ဂဝံယဉ်ကျေးမှုလက်ရာများထွန်းကားရာ ကျိုက်ထီးဆောင်းစေတီ

ကျိုက်ထီးဆောင်းကို ပထမတစ်ကြိမ်ရောက်တုန်းကတော့ ပုံမှန်စေတီတစ်ဆူကို သွားရောက်ဖူးမျှော်ရုံ အဆင့်ပါပဲ။ ကျိုက်ဆိုတဲ့နာမည်ပါတဲ့ဘုရားတွေက မွန်ဘုရားတွေဆိုတဲ့အသိကလွဲရင် ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ဒုတိယအကြိမ်မြောက် ကျိုက်ထီးဆောင်းကိုရောက်တဲ့အချိန်မှာတော့ အဲဒီထက်ပိုခဲ့ ပါပြီ။ ကျိုက်ထီးဆောင်းဆိုတာ မွန်တို့ရဲ့ယဉ်ကျေးမှုတည်ရှိရာ၊ အနုပညာလက်ရာတွေရှိတဲ့နေရာ တစ်ခု ဆိုတာ သိလာခဲ့ပါတယ်။

ကျိုက်ထီးဆောင်းဘယ်မှာရှိသလဲ၊ ဘာတွေရှိသလဲ

ကျိုက်ထီးဆောင်းဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာမှာရှိပါတယ်။ ရန်ကုန်က နေ ဘားအံကားစီးရင် လမ်းမှာ ဘီးလင်းမှာဆင်းလို့ရပါတယ်။ ခရီးသွားလုပ်ငန်းတွေကတော့ ဇင်းကျိုက် ရေတံခွန်ခရီးစဉ်မှာ ကျိုက်ထီးဆောင်းကိုတစ်ထောက်နားပြီးဖူးစေပါတယ်။ တကယ်တော့ ကျိုက်ထီး ဆောင်းဟာ တကူးတကသွားရောက်လေ့လာသင့်တဲ့နေရာမှန်း မြန်မာသမိုင်းနဲ့ရှေးဟောင်းယဉ်ကျေး မှု ဒီပလိုမာသင်တန်းတက်မှသိခဲ့ရတယ်။ စေတီတစ်ဆူ၊ ဘုရားတစ်ဆူမျှမကပါဘူး။ လေ့လာစရာ ဂဝံ လက်မှုပညာတွေအပြည့်ရှိနေတာကြောင့်ပါ။ ကျိုက်ဆိုတာ ဘုရား၊ ထီးဆောင်းဆိုတာကတော့ ဗဟို မဏ္ဍိုင်ပြုပြီးထီးဖွင့်တယ်လို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။ ကျိုက်ထီးဆောင်းစေတီကိုဖူးမျှော် ကြည့်လိုက်ရင် ဘယ်ဘက်ကနေကြည့်ကြည့် ထီးတော် ဟာ တည့်မတ်မနေဘဲ စောင်းစောင်းလေးဖြစ် နေတာကြောင့် ထီးစောင်းဘုရားလို့လည်းအမည်တွင်ဖူးပါသတဲ့။ မြန်မာသက္ကရာဇ် ၁၃၃၅ ခုမှာ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ပညာဒီပက အဓိဋ္ဌာန်ပြုပြီး ထီးတော်အသစ် တင်လှူခဲ့ ပါတယ်။ ဒါကြောင့် အရင်ထီးတော်တွေလို စောင်းမနေတော့ ဘဲ တည့်မတ်သွားတာကြောင့် ကျိုက်ထီး ဆောင်းစေတီဆိုပြီးနာမည်သစ်တွင်ခဲ့တယ်လို့ဆိုပါတယ်။ အရှေ့ဘက်မုခ်မှာ ရဟန္တာညီနောင်နှစ်ပါး၊ အနောက်ဘက်မုခ်မှာ နတ်ညီတောင်၊ တောင်ဘက်မုခ်မှာ နတ်ဘီလူးညီနောင်နဲ့ မြောက်ဘက်မုခ်မှာ ၀ိဇ္ဇာညီနောင်ရုပ်တို့ရှိပါတယ်။ ကျိုက်ထီးဆောင်းတည်ရှိနေတဲ့နေရာဟာ မြတ်စွာဘုရားဆံတောင်ရှင်နဲ့ သွားတော်ဓါတ် တို့ကိန်းဝပ် စံပယ်ရာအထဋ်အမြတ်နယ်မြေလို့လည်းဆိုကြပါတယ်။

ဘာကြောင့် ကျိုက်ထီးဆောင်းကိုသွားသင့်တာလဲ

သုဝဏ္ဏဘူမိလို့ခေါ်တဲ့မွန်နယ်မြေဟာ သမိုင်းဝင်ယဉ်ကျေးမှု အနုပညာလက်ရာတွေထွန်းကားခဲ့ရာနယ် မြေတစ်ခုဖြစ်ခဲ့ပါတယ်။ အေဒီ ၅ ရာစုခန့်က မွန်နဲ့သက်ဆိုင်တဲ့ယဉ်ကျေးမှုအထောက်အထားဒင်္ဂါး တွေရှိ တာကြောင့် သမိုင်း၊ ယဉ်ကျေးမှု အစဉ်အလာကြီးမားခဲ့တယ်လို့ဆိုရမှာပါ။ သုဝဏ္ဏဘူမိဆိုတာ ကရွှေ ထွက်တဲ့ဒေသ ရွှေရောင်အဆင်းရှိသောမြေနေရာလို့ အဓိပ္ပါယ်ရပါသတဲ့။ အဲဒီဒေသမှာ သာသနာထွန်း ကားခဲ့တယ်၊ ထီးနန်းစိုက်ရာနေရာတွေရှိခဲ့ပါတယ်။ ပျူခေတ်မှာ အုတ်တွေနဲ့တည် ဆောက်ခဲ့သလို ရခိုင် ခေတ်မှာ ကျောက်တွေနဲ့တည်ဆောက်ခဲ့တဲ့ လက်ရာတွေကို အခုချိန်ထိတိုင်ရှိခဲ့ ပါတယ်။ မွန်တွေရဲ့ ခေတ်မှာတော့ အဆောက်အဦလက်ရာတော်တော်များများကို ဂဝံနဲ့တည်ဆောက်ခဲ့ ကြပါတယ်။ သုဝ ဏ္ဏဘူမိဒေသက မိုးအရမ်းများတဲ့ဒေသဖြစ်တာကြောင့် မိုးကြောင့်ဂဝံလက်ရာတွေဟာ ပျက်စီးသွားခဲ့ ပါတယ်။ ဒါ ကြောင့် အခုအချိန်မှာ လက်ဆုတ်လက်ကိုင်ပြစရာ လက်ရာတွေဟာများများ စားစား မရှိတော့ပါဘူး။ ဒါပေမဲ့ ကျိုက်ထီးဆောင်းမှာတော့ ဂဝံကျောက်လက်ရာတွေကို အစုံလင်ဆုံး တွေ့နိုင်ပါတယ်။ ဒါကြောင့် ဂဝံကျောက်လက်ရာ မြန်မာတို့ရဲ့ရှေးဟောင်းယဉ်ကျေးမှု သမိုင်းလက်ရာ တွေကို ကြည့်ဖို့အတွက် ဂဝံလက်ရာစေတီပုထိုးတွေကိုဖူးမျှော်ဖို့အတွက် ကျိုက်ထီးဆောင်းကို သွားသင့်တာပေါ့။

အံအားသင့်ဖွယ်ဂဝံလက်ရာတွေ

မွန်တို့ရဲ့ယဉ်ကျေးမှု ဂဝံကျောက်ဆစ်၊ ကျောက်တုံးကြီးတွေနဲ့တည်ထားတဲ့ ဘုရားတွေကို ထူးခြား အံအားဖွယ်သင့်အောင်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဂဝံလက်ရာကို နှစ်ပိုင်းတွေ့ရပါတယ်။ ရှေးဟောင်း ဂဝံလက်ရာနဲ့ ခေတ်သစ်ဂဝံလက်ရာတို့ဖြစ်ပါတယ်။ ဂဝံနဲ့ထုဆစ်ထားတဲ့ ထီးတော်၊ သပိတ်၊ ကျောက်ဖ ယောင်းတိုင်၊ ပန်းတင်ခုံ၊ ပလ္လင်၊ ရုပ်ပွားတော် စတာ တွေကို တွေ့မြင်နိုင်ပါတယ်။ ဂဝံယဉ် ကျေးမှုလက်ရာများထွန်းကားရာနေရာဖြစ်တာနဲ့အညီ ရှေးဟောင်း ဂဝံယဉ်ကျေးမှုပြခန်းကို လည်း သီးသန့်ပြသထားပါတယ်။ အနုစိပ်ထုဆစ်ထားတဲ့ ဂဝံဆစ်လက်ရာတွေကို တစ်ခုချင်းအသေးစိတ် ကြည့်ရှုလေ့လာနိုင်ပါတယ်။ သမိုင်းကိုနားလည်တဲ့သူတွေအတွက်ဆိုရင်တော့ ရွှေပြတိုက်ကြီးပဲဗျ။ ကျွန်တော်တို့ကတော့ ဘယ်ခေတ်ကလက်ရာ ဘယ်လိုပုံစံဆိုတာကလွဲရင်ထွေထွေထူးထူးမလေ့လာ နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဂုဏ်ယူ အံအားသင့်ခဲ့တာတော့အမှန်ပါပဲ။ ကျိုက်ထီးဆောင်းတည်ရှိရာနေရာ ဟာလည်း မွန်တို့ရဲ့သမိုင်းဝင်နေ ရာတစ်ခုဖြစ်ခဲ့ပါတယ်။ မွန်ဒင်္ဂါးတွေကို အောက်မြန်မာနိုင်ငံတော် အနက် ကျိုက်ထို၊ ကျိုက်ကသာ၊ သထုံ၊ ဘီးလင်း တို့မှာတွေ့ရအများဆုံးလို့သိရပါတယ်။ အဲဒီတော့ ဒီနေရာကို တကူးတကသွား ရောက် လေ့လာသင့်တဲ့နယ်မြေမဟုတ်ပေဘူးလား။

ဘုရားဖူး၊ သက်သက်လွတ်ထမင်းစား

စေတီကိုဖူးမျှော်၊ ဆရာတော်ကိုဖူး၊ ဂဝံလက်ရာတွေကိုလေ့လာ ဓါတ်ပုံရိုက်ပြီးတဲ့နောက်မှာတော့ သက် သက်လွတ်ထမင်းစားခဲ့ကြတာအမှတ်တရပါပဲ။ အိုးကြီးအိုးငယ်အသွယ်သွယ်နဲ့ ချက်ပြုတ်ရေးမှာကု သိုလ်ယူနေကြတဲ့ ဒေသခံတွေကလည်းချစ်စရာကောင်း မုဒိတာပွားစရာကောင်းလိုက်ကြတာများဗျာ။ တကယ်လို့များအချိန်ရခဲ့ရင်ပဲဖြစ်ဖြစ် ကျိုက်ထီးဆောင်းရဲ့ဂဝံလက်ရာတွေကိုလေ့လာရတာအားမရ သေးရင်ပဲဖြစ်ဖြစ် ဘီးလင်းမြို့နယ်၊ ဝင်းကဆိုတဲ့ ကျေးရွာကိုသွားရောက်လေ့လာစေချင်သေးတယ်ဗျို့။ အဲဒီမှာ ဘာသာရေးဆိုင်ရာအဆောက်အဦလို့ယူဆရတဲ့အရာတစ်ခု တူးဖော်တွေ့ရှိထားတာကိုသိစေ ချင်တာပါ။ အခန်း (၁၄) ခန်းနဲ့တည်ဆောက်ထားတဲ့ အဆောက်အဦပုံစံတစ်ခုဖြစ်ပြီး၊ ကွဲပြားခြားနားတဲ့ ဗိသုကာလက်ရာတွေလည်းတွေ့ရှိရတယ်လို့ဆိုပါတယ်။ ရေသယ်အိုးတွေ လူ့အသုံးအဆောင်ပစ္စည်း တွေ၊ မြေမီးဖုတ်အုတ်ခွက်ဘုရား၊ ပုတီးနဲ့ လက်ရေးစင်းရာပါအုတ် အစရှိသည်ဖြင့်ပါပဲ။ ဆိုတော့ကာ ကျိုက်ထီးဆောင်းဒေသတစ်ဝိုက်ဆိုတာဟာ ကျွန်တော်တို့ရဲ့အားလပ်ရက်မှာ နေရာယူသင့်တဲ့အရာ တစ်ခုပဲ မဟုတ်ပါလား။
မေတ္တာရိပ်မှာအေးချမ်းပါစေ။

×××××