ရန်ကုန်နဲ့ အနီးဆုံးအပန်းဖြေမယ့်နေရာ

ဟိုင်းဝေးလမ်းမပေါ်ကိုမသွားချင်တဲ့သူတွေအတွက် ရန်ကုန်နဲ့အနီးဆုံးအပန်းဖြေမယ့်တစ်နေရာ ကို ကျော် တို့သွားဖြစ်ခဲ့တယ်။ အဝေးကြီးမဟုတ်ပါဘူး။ သန်လျင်တံတားအဆင်းက Excel River View ဆိုတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ရေကူးတာအရမ်းကြိုက် ဟိုဟိုဒီဒီလည်းလျှောက်သွားချင်တဲ့ ကျော်တို့ တွေအတွက်ကတော့ အံကိုက်ပါပဲ။ ဒါပေမဲ့ ပြောစရာလေးတွေရှိပါတယ်။

ဘယ်လိုသွားရသလဲ

သန်လျင်တံတားကနေဆင်းတာနဲ့ညာဖက်မှာ လှမ်းမြင်နေရပါတယ်။ အထဲတော့ခပ်လှမ်းလှမ်းလေး ဝင်ရတယ်ဗျ။ ကားရပ်မယ့်နေရာလည်းရှိတယ်။ တံတားအဆင်းမှာ ဟိုတယ်နာမည်ပြောပြီးမေးရင်ရပါ တယ်။ ကားမမောင်းချင်ဘူးဆိုရင်လည်း လိုင်းကားနဲ့သွားနိုင်ပါတယ်။ သန်လျင်တံတားအဆင်းကမှတ် တိုင်မှာဆင်းပြီး ဆိုင်ကယ်ကယ်ရီဂိတ်မှာ အဲဒီဟိုတယ်ကိုသွားချင်ပါတယ်လို့ပြောရင်လိုက်ပို့ပေးပါ တယ်။ နှေးရင် ဆယ်မိနစ်လောက်ပါပဲ။ ကယ်ရီခ တစ်ယောက်ကို ငါးရာပေးရပါတယ်။ လမ်းလျှောက် ချင်တယ်ဆိုလည်း အေးအေးလူလူလမ်းလျှောက်လို့လည်းရပါတယ်။ ဒါပေမဲ့ လူ ပြတ်တယ်။ ခြေလှမ်းမြန်မြန်လျှောက်မယ်ဆိုရင်တောင် မိနစ်နှစ်ဆယ် အနည်းဆုံးပဲ။ ဒီတော့ လူနည်းရင် ဆိုင်ကယ် ကယ်ရီ ဒါမှမဟုတ် ကိုယ့်ကားလေးနဲ့ကိုယ်သွားဖို့ မျှဝေပါရစေ။

အဲဒီမှာ ဘာတွေလုပ်လို့ရသလဲ

ဟိုတယ်က တစ်ချို့အဆောက်အဦတွေဆောက်လက်စပဲရှိပါသေးတယ်။ Reception ကိုအရင်သွား ပြီး အခန်းတည်းဖို့လုပ်တော့ လိုက်ပို့ပေးပါတယ်။ အခန်းထဲမှာရေခဲသေတ္တာ၊ Mini bar၊ TV စသည် ဖြင့် အင်္ဂါရပ်စုံစုံလင်လင်ထားထားပေးပါတယ်။ ခဏတစ်ဖြုတ်အနားယူပြီးရင် ဘယ်လိုကဲရမလဲနေရာ ရှာကြည့်တော့ ကျော်တို့အကြိုက် ရေကူးကန်ကျယ်ကြီးကဆွဲဆောင်နေပါတယ်။ ဘယ်လောက်ကျယ် သလဲ သေသေချာချာမတိုင်းကြည့်ခဲ့ပေမယ့် တက္ကသိုလ်ရေကူးကန်သုံးလေးဆလောက်အထိကျယ်ပါ တယ်။ ရေကူးကန်ကို ကန်အနေနဲ့သာမဟုတ်ဘဲ ကမ်းခြေလိုပုံစံဖြစ်အောင် ဒီဇိုင်းအလှဆင်ထားပါ တယ်။ ကလေးကန်ဖက်မှာအရုပ်လေးတွေနဲ့ ကလေးတွေစိတ်ကြိုက်ဖန်တီးထားပြီး လူကြီးကန်မှာ တော့ရေပြင်က တစ်ပြေးညီဖြစ်ပါတယ်။ ရေကူးကန်ရဲ့ဘေးမှာတော့ ကျော်တို့ စတင်ရောက်လာတဲ့ Reception နဲ့တွဲရက်ခန်းမကျယ်ရှိပါတယ်။ အဲဒီမှာ မင်္ဂဆောင်၊ ညစာစားပွဲ၊ အခမ်းအနား ဘာညာလုပ် လို့ရပါတယ်။ ရေကူးတာကတော့အမိုက်စားပဲဗျို့။ အကြိုက်ဆုံးပဲ။

ရေအတော်ကြာကူးပြီးတဲ့နောက်မှာ ဗိုက်ကဆာလာတော့ ညနေစာကို ခပ်ရိုရိုလေးစားဖြစ်ကြပါတယ်။ သံလျင်မြစ်ကိုကြည့်ပြီး ညစာစားလို့ရအောင်ဆောက်ပေးထားတဲ့ အဆောက်အဦရှိတာကြောင့် အဲဒီမှာထိုင်ပြီးညစာစားကြတာပေါ့။ ညနေခင်းမြစ်မြင်ကွင်း၊ လေတဖြူးဖြူးနဲ့ နည်းနည်းပါးပါးသောက် ရင်တော့ ရီဝေဝေပေါ့။ အစားအသောက်ကတော့ ပုံမှန်ဟိုတယ်အစားအသောက်နဲ့သိပ်ထူးမခြားနား ပါပဲ။ ဘီယာဘာညာလည်းရပါတယ်။ ညဖက်ဆိုတော့ သန်လျင်ထဲကိုသွားစားရင်လည်းနည်းနည်း လှမ်းတာမို့ အဲဒီမှာမြစ်ရှုခင်းကိုကြည့်ပြီးစားတာပိုကောင်းပါတယ်။

နှုန်းထားတွေ

ဟိုတယ်မှာမတည်းဘဲရေလာကူးလို့ရပါတယ်။ နှုန်းထားက ၇၀၀၀ ပါ။ အဲဒီနှုန်းထားတာ နည်းနည်း များတယ်လို့ထင်ပါတယ်။ ရေကန်အပြင်အဆင် သန့်ရှင်းသပ်ရပ်မှုကတော့ ရာနှုန်းပြည့်ကောင်းပါ တယ်။ ဟိုတယ်မှာတည်းတဲ့သူဆိုရင်တော့ အခမဲ့ကူးနိုင်ပါတယ်။ အစားအသောက်စျေးတွေလည်း မဆိုးပါဘူး။ ပထမတစ်ခေါက်တုန်းက သန်လျင်ထဲကပွင့်ထမင်းဆိုင်မှာသွားစားတဲ့နှုန်းထားနဲ့ အဲဒီမှာ စားတဲ့နှုန်းထားဟာ အဲဒီမှာကပိုသက်သာပါတယ်။ အဲဒီတော့ အစားအသောက်စျေးနှုန်းကမဆိုး လှဘူးလို့မြင်မိပါတယ်။ (မှာတာတော့ကြာတယ်) တည်းခိုခတွေကတော့ အစိုးရရုံးပိတ်ရက်၊ စနေ၊ တနင်္ဂနွေဆိုရင် ၃၂၀၀၀ နဲ့ ၄၀၀၀၀ ပါ။ ကြားရက်ဆိုရင်တော့ ၃၀၀၀၀ နဲ့ ၄၀၀၀၀ ဖြစ်ပါတယ်။ အခန်းထဲမှာပါတဲ့ပစ္စည်းတွေကတော့ အတူတူဖြစ်ပြီး အခန်းအပြင်အဆင်ပဲကွာ ပါတယ်။ တစ်ခန်းကို နှစ်ယောက်ဖြစ်ပြီး Extra Bed ထည့်လို့လည်းရပါတယ်။ အခန်းတွေကိုတော့ တစ်ခန်းနဲ့တစ်ခန်းကပ် ရက်ဆောက်ထားပြီး ကိုယ့်အခန်းရှေ့မှာပဲကားပါကင်ထိုးနိုင်ပါတယ်။

ဝန်ဆောင်မှုတွေအပေါ် ကျော့်အမြင်

ကျော့်တစ်ယောက်တည်းအမြင်ကတော့ နေရာလေးအရမ်းမိုက်ပါတယ်။ အပန်းဖြေလို့ကောင်းတယ်။ ရေကူးကန်ကတော့ အမိုက်စားပဲ။ ဒါပေမဲ့ ဝန်ဆောင်မှုပိုင်းအများကြီးလိုနေပါသေးတယ်။ ဥပမာ အခန်းသော့ယူပြီး ဝန်ထမ်းတွေလိုက်လာပေးမှာကိုတော်တော်ကြာကြာစောင့်ရတာမျိုး၊ အစားအ သောက်မှာတဲ့အခါ ကြာမယ်ဆိုတဲ့အတိုင်း အတာထက်ပိုကြာတာမျိုးတွေရှိပါတယ်။ ဝန်ထမ်းတွေကို အပြစ်မပြောလိုပေမယ့် သူတို့ဟာ Training ကောင်းကောင်းမတက်ထားမှန်းသိသာပါတယ်။ ကျော်တို့ တည်းတဲ့အခန်းမှာ ရေချိုးခန်း Shower ခလုတ်ကဟောင်းနွမ်းနေပြီမို့ ဟိုတယ်အနေနဲ့မထား သင့်တော့ပါဘူး။ တံခါးလက်ကိုင်တွေလည်းသိပ်မကောင်းတော့တာတွေ့ရပါတယ်။ အခန်းတွေက တစ်ခန်းနဲ့တစ်ခန်းကပ်နေတာကိုတော့သိပ်သဘောမကျမိပါဘူး။ ကျော်က ဘန်ဂလို Type ကိုပိုကြိုက် လို့ဖြစ်မှာပါ။ ကျန်တဲ့နေရာ အနေအထားကတော့ မိုက်ပါတယ်။

အခြားလည်စရာတွေလည်းသွားချင်သွားကြတာပေါ့

သန်လျင်ရောက်ပြီဆိုမှတော့ အခြားလည်စရာနေရာတွေသွားချင်လည်းသွားနိုင်မှာပါ။ ငဇင်ကာအုတ် ဂူ၊ ကျိုက်ခေါက်ဘုရားနဲ့ ထန်းရည်ဆိုင်ဘာညာသွားနိုင်ပါတယ်။ ကျော်တို့ကတော့ အပန်းဖြေရုံသပ် သပ်သွားတာမို့ ဘယ်မှတော့မလည်ခဲ့တော့ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါသွားရင်တော့ ဟိုတယ်ချက်ကင်ဝင် ပြီးရင် ထန်းရည်ဆိုင်သွားနည်းနည်းပါးပါးမြည်းစမ်းပြီးညနေစောင်းပြန်လာ၊ ရေကူးကန်မှာအမုန်းကူး၊ ညစာကို သံလျင်မြစ်ဘေးမှာ ရေပြင်ကျယ်၊ တံတားတွေကို ကြည့်ပြီးစားသောက်။ မနက်ကျရင်တော့ ကျိုက်ခေါက်ဘုရားတက်ဖူးပြီးမှ Check Out ထွက်ဖို့စဉ်းစားထားပါတယ်။

ကဲ..မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
×××××