ဘယ်လိုပဲဖြစ်ဖြစ် ကွာလာလမ်ပူဟာလည်လို့ကောင်းတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ဖိနပ်တွေပေါတယ်၊ ပါတိတ်တွေပေါတယ်၊ မြန်မာတွေစုဝေးတဲ့နေရာရှိတယ်၊ ပျော်စရာကစားကွင်းကြီးမှာအော်ဟစ် စိတ်အပန်းဖြေနို်င်ပါတယ်။
ကျော့်အတွက်တော့ မလေးရှားနိုင်ငံလို့ဆိုလိုက်တာနဲ့ မြို့တော်ကွာလာလမ်ပူမှာရှိတဲ့ အမွှာမျှော်စင် (Twin Tower) ကို ရောက်ဖူးချင်တာပါ။ ကျော်ဟာ ကွာလာလမ်ပူကိုငချွတ်အရွယ် ၂၀၀၉ ခုနှစ်ကတစ်ခေါက်၊ ပြီးခဲ့တဲ့လ (၂၀၁၇ ခုနှစ်) မှာ တစ်ခေါက်ရောက်ဖြစ်ပါတယ်။ နှစ်ခေါက်စလုံးမှာ အခြားလည်တဲ့နေရာမတူပေမယ့် Twin Tower ကိုသွားတာတော့တူပါတယ်။ အဲဒီရှေ့မှာ ဓါတ်ပုံ ရိုက်ရတဲ့အရသာက သိပ်ကောင်းတယ်လေ။
ကေအယ်လ်မြို့မှာ လည်စရာ
နေရာတွေအများကြီးထဲက ကျော် သဘောကျတဲ့နေရာတွေကိုပြောပြချင်တာပါ။ ပထမဆုံးပြောပါဆိုရင် တော့ ကျော်အပေါ်မှာပြောပြခဲ့တဲ့ Twin Tower ကိုညွှန်းဆိုချင်တယ်ဗျ။ မလေး ရှားရဲ့အထင်ကရပြယုဂ်တစ်ခုဖြစ်တာနဲ့အညီလူသွားလူလာအစည်ဆုံးနေရာပါ။ ကမ္ဘာ့ ခုနစ်ခုမြောက် အရှည်ဆုံးတယ်လီကွန်းတာဝါလည်းဖြစ်ပါတယ်။ အလယ်လောက်မှာ တာဝါနှစ်ခုကိုဆက်ထားတဲ့နေ ရာရှိပါတယ်။ အထဲမှာတော့ ရှော့ပင်းစင်တာတွေရှိတယ်၊ ဒါပေမဲ့ စျေးကြီးပါတယ်။ ဥပမာ မလေးရှား နိုင်ငံအမှတ်တံဆိပ်ကီးချိန်းတစ်ခုကို ရင်းဂစ် (၃၀) ဝန်းကျင်ပေးရပါတယ်။ အခြားနေရာမှာဆိုရင်လေး ငါးခုစာလောက်ရတယ်လေ။ အဲဒီကိုရောက်ရင်အလုပ်သင့်ဆုံးနဲ့အလုပ်များဆုံးကတော့ တာဝါရှေ့မှာ ဓါတ်ပုံရိုက်ကြတာပါပဲ။ ဒီ့အပြင်အခြားလုပ်စရာသိပ်မရှိဘူးလို့ထင်ပါတယ်။ တာဝါရဲ့အနောက်ဖက် KLCC ကွန်ဗန်းရှင်းစင်တာအောက်မှာ ရေအောက်ပြတိုက်ရှိပါတယ်၊ တာဝါကိုရောက်လို့ အခြားအချိန် ဖြုန်းဖို့အတွက်သိပ်ကောင်းတဲ့နေရာပါပဲ၊ ပြီးတော့ Isetan လိုစျေးဝယ်စင်တာလည်းအဲဒီ အနားမှာရှိပါတယ်။ ပြီးတော့ တာဝါအရှေ့ကပန်းခြံမှာကစားလို့လည်းရတယ်နော်၊ ဘေးမှာလည်း လည်စရာပန်းခြံလေးတစ်ခုရှိပါသေးတယ်။
နောက်ထပ်ညွှန်းဆိုချင်တဲ့နေရာက Genting Highlands ဖြစ်ပါတယ်။ တောင်ပေါ်ကစားကွင်းလို့ပဲ ကျော်က အလွယ်နာမည်ပေးလိုက်ပါတယ်။ မြို့တော်ကွာလာ လမ်ပူကနေ ရထားနဲ့သော်လည်းကောင်း၊ ကားနဲ့သော်လည်းကောင်းသွားနိုင်ပါတယ်။ မြို့ထဲကနေ ၃၅ ကီလိုမီတာ ဝေးပါတယ်။ ကျော်တို့က တော့ အသွားမှာ ရထားနဲ့သွားပြီးတောင်ပေါ် ကို Trolley (ဓါတ်ရထား၊ ကေဘယ်လ်ကားလို့လည်းခေါ်ကြပါတယ်) နဲ့တက်ကြတယ်။ တောင်တန်းကြီးတွေက ကိုယ့်အောက်မှာရှိပြီး မြို့မြင်ကွင်း ကိုလည်းအထဲကမြင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အဲဒီ Trolley စီးဖို့ကတော့ အကြာကြီးတန်း စီလိုက်ရတယ်။ Genting Highlands ပေါ်မှာ ဟိုတယ်တွေ ကာစီနိုတွေ စျေးဝယ်စင်တာတွေရှိပါ တယ်။ လူသွားလူလာလည်းများတယ်။ အထူးသဖြင့် ပိတ်ရက်တွေမှာဆိုရင် ကျိတ်ကျိတ်တိုးစည်ကားလို့။ တောင်တန်းလျှိုမြောင်တွေကို အပေါ်ကနေမြင်ရ တာမို့ ဗျုးအရလည်းကောင်း၊ ကစားလို့လည်းကောင်းပေါ့။ အဲဒီနေရာကို လာဗီးဂတ်စ်အသေးစားလို့ လည်းခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ Las Vegas မှာရတဲ့ဝန်ဆောင်မှုတွေကိုအဲဒီမှာရနိုင်ပါတယ်။ ကျော်စိတ်အဝင်စားဆုံးကစားနည်းကတော့ တာဝါ ပတ်ပတ်လည်မှာလူတွေအများကြီးကို ကြိုးသိုင်းထားပြီးထိုင်ရက်အနေအထားကနေ အပေါ်အမြင့်ကြီး ကိုဖြည်းဖြည်းချင်းတက် အမြင့်ကြီးရောက်ပြီးတဲ့အခါ အောက်ကိုဝုန်းခနဲပြုတ်ကျတဲ့ကစားနည်းပါပဲ။ အော်လိုက်ကြတာဆိုတာဗျာ။ နောက်တစ်ခုကတော့ သရဲအိမ်ပါ။ တကယ့်သရဲအိမ်ကြီးထဲကိုရောက်နေသလိုပဲ ခြောက်ချား စရာကောင်းတယ်။ အပြန်ကျတော့ နှလုံးရောဂါမရခဲ့ရုံတမယ်ပါပဲ။ ကားနဲ့ဆင်းလာတော့ မြန်မာတွေရောင်းတဲ့ အချဉ်ပေါင်း ဝယ်စားခဲ့သေးတယ်။
စျေးဝယ်ဖို့ကတော့ Time Square ကိုညွှန်းချင်ပါတယ်။ Outlet အထည်တွေတွေ့ခဲ့ရလို့ပါပဲ။ Branded တွေကတော့ အခြားနိုင်ငံတွေနဲ့ထူးမခြားနားမို့မပြောတော့ပါဘူး။ Time Square နားတစ် ၀ိုက်ကတော့ စျေးဝယ်ဧရိယာဖြစ်ပါတယ်။ စျေးအရမ်းသက်သာတဲ့အထည်တွေကိုအဲဒီမှာရနိုင်ပါတယ်။ ဒီတော့ ကွာလာလမ်ပူကိုရောက်ခဲ့ရင် Time Square ကလည်းသွားသင့်တဲ့နေရာပါ။ နောက်တစ်ခုက တော့ Kotaraya Complex အဆောက်အဦနားတစ် ၀ိုက်ဝန်းကျင်ပါ။ မြန်မာတွေရှိတဲ့နေရာလေ။ အဲဒီမှာ မြန်မာနာမည်နဲ့ဆိုင်းဘုတ်တွေနဲ့ဆိုင်တွေပုံအော လို့ပါပဲ။ ဥပမာ ဇေယျာစတိုးတို့ သိဒ္ဓိဝင်ထမင်းဆိုင်တို့ပေါ့။ တစ်မြို့လုံးမှာမတွေ့ရတဲ့ကွမ်းတံတွေးတွေ အဲဒီနားမှာတွေ့နိုင်ပါတယ်။ ပေါ်ပြူလာဂျာနယ်အစရှိတဲ့ မြန်မာထုတ်ဂျာနယ်တွေရနိုင်ပါတယ်။ မလေး မှာ ထုတ်တဲ့မြန်မာဘာသာမဂ္ဂဇင်းတွေလည်းရှိတယ်ဗျ။ မြန်မာတွေ ဘယ်လိုခြေချင်းလိမ်နေကြသလဲ ဆိုတာ ကို သွားလေ့လာသင့်တယ်လို့မထင်ဘူးလား။
ပါတိတ်ဝယ်မယ်ဆိုရင်တော့ အဲဒီနားတစ်ဝိုက် မှာ ပါတိတ်စျေးကြီးရှိတယ်။ တစ်စျေးလုံးနီးပါး ပါတိတ်တွေချည်းပဲ။ အဆင်တွေလည်းလှ စျေးလည်း သက်သာပါတယ်။ သူတို့ဆီကဖိနပ်တွေဝယ်ချင် တယ်ဆိုရင် အဲဒီနားတစ်ဝိုက်မှာပဲရနိုင်ပါတယ်။ ကျော် တွေ့တာတော့ မိန်းကလေးဖိနပ်တွေပိုသက်သာ ပါတယ်။ အိုင်တီပစ္စည်းတွေကိုဝယ်ချင်တယ်ဆိုရင်တော့ Time Square အနားတစ်ဝိုက်မှာ IT Mall ရှိပါတယ်။ အဲဒီမှာဝယ်လို့ရပါတယ်။ ပစ္စည်းမှန်တာမို့ စျေးလည်းကောင်းပါတယ်။
ထပ်ပြီး Batu Caves ကိုသွား လည်ဖြစ်ခဲ့ပါတယ်။ နှစ်ချို့ဟိန္ဒူအဆောက်အဦဖြစ်ပါတယ်။ ကျော်တို့လို ဘုရားပုထိုးတွေအရမ်းပေါတဲ့ နိုင်ငံသားတွေအနေနဲ့ သိပ်တော့အထူးအဆန်းကြီးမဟုတ်ပေမယ့် သူတို့ရဲ့အထင်ကရဖြစ်တာမို့သွား လည်ခဲ့တာပါ။ တစ်ခုရှိတာကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ခရီး သွားဧည့်သည်တွေကို ဆွဲဆောင်နိုင်အောင်သေသေချာချာလုပ်ထားတာကိုတွေ့ရပါတယ်။ အမှိုက်ကို သေချာပစ်လို့ရအောင်လုပ်ပေးထားတာ၊ သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှုကိုအလေးပေးတာ တွေပေါ့ဗျာ။
မြို့တော်ကွာလာလမ်ပူမှာ အခြားလည်စရာတွေကတော့ တရုတ်တန်းညစျေး၊ Sri Maha Mariamman Temple, Sultan Abdul Samad အဆောက်အဦ၊ Independence Square, ဘုရင့်နန်းတော်၊ ပါလီမန်အဆောက်အဦ၊ Lake Garden, National Mosque, National Monument, ရထားဘူတာဟောင်း၊ လွတ်လပ်ရေးအထိမ်းအမှတ်နေ ရာ၊ Beryl ချော့ကလက်မြို့တော် တို့ဖြစ်ပါတယ်။ ကျော် ပြောပြတဲ့နေရာတွေက ကျော်ကြိုက်တဲ့နေရာ တွေချည်းပါပဲ။
လမ်းပမ်းဆက်သွယ်ရေး
အဲဒီမှာနေတဲ့ မြန်မာတစ်ချို့က ရထားကောင်းကောင်းမစီးတတ်ကြတာတွေ့ရပါတယ်။ ကေအယ်လ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးတစ်ခုကိုပြောပါဆိုရင် ရထားစနစ်ကိုဆိုရမှာပါ။ အခြားနိုင်ငံတွေရဲ့ရထားလမ်းက သိပ်အမြင့်ကြီးမှာမတွေ့ရဘူး။ ဒါပေမဲ့ ကေအယ်လ်ရဲ့ရထားလမ်းတွေက တိုက်တွေကြားထဲအထိဖြတ် ဝင်ကွေ့ကောက်သွားတာ အရမ်းလှပါတယ်။ ဒီတော့ ကေအယ်လ်ရောက်ရင် ဘယ်သွားသွားရထားစီး ဖို့ တိုက်တွန်းပါရစေ။ စျေးလည်းသက်သာတယ်၊ မြန်လည်းမြန်ပါတယ်။ အဲဒီမြို့ရဲ့ကားလမ်းကကျော်တို့ လိုပဲ ပိတ်နေတတ်တာမို့ပါ။ ဘူတာတိုင်းမှာ လမ်းညွှန်တွေကိုလည်းသေချာလုပ်ထားတာမို့ မိုးပျံရထား ကြီးပျော်ပျော်ကြီးကိုစီးသင့်ပါတယ်။
အစားအသောက်ကတော့ အကုန်ကောင်းပါတယ်၊ အုန်းနို့၊ မဆာ လာနည်းနည်းကဲထားတာကလွဲရင်ပေါ့။ တရုတ်တန်းညစျေးကိုသွားပြီးမြည်းစမ်းကြည့်စေချင်ပါတယ်။ ဝက်သား၊ ပေါက်စီ စတဲ့တရုတ်အစားအစာတွေ အရမ်းစားလို့ကောင်းဗျ။ အသွားအလာကတော့ ညဖက်တွေနည်းနည်းဆင်ခြင်စေချင်ပါတယ်။ ကျော်တို့က မြန်မာတွေလေ။
မေတ္တာရိပ်မှာအေး ချမ်းပါစေ။ တိမ်တိုက်ထွန်း။
×××××