ပန်းနွမ်းတစ်ပွင့်

ဟိုကောင်မလေးမလာတာ ငါးရက်လောက်ရှိပြီ။ ကျွန်တော်စိတ်ပူစ,ပြုလာတယ်။ ပေါ်တာတွေဘာတွေ အဆွဲခံရပြီး စစ်မှုထမ်းထဲပါသွားပြီလားလို့ပဲထင်မိတာ။ အသံကလည်းအမျိုးမျိုးထွက်နေတာကိုး။ ကလေးမကအသက်ကလည်း နှစ်ဆယ်အစိပ်ဝန်းကျင်ဆိုတော့ စိုးရိမ်မိနေတာ။

ခါတိုင်းဆို သူအလုပ်ကပြန်တိုင်းကျွန်တော့်ဆိုင်ရှေ့ကဖြတ်သွားဖြတ်လာလုပ်ပြီးဆိုင်ကိုတစ်ခေါက်တော့ ဝင်လာနေကျ။ အခုလိုဆောင်းတွင်းဆို ချောင်းဆိုးတတ်လို့ဆိုပြီး ပူရှိန်းသကြားလုံးလေးတွေဝယ်နေကျ။ ကျွန်တော်ကတော့ပိုက်ဆံမယူပါဘူး။ နေ့တိုင်းအသွားတစ်လုံးအပြန်တစ်လုံးအလကားကျွေးမယ်၊ ဝင်ယူ နော်လို့မှာထားတတ်တယ်။ သူကလည်း ယူပါတယ်။ တစ်ခါတစ်လေနေမကောင်းဖြစ်ချင်ရင် ပါရာစီတ မောလ်လေးတစ်လုံးတော့ ဝယ်သွားတတ်တယ်။

“လစာထုတ်ရင်မုန့်ဝယ်ကျွေးမယ်နော်” လို့လည်းကတိတွေပေးတတ်တယ်။ လစာထုတ်တိုင်းလည်းစားဖို့ ခေါ်တတ်တယ်။ ကျွန်တော်ကတော့ မစားပါဘူး။ လှိုင်သာယာစက်မှုဇုန်ထဲက အထည်ချုပ်တစ်ခုမှာအ လုပ်လုပ်တဲ့ ကလေးမရဲ့လစာကို ကျွန်တော်တန်ဖိုးထားတယ်လေ။ သူ့မိဘတွေ ညီအစ်ကိုမောင်နှမတွေ ရဲ့ ဝေစုထဲကနေ ကျွန်တော့်ကိုကျွေးမယ့်မုန့်ဖိုးကိုမသုံးစေချင်ပါဘူး။ ဆိုင်မှာ လူခွဲမရှိလို့၊ ဆိုင်ကိုဒီအတိုင်း ထားခဲ့လို့မရလို့ဆိုပြီး ကျွန်တော်ကအကြောင်းပြတယ်။ ဆေးဆိုင်ဆိုတာက မနက်စောစောနဲ့ ညပိုင်းတွေ အရောင်းရဆုံးအချိန်မဟုတ်လား။ ကောင်မလေးလာတတ်တဲ့အချိန်ကလည်း အဲဒီအချိန် (သူအလုပ်သွား၊ အလုပ်ပြန်) တွေဖြစ်နေတတ်တာကိုး။ ကျွန်တော့်အကြောင်းပြချက်ကို ကောင်မလေးက အထင်လွဲသေးတယ်။

“အစ်ကိုက ညီမလေးကိုမခင်ပါဘူး၊ အပြင်ကိုခဏထွက်ဖို့ခေါ်တိုင်းလည်းမလိုက်ဘူး” တဲ့။ ကျွန်တော်က တော့ အဲဒီလိုမဟုတ်ကြောင်း၊ စိတ်ထဲမှာ အမြဲခင်နေကြောင်း၊ ခင်မင်မှုဆိုတာ အပြင်ကိုလိုက်တာမလိုက် တာနဲ့တိုင်းတာလို့မရကြောင်း လေပြေသွေးတော့လည်း ကောင်မလေးကကျေနပ်သွားတယ်။ ပိတ်ရက်ရ ရင် ဆိုင်ကိုပိတ်ပြီး နေ့လည်စာအတူသွားစားဖို့ကိုလည်း သဘောတူညီထားကြတယ်။ ဒီလိုနဲ့ကျွန်တော် တို့နှစ်ယောက် အပြင်မှာတစ်ရက်တွေ့ဖြစ်ကြတယ်။

အဝေးကြီးတော့မဟုတ်ပါဘူး။ လှိုင်သာယာမီးခွက်ဈေးနားက ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်မှာသူ့ကို ကျွန်တော် နေ့လည်စာကျွေးတယ်၊ လက်ဆောင်တချို့ဝယ်ပေးဖြစ်တယ်။ ကလေးမလေးက အားတုန့် အားနာနဲ့ယူရှာတယ်။ လမ်းလျှောက်ရင်လည်း ကျွန်တော့်လက်မောင်းကိုတွဲချိတ်ပြီးအပြုံးလေးတွေဆင် လို့။ သူအရမ်းကိုကျေနပ်နေတယ်ဆိုတာ ကျွန်တော်သိတာပေါ့။

ကျွန်တော်ကိုယ်တိုင်ကလည်း သူက လေးနဲ့ လက်ချင်းချိတ်ပြီးသွားရတာသဘောကျတယ်လေ။ နောက်တော့လည်း ကျွန်တော်တို့နှစ်ယောက် ရဲ့ ရင်းနှီးမှုက ပုံမှန်ထက်အနေအထားတစ်ခုအထိပိုသွားကြတယ်။ ကလေးမလေးအလုပ်သွားချိန် ကျွန်တော့်ဆေးဆိုင်ကိုဝင်ပြီး သွေးပေါင်ချိန်ဟန်ပြတယ်။ ဆန့်တန်းထားတဲ့သူ့လက်ကလေးကို ကျွန်တော်က ဆွဲယူပြီး ဖွဖွလေးနမ်းတယ်၊ အများအမြင်ကတော့ သွေးပေါင်ချိန်တယ်ပေါ့လေ။ အလုပ်က ပြန်တော့လည်း အဲဒီလိုပဲ တစ်ခါလုပ်တယ်။ တစ်နေ့ကိုနှစ်ခါ သူ့လက်ခုံကလေးကို နမ်းရှိုက်ခွင့်ရတယ်။ ကျွန်တော်ကျွေးတဲ့ ပူရှိန်းသကြားလုံးကလေးတွေကိုလည်း သူပုံမှန်စားတယ်။ ကျွန်တော့်ကိုသဘောကျ ကြောင်း၊ အပြင်မှာ တစ်ရက်ထပ်တွေ့လိုကြောင်းလည်း သူစာတိုလေးတွေ ပေးပေးသွားတတ်တယ်။ ဒီ နောက်တော့ ဆိုင်ရှေ့က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုတိုးကြီး ကျွန်တော့်ကိုသတိလာပေးတော့တာပါပဲ။

“အဲဒီကလေးမက စာရိတ္တမကောင်းဘူး၊ စက်ရုံမှာဆိုရင်လည်း ရည်းစားတွေအများကြီးပဲ၊ ကလက်တက် တက်နဲ့ကွာ၊ မင်းအနေအထားကြီးနဲ့ မပတ်သက်ပါနဲ့” တဲ့။ ကျွန်တော်စိတ်ထဲတစ်မျိုးတော့ဖြစ်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ၊ လူတွေကြားထဲမှာ အနေအထား၊ အခြေအနေဆိုတာမျိုးကန့်သတ် ချက်ကို ကျွန်တော်မုန်းတယ်လေ။ ကိုတိုးကြီးရဲ့စေတနာကိုနားလည်ယောင်တော့ပြလိုက်ပေမယ့် စိတ် ထဲမှာတော့ နှင်းဆီဖူးနှုတ်ခမ်းကလေးနဲ့ အသားညိုညို၊ ပိန်ရှည်ရှည်ကလေးမလေးကိုပဲမြင်ယောင်နေ မိတယ်။ အပြစ်ကင်းတဲ့မျက်ဝန်းကလေးနဲ့ ကျွန်တော့်ကို ညှို့နေတာလေးတွေကိုက မျက်စိထဲကကိုမ ထွက်ချင်တော့ဘူး။ အဲဒီလိုနဲ့ပဲ သူပျောက်နေတာငါးရက်တာလောက်ကြာခဲ့တယ်ဆိုပါတော့လေ။

မနေနိုင်လွန်းတော့လည်း ကိုတိုးကြီးကိုပဲ အကူအညီတောင်းရတာပဲ။ ကျွန်တော့်ကို အဲကလေးမနဲ့ပတ် သက်လို့ ဘယ်မှာနေလဲ၊ ဘာလို့ အခုလိုပျောက်ချက်သားကောင်းနေတာလဲ စုံးစမ်းပေးပါဆိုတော့ ကိုတိုး ကြီးက သက်ပြင်းရှည်ချပြီး လုပ်ပေးရှာပါတယ်။

သူနေတဲ့အဆောင်ကို ကျွန်တော်တို့လိုက်သွားကြတယ်။ သူ့နာမည် “သက်ထက်မြတ်နိုး” ဆိုတာကလွဲ လို့ ဘာမှ မသိတဲ့အခြေအနေပေမယ့် အဆောင်ရောက်တော့ ဖြစ်ကြောင်းကုန်စင်ကိုသိရတော့တယ်။

“အမနာပဖြစ်သွားရင်တော့တောင်းပန်ပါတယ်၊ စက်ရုံကကောင်လေးတစ်ယောက်နဲ့ နွယ်နေကြတာ ကြာပြီ၊ ကိုယ်ဝန်တွေဘာတွေရတော့ ဖျက်ချသတဲ့၊ ဖျက်ချတာကလည်း အရပ်လက်သည်ဆိုတော့ က လေးက ကန့်လန့်ခံပြီး တော်ရုံနဲ့ပျက်မကျဘူး၊ အလုံးကလေးဖြစ်နေပြီထင်တယ်၊ ခဏခဏဖျက်ချတော့ အပေါ်ဆောင်ပြီး လူပါထိလာတယ်၊ ဆေးရုံကိုရောက်တော့ အသက်မမီတော့ဘူးလေ၊ ကြိတ်လုပ်နေ တော့ အဆောင်ကလည်းမသိဘူး၊ ရွှေလင်ပန်းထဲက သူ့အမျိုးအိမ်မှာသွားလုပ်တာဆိုပဲ၊ အခုတော့ ရက် လည်တော့မယ်၊ မနက်ဖြန်လား၊ သန်ဖက်ခါလားပဲ”

အချိန်ရက်ပိုင်းကလေးမှာ အဖြစ်အပျက်ကအဲဒီလောက်မြန်ဆန်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အသိပညာ နည်းလွန်းခဲ့ပါရော့လားကလေးမရယ်လို့သာ တိုးတိုးကလေးညည်းမိတယ်။ ကျွန်တော့်စိတ်ထဲမှာ တော့ သူလေးရဲ့ နူးနူးညံ့ညံ့အပြုံးကလေးတွေ၊ ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်သံတွေ၊ အပြစ် ကင်းစင်တယ်လို့ထင်ခဲ့တဲ့ မျက်လုံးကလေးတွေ ကို မြင်ယောင်နေတုန်းပါပဲ။
>>>>>
မေတ္တာရိပ်မှာအေးချမ်းပါစေ။
ထင်ဒိုင်းအောင်