(၁)
အိမ်ရှေ့ဆီက ဒေါ်ညိုရဲ့“ဟဲ့မိသောင်းရဲ့၊ လာစမ်းပါဦးဟဲ့ ညည်းအသိဆိုတာရောက်နေတယ်” လို့ဆို လိုက်ရင် မိသောင်းတို့များ ရင်ကိုလှပ်လှပ်၊ လှပ်လှပ်နဲ့ခုန်မိတာပါပဲ။
မိသောင်းဧည့်သည်ဆိုရင် အကြွေး တောင်းဖို့ပဲရှိတာ၊ အခြားဘာ အကြောင်းပြချက်မှ ရှိမနေဘူး။ အခုတလောမိသောင်းဆီကို အကြွေးသမား တွေ ခဏခဏလာကြတယ်။ တစ်ယောက်တည်း လာတာရှိ သလို အဖွဲ့လိုက်လာတာလည်းရှိတယ်။ လေပြေလေးနဲ့လာတောင်းသလို ခြိမ်းလားခြောက်လား တောင်း တာလည်းရှိတယ်။ ဘယ်လိုပုံစံပဲတောင်းပါ စေ၊ မိသောင်းကတော့ လေပြေချိုသွေးရတာပါပဲ။ တချို့ ကတော့ ခေါင်းညိတ်ပြီးပြန်သွားတယ်၊ တချို့က တော့ အဲဒီနေ့အဲဒီရက်မှာမပေးနိုင်ရင် ဘာလုပ် မယ်၊ ညာလုပ်မယ်နဲ့ ခြိမ်းခြောက်သွားတယ်။ ကြာလာတော့ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်လာတယ်။ အသက်အန္တရာယ်အထိစိုးရိမ်ရတာရှိသလို အိမ်ကိုလည်းအတင်းအဓ္ဓမသိမ်းယူဖို့စကားဦးသန်းလာတာ တွေရှိတယ်။ အိမ်က ဘာတန်ဖိုးရှိမှာလဲ၊ ကျူးကျော်ရပ်ကွက်က အဖီသာသာအိမ်ကလေးပဲဉစ္စာ။ ဒါပေမဲ့ အကြွေးရှင်တွေက ဒီအတိုင်းမနေဘူး၊ မိသောင်းရဲ့အမျိုးတွေရှိရာ မြောက်ဉက္ကလာအထိသွားပြီး သတင်း ဖြန့်တယ်။ မိသောင်းရဲ့လင်တောင်မောင် ကိုလွင်ဦးအမျိုးတွေနေတဲ့ လှိုင်သာယာရွှေလင်ပန်းနားအထိ သွားပြီး အကြွေးအစားတောင်းပြန်တယ်။ အဲဒီတော့ လင်မယားနှစ်ယောက်ခေါင်းချင်းဆိုင်တိုင်ပင်ရတော့ တယ်။ ဒီအတိုင်းတော့မဖြစ်တော့ဘူးလေ။
မိသောင်းတို့နှစ်ယောက်ရဲ့ စုစုပေါင်းအကြွေးက သိန်းနှစ်ရာကျော်တယ်၊ အခြားမဟုတ်ဘူး။ နှစ်လုံးထီ ကြွေးနဲ့ ဖဲကြွေး။ လွင်ဦးက ဘုရင့်နောင်ပွဲရုံမှာအလုပ်သမား၊ မိသောင်းက ကုန်စိမ်းဈေးဆိုင်မှာနေ့စားလုပ် တယ်။ နှစ်ယောက်ပေါင်းလိုက်ရင် ဝင်ငွေမဆိုးဘူးလို့ဆိုရမယ်။ မိသောင်းတို့မှာ ခြောက်နှစ်အရွယ်သား တစ်ယောက်ရှိတယ်၊ အတူတော့မနေပါဘူး။ တစ်ခါသား မိသောင်းဈေးရောင်းတုန်းခေါ်သွားတာ ဈေးဝယ် အစ်မကြီးတစ်ယောက်ကချစ်လို့ဆိုပြီး သားကို မုန့်ဖိုးနှစ်ထောင်ပေးသွားတာ ဖြစ်ချင်တော့ မိသောင်းက လည်း အဲဒီပိုက်ဆံကို သားဆီကခဏယူပြီး နှစ်လုံးသွားထိုးလိုက်ကော။ သားလေးက အဲဒါကို မိသောင်းအ မေ သူ့အဖွားလာတုန်းတိုင်တာနဲ့ အမေက စိတ်ဆိုးပြီး သားကိုမိသောင်းတို့နဲ့အတူမထားတော့တာ။ အရမ်း ရက်စက်သတဲ့၊ မိခင်စိတ်မရှိတဲ့ကောင်မတဲ့။ အမေက ပြောဆိုပြီး သူ့ဆီခေါ်သွားကတည်းက မိသောင်းတို့ လင်မယားပိုပြီးလွတ်လပ်သွားတယ်။ သားကိုတော့ အမြဲသတိရပေမဲ့ မိသောင်းတို့သွား လည်းမတွေ့ဖြစ် ကြဘူး၊ အမေရော အဖေရော အမျိုးတွေရော မိသောင်းတို့ကိုဆို အထင်သေးအမြင်သေး၊ ရစရာမရှိအောင် ပြောလွှတ်တတ်ကြတာကိုး။ အဲဒီတော့ ညနေအလုပ်သိမ်းချိန် ရက်အတော်များများမှာ ရှမ်းကိုးမီးဝိုင်းက လေးထောင်လိုက်ကြတာပါပဲ။
နေ့နှစ်လုံး၊ ညဖဲဝိုင်းနဲ့ မိသောင်းတို့လင်မယားအတော်လေးအလုပ်ဖြစ်ကြသေးတယ်။ လေးငါးဆယ်သိန်း နိုင်တာ သုံးလေးရက်ဆက်တိုက်ပဲ။ ပြီးတော့လည်းမကြာပါဘူး၊ အကုန်ပလုံသွားတာပဲ။ ဖဲဝိုင်းက အရှေ့ အိမ်မှာတင်မို့ ကိုလွင်ဦးရော မိသောင်းရော တစ်အိမ်စီဝင်ကြသလို တစ်ခါတစ်လေ နှစ်ယောက်ပေါင်းတစ် အိမ်ဝင်ကြတာလည်းရှိတယ်။ ကိုလွင်ဦးက နှစ်လုံးတော့မထိုးဘူး ဖဲကိုတော့ကြိုက်တယ်၊ မိသောင်းက နေ့ ခင်းဖက် ကုန်စိမ်းကူရောင်းပေးတုန်း နှစ်လုံးသည်ဆီမှာသွားထိုးလိုက်တာပဲ။ အများကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ တစ်ထောင်ဖိုးနှစ်ထောင်ဖိုးနဲ့ရက်များလာတော့ ပိုက်ဆံက အကြွေးများလာတယ်။ နောက်ဆုံး လင်မယားနှစ်ယောက်ပေါင်း သိန်းနှစ်ရာကျော်ရှိသွားပြီလို့ သိတဲ့အချိန်ကတော့ အတော်ကလေးနှောင်း ခဲ့ပြီလို့ဆိုရမယ်။
“မိန်းမရေ…ငါတို့ ဒီမှာ နေလို့တော့မဖြစ်တော့ဘူး၊ ပြေးမှ ရတော့မယ်” လို့ ကိုလွင်ဦးကဆိုလာတယ်။ သူ့ ကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်တာတွေရှိလာပြီကိုး။ တရားဝင်ကြွေးမဟုတ်တဲ့ ဖဲကြွေး၊ နှစ်လုံး ကြွေးကို တရားဝင်မဟုတ်တဲ့နည်းလမ်းတွေနဲ့ဖြေရှင်းကြတဲ့ သာဓကရှိတာကိုး။ အဲဒီတော့ အကြံကုန် ဂ ဠုန်ဆားချက်ကြရတော့တယ်။ လူခြေတိတ်တဲ့အချိန်ကိုရွေးပြီး လင်မယားနှစ်ယောက်ထွက်ပြေးဖို့တိုင်ပင် ကြတဲ့ ရက်မှာပဲ မိသောင်းမှာ ဒုတိယကိုယ်ဝန်လွယ်ထားရပြီဆိုတာသိလိုက်ရတယ်။
>>>>>
(၂)
ကြံမိကြံရာနဲ့ အဲဒီအမျိုးသမီးဆီကို မိသောင်းရောက်လာခဲ့တယ်။ ကိုလွင်ဦးကတော့ အလုပ်သွားနေတာ မို့ အဖော် အိမ်နီးချင်းအစ်မကြီးပဲပါတယ်။ အန္တရာယ်မကင်းတဲ့ကိုယ်ဝန်ဖျက်ချနည်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိခင်သေဆုံးမှုရဲ့ အဓိကအကြောင်းရင်းတစ်ခုလို့တော့ မိသောင်းစာထဲမှာဖတ်ဖူးတယ်။
မြန်မာနိုင်ငံမှာ မိ ခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကြောင်းကလွဲပြီး ကိုယ်ဝန်ဖျက်ချတာကိုတရားဝင်ခွင့်မပြုထားဘူး။ ဉပ ဒေအရဆိုရင်လည်း ထောင်ဒဏ်အထိချမှတ်နိုင်သတဲ့။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ၊ ရန်ကုန်ကနေ အရဲစွန့် ပြီး မန္တလေးကိုထွက်လာခဲ့တာ အခုဆိုရင် နှစ်ပတ်တောင်ရှိပြီ။
ကိုလွင်ဦးက ကျွဲဆည်ကန်ကားဝင်းမှာ ပစ္စည်းအတင်အချကယ်ရီမောင်းတယ်၊ မိသောင်းကတော့ဈေး ရောင်းတဲ့ အလုပ်ကိုလုပ်နေကျမို့ ဈေးချိုထဲက အထည်ဆိုင်မှာ ဈေးကူရောင်းပေးတယ်။ ကိုလွင်ဦးရဲ့ ရန် ကုန်ကအလုပ်တုန်းက အသိကချိတ်ပေးလိုက်တာမို့ အားလုံးအဆင်ပြေတယ်။ အဆင်မပြေတာကမိ သောင်းရဲ့ဗိုက်ကိစ္စ။ ကလေးကိုမလိုချင်လို့တော့မဟုတ်ဘူး၊ အကြွေးတွေမဆပ်နိုင်လို့ပြေးလာတဲ့ကာလ မှာ ဒီကလေးကို ဒုက္ခတွင်းထဲဆွဲမခေါ်ချင်ဘူး၊ ဒီတော့ ဖျက်ချဖို့ကြံလိုက်ရတာပဲ။
ကိုယ်ဝန်ဖျက်ချနည်းကနှစ်မျိုးရှိသတဲ့။ ဆေးနဲ့ ဖျက်ချတာရယ်၊ ခွဲစိတ်ပြီးတော့ ဖျက်ချတာရယ်ပေါ့။ ဆရာ ဝန်ဆီကိုသွားပြပြီး ဆရာဝန်ပေးတဲ့ဆေးကိုသောက်ပြီးဖျက်ချတာမျိုးမိသောင်းမလုပ်ချင်ဘူး။ ပိုက်ဆံကုန် မှာစိုးသလို ဆရာဝန်ဆီကပေးတဲ့မှတ်ချက်တွေကိုလည်းမလိုချင်ဘူး။ ခွဲစိတ်ပြီးတော့ဖျက်ချတဲ့နည်းလမ်း က ပိုဆိုးတာပေါ့။ သန္ဓေသားကိုလေဖိအားနဲ့စုပ်ယူမှာတို့ သားအိမ်ခေါင်းကနေတစ်ဆင့်ကိရိယာတစ်ခုကို ထိုးသွင်းတာတို့ လုပ်ရမှာ အင်မတန်ကြောက်စရာကောင်းတယ်လို့ထင်တယ်။ ဒီတော့ ကြံမိကြံရာနည်း လမ်းဖြစ်တဲ့ အရပ်လက်သည်နဲ့ဖျက်ချတာကို လုပ်ရတာပဲ။
“လုပ်နေကျပါအေ၊ ဘာမှမစိုးရိမ်နဲ့”
ခေါ်သွားတဲ့အစ်မကြီးကတော့ အားပေးရှာတယ်။ ဒါပေမဲ့ မိသောင်းကတော့ ကြောက်မိတာပေါ့။ စိုးရိမ် စိတ်များနေလို့ထားမသိဘူး။ အဲဒီကိစ္စလုပ်ပြီးသွားလို့ တစ်ပတ်အထိ မိသောင်းတစ်ယောက်နေမ ကောင်းလှဘူး။ မိန်းမကိုယ်ကနေသွေးစ,လေးတွေထွက်လာတယ်၊ ပျို့ချင်အန်ချင်သလိုဖြစ်ပြီး ဗိုက်လည်း ခဏခဏနာလာတယ်။ တစ်ရက်သားများဆို သွေးတွေအများကြီး ဆင်းပြီး တော်တော်နာလာတာ ကြောင့် အရပ်လက်သည်ဆီကိုထပ်ရောက်သွားသေးတယ်၊ အဲဒီအမျိုးသမီးက ဟိုစမ်းဒီစမ်းလုပ်၊ ကလေးက သိပ်မကျချင်ဘူးလို့ပြောပြီး ထပ်လုပ်ပေးလိုက်သေးတယ်။ နာတာကဆေးသောက်ထားတာတောင် မ သက်သာဘူး။ ဆေးခန်းလည်းမသွားရဲဘူးလေ။ ဘေးထွက်ဆိုးကျိုးကတော့ အချိန်တစ်ခုအထိခံစားရမှာပဲ လို့ဆိုပေမဲ့ နှစ်ပတ်ကျော်လာတော့ မိသောင်းစိုးရိမ်လာပြီလေ။
တစ်ညတော့ အိပ်မက်မက်တယ်။ “မေမေ၊ သမီးကိုဘာလို့ မလိုချင်ရတာလဲ” ဆိုပြီးဗိုက်ထဲကကလေးက မိသောင်းကို ငိုမဲ့မဲ့ပြောတယ်။ ဝဝကစ်ကစ်လေး၊ မိသောင်းလိုပဲ အသားညိုညို မျက်ခုံးမျက်ဖန်ကောင်း ကောင်းလေးပေါ့။ ပါးနှစ်ဖက်များဖောင်းကားနေလိုက်တာ ဆွဲညှစ်ချင်စရာလေး။ အိပ်မက်ကနိုးလာတော့ မိသောင်းတစ်ယောက်ငိုလိုက်တာဆိုတာ ကိုလွင်ဦးတောင်ဘေးနားကချော့မနိုင်ဘူး။
“အမေ နောင်တရပါပြီသမီးရဲ့၊ သမီးလေးရဲ့ မေးခွန်းတစ်ခုတည်းနဲ့ အမေဆက်မိုက်ဖို့အားအင်တွေကုန် ခမ်းသွားရပါပြီ”
သမီးလေးရဲ့မျက်နှာလေးက မိသောင်းမျက်စိထဲကနေမထွက်နိုင်တော့ဘူး။ နေ့ရော ညပါ သမီးမျက်နှာကို မြင်ယောင်တယ်၊ အိပ်မက်မက်တယ်။ နောက်ဆုံး မိသောင်းသတိလစ်သွားတဲ့အထိ နေမကောင်းတာ တောင်သမီးမျက်နှာကိုမြင်ယောင်နေတုန်းပဲ။
မိန်းမကိုယ်ကနေအရည်တွေဆင်းလာပြီး အပြင်းဖျား၊ ရင်သားတွေလည်းနာလာတော့ ဆေးရုံပေါ်ကိုမဖြစ် မနေသွားတော့ဖို့ဆုံးဖြတ်လိုက်တယ်။ ဖြစ်လာသမျှ ပြဿနာကိုအမေရင်ဆိုင်တော့မယ်သမီး။ သမီးလေး များနောက်တစ်ခါထပ်လာခဲ့ရင် အမေ အခုလိုမငြင်းတော့ပါဘူးလို့ ကတိအတွင်တွင်ပေးမိတော့တယ်။
>>>>>
(၃)
မိသောင်းရဲ့ကိုယ်ဝန်က (၁၆) ပတ်တောင်ကျော်သွားလို့ အရပ်လက်သည်နဲ့ဖျက်ချတဲ့အခါ အတော်က လေးခက်ခဲခဲ့တာတဲ့။ ဆေးရုံက ဆရာမတွေဆိုတာများ မိသောင်းကို အပြစ်ပြောချင်စိတ်တွေနဲ့ မျက်လုံး တွေက ကြည့်နေလိုက်ကြတာ။ ကိုလွင်ဦးကလည်း မိသောင်းစကားတစ်ခွန်းမို့ မျက်စိသူငယ်နားသူငယ် နဲ့ မယားဖြစ်သူဘေးနားမှာ ရစ်သီရစ်သီလုပ်နေလေရဲ့။ သူအခု ဖဲမရိုက်တော့ပါဘူး၊ နောင်လည်းမရိုက်တော့ ဖို့ ကတိပေးတယ်၊ မိသောင်းလည်း မန္တလေးရောက်ပြီးနောက်ပိုင်း နှစ်လုံး၊ သုံးလုံးမထိုးတော့ဘူး။ အမေ တို့ကလည်းဖုန်းဆက်ပြီးအပြစ်တင်တယ်၊ အကြွေးရှင်တချို့လည်းသိပြီးဖုန်းဆက်အကြွေးတောင်းနေ တုန်းပဲ။ အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် မိသောင်းတို့လင်မယားနှစ်ယောက်ရဲ့မိုက်ပြစ်ကြောင်းအပြစ် ဆိုနေကြသူတွေချည်းပဲ။ ဆေးရုံက ဆရာဝန်၊ ဆရာမတွေအားလုံးလည်း အပြစ်တင်ချင်ကြတယ်။
ဒါပေမဲ့ မိသောင်းပျော်တယ်။ မိသောင်းရဲ့ဘေးမှာ သမီးလေးကိုကံကောင်းထောက်မ,စွာနဲ့ပိုင်ဆိုင်ခဲ့ရလို့ ပဲ။
“ကလေးက ပျက်မကျသွားဘူး၊ တစ်ခုခုနဲ့ ထိုးမွှေခံထားရတာတောင် ကိုယ်လက်အင်္ဂါအစုံအလင်ပါလာ ခဲ့တာပဲ ကံကောင်းတယ်လို့ဆိုရမယ်”
အချိန်မတန်ခင်စောမွေးသလိုဖြစ်သွားတာမို့ သမီးလေးကိုတော့ မိသောင်းနဲ့အတူတူ အိပ်ရာဘေးမှာသိပ် ခွင့်မရဘူး။ ဖန်ပေါင်းချောင်ကလေးထဲမှာ ထားထားရတယ်။ ပေါင်မပြည့်တာကြောင့် သေချာလေးဂရု စိုက်နေကြတယ်။ အံမယ် ..သမီးလေးက ဖန်ပေါင်းချောင်ထဲမှာ အသက်ဆက်ရှင်ဖို့ ကြိုးစားနေတာတောင် မိသောင်းနို့ကိုအငမ်းမရစို့သေးတာနော်။ အဲဒါကြောင့်ပဲ အခုလိုသန်သန်မာမာလေးဖြစ်နေတာထင်ပါ့။
“ကိုလွင်ဦး…ကျုပ်တို့ ရန်ကုန်ကိုပြန်မယ်”
သမီးလေးကိုအမေသိပ်လိုချင် တာပေါ့သမီးရယ်၊ အမေကတိပေးထားတဲ့အတိုင်းပဲ၊ မမိုက်တော့ပါဘူး။ သမီးကြောင့် အမေအသက်ဆက် ရှင်မယ်၊ ရုန်းကန်မယ်၊ သမီးလေးကို အမေချစ်တဲ့ လူရာဝင်တဲ့ မိန်းကလေးဖြစ်အောင် အမေကြိုးစားမယ်။ ဒါကြောင့် အမေတို့ရန်ကုန်ပြန်ကြမယ်။
ဖြစ်လာသမျှအရာအားလုံးကို ရင်ဆိုင်ဖို့ မိသောင်းဆုံးဖြတ်ထားပြီးသား။ သမီးလေးတစ်ယောက် မှဲ့တစ် ပေါက်အစွန်းအထင်းမရှိစေဖို့ မိသောင်းရဲ့ ခန္ဓာဝဝကြီးနဲ့ အစွန်းကုန်ကာကွယ်သွားဖို့ ဆုံးဖြတ်ထားပြီး သား။ သမီးအပေါ်ပြုမိခဲ့တဲ့ မိုက်ပြစ်တွေအတွက် မိသောင်းတစ်ယောက် အတိုးချပြီးပေးဆပ်ဖို့ ယတိပြတ် ဆုံးဖြတ်ခဲ့ပြီ။ ဒီကတိဟာ ပျောက်ကွယ်သွားမှာမဟုတ်၊ သေချာခိုင်မာလွန်းလှတယ်ဆိုတာ မိသောင်းရင် ထိက အသိဆုံးပါပဲလေ။
>>>>>
မေတ္တာရိပ်မှာအေးချမ်းပါစေ။
ထင်ဒိုင်းအောင်