ထိုနေ့ည

ထိုနေ့ညသန်းခေါင်ယံ ကျွန်တော်တစ်ရေးနိုးလာသည့်အချိန်တွင် အိပ်ရာဘေးငုတ်တုတ်ထိုင်လျှက် တရှုံ့ရှုံ့ငိုနေသည့် ချက်စူ ကိုတွေ့ရသည်။ ည ၉ နာရီအိပ်ရာမဝင်ခင်က ကျွန်တော်နှင့် တရင်း တနှီးစကားပြော၊ ဆွေးနွေးခန်းများဖွင့်ခဲ့ကြတုန်းကအကောင်းသား။ ဘာကြောင့်များငိုနေရပါလိမ့် ဟု တွေးကာ ဖုန်းမီးကိုဖွင့် ကျွန်တော်နိုးနေကြောင်းအသိပေးလိုက်သည်။

“ညီလေး ဘာဖြစ်လို့လဲ”

ဖုန်းမီးရောင် လျှပ်တပြတ်တွင် သူ့မျက်နှာကလေးကို မှိန်ပျပျမြင်ရသည်။

“သား…လက်ကို ဘာကောင်ကိုက်သွားလို့လဲမသိဘူးဆရာ၊ အရမ်းနာတယ်”

“ဟင်၊ ပြစမ်း”

ဖုန်းမီးရောင်က ကျွန်တော်တို့ရှိနေသည့် အခန်းတစ်ခုလုံးကိုမလွှမ်းနိုင်သော်လည်း အကောင်ကိုက်သွား သည့်သူ့လက်ပေါ်ကနေရာကိုတော့ အတိုင်းသားမြင်ရပါသည်။ လက်ခုံပေါ်လက်မနဲ့လက်ညှိုးအောက် နေရာတွင် ဖူးယောင်မို့မောက်တက်၍နေလေသည်။ အနီရောင်သန်း၊ မသန်းကိုတော့သေချာကွဲကွဲပြား ပြားမခန့်မှန်းတတ်။

လျှပ်စစ်မီးလည်းမရှိ၊ ဆေးရုံဆေးပေးခန်းလည်းမရှိ၊ ကျန်းမာရေးမှူးလည်းမရှိသော ထိုနေရာတွင် အရေး ပေါ်ကျန်းမာရေးကိစ္စကိုမည်သို့များကိုင်တွယ်ဖြေရှင်းတတ်ကြပါသလဲဆိုသည့် မေးခွန်းက ခေါင်းထဲဝင် လာသည်။ မောင်ချက်စူ၏ ပြဿနာကို ကျွန်တော်ဘယ်လိုများဖြေရှင်းပေးရပါမည်လဲ။ သူ့လက်က အတော်ကလေးနာကျင်နေပုံရသည်။

“သား ဆရာ့ကိုနှိုးဖို့ အားနာလို့၊ အနာကလည်းနာနေတာနဲ့ကျိတ်ငိုနေတာ”

“ဖြစ်ရမယ်”

ကျွန်တော့်ထံတွင်လည်း ဆေးဝါးဘာညာကပါမလာ၊ ပါရာစီတမောလ်လောက်သာပါပြီး ထိုကဲ့သို့သော အင်းဆက်တစ်ကောင်ကောင်ကိုက်ခြင်းအတွက်ဘာဆေးလိမ်းရ၊ သောက်ရမှန်းလည်းမသိ။ နာရီကို ကြည့်လိုက်တော့ ည ၁ နာရီကျော်နေလေပြီ။ ရွာထဲမှာဆိုင်ရှိပါက ပြဿနာမရှိ၊ သွားနှိုး၍ဝယ်နိုင်သည်။ သို့သော် ရွာထဲမှာလည်း ဘာဆိုင်မျှရှိမနေ။

သူ့အိပ်ရာပတ်ဝန်းကျင်နှင့် ကျွန်တော့်အိပ်ရာပတ်ဝန်းကျင်ကို ဖုန်းမီးထိုးလျက် တရားခံကိုလိုက်ရှာမိ သည်။ မြွေပါးကင်းပါးဆိုပါက ဘယ်လိုလုပ်ကြမလဲ၊ ဘာအကောင်ကိုက်မှန်းတော့ သေသေချာချာ သိ ဖို့လိုတယ်မဟုတ်ပါလား။

“သား ရှာကြည့်ပြီးသွားပြီ မတွေ့ဘူးဆရာ”

“မင်း အမှောင်ထဲမှာရှာတော့ ဘယ်တွေ့မလဲ”

“လရောင်လေးနည်းနည်းတော့ ရှိပါတယ်ဆရာရဲ့”

ပုဆိုးစ,ဖြင့် သူ့ယောင်ကိုင်းနေသော လက်ကိုပွတ်သပ်လျက် ချက်စူက ငိုမဲ့မဲ့ပြောနေပြန်တော့ သနားလည်း သနားရယ်လည်းရယ်ချင်မိသည်။ တောထဲတောင်ထဲ ငှက်ပစ်ထွက်၊ သစ်ပင်တက်၊ ဝါးခုတ်၊ ကွမ်းခြံလုပ် ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူမောင်လူကြမ်းကလေးက အခုလိုအကောင်သေးသေးကလေး၏ ဒဏ်ရာကိုမခံနိုင်ဘူးဆိုတော့အတော်ကိုနာကျင်နေ၍ဖြစ်မည်။ သူ့အနာသက်သာဖို့ ဘာလုပ်ပေးရပါမလဲ အမြန်ဆုံးတွေးတောနေမိသည်။

“လာကွာ၊ အိမ်ရှေ့ထွက်ကြည့်ရအောင်”

ထိုနေရာတွင် ဆက်အိပ်ရန် လိပ်ပြာမသန့်တော့။ ချက်စူ၏ လက်ကိုဆွဲကို အိမ်ကလေး၏ရှေ့ကွပ်ပျစ် နားသို့ထွက်လာခဲ့ကြသည်။ ထို့နောက် ကျွန်တော့် ခရီးဆောင်ကျောပိုးအိတ်တွင်တွဲလောင်းချိတ်ထား သည့် လက်သန့်ဆေးဘူးကိုသတိရသွားသည်။ အိတ်မှဖြုတ်ကာ ချက်စူ၏ လက်ခုံပေါ်သို့ဖျန်းချလိုက် သည်။ အရက်ပျံပါသည်မို့ အကောင်ကိုက်သွားသည့်နေရာအပေါက်ကလေးသေးသေးကလေးထဲကို အရက်ပျံဝင်သွားပုံရသည်။ စပ်သည်ဟုဆိုကာ ခန္ဓာကိုယ်ကလေးကျုံ့သွား၏။ ဒါဆိုမဆိုးဘူး၊ သူ့အနာ အချက်ပြပြီပဲ။ တစ်ဆက်တည်းမှာပဲ ကျွန်တော်ဘာလုပ်သင့်သလဲသဘောပေါက်ခဲ့ပြီ။

သွားတိုက်ဆေးကိုသတိရသွားခြင်းပင်။ ယောင်ကိုင်းနေသည့် ဝက်ခြံဖုပေါ်ကို အိပ်ရာဝင်ခါနီးအချိန်သွား တိုက်ဆေးကလေးတို့ပြီးအိပ်လျှင် မနက်ရောက်သည့်အခါ ဝက်ခြံဖုက ကျုံ့သွားတတ်သည်။ မီးပူ လောင်ခြင်း၊ သွေးစုခဲ၍ အရေပြားညိုမည်းခြင်းများအတွက် သွားတိုက်ဆေးကိုပွတ်လိမ်းတတ်ကြသည်။ ထို့နောက် ပုရွက်ဆိတ်ကိုက်၊ ခြင်ကိုက်၊ ပျားတုပ်ခံရခြင်း ကဲ့သို့သော အရေပြားရောင်ရမ်းယားယံခြင်း တို့အတွက်လည်း သွားတိုက်ဆေးကိုအုံထားတတ်ကြသည်။

“အနာက ယားကျိကျိဖြစ်သလား”

“ဖြစ်တယ်ဆရာ”

ဒါဆိုရင်တော့ သေချာပြီ၊ သွားတိုက်ဆေးကဆေးကောင်းဖြစ်လိမ့်မည်ဟု ကျွန်တော်ယူဆကာ သူ့လက်ခုံ ပေါ်ကိုသွားတိုက်‌ဆေးတစ်ကော်ယူပြီး အုံချလိုက်သည်။ အခန်းထဲမှ အိပ်ရာကိုထုတ်ကာ အပြင်မှာပဲ ဆက်၍ အိပ်လိုက်ကြတော့သည်။ ထို့နောက် ချက်စူ၏အိပ်မောကျသံကိုတခေါခေါကြားရသည်။ နာကျင် မှုတွေ မရှိတော့ဟန်ပင်။

မနက်မိုးလင်း၍ ကျွန်တော်နိုးတော့ မောင်ချက်စူ အိပ်ရာတွင်မရှိတော့ပါ။ ကျွန်တော် မျက်နှာသစ်၊ ကိုယ် လက်သန့်စင်ပြီးသည့်အချိန်တွင် ဒန်ချိုင့်နှစ်ဆင့်ဖြင့် ရောက်ချလာသည်။

“ဆရာ့ဆေးကစွမ်းတယ်ဆရာ၊ နာလည်းမနာတော့ဘူး၊ အရောင်လည်းလျော့သွားပြီ၊ အခုဘာမှမဖြစ်ခဲ့ သလိုအကောင်းအတိုင်းပဲ၊ ဆရာ့အတွက် သားမနက်စာယူလာတယ်”

သူကသာ ဝမ်းသာအယ်လဲပြောနေသော်လည်း ကျွန်တော့်မှာ အတွေးပေါင်းသောင်းခြောက်ထောင် ဖြင့် ရင်လေးနေမိသည်။ အဖွဲ့အစည်းတစ်ခု၏ စီမံကိန်းအရ ဒေသဖွံ့ဖြိုးရေးဆိုပြီး ခဏတာလာရောက်တတ် သည့် ကျွန်တော့်အမြင်အရ ထိုဒေသ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်းအနေနှင့် မည်သို့သော အတိုင်းအတာအထိလုပ်ဆောင်နိုင်ပါမည်လဲ။

မြို့ပြနှင့် မိုင်အားဖြင့်မဝေးလှသောထိုနေရာသည် မိုးတွင်းဆိုလျှင် ကားလမ်းခရီးမပေါက်၊ ဆိုင်ကယ်လမ်း ကကြမ်းလှသည်။ ဒဏ်ရာကြီးကြီးမားမားရ၊ အရေးပေါ်ကျန်းမာရေးဖြစ်လာလျှင် မြို့ကိုဆေးရုံတင်ရန်အ သွား၊ လမ်း၌ပင် အသက်ဆုံးရှုံးရသည့် ဖြစ်ရပ်များမကြာခဏရှိသည်။ ဆင်နင်းခံရ၍ အိမ်ပျက်စီး၊ လူပျက် စီး၊ စိုက်ခင်းများပျက်စီးသည့် အဖြစ်အပျက်ကို လည်းကြုံရသည်။

လယ်နှင့် ကွမ်းစိုက်ခင်းအချို့မှလွဲ၍ ဟင်းသီးဟင်းရွက်ပေါပေါလောလောလည်းမရ၊ အစားအသောက် လည်းရှားပါးသည့် မြို့ပြနှင့်အလှမ်းမဝေးသောထိုနေရာသည် ဖုန်းလိုင်းလည်းမမိပြန်ပါ။ ထို့ကြောင့် ဖုန်း သည် ထိုနေရာအတွက် ဆိုလာဖြင့်အားသွင်းပြီး ဓါတ်မီးသာသာအသုံးပြုရခြင်းသာဖြစ်လေသည်။

“ဆရာ နောက်တစ်ခေါက်ကျရင် လိမ်းဆေးပါဆောင်ခဲ့ဗျို့”

ပြန်ရမည့် ကားပေါ်အတက် ချက်စူ၏ မှာကြားသံကို ဖုန်တထောင်းထောင်းထနေသည့် မြင်ကွင်းဖြင့် လွှမ်းခြုံမြင်ရကာ တာ့တာပြလျှက် ခရီးတစ်ထောက်အဆုံးသတ်ခဲ့ပြန်တော့သည်။