စိတ်ထားကောင်းစေတဲ့နည်း

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက အဲဒီနည်းလေးကို စပြီးရင်းနှီးခဲ့တယ်။ မြောက်ဥက္ကလာ ဘုန်းကြီးလမ်းနားက WBMI ဘုန်းကြီးကျောင်းအင်္ဂလိပ်စာသင်တန်းမှာပါ။ အဲဒီသင်တန်းက ကျောင်းသားအချင်းချင်းတွေ့ရင် အိုက်စ် ဆိုပြီးနှုတ်ဆက်ကြပါတယ်။ အခုခေတ် စနောက်ပြီး အာမေဋိတ်ကြတဲ့ အိုက်စ် မဟုတ်ပါဘူး။ အိုက်စ်(ICE)ခေါ် အမေရိကန်လူ ဝင်မှုနှင့် အကောက်ခွန် ဌာနတပ် ဖွဲ့တွေလည်းမဟုတ်ပါဘူး။ ICE အိုက်စ်ကိုဆိုလိုတာပါ။ ICE မှာ I က Initiation ကိုဆိုလိုတာပါ။ လူတစ်ယောက်နဲ့တွေ့လို့ သူက ကိုယ့်ထက်နိမ့်ကျနေရင် သူ့ကို ဦးဆောင် လမ်းပြလုပ်ပြီးဆွဲခေါ် (Initation) ပေးရမယ်ဆိုတဲ့အသိရှိစေဖို့ပါ။ C က Cooperation (ပူးပေါင်း ဆောင်ရွက်ခြင်း) ကိုဆိုလိုပါတယ်။ ကိုယ်နဲ့တွေ့တဲ့သူဟာ ကိုယ်နဲ့ တန်းတူ အဆင့်အတန်း ဆိုရင် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ E ကတော့ အတုယူ၊ အားကျမုဒိတာပွားခြင်း Emulation ကိူဆိုလိုပါတယ်။ သူက ကိုယ့်ထက်သာနေရင် သူ့ကိုအားကျအတုယူဖို့ပါ။ အဲဒီတော့ ကိုယ်နဲ့တွေ့ တဲ့သူကို ICE နှလုံးလက်ကိုင်သုံးဖို့ဖြစ်ပါတယ်။ အင်မတန်ချစ်စရာကောင်းတဲ့စိတ်ဓါတ်လေး ဖြစ်ပါတယ်။

သူတစ်ပါးဟာကိုယ့်ထက်သာနေရင် အားကျအတုယူပါ၊ ကိုယ်နဲ့အဆင့်တူရင် ပူးပေါင်းဆောင်ရွက်ပါ၊ ကိုယ့်ထက်နိမ့်နေရင်ဦးဆောင်လမ်းပြလုပ်ပေးပါဆိုတဲ့သုံးချက်ကို ICE ဆိုတဲ့အသံတစ်ခုတည်းအဖြစ် ဆောင်ပုဒ်လေးလုပ်ထားတာဖြစ်ပါတယ်။ အဲဒီအချိန်က ၁၀ တန်းအောင်ခါစ လုပ်ငန်းခွင်လည်း မဝင်သေးတော့ ဘာမှမသိဘူး။ အတန်းထဲမှာပဲ အဲစိတ်ဓါတ်ကိုထား တွေ့သမျှလူကို အိုက်စ် အိုက်စ် ဆိုပြီးနူတ်ဆက်ရင်းနဲ့ကိုပျော်နေတာ။ တကယ်တမ်းလုပ်ငန်းခွင်ဝင်တော့ အိုက်စ်ရဲ့အဓိပ္ပါယ်ကို ပိုနားလည်လာပါတယ်။

ကိုယ့်ကိုဦးဆောင်မယ့်သူထက်နှိပ်ကွပ်မယ့်သူများတယ်၊ ပူးပေါင်းဆောင်ရွက်မယ့်သူထက် အကျော် အခွလုပ်တဲ့သူတွေ့တယ်၊ အားကျမုဒိတာပွားမယ့်အစား အုပ်စုလိုက်ဖွဲ့အတင်းတုတ်သူ တွေတွေ့ရ ပါတယ်။ ဖြတ်သန်းလာသမျှလုပ်ငန်းခွင်တိုင်းမှာအနည်းအများရှိပါတယ်။ အခုခေတ်ဆိုရင် ရင်းရင်း နှီးနှီးနေကြတာမြင်တာနဲ့ မိန်းမတွေ့ဖွန်ကြောင် ကျားတွေ့သူငယ်ထောင် ဆောင်ပုဒ်လက်ကိုင်ပြီး သူများအကြောင်း အမနာပ အုပ်စုဖွဲ့အတင်းပြောတဲ့သူတွေ တော်တော်များပါတယ်။ မျက်နှာပြောင် တိုက်ပြီးအကူအညီလာတောင်း လမ်းတွေ့ရင်တော့ ဘယ်တုန်းကမှမသိတဲ့မျက်နှာပေးနဲ့ အကြည့်လွှဲ သွားတတ်တဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ICE ဘောင်ထဲမှာနေတဲ့သူတွေကတော့ သူများအကြောင်း မသိဘဲ အတင်းအဖျင်းပုတ်ခတ်မှုတွေကို အလိုလိုလျစ်လျူရှုတတ်လာပါတယ်၊ အကောင်းမြင်တတ် လာပါတယ်၊ ကိုယ့်ပတ်ဝန်းကျင်ကို ICE အမြင်နဲ့ပဲမြင်တတ်လာပါတယ်။

ကျွန်တော်လား ပတ်ဝန်းကျင်ကြီးတစ်ခုလုံးမဟုတ်ပေမယ့် ကျွန်တော်နဲ့အတူတူအလုပ်လုပ်ရတဲ့ အနီးကပ်ဆုံးရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို ICE နှလုံးလက်ကိုင်သုံးဖြစ်ပါတယ် ICE အကြောင်း စိတ်သွင်းပေးခဲ့တဲ့ ဆရာကြီးဦးမြင့်ဦးသစ်ကို သတိရလို့ ဒီပို့စ်လေးတင်ဖြစ်တာပါ။ အားလုံးပဲ အိုက်စ်နိုင်ကြပါစေ ……အိုက်စ်။
×××××