ဘော်ဒါတွေ အမျိုးတွေစုံတုန်းသွားလို့ကောင်းတဲ့နေရာလေးတစ်ခုကိုပြောပါဆိုရင် ဖိုးကျားဆင်စခန်းကို လည်းညွှန်းလို့ရပါတယ်။ ရန်ကုန်နဲ့သိပ်အဝေးကြီးမဟုတ်ဘူး၊ လမ်းမှာ အခြားနေရာတွေလည်းလည်လို့ ပတ်လို့ရတယ်၊ သီးသန့်သွားချင်ရင်လည်းရပါတယ်။ ဆိုတော့ကာ ဖိုးကျားဆင်စခန်းသွားခဲ့တယ်ပေါ့ ဗျာ။
ဖိုးကျား ဘယ်မှာရှိသလဲ
ရန်ကုန်မြို့ကနေ မိုင် ၂၀၀ ဝန်းကျင်မှာတည်ရှိပါတယ်။ ပဲခူးရိုးမနဲ့ထိစပ်နေတဲ့နေရာဖြစ်ပါတယ်။ မိုင်တိုင် ၁၇၃/၂ မှာရှိပါတယ်။ တိတိကျကျပြောရရင်တော့ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် စိုင်းရသစ်တောကြိုးဝိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ အမြန်လမ်းမရဲ့ဘေး လေးမိုင်အကွာမှာပါ။ ဒီထက်ပို ပြီးတိတိကျကျဆိုရရင် ပဲခူးတိုင်းဒေသကြီးအရှေ့၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်း၊ အကွက်အမှတ် (၈၃) မှာတည်ရှိပါတယ်။ ရန်ကုန်ကနေသွားမယ်ဆိုရင် အမြန်လမ်း မိုင်တိုင် (၁၇၃/၂) ကနေဝင်ပြီး သာဂရ-ကိုးပင်လမ်းအတိုင်း လေးမိုင်သွားရတာဖြစ်ပါတယ်။ နေပြည်တော်ကနေလာမယ် ဆိုရင်တော့ အမြန်လမ်း မိုင် (၁၇၃/၃) ကနေဝင်ပြီး သာဂရ-ကိုးပင်လမ်းအတိုင်း လေးမိုင်လာရမှာပဲ ဖြစ်ပါတယ်။
ဘာလုပ်လို့ရသလဲ
ဆင်စခန်းမှာ ဆင်တွေကို မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိထားတယ်လို့သိရပါတယ်။ ဆင်စီး တာ၊ ဆင်ရေချိုးတာကြည့်ပြီး ဆင်လေးတွေကိုရေးချိုးပေးတာ၊ ဆင်အလှပြပွဲတွေကြည့်ရှုတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဆင်လေးတွေကိုအစာကျွေးလို့လည်းရတယ်ဗျ။ သစ်ဆွဲကိရိယာတန်ဆာတပ်ဆင်တာ ကိုလည်းလေ့လာနိုင်ပါတယ်။ သစ်ဆွဲသရုပ်ပြတာကိုလည်းကြည့်လို့ရတယ်၊ ဆင်တွေနဲ့ဓါတ်ပုံတွဲရိုက် နို်င်ပါတယ်။ ကျော်တို့ကို ရိုက်ကူးရေးဝါသနာပါတဲ့သူတွေအတွက် ရိုက်ကူးရေးတွေလည်းလုပ်လို့ရပါ တယ်။
တည်းခိုလို့ရတယ်
နေ့ရောညပါ တည်းခိုနိုင်ဖို့ ဘန်ဂလိုလေးတွေဆောက်ပေးထားပါတယ်။ စုစုပေါင်း အခန်း ၁၄ ခန်းရှိ တယ်လို့သိရပါတယ်။ အစားအသောက်ကတော့ ရှားတယ်ဗျ။ ဆိုတော့ကာ ညသွားအိပ်မယ်ဆိုရင် အစားအသောက်အတွက်ကြိုတင်စီစဉ်သွားသင့်ပါတယ်။ အဲဒီမှာပဲ မှာစားမယ်ဆိုရင်တော့ တစ်ရက်ကြို တင်အကြောင်းကြားနိုင်တယ်လို့သိရပါတယ်။ ပြီးတော့ ဖိုးကျားရဲ့အမှတ်တရပစ္စည်းလေးတွေလည်း ဝယ်လို့ရအောင်စီစဉ်ပေးထားတာတွေ့့ရပါတယ်။ နွေရာသီကတော့ ပူလို့ သိပ်သွားလို့မကောင်းဘူးဗျ။ အခုအချိန်ကတော့ အတော်ပါပဲ။ တောရိပ်တောင်ရိပ်တွေ သဘာဝစမ်းချောင်းတွေကို အေးအေးလူလူ ခံစားနိုင်မှာဖြစ်ပါတယ်။
ဆင်လေးတွေ ချစ်စရာကောင်းတယ်
အမှန်တော့ ဆင်ကြီးတွေပေါ့ဗျာ။ ဒါပေမဲ့ သိပ်လိမ်မာပြီးသိပ်ချစ်စရာကောင်းလို့ ဆင်လေးတွေလို့ပြော တာပါ။ တောထဲချောင်းထဲဖြတ်ပြီးဆင်စီးလို့လည်းရပါတယ်။ ကျော်ကတော့ ဆင်လေးတွေကိုသနားလို့ မစီးဖြစ်ခဲ့ပါဘူး။ တစ်ခါစီးရင် ငါးထောင်ကျပါတယ်။ ဆင်တွေကိုခရီးသွားလုပ်ငန်းအတွ က်အသုံးချနေတာဟာ သစ်ထုတ်ရေးအတွက်အသုံးချတာထက်စာ ရင်တော့ ပိုကောင်းတယ်မဟုတ်လားဗျာ။ ဒီဆင်စခန်းပေါ်ပေါက်လာတာလည်း အဲဒါကြောင့်လို့သိရပါ တယ်။
ဘယ်လောက်ကုန်လဲ၊ ဘယ်နေရာတွေလည်လို့ရသလဲ
ကျော်ကတော့ Travel Blogger မဟုတ်တာကြောင့် ကုန်ကျစရိတ်တိတိကျကျမညွှန်းတတ်ပါဘူး။ ခရီးစဉ်တွေကတော ဖိုးကျား-တောင်ငူ-ပသိချောင်း-သံတောင်ကြီး ဆိုပြီး ခရီးစဉ်ဆွဲကြပါတယ်။ ဝန်ဆောင်မှုအပေါ်လိုက်ပြီး ၃၅၀၀၀ ကနေ ၅၀၀၀၀ အထိတွေ့ရပါတယ်။ လမ်းတစ်လျှောက် တောင်ငူ မြို့ရဲ့အထင်ကရနေရာတွေ စေတီပုထိုးတွေ လည်လို့ရပါတယ်။ နော်ဘူဘောတောင်ရှိရာ သံတောင် ကြီးကိုလည်းသွားလည်လို့ နီးနီးလေးပါ။ ဒီတော့ လည်ချင်ပတ်ချင်တဲ့သူတွေအတွက်တော့ အများကြီး ပေ့ါဗျာ။ ကျော် တို့ကတော့ ဘယ်နေရာဖြစ်ဖြစ် ဟိုစပ်စပ်ဒီစပ်စပ်ထက်စာရင် တစ်နေရာတည်းကိုပဲသီးသန့်သွားအပန်း ဖြေတာပိုကြိုက်ပါတယ်။ မြို့ပြရဲ့မွန်းကြပ်မှုတွေအောက်မှာ အလုပ်လုပ်နေရာတာဆိုတော့ အပန်းပဲဖြေ ချင်ပြီး ဟိုသွားဒီသွားတာကိုလည်း သိပ်မကြိုက်တတ်လို့ပါနော့။ ဆိုတော့ ဖိုးကျားတစ်နေရာတည်းသွားခဲ့တယ်ပေါ့ဗျာ။
×××××
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
တိမ်တိုက်ထွန်း