PR တွေ အတွက် လက်ဆောင်

ကျော်တို့ မီဒီယာတွေနဲ့ နေ့တိုင်းဆက်ဆံနေကြရတာ PR တွေပါပဲ။ စာပေစိစစ်ရေးမရှိတော့တဲ့ခေတ်၊ နေ့စဉ်ထုတ်သတင်းစာတွေ တွင်ကျယ်လာတဲ့ခေတ်မှာ Public Relations ဆိုတဲ့ရာထူးက ရေပန်းစား လာသလို အရေးလည်းပါလာပါတယ်။ မီဒီယာနယ်ပယ်မှာဆက်မလုပ်ချင်တော့တဲ့သူတွေက PR ကို ပြောင်းသွားကြတယ်။ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူ၊ သတင်းထုတ်ပြန်သူ၊ မီဒီယာတွေနဲ့ကုမ္ပဏီ အဖွဲ့ အစည်းကြားပေါင်းကူးဆက်သွယ်ပေးသူ စသည်ဖြင့် အလျှိုလျှိုဖြစ်သွားကြတာမြင်ရတော့ တကယ်ဝမ်း သာပါတယ်။ ဒါပေမဲ့ သူတို့နဲ့ဆက်ဆံတဲ့အခါ အခုလိုအခက်အခဲလေးတွေတွေ့ရပါတယ်။

(၁) အီးမေးလ်ထပ်ခါထပ်ခါပို့ခြင်း

သတင်းတစ်ပုဒ်တည်းကို တစ်ပတ်ကို အခါ ၄၀ လောက်ပို့ပါတယ်။ အကြောင်းအရာလည်းတူတူပဲ၊ ပို့ တဲ့အီးမေးလ်လိပ်စာလည်းအတူတူပါပဲ။ တစ်ခါတစ်လေ အပြင် PR , In house PR စသည်ဖြင့် အီးမေးလ် နှစ်ခုသုံးခုကနေ ပို့ပါတယ်။ အီးမေးလ်တွေထပ်နေတော့ အဲဒါရေးပြီးသွားပြီလား မရေးရသေးဘူးလား ဆိုပြီး ဖတ်ရတဲ့သူက ရူးချင်လာရော။ အဲဒါ မျိုးက မလုပ်သင့်ဘူးလို့ထင်ပါတယ်။

(၂) ဖုန်းဆက်ပြီးတွန်းအားပေးခြင်း

ဘယ်အေဂျင်စီကပါ၊ သတင်းလေးပို့ထားပါတယ်၊ အဆင်ပြေရင်သုံးပေးပါ ဆိုပြီးပြောတာမျိုးက အဆင် မပြေလှပါဘူး။ သတင်းကောင်းရင် ပြောစရာမလိုပါဘူး။ အီးမေးလ်မှာပါတဲ့လိပ်စာကိုခြေရာခံ၊ အကြောင်းအရာကိုခြေရာခံပြီး မရမကရေးမယ့်သူများပါတယ်။ ဖုန်းဆက်ပြီးတွန်းအားပေးတာဟာ သတင်းရေးချင်စိတ်ကိုလျော့ပါးစေပါတယ်။ ကျော့်ခံစားချက်ကိုပြောတာပါ။

(၃) ပွဲကို ရှိသမျှ လူကုန်အောင်ဖိတ်ခြင်း

ပွဲတစ်ပွဲလုပ်ရင် မီဒီယာတစ်တိုက်တည်းက ရှိသမျှလူကုန်အောင်ဖိတ်တာမျိုးရှိပါတယ်။ ကိုယ့်ပွဲလူမ လာမှာစိုးတာနဲ့ သတင်းစာတိုက်တွေကိုဒုက္ခပေးတာလို့ဆိုချင်ပါတယ်။ တစ်တိုက်တည်းမှာ သတင်း ထောက် ၂၀ ရှိရင် အဲဒီ ၂၀ လုံးက သူ့ကိုပဲ Exclusive ဖိတ်သလို ကိုယ့်တစ်ယောက်တည်းကိုပဲအရမ်း ခင်လို့ဖိတ်သလို ယုန်ထင်ကြောင်ထင် ထင်ပါတယ်။ သေချာ round မခွဲထားတဲ့ သတင်းစာတိုက် တွေဆိုရင် ပွဲမှာ လူတိုက်ပြီး ထ သတ်ကုန်ရော။

(၄) ရှိသမျှလူတိုင်းကို သတင်းပို့ခြင်း

သတင်းတစ်ပုဒ်ပို့ပြီဆိုရင် တစ်တိုက်တည်းက ရှိသမျှလူတိုင်းစေ့ဆီကိုပို့ပါတယ်။ ဒါမှ တစ်ယောက် မဟုတ်တစ် ယောက်ရေးပြီး သတင်းပါမယ်လို့ယူဆပေမယ့် အဲဒါမှားတယ်ခင်ဗျ။ ဟိုလူလည်းမင်းကို ပို့ တာမင်းရေး ဒီလူကလည်း မင်းဟာမင်းရေးနဲ့ စိတ်တွေတိုပြီး ဘယ်သူ့မှမရေးကြတော့ဘူး။ အဲဒီတော့ ကိုယ့်အဖွဲ့အစည်းနဲ့အံဝင်ဂွင်ကျရှိ၊ ပုံမှန်ဆက်ဆံနေသူတစ်ဦးတည်းကိုပဲဆက်သွယ်ပြီး ပို့စေချင်ပါ တယ်။ ဒါမှမဟုတ်လည်း ဂျာနယ်တိုက်ကိုလိပ်မူပြီး( တိုက်တိုင်းမှာ ကိုယ်ပိုင်အီးမေးလ်ရှိပါတယ်) ပို့ပေး ရင် အယ်ဒီတာက သက်ဆိုင်ရာ သတင်းထောက်ကို Assign ချပေးပါတယ်ခင်ဗျာ။

(၅) By Name နဲ့ဖိတ်စာဖိတ်ခြင်း

ကိုယ့်နဲ့ခင်တဲ့သူကိုပဲ ကိုယ့်ပွဲကိုလာစေချင်လို့ဖိတ်တာမှန်ပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါ။ PR တွေ ပွဲ ဖိတ်တာဟာ ဂျာနယ်တိုက်ကိုယ်စားပြုအနေနဲ့တက်စေချင်လို့ဖိတ်တာပါ။ ဂျာနယ်၊ သတင်းစာကို လာ စေချင်လို့ဖိတ်တာပါ။ လူကိုလာစေချင်တာမဟုတ်ပါဘူး။ မယုံရင် အလုပ်ထွက်ပြီး အပြင်အနေနဲ့ဖိတ် ခိုင်းကြည့်ပါလား။ စတာ..ဟီး။ ဘယ်လိုပဲဖြစ်ဖြစ် ဂျာနယ်၊ သတင်းစာတိုက်နာမည်နဲ့လိပ်မူပြီးတော့ဖိတ် စေချင်ပါတယ်။ ကိုယ်ခင်တဲ့သူရှိရင်လည်း သူ့ကိုသပ်သပ်တစ်စောင်ဖိတ်လိုက်ပေါ့။ ပွဲလာတဲ့အခါ ဂျာ နယ်၊ သတင်းစာတိုက်ကိုယ်စားပြုက တစ်ယောက်၊ သပ်သပ်ဖိတ်တဲ့သူကတစ်ယောက် နှစ်ယောက် လောက်တော့ လာပေ့စေပေါ့နော့။

(၆) အီးမေးလ်လိပ်စာ၊ ဖုန်း ခဏခဏ တောင်းခံခြင်း

ကိုယ်က PR လုပ်နေပြီး သတင်းစာ၊ ဂျာနယ်တိုက်က ကိုယ်နဲ့ဆက်သွယ်ရမယ့်သူကို မမှတ်ထားတာ ဆိုးပါတယ်။ (ပထမတစ်ခါကိုမဆိုလိုပါ)။ သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်မီဒီယာ Group တွေမှာ ဘယ်သတင်းဘယ် အကြောင်းအရာအတွက် အီးမေးလ်ပို့ ဆက်သွယ်ချင်လို့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတွေကို Comment Box ကနေရိုက်ထားခဲ့ပေးပါ ဘာညာနဲ့ တောင်းတာဟာ တစ်ခါ နှစ်ခါလောက်ပဲကောင်းပါတယ်။ သုံးလေးငါးခါကျတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို မလေးစားဘူးလို့ ထင်မိပါတယ်။ ပေးတဲ့သူကလည်း အားကြိုးမာန်တက်ပေးကြတာပါပဲ။

(၇) သတင်းပါရမယ်ဆိုပြီး အာမခံတောင်းခြင်း

နေပြည်တော်ခေါ်သွားတယ်၊ တောင်ကြီးခေါ်သွားတယ်၊ ဘန်ကောက်ခေါ်သွားတယ် စသည်ဖြင့် ခရီး တွေခေါ်ပြီး သတင်းဘယ်နှစ်ပုဒ်ပါအောင်ရေးပေးဆိုတာမျိုးရှိပါတယ်။ သတင်းထောက်ကလည်း မ ရောက်ဖူးတော့လိုက်ချင်ဇောနဲ့ဇွတ်အာမခံ ပြန်လာတော့ အယ်ဒီတာက အဆင်မပြေလို့ မထည့်ပေးတော့ ကွိုင်တွေတက် တာမျိုး မြင်ရတွေ့ရပါတယ်။ အဲဒါမျိုးက သေချာညှိယူစေချင်ပါတယ်။

(၈) သတင်းနဲ့ပတ်သက်လို့ အကူညီမပေးခြင်း

တစ်ခါတစ်လေမှာ သတင်းထောက်ကသိချင်တာတွေကိုပြန်မေးတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့် ကုမ္ပဏီနဲ့ပတ်သက်ပြီး နည်းနည်းရှော့ရှိရင် မဖြေချင်ကြတာမျိုးလည်းကြုံရပါတယ်။ သတင်း ထောက် ကသိချင်လို့မေးတာကို ပြန်ဖြေဖို့ အချိန်ကြာ ကြာယူတာမျိုး လည်းရှိပါတယ်။ ကိုယ်က ပေးတဲ့သတင်း ကိုတော့ ရေးစေချင်ရင် သူမေးတဲ့ဟာကိုလည်း အချိန်အ နည်းငယ်အတွင်းမှာ ပြန်ဖြေစေလိုပါတယ်။

(၉) သတင်းမဟုတ်တာကို သတင်းလုပ်ပြီး ပို့ခြင်း

ကုမ္ပဏီကအလှူလုပ်တာ၊ ကုမ္ပဏီက ဝန်ထမ်းတွေကို ဘောနပ်စ်ပေးတာကအစ သတင်းမဟုတ်တာ ကို သတင်းလုပ်ပြီး ပို့ပေး ရေးစေတာမျိုးလည်းကြုံဖူးပါတယ်။ ရေးတဲ့သူက မရေးဘဲ လျစ်လျူရှုထား လို့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီ ရိုးကျတာပေါ့ဗျာ မဟုတ်ဘူးလား။

PR ထဲမှာ ကျော် အချစ်ဆုံးနှစ်ယောက်ရှိပါတယ်။ ကိုအဲလက်စ်ရယ်၊ အစ်မငြိမ်းရယ်ပါ။ မေးသမျှ ဂျီတိုက်သမျှ မဆိုင်းမတွ ပြန်ဖြေ၊ သတင်းတွေနဲ့ပတ်သက်ရင်လည်း အကောင်းဆုံးကူညီပေးတဲ့အပြင် PR နဲ့ Media ဆိုတဲ့သဘောမျိုးမဟုတ်ဘဲ ညီအစ်ကို မောင်နှမရင်းချလို ရင်ထဲကဆက်ဆံကြတာပါ။ ကျော်တစ်ယောက်တည်းမဟုတ်ဘူး။ ကျော်တို့နည်းပညာသတင်းသမားတွေအားလုံးက တကယ်ချစ် ကြတဲ့သူတွေပါ။ သူတို့ကတော့ PR ကောင်းပါပဲ။

စာရှည်ပြီမို့ ဒီလောက်ပါပဲ။ PR တွေမကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးနော်။ ဒီလိုအခက်အခဲလေး တွေကြုံရတယ်ဆိုတာပြောပြတာပါ။ ဒါတွေ ဆင်ခြင်ရင်အဆင်ပြေတယ်ဆိုပြီး လက်ဆောင်အဖြစ် ပေးတယ်လို့ သဘောထားပေးပါ။ အားလုံး Peace နော်။

နောက်တစ်ခါ မီဒီယာတွေရဲ့အားနည်းချက်လည်းရေးပါဦးမယ်။ မေတ္တာရိပ်မှာ အေးချမ်းပါစေ။
×××××