ဒီနှစ်ကျိုက်ထီးရိုးရာသီမှာ တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့တက်တာ ရေပန်းစားလိမ့်မယ် လို့ ကျွန်တော်ထင်တာပေါ့။ တစ်ခါလောက်တော့ စမ်းကြည့်စေချင်တယ်။ ကျိုက်ထီးရိုးကေလ်ဘယ်ကားက ကျွန်တော်ထင်သလိုမျိုးတောင်အောက်ကနေတောင်ပေါ်အထိရောက်တာမဟုတ်ပါဘူး။ ရသေ့တောင် စခန်း (အရင်ကားတစ်ထောက်နားရာနေရာ) ကလည်းမဟုတ်ပါဘူး။ အခြားသပ်သပ်တစ်နေရာကနေ စီးရပါတယ်။ တောင်ပေါ်တက်တဲ့ကားနဲ့အရင်တက်ပြီး ကေဘယ်လ်ဂိတ်မှာရပ်ပေးတဲ့အခါ ဆင်းစီးရ တာဖြစ်ပါတယ်။
ရသေ့တောင်စခန်းအနားမှာ ကေလ်ဘယ်ကားဂိတ်ရှိပါတယ်။ အဲဒီဂိတ်ကနေ ကျိုက်ထီးရိုးစေတီရင်ပြင် တော်အနားအထိချိတ်ဆက်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဆိုတော့ ကေဘယ်လ်ကားစီးဖို့ ကျွန်တော်ထွက်လာခဲ့ပါတယ်။ အရင်ဆုံးကင်မွန်းစခန်းကနေတောင်ပေါ်ကိုတက်တဲ့ကားစီးပါတယ်။ တောင်ပေါ်မရောက်ခင် ရသေ့တောင်စခန်းကျော်ကျော်မှာ ကေဘယ်လ်ဂိတ်ဘယ်သူဆင်းဦးမလဲလို့ စပယ်ယာကမေးတဲ့အခါ ကေဘယ်လ်စီးချင်တဲ့သူမို့ဆင်းလိုက်ပါတယ်။ မလေးရှားနိုုင်ငံ ကွမ်လာလမ်ပူ မြို့ပြင်က Genting တောင်ပေါ်ကိုသွားတဲ့ကေဘယ်လ်ကားဂိတ်နဲ့တောင်ခပ်ဆင်ဆင်တူပါတယ်။ စနစ် တကျ သေသေသပ်သပ်ဆောက်ထားတာမို့ ကြည့်ပြီးကျေနပ်မိပါတယ်။ တန်းစီးတဲ့နေရာ လက်မှတ် ဝယ်တဲ့နေရာတွေရှိသလို ဓါတ်ပုံရိုက်လို့ကောင်းတဲ့မြင်ကွင်းနေရာတွေ ဖော်ရွေပျုငှာတဲ့ဝန်ထမ်းတွေနဲ့ ခမ်းနားလှပါတယ်။ ကေဘယ်လ်ကားစီးဖို့ လက်မှတ်ခ ၄၀၀၀ ကျပ်ဖြစ်ပါတယ်။
ကျွန်တော်တို့စီးနိုင်တဲ့ ကေဘယ်လ်အရှည် ၉၅၅ ဒသမ ၃၈ မီတာ၊ တာဝါတိုင် ၁၁ တိုင်၊ အတွဲ ၄၃ တွဲရှိ တယ်လို့ သိရပါတယ်။ အတွဲတစ်တွဲကို လူရှစ်ယောက်စီးနိုင်ပါတယ်။ မြေ ၁၃ ဧကအပေါ်စီးကနေပြီး တောတောင်သဘာဝပတ်ဝန်းကျင်ကိုဘေးပတ်ပတ်လည်မြင်ရပါတယ်။ အမြင့်ကြောက်တဲ့ကျွန်တော် တောင်မကြောက်ဘူးရယ်။ ဘေးပတ်ပတ်လည်မှာအကာရှိတယ်၊ ထိုင်ခုံမှာကောင်းကောင်းထိုင်ပြီး ဓါတ်ဖမ်းလို့ရပါတယ်။
ဒါပေမဲ့ ကေဘယ်လ်စီးရတဲ့အချိန်က ၈ မိနစ်ပဲရှိတာမို့အားမရပါဘူး။ ထင်သလောက်လည်းစိတ်လှုပ်ရှား စရာမကောင်းဘူးလို့ယူဆမိပါတယ်။ လူတော့သိပ်မတိုးရဘူး။ ဒီထက်ပိုပြီး မျှော်လင့်ခဲ့တာတော့ အမှန်ဆိုပေမယ့် လူသက်သာ စမတ်ကျပါတယ်။ တစ်ခါပဲစမ်းကြည့်တာပါ။
×××××