ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့လို့ဆိုလိုက်တာနဲ့ ဆေးပေါင်းချိုးတဲ့အလေ့အထကိုမြင်မိကြမယ် ထင်ပါတယ်။ အခုချိန်အထိကျော် သွားလာလှည့်ပတ်ဖူးသမျှနေရာတွေ ထဲမှာ ကျောက်မဲမြို့ မှာ ဆေး ပေါင်းချိုးခဲ့တာအမှတ်တရတစ်ခုဖြစ်လို့့နေပါတယ်။
ဆေးပေါင်းချိုးတယ်ဆိုတာ
ကျောက်မဲမြို့ရဲ့နေရာအသီးသီးမှာ ဆေးပေါင်းရုံလေးတွေရှိပါတယ်။ လေးငါးပေပတ်လည်အကျယ်နဲ့ လူတစ်ရပ်စာကျော်ကျော်လောက်သာရှိတဲ့ဆေးပေါင်းရုံလေးတွေတန်းစီးထားပြီး အဲဒီရုံလေးတွေကို တာလပတ်တွေနဲ့လုံအောင်သေချာဖုံးအုပ်ထားကြပါတယ်။ ရုံလေးတွေထဲမှာတော့ ခပ်မြင့်မြင့်မှာ ပျဉ်ပြားထူထူတွေ ခင်းထားပြီးတစ်ချို့နေရာတွေကိုအဝိုင်းပေါက်ေ လးတွေဖောက်ထားပါတယ်။ ဆေးပေါင်းရုံတစ်ရုံချင်းစီ ဆီမှာ ရေဇလုံအကြီးကြီးတွေနဲ့ရေခွက်တွေ၊ လာချိုးတဲ့သူထိုင်ဖို့ သစ်သားထိုင်ခုံတွေအဆင်သင့်ထား ပေးထားပါတယ်။ ရေဇလုံပေါ်မှာ ရေဖွင့်ချဖို့ရေပိုက်ခေါင်းရှိတာ ပေါ့။ ဆေးပေါင်းရုံအနီးတစ်ဝိုက်မှာတော့ ရေတိုင်ကီတွေကိုတုံးလုံးလှဲ အနေအထားနဲ့ထားပြီး တိုင်ကီထဲမှာတော့ ဆေးမြစ်စုံပေါင်းထားတာ အပူတဟုန်းဟုန်းနဲ့ပါ။ တိုင်ကီထဲ ကနေ ဆေးပေါင်းရုံလေးတွေဆီကို ပိုက်တွေနဲ့အလျှိုလျှိုသွယ်တန်းထားပြီး ဆေးမြစ်စုံပေါင်းတဲ့အငွေ့ အသက်တွေကိုတိုက်ရိုက်ရောက်စေတာဖြစ်ပါတယ်။
ကျော်တို့ဆေးပေါင်းလာချိုးတာလို့ပြောလိုက်တာနဲ့ ပိုင်ရှင်က ဆေးပေါင်းရုံတွေဆီကိုလိုက်ပို့ပေးပါ တယ်။ ရေချိုးတဲ့အဝတ်အစားလဲပြီး တာလပတ်ကို ခပ်ဟဟလေးလုပ်ကာ ဆေးပေါင်းရုံထဲ ကိုဝင်ရပါတယ်။ ရုံထဲက သစ်သားထိုင်ခုံလေးထဲမှာထိုင်နေရင်းနဲ့ တိုင်ကီကနေလွှတ်တဲ့ဆေးပေါင်း အငွေ့အသက်တွေကိုစတင်ရှုရှိုက်မိပါတယ်။ အဲဒီနောက် အငွေ့တွေကကျော်ထိုင်နေတဲ့ဆေးပေါင်းရုံ လေးတစ်ခုလုံးဖုံးအုပ်သွားပြီး ခပ်နွေးနွေးအနေအထားက နေ ပိုနွေး ပိုပူလာပါတယ်။ ဒီတော့ ခန္ဓာကိုယ်တွင်းကချွေးစေးတွေထွက် လာပါတော့တယ်။ ချွေးတွေပြန်လာရင် ပိုက်ခေါင်းကိုဖွင့်ရေလောင်းချိုးရပါတယ်။ ဆေးပေါင်းငွေ့တွေ အရမ်းများတယ်၊ အရမ်းပူလာတယ်လို့ခံစားရရင်တော့ အပြင်ကိုအော်ပြောပြီး အပူလျှော့ခိုင်းလို့ရပါ တယ်။ ချွေးတွေပြန်လာလိုက် ရေခပ်ချိုးလိုက် ချွေးတွေပြန်လာလိုက်ရေခပ်ချိုးလိုက်နဲ့နောက်ဆုံးခန္ဓာ ကိုယ်ပေါ့ပါးသွားပြီလို့ခံစားရရင်တော့ တော်ပြီဗျို့လို့ပြောပြီး ပြန်ထွက်နိုင်ပါပြီ။
ဆေးပေါင်းထဲမှာဘာတွေပါဝင်သလဲ၊ ဆေးပေါင်းချိုးခြင်းကဘာအကျိုးရစေသလဲ
တိုင်းရင်းဆေးမြစ်ပေါင်းစုံကိုပေါင်းထားတာဖြစ်ပါတယ်။ အဲဒီဆေးပေါင်းအိုး (တိုင်ကီ) ထဲမှာ တောရှောက်မြစ်၊ ဂျင်း၊ သက်ရင်းကြီးရွက်၊ တောဇီးဖြူ၊ မိသလင် အစရှိတဲ့အမယ်ပေါင်းစုံပါဝင် ပါတယ်။ ဆေးပေါင်းချိုးဖို့အတွက်ရည်ရွယ်ပြီး အိတ်ကြီးအိတ်ငယ်အသွယ်သွယ်နဲ့ဝယ်လှောင်ထားရတာ လို့ဆိုပါတယ်။ တစ်မယ်ချင်းစီဝယ်စရာမလို ဘဲ တစ်ခါတည်းအမယ်ပေါင်းစုံပါပြီးသားအိတ်ကိုဝယ်ရတာလို့ ကျော်တို့သွားချိုးတဲ့နေရာက ဆိုင်ရှင်က ပြောလိုက်တယ်ဗျ။ အဲဒီအိုးကြီး (တိုင်ကီ) ထဲမှာ ဆေးမြစ်စုံပေါင်းရာချီပါတယ်တဲ့လေ။
အဲဒီလိုချိုးခြင်းက ပုံမှန်ခန္ဓာကိုယ်သန့်စင်ပြီးရေချိုးတာထက်အကျိုးထူးခြားတယ်လို့ဆိုပါတယ်။ ဆေး ပေါင်းက ခန္ဓာကိုယ်ထဲမှာရှိသမျှအပူအပုပ်တွေကိုကင်းစင်စေတယ်။ တိုင်းရင်းဆေးတွေရဲ့အာနိသင်ကြောင့်လူ ကိုပိုမိုလန်းဆန်းစေတယ်။ ခန္ဓာကိုယ်ပေါ့ပါးစေပါတယ်။ ကိုယ်တွေ့ပါပဲ။ တစ်ချို့တွေက ဆေးပေါင်းချိုး ပြီးရင်ခေါင်းမူးတာတွေရှိတတ်တာမို့ အစာမစားတာအကြာကြီးဖြစ်နေရင်မချိုးဖို့ အိပ်ရေးပျက်နေရင်မ ချိုးဖို့တော့ အချင်းချင်းပြောနေကြပါတယ်။
ဆေးပေါင်းချိုးခကတစ်ယောက်ကိုတစ်ထောင်ပဲကျပါတယ်။ နေ့တိုင်းတော့ချိုးလို့မကောင်းဘူးပေါ့။ ရောက်တုန်းရောက်ခိုက်လေးတစ်ပတ်တစ်ခါလောက်ဆိုတော် ပါပြီနော့။ ကျောက်မဲမြို့ကအရမ်းအေးတဲ့မြို့ထဲမှာပါတော့ ရေအေးမချိုးနိုင်ရင်လည်းဆေးပေါင်းသွား ချိုးလို့ရတာပေါ့ဗျာ။
ကျောက်မဲမြို့အကြောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်မှာတည်ရှိပါတယ်။ ရှမ်းဘာသာစကားနဲ့ ကုန်းမဟင်လံလို့ခေါ် တယ်လို့သိရပါတယ်။ မြို့အကျယ်က ဧရိယာစတုရန်း ၂ မိုင်နီးပါးရှိပါတယ်။ လူဦးရေ လေးသောင်းနီးပါးနေထိုင်ပြီး အများစုက ကျော်တို့လိုပဲ ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး အရမ်းဖော်ရွေကြပါတယ်။ ခရစ်သက္ကရာဇ် ၁၉၀၂ မှာ ကျောက်မဲမြို့ဖြစ်လာ တာဖြစ်ပြီး အရင်တုန်းကဆိုရင်လမ်းပမ်းဆက်သွယ်ရေးအချက်အချာမြို့တစ်မြို့ဖြစ်တယ်လို့သိရပါ တယ်။ လက်ဖက်အများဆုံးထွက်ပြီး မြို့နဲ့ခပ်လှမ်းလှမ်းလက်ဖက်စိုက်ခင်းတွေရှိပါတယ်။ စျေးဝယ်လို့ ကောင်းအစားအစာကောင်းတွေရှိ တယ်ဗျ။
အွန်လိုင်းပေါ်ကအချက်အလက်တွေအရတော့ သီပေါစော်ဘွားဆာစောချယ်၊ လားရှိုးအရေးပိုင် မစ္စတာသွန်မဆင်၊ ကျွဲကုန်းနယ်ပိုင်ကြီး ဦးခွန်ထွန်း၊ ကျောက်မဲကြီးရွာနယ်ပိုင်ကြီးဦးဆံမူးတို့က မြို့ကို ပန္ဒက်ရိုက်ပေးခဲ့တယ်လို့ပြောပါတယ်။ မြို့ပိုင်နှစ်ဦးက သူ့အပိုင် ကိုယ့်အပိုင်မှာတည်စေချင်လို့ အငြင်း ပွားကြရာကနေ နောက်ဆုံးမှာ အဲဒီမြို့နှစ်မြို့ကြား စျေးသစ်နေရာကိုရွေးလိုက်ပြီးအခုကျောက်မဲမြို့ကို တည်ခဲ့တာလို့ဆိုပါတယ်။

ဘယ်လိုသွားရသလဲ၊ လည်စရာဘာရှိသလဲ
ရန်ကုန်-ကျောက်မဲကားတိုက်ရိုက်ရှိပါတယ်။ ပြင်ဦးလွင်ကနေပြီးတစ်ဆင့်လည်းလာကြပါတယ်။ များ သောအားဖြင့်တော့ကျောက်မဲမြို့ကို တကူးတကတိုက်ရိုက်လာတဲ့သူရှားပါတယ်။ လားရှိုး-မူဆယ် ဘက်ကိုသွားလည်တဲ့အခါ လမ်းတစ်ထောက်အဖြစ်ကျောက်မဲမှာနားလေ့ရှိကြတယ်။ လည်စရာနေ ရာတွေအနေနဲ့ ဘိုးဘိုးအောင်ဘုရား၊ ထုံးဘိုတောင်ဘုရား၊ တောင်ပေါ်ဘုရားနဲ့ ပြည်လုံးချမ်းသာစေတီ တော်တို့ရှိပါတယ်။ ကိုးမြို့ရှင်နတ်ကွန်းလည်းထင်ရှားတယ်ဗျ။
ကျော်ကတော့ စိန္တာမုနိစေတီကိုသွား တောင်ပေါ်ရှုခင်းကြည့်ခဲ့တယ်။ လိမ္မော်ခြံတွေဆီကိုလည်းသွားခဲ့ သေးတယ်။ ဒါပေမဲ့ လိမ္မော်သီးတွေကအားသိပ်မကောင်းဘူး။ လက် ဖက်ခင်းသွားဖို့ကြိုးစားခဲ့ပေမယ့် နည်းနည်းလှမ်းတာကြောင့် လိမ္မော်ခင်းထဲမှာ ညှပ်စိုက်ထားတဲ့ လက်ဖက်ပင်ဖားဖားကြီးတွေကို ကြည့်ပြီး နှစ်သိမ့်ခဲ့ရတယ်။ သဘာဝပတ်ဝန်းကျင်ကိုနှစ်သက်ရင်တော့ အဲဒီမြို့လေးဟာလည်လို့ကောင်းပါတယ်။ တောင်ပေါ်လမ်းလေးတွေကိုလျှောက်၊ အေးမြတဲ့လေကို တဝကြီးရှုရှိုက်ရင်းပေါ့။
မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
×××××