ဒီတစ်ခေါက် နေပြည်တော်ကိုအလုပ်ကိစ္စနဲ့ရောက်တော့ လှေခွင်းတောင်ကိုသွားလည်ဖြစ်ခဲ့ပါတယ်။ ပျဉ်းမနားကနေ မိနစ် (၂၀)၊ နာရီဝက်လောက်သွားရင် လှေခွင်းတောင်ကိုရောက်ပါတယ်။ အေးအေး လူလူ ဘုရားလည်းဖူး ရေလည်းကူး အပန်းလည်းဖြေမယ်ဆိုရင်တော့ သွားသင့်တဲ့နေရာလေးပါ။
လှေခွင်းတောင်ဆိုတာ
သိုက်နန်းရှင်တွေနဲ့ ရွှေလှေငွေလှေတွေခွင်းဝင်ပျောက်ကွယ်သွားတာကိုအကြောင်းပြုလို့အဲဒီတောင် ကို လှေခွင်းတောင်လို့ခေါ်ကြပါတယ်။ ရွှေလှေငွေလှေတွေ ထွင်းဝင်သွားတဲ့ ကျောက်ကွဲကြီး ဟာ ညီညီညာညာ ပိုင်းဖြတ်ထွင်းဖောက်ထားတာနဲ့တူနေတာကိုအကြောင်းပြုပြီး လှေထွင်းတောင်လို့ လည်းခေါ်ကြပါတယ်။ တစ်ခါ အဲဒီတောင်တော်နဲ့ နှစ်မိုင်ပတ်လည်မှာ ဆောင်းရာသီဆိုရင်အခြားဒေသ တွေနဲ့မတူဘဲ ထူးထူးခြားခြားလေတိုက်တတ်လို့ လေတွင်းတောင်လို့လည်းခေါ်ကြတယ်လို့သိရပါတယ်။

သမိုင်းရာဇဝင်မှာတော့ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ရွာ အနီးမှာရှိတယ်လို့ပြောထားပေမယ့် လက်ရှိမှာတော့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာမှာရှိပါတယ်။ လှေခွင်းတောင်လို့ဆိုလိုက်တာနဲ့ လှေခွင်းတောင်ဘုရား၊ ပေါင်း လောင်းဆည်တို့အကြောင်းကိုမပါမဖြစ်ပြောပြရမှာပါ။ လှေခွင်းတောင်သမိုင်းကတော့ ပုဂံပြည်အနော် ရထာမင်းလက်ထက် အရည်းကြီးတို့အယူဝါဒလွှမ်းမိုးမှုကနေအစပြုပါတယ်။ အသေးစိတ်ကိုတော့ ဘုရားပေါ်ကိုရောက်တဲ့ အခါ လှေခွင်းတောင်သမိုင်းစာအုပ်မှာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ လှေကား ထစ်လေးတွေတစ်ထစ်ချင်းတက်ရင်း ကြည်ညိုဖွယ်ရာ လှေခွင်းတောင်ဘုရားကိုဖူးမျှော်နိုင်မှာဖြစ်ပါ တယ်။ တောင်ပေါ်ကနေမြင်ရတဲ့မြင်ကွင်းကလည်းအရမ်းအေးချမ်းပါတယ်။ ဆိတ်ငြိမ်တဲ့နေရာလေး တစ်နေရာကိုရောက်နေရတဲ့ခံစားမှုပါပဲ။
ဘယ်လိုသွားမလဲ
ကားငှားသွားတာအကောင်းဆုံးပါပဲ။ ပျဉ်းမနားကနေငှားရင် အသွားအပြန် တစ်သောင်းခွဲပေးရပါတယ်။ ဟိုတယ်ဇုန်ကနေသွားမယ်ဆိုရင်တော့ သုံးသောင်းလောက်ကျပါလိမ့်မယ်။ ဆိုင်ကယ်မောင်းတတ်ရင် တော့ ဆိုင်ကယ်နဲ့သွားလည်းရပါတယ်။ ကျော်တို့ကတော့ ဆိုင်ကယ်လည်း မမောင်းရဲတာနဲ့ကားငှားပြီးတော့ပဲလာခဲ့ကြပါတယ်။ ခရီးကအရမ်းကြီးမဝေးပါဘူး။ လမ်းလည်းကောင်း ပါတယ်။
လှေခွင်းတောင်မှာ လည်စရာ
မရောက်ခင်လမ်းမှာ သစ်ပင်တန်း နဲ့ ကတ္တရာလမ်းဖြူးဖြူးကိုနောက်ခံထားပြီး ဓါတ်ပုံရိုက်လို့အကောင်းဆုံးပဲဗျို့။ ကားလမ်းမပေါ်ထိုင်ပြီးဓါတ်ပုံရိုက်မလား (ကားအသွားအလာတော့ သတိထားပေါ့နော့)၊ အပင်တွေအစီအရီနဲ့ရိုက်မလား ပုံကောင်းတွေချည်းပါပဲ။ သစ်ပင်တန်းတွေကိုဖြတ် သန်းပြီးတဲ့အခါမှာတော့ လှေခွင်းတောင်ကိုမြင်ရပါပြီ။ တောင်ခြေမှာ ကားရပ်ပြီး တောင်ပေါ်ကိုလှေ ကားထစ်လေးတွေအတိုင်းတက်လာကာ ဘုရားဖူးမျှော်နိုင်ပါပြီ။ တောင်ပေါ်ကနေ မြင်ရတဲ့မြင်ကွင်း က တော်တော်အေးချမ်းပါတယ်။
တောင်ပေါ်ကနေဆင်းပြီးတဲ့အခါမှာတော့ ပေါင်းလောင်းဆည်လှေဆိပ်မှာရေကစားပျော်ပါးနိုင်ပါပြီ။ ဆည် (မြစ်ဆိပ်) ကို သစ်သားတံတားလေးနဲ့ဖြတ်ထားပါတယ်။ မြစ်ရဲ့ဒီဘက်ရော ဟိုဘက်မှာပါရေ ကူးနေကြသူတွေတွေ့ရပါတယ်။ အဲဒီသစ်သားတံတားလေးပေါ်လမ်းလျှောက်လို့ကောင်းပါတယ်။ ပင် ပန်းရင် နားစရာထိုင်ခုံလေးတွေလည်းရှိတယ်ဗျ။ တံတားနာမည်က ရွှေပေါင်းလောင်းတံတားလို့ခေါ်ပြီး ကျည်တောင်-သာယာဝှမ်း လို့ရေးထားပါတယ်။ တံတားပေါ်ကို ဆိုင်ကယ်၊ စက်ဘီးစီးမသွားရတာမို့ တွန်းသွားကြတာတော့ စည်းကမ်းရှိရှိတွေ့ရမှာပါ။ (စကားမစပ် ဦးပိန်မှာတော့ အဲလိုမဟုတ်ဘူးနော့)
မြစ်ဆိပ်တစ်ဖက်တစ်ချက်စီမှာ ဆိုင်လေးတွေရှိပါတယ်။ ကျော်တို့ကတော့ တံတားပေါ်လမ်းလျှောက် ပြီး ကားရပ်ထားတဲ့နေရာကိုပြန်မလာဘဲ တစ်ဖက်ကမ်းမှာပဲဆိုင်ထိုင်ဖြစ်ခဲ့ပါတယ်။ ဆိုင်မှာ ရေနွေး ကြမ်းနဲ့ငါးကြော်ရောင်းပါတယ်။ ငါးကြော်ခပ်ကြီးကြီးလေးကောင်ကိုနှစ်ထောင်၊ ပုဇွန်တုတ်ခပ်သေး သေး တစ်ပန်းကန်ကိုနှစ်ထောင်ပဲပေးရတယ်ဗျ။ ငါးကြော်၊ ပုဇွန်ကြော်စားရင်း ရေ နွေးသောက်ရင်း မြစ်ဆိပ်ရဲ့ညနေခင်းရှုခင်းကိုငေးနိုင်ပါတယ်။ တံတားပေါ်က နေလည်း ဆည်းဆာမြင်ကွင်းကိုကြည့်နိုင်ပါတယ်။ ရေကူးဘောင်းဘီထည့်သွားပြီးရေကူးလို့လည်း ရ ပါတယ်။
အဲဒီကိုရောက်တဲ့ခံစားမှုက အညာမြေကျေးလက်တစ်နေရာကိုရောက်နေတယ်ဆိုတဲ့ခံစားမှုနဲ့ တူတယ် ဗျ။ ဆိတ်ငြိမ်သာယာတယ်။
မေတ္တာရိပ်မှာ အေးချမ်းပါစေ။ တိမ်တိုက်ထွန်း
×××××