသည်။

ကျေးရွာအုပ်ချုပ်ရေးကော်မတီနှင့် ရွာသူရွာသားအချို့ကျောင်းထဲကိုအသံပေးကာဝင်လာကြသည်။ သူတို့ နှင့်အတူ လက်ပြန်ကြိုးတုတ်ခံထားရသောလူတစ်ဦးလည်းပါလာလေသည်။ ညတုန်းက ဦးဇင်းကျောင်း တွင်တစ်ညတာခိုနားခဲ့သူဖြစ်သည်။

“အာ…ဒကာကြီးတို့ပါလား၊ ဟိုဒကာလေးကို ဘာလို့ဖမ်းလာကြတာလဲ၊ သူလူကောင်းလေးပါ၊ ညတုန်းက ဦးဇင်းဆီမှာ တစ်ညတာတည်းခိုခဲ့တယ်၊ ဦးဇင်းက သူ့ကို ရွှေထည်ပစ္စည်းတစ်ချို့ လက်ဆောင်ပေးလိုက် တယ်၊ သူ့ဘဝရှေ့ဆက်ဖို့ အရင်းအနှီးလေးတွေစိတ်သန့်သန့်နဲ့ သုံးနိုင်ဖို့ပါ”

တစ်နေ့တာ၏ ပထမဆုံးသော မုဿဝါဒကံကိုချိုးဖောက်မိလိုက်ပါသည်။ ရွာသူရွာသားများ၏ စကားသံ မစခင်တွင် ဦးဇင်းက စ,ထားမှ ထိုလူငယ်အတွက်လုံခြုံမည်ဟုယူဆမိ၍ပင်။ ညီမတော်ကတော့ မှင်သက် စွာနားထောင်၍နေလေသည်။ စကားတစ်ခွန်းတစ်ပါဒမျှ မဟ၍တော်သေးသည်ဟုဆိုရမည်။

“ဒါဆိုရင်တော့ တပည့်တော်တို့မှားသွားပါပြီဘုရား၊ ဒီလူကို မနက်စောစောပြေးလွှားနေတုန်း တပည့် တော်တို့လှမ်းတားပြီးစစ်ဆေးလိုက်တော့ ဟောဒီရွှေထည်ပစ္စည်းတွေတွေ့လို့ပါ၊ ဒါတွေက ဦးဇင်းဆီမှာ မြင်နေကျပစ္စည်းတွေမို့ ခိုးလာတယ်အမှတ်နဲ့ သူ့ကိုဖမ်းပြီး ဦးဇင်းဆီကိုခေါ်လာခဲ့ကြတာပါ၊ ကဲ…အမှန် ကိုသိရပြီဆိုတော့ ကြိုးဖြည်ပေးလိုက်ကြ၊ ပြန်လွှတ်ပေးလိုက်ကြ”

ထိုဒကာတစ်ဦးသာနေခဲ့၍ သူတို့အသီးသီးထွက်ခွာသွားကြသည်။ ဒေါ်မြင့်လည်း သက်ပြင်းတစ်ချက် ချကာ မီးဖိုချောင်ရှိရာသို့လှည့်ထွက်သွားသည့်အခါ ဦးဇင်းနှင့် ထိုဒကာသာကျန်ခဲ့တော့၏။ သူ့မျက်ဝန်း များတွင် အံဩမှု၊ ဝမ်းနည်းမှုများကို မြင်ရသည်။ မျက်ခုံးကွေးနေသည့်အမူအရာ၊ မျက်လုံးထဲတွင်မြင်ရ သည့် ဖြူစင်မှုတို့ကို သုံးသပ်၍ စကားတစ်ခွန်းမျှမဆိုစေဘဲ လာရာလမ်းအတိုင်းပြန်ခိုင်းရန် မိန့် လိုက်မိသည်။

“အေးအေးချမ်းချမ်းသာသွားပေတော့ဒကာ၊ နောက်ထပ်ဒီကိုလာတဲ့အခါ ဦးဇင်းရဲ့ကျောင်းဘေးနံရံတွေက နေ ကျော်ခွပြီးသွားလာစရာမလိုပါဘူး၊ ဒကာ့အတွက် ပင်မတံခါးတွေက အမြဲတမ်းဖွင့်ထားပါတယ်၊ ဒီပ စ္စည်းတွေကို အရင်းပြုပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်တဲ့လူတစ်ယောက်ဖြစ်ဖို့ကိုပဲ ဦးဇင်းကို ကတိပေးခဲ့ပါ၊ ရိုးသားတဲ့သူတစ်ယောက်ဖြစ်အောင်နေပါ၊ ဒါကို ဘယ်တော့မှ မမေ့နဲ့ ၊ဘယ်တော့မှ မမေ့ အောင်လည်းနေပါ”

သူခေါင်းအတွင်တွင်ညိတ်ကာ မျက်ရည်များရစ်ဝဲလျှက် ဦးဇင်းကို ကျောခိုင်းထွက်သွားတော့သည်။ မြင် ကွင်းက ပို၍ ဝေးရာဆီသို့။ သူ့ကတိတည်မတည်ကိုတော့ မခန့်မှန်းတတ်တော့ပါ။
>>>>>
ဗစ်တာဟူဂိုး (Victor Hugo) ၏ The Bishop and The Convict ဝတ္တုကို မှီးငြမ်းရေးသားသည်။
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
ထင်ဒိုင်းအောင်