ဘယ်တုန်းကမှမပေါ်လာသင့်တဲ့ အသေလေးမွေးလာသင့်တဲ့ အစားအသောက် တွေ မိုးတွင်းမှာ အင်မတန်ပေါပါတယ်။ ဘယ်နေရာသွားသွား မလွတ်နိုင်တဲ့အဲဒီ အစားအစာ တွေရဲ့အငွေ့အသက်ကြောင့် ဒုက္ခပင်လယ်ဝေရတဲ့ အခိုက်အတန့်များစွာရှိတာပေါ့။ အဲဒါ ကြောင့်ပြောတာ ပေါ်ကိုမလာသင့်ဘူး။ တကယ်ကိုအသေလေးဖြစ်နေရမှာ။ အဲဒီမှာ သာကြည့်တော့ဗျာ။
ဒူးရင်းသီး
သူ့အနံ့ကိုရလို့ စားချင်သောက်ချင်စိတ်ရှိမယ်မထင်နဲ့ လူသတ်ချင်စိတ်တထောင်းထောင်း ဖြစ်လာစေတဲ့အသီးဖြစ်ပါတယ်။ အဝေးပြေးကားပေါ်မှာဖြစ်ဖြစ် ရထားပေါ်၊ ဘတ်စ်ကား ပေါ်မှာဖြစ်ဖြစ် ဒူးရင်းသီးနံ့ရရင် အဲဒီဒူးရင်းသီးပိုင်ရှင်ကို အရှင်လတ်လတ်မြေမြုပ်သတ်ချင် စိတ်တွေဖြစ်ပေါ်လောက်အောင် ဆွဲဆောင်အားကြီးလွန်းတဲ့အသီးပါ။ ဖြစ်ချင်တော့ ကိုယ် တော်ချောက မိုးတွင်းမှာပေါ်ရသတဲ့။ မိုးကအေးစက်စက် အန့ံကတထောင်းထောင်းနဲ့ ဒေါ သထွက်လိုက်ရတာဆိုတာဗျာ။ အသီးအန့ံပြင်းရုံသာမကသေးဘူး၊ သူ့အခွံကလည်းနေရာ တကာပစ်ချထားတာတွေ့နေရတော့ မိုးတွင်းမှာ ဒူးရင်းသီးကြောင့် ခွေးလုံးလုံးဖြစ်ရတဲ့ အခိုက်အတန့်တွေများပါတယ်။
ဒညင်းသီး
ပြောမနေနဲ့တော့။ ရန်ကုန်မှာစားရင် မန္တလေးကတောင်အနံ့ထွက်တဲ့အသီးမျိုးပါ။ ကျန်းမာ ရေးအတွက်လည်းတစ်စက်ကလေးမှမကောင်းလို့မစားကြဖို့ အသိပညာရှင်အတတ်ပညာ ရှင်တွေပြောထားတဲ့အသီးထဲမှာလည်းထိပ်ဆုံးပါတာမို့ ဒညင်းသီးမစားရေးဆန္ဒပြဖို့တောင် သင့်ပါတယ်။ တစ်လုံးစားစားနှစ်လုံးစားစား လုံမယ်မထင်ပါနဲ့။ အိမ်သာတက်ရင်ဖြစ်ဖြစ် စကားပြောရင်ဖြစ်ဖြစ် ဒညင်းသီးစားထားတဲ့သူရဲ့အနံ့က နှစ်ပေလောက်အကွာကနေ တောင်သိပါတယ်။
ဂေါ်ရခါးသီး
ဂေါ်ရခါးသီးဘာအရသာရှိလဲလို့ တစ်ယောက်ယောက်ကမေးလာရင်သေချာပါတယ်။ ကျော် လုံးဝမဖြေတတ်ပါဘူး။ ဟုတ်တယ်လေ။ တကယ်လည်းသိမှမသိတာ။ မယုံရင် အဲဒီ အသီးကို ကြက်ဥ၊ ဘဲဥတို့နဲ့မရောဘဲ ကြော်စားကြည့်ပါလား။ သစ်သားနုနုကိုကြော်စားတာ ကမှ အရသာရှိဦးမယ်။ ဆိုတော့ ဂေါ်ရခါးသီးလည်း အသေမွေးတဲ့စာရင်းထဲပါလာတာပေါ့ ဗျာ။
ဗုံလုံသီး
ရန်ကုန်ရောက်ခါစက အဒေါ်ချက်ကျွေးဖူးတယ်။ ဗုံလုံသီးကို ပုဇွန်အစာသွပ်ထားတဲ့ဟင်း ပေါ့။ မစားဖူးလို့စားကြည့်လိုက်တာ ပုဇွန်ကဗိုက်ထဲရောက်သွားပြီး ဗုံလုံသီးကပါးစပ်ကနေ ပြန်ထွက်လာတယ်။ ဘာအသီးကြီးလဲမေးကြည့်တော့ ဗုံလုံသီးတဲ့ တစ်ခါမှမကြားဖူးဘူးလို့ ပြောတော့ နင်တို့စာမှာသင်ရတဲ့ ပဲလင်းမြွေသီးလေတဲ့။ အဲဒီအသံကြားလိုက်တာနဲ့ ဝေါ့ခနဲ ဖြစ်ပြီး ဟင်းခွက်နဲ့ဝေးရာကိုထွက်သွားချင်မိတော့တာပါပဲ။ ကြည့်လေဗျာ။ အသီးကိုက မြွေ လိုလိုဘာလိုလိုနဲ့ရှည်လမျောကြီး ကြောက်စရာကောင်းသလို ရွံစရာလည်းကောင်းတယ်။ ဖြစ်ချင်တော့ မြွေပေါတဲ့မိုးတွင်းမှာ လာပေါ်ရတယ်လို့။
ကျော်မကြိုက်တဲ့အသီးတွေကိုကျော်ရေးတာပါ။ ကြိုက်တဲ့သူတွေဆဲနေပါဦးမယ်။ :P..
မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
×××××