ကျွန်တော် ဘာ လို့ မီဒီယာလောက ကို စွန့်ခွာခဲ့တာလဲ

အယ်လဲ့…ခေါင်းစဉ်က ဆယ်လီဆန်သွားသလား။ ၁၀ စုနှစ်တစ်ခုကြာအလုပ်လုပ်ခဲ့တဲ့သံယောဇဉ်က အမြစ်တွယ်နေပြီမို့ စွန့်ခွာခဲ့တာဆိုတဲ့စကားကို ပြောရတာပါလေ။ ကျွန်တော်အလုပ်စဝင်တဲ့အချိန်က ကျွန်တော်တို့ 90’s generation မှာ ဂျာနယ်ရွှေခေတ်လို့တောင်ပြောလို့ရပါတယ်။ စာပေစိစစ်ရေးရှိပေ မယ့်လည်း ဂျာနယ်တွေရဲ့ပြိုင်ဆိုင်မှုအားအကောင်းဆုံးအချိန်ပေါ့။ ၁၀ တန်းအောင်ပြီးတဲ့အရွယ် အဝေးသင်ကျောင်းသားဘဝကနေစပြီး ၁၀ နှစ်ကျော်တောင်လုပ်ခဲ့တာ ဘာလို့ထွက်သွား တာလဲ နှမြောစရာကြီးဆိုပြီး အပေါင်းအသင်း တွေကမေးကြလို့ပါ။

(၁) ချစ်ဦးသူနဲ့ စွန့်ခွာခြင်း အစ (ပြည်မြန်မာဂျာနယ်)

ပြည်မြန်မာဂျာနယ်မှာအလုပ်စဝင်ပါတယ်။ သတင်းထောက်အသစ် ၆ ယောက်။ အားလုံးက ကိုယ့်ထက် အသက်လည်းကြီး အလုပ်အတွေ့အကြုံလည်းရှိတယ်။ ကို်ယ်လား။ မနူးမနပ် ဂျောက်ဂျက်အရွယ် ပိန် သေးသေး။ အဲဒီတုန်းက ဧရာဗိုလ်တို့ ၃၈ လမ်းတို့ ကမ်းနားတို့ဆိုတာ သတင်းထောက်တွေသွားပြီး သတင်းအတင်းတွေပြောကြဖလှယ်ကြတဲ့နေရာ။ ကျော်ကတော့ အဲဒါတွေလည်းမသိ။ သိရကောင်းမှန်းလည်းမသိခဲ့ရိုးအမှန်ပါ။ ကိုယ့်သတင်းဂျာနယ်မှာပါဖို့ကိုပဲ လုံးပန်းနေရတာ။ အဲ မမေငယ်ခေါ်လို့ ဧရာဗိုလ်ကို (၂) ခေါက်လောက်ရောက်ဖူးတယ်။ အဲတုန်းကသတင်းလိုက်တာပျော်စရာကောင်းတယ် ဗျ။ သူနဲ့ကိုယ်နဲ့သတင်းအတူတူလိုက်။ ပြန်လာရင် နင်ကအဲဒီခေါင်းစဉ်ရေး၊ ငါက ဒီခေါင်းစဉ်ရေးမယ် နင်က ထွက်ရက်စောတယ် ငါကထွက်ရက်နောက်ကျတယ် ဆိုပြီး သတင်းတွေဝေစုခွဲကြတယ်။ သတင်း ခပ်ဆင်ဆင်တူနေရင်နာမည်ပျက်မှာမို့ တစ်ယောက်နဲ့တစ်ယောက် သတင်းပိုကောင်းအောင်၊ သတင်း လည်းမတူအောင် အသည်းအသန်ရုန်းကန်ကြပါတယ်။ တစ်ပတ်တစ်ပတ် ဘယ်သူက သတင်းအပုဒ်ရေပိုပါမလဲ ပြိုင်ကြသလို ဘယ်သူက ကာဗာသတင်းတက်လဲဆိုပြီးတော့လည်း ပြိုင်ကြပါတယ်။ ကိုယ့်အလုပ်အေးဆေးလုပ်နေတယ်ဆိုပေမယ့် အချင်းချင်းသတင်းရင်းမြစ်လုတာတွေ၊ တစ်ပတ်ထက်တစ်ပတ်ပိုကောင်းအောင်လုပ်နေရတာတွေနဲ့ လုံးပန်းရတော့ လက်ပန်းကျလာပါတယ်။ (ဒါပေသိ အဲဒီခေတ်အဲဒီအခါတုန်းက ကိုယ်ဟာ ပြည်မြန်မာမှာ သတင်းအပုဒ်ရေအများဆုံး၊ ကာဗာသတင်းအများဆုံးရေးနိုင်ခဲ့တဲ့သူနော် ငိငိ၊ အခုနေ အဲဒါကိုတွေးပြီး ကျေနပ်သလို အယ်ဒီတာချုပ်လက်ဦးဆရာကိုလည်းကျေးဇူးတင်လို့မဆုံးပါဘူး)

၀ါသနာပါတဲ့ဝတ္ထုရေးတဲ့အလုပ်ကိုအချိန်မပေးနိုင်တော့ သတင်းရေးတဲ့အလုပ်မဟုတ်တဲ့ အခြား အလုပ်တစ်ခုကိုပြောင်းမှဖြစ်မယ်လို့ ၃ နှစ်နဲ့ ၇ လအကြာမှာ တွေးမိလာပြီး လုပ်ငန်းခွင်နောက်တ စ်နေရာဆီကိုပြောင်းခဲ့ပါတော့တယ်။ မန္တလေးကိုပြန်တဲ့အခိိုက် နှစ်ပတ်လောက်နေပြီးတဲ့နောက် အလုပ်သစ် စ ရပါတယ်။ အချစ်ဦးအလုပ် ဖြစ်တဲ့ပြည်မြန်မာဂျာနယ်ကို သံယောဇဉ်ကြီးခဲ့ပေမယ့် အဲဒီက အယ်ဒီတာချုပ်အပါအဝင် အပေါင်း အသင်းတွေကို ခင်တွယ်ခဲ့ပေမယ့် ဝတ္ထုရေးဖို့အချိန်ပေးနိုင်မယ့်အလုပ်တစ်ခုကိုရွေးချယ်မှဖြစ်မယ် ဆို တဲ့အတွေးနဲ့ အလုပ်သစ်ကိုပြောင်းခဲ့တာပါ။

(၂) ဒုတိယမြောက်အချစ် (အင်တာနက်ဂျာနယ်)

အင်တာနက်ဂျာနယ်က ကျော့်ရဲ့ဒုတိယမြောက်အချစ်၊ သက်တမ်းရှည်အလုပ်ဖြစ်ပါတယ်။ သတင်းရင်းမြစ် Focus က နည်းပညာနယ်ပယ်တစ်ခုတည်းရှိတာရယ် ဝတ္ထုရေးဖို့အချိန်လည်းပေးနိုင် မှာ ရယ်ဆိုတဲ့သဘောနဲ့ ပြောင်းခဲ့တာဖြစ်ပါတယ်။ တကယ်လည်း ဝတ္ထုတွေအချိန်ပေးရေးနိုင်ခဲ့ပြီး ဆက်တိုက်ထွက်ခဲ့ပါတယ်။ နည်းပညာသတင်းလောကမှာတော့ တစ်မျိုးထူးဆန်းတယ်ဗျ။ သူရဲ့ အဓိ က သတင်းရတဲ့နေရာက ပွဲတွေပါ။ ပွဲတွေလိုက်တက် အဲဒီမှာတွေ့တဲ့လူကြီးတွေနဲ့ ချိတ်ဆက်ပြီးတော့ သတင်းယူရတာများပါတယ်။

ပျော်စရာအရမ်းကောင်းခဲ့တယ်။ အလုပ်တွေလည်းအများကြီးလုပ်နိုင်ခဲ့တယ်။ အံမယ် အဲဒီအလုပ်မှာ တော့ အယ်ပလွိုက်ယီအော့ဖ်သည်ယား (Employee of the year) ပေးတဲ့စနစ်လည်းရှိတော့ (၃) နှစ်ဆက်တိုက်ယူနိုင်ခဲ့သေးတာကျေနပ်နေသေးတယ်ဗျာ။ (သေချာတာကတော့ ရသင့်တာ သုံးနှစ်မ ကပါ :P) ခေတ်စနစ်ပြောင်း ဂျာနယ်ခေတ်ကနေ သတင်းစာခေတ်ကိုရောက်၊ သတင်းစာခေတ်ကနေ ဒီဂျစ်တယ်မီဒီယာခေတ်ကိုရောက် Trend တွေပြောင်းပြီးရင်းပြောင်းလာတော့ လူတွေလည်း Trend ပြောင်းဖို့လိုလာပါတယ်။ ဒါကြောင့်မို့ ၇ နှစ်အကြာမှာပဲ ကျွန်တော်ချစ်တဲ့ အင်တာနက်ဂျာနယ်နဲ့ မီဒီယာ လောကကိုစွန့်ခွာခဲ့တာဖြစ်ပါတယ်။

(၃) ပြောချင်တာက အခုမှ စ မှာဗျ

နေ့ရက်တိုင်း အချိန်တိုင်းမှာ Trend ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့အကျင့်စရိုက်လေးတွေပြောင်း လဲလာပါတယ်။ အဲဒီအထဲမှာ မီဒီယာလောကထဲက လူတစ်ချို့လည်းပါလာတယ်ဗျ။ အရင်တုန်းကဆို ဟိုဂျာနယ်ဒီဂျာနယ်ကသတင်းတွေစုပြီး မထင်မရှားဂျာနယ်တွေဆီ Freelance ပို့တာမျိုး၊ ပွဲတွေစုံ အောင်တက်ပြီး လက်ဆောင်လိုက်ယူတာမျိုး စရိုက်ဆန်တဲ့လူတစ်ချို့တွေ့ရပါတယ်။ PR တွေပေါ်လာ တဲ့အခါမှာလည်း နိုင်ငံခြားပွဲဆိုရင် အသာငမ်းငမ်းတက်ပြီးလိုက်ချင်တဲ့သတင်းသမားမျိုး၊ သတင်းရင်း မြစ် ( များသောအားဖြင့် တိုက်ပိုင် PR) တွေကို အပိုင်ပေါင်းပြီး ပွဲတွေကို နာမည်တပ်ပြီး ဖိတ်ခိုင်း၊ ခရီးခေါ်ရင်ဦးစားပေးခိုင်းတာမျိုးတစ်ချို့လည်းတွေ့ခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့နှစ်အဆက်ဆက် မှာ အများဆုံးတွေ့ရတဲ့လူတစ်ချို့တော့ ပွဲတက်အယ်ဒီတာတွေပါ။ ကိုယ့်တိုက်ထဲကဂျူနီယာတွေကို ဦးစားမပေးဘဲ ကိုယ်ချည်းပွဲလိုက်တက် ပေးတဲ့လက်ဆောင်လိုက်ယူ ကိုယ်ပဲ ပိုင်သလိုလို ကိုယ့်ကိုပဲ အိပ်စကလူးစစ်ဖိတ်သလိုလိုနဲ့ အကြီးကြီးတွေလိုက်ပြောတာတွေ မမြင်ရက်ပါဘူးဗျာ။

ပြီးတော့ရှိသေးတယ်။ မီဒီယာဆက်ဆံရေးသမားတစ်ချို့ပါ။ ခရီးတွေခေါ်ပြီး မီဒီယာတွေကို ဂျင်းထည့်တာမျိုးကြုံဖူးပါတယ်။ ပထမဆုံးကြုံဖူးတာက ဟိုတယ်အသစ်ဖွင့်ပွဲအတွက်နေပြည်တော်ကို လာခိုင်းပြီး ကျော်တို့လာတဲ့လမ်းစရိတ်တွေကို ကုမ္ပဏီမှာတောင်းသွားတဲ့ကိစ္စပါ။ PR လုပ်သူက ကုမ္ပဏီကိုကျတော့ ကိုယ်တွေကို စိုက်ပေးရတယ်၊ ကိုယ်တွေကိုကျတော့ ကုမ္ပဏီက ကိုယ့်စရိတ်နဲ့ကိုယ်လာခိုင်းတယ် လုပ်ပြီး ဂျင်းထည့်သွားတာ နောက် ကွယ်ကသိလိုက်ရတော့ စိတ်တောင်မကောင်းမိ။

အခုလက်ရှိ ကျော့်သူငယ်ချင်းတော်တော်များများလည်း PR နယ်ပယ်ထဲကိုရောက်နေကြသလို သတင်းနယ်ပယ် မှာလည်းရှိနေကြပါသေးတယ်။ မီဒီယာနဲ့ PR ဆက်ဆံရေးက တစ်ဖြည်းဖြည်းနဲ့စိပ်လာသလို ရှုပ်ထွေးမှုတွေလည်းများလာပါတယ်။ မီဒီ ယာဖက်က ဂျင်းတာတွေရှိသလို PR ဖက်ကဂျင်းတာတွေကိုလည်း မြင်ရတွေ့ရတာတွေရှိခဲ့ပါတယ်။ အားလုံးကို မဆိုလိုပါဘူးနော်။ ကျော် ဒီလိုပြောလို့ ငါ့များရေးတာလား သူ့ကိုများရေးတာလားလို့ တွေး ကောင်းတွေးပါလိမ့်မယ်။ သတင်းထောက်၊ အယ်ဒီတာ လုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ကျွန်တော် နဲ့ မတည့်တဲ့သူ ကျွန်တော်နဲ့အဆင်မပြေတဲ့သူလည်း လုံးဝမရှိခဲ့သလို ဘာပြသနာမှလည်းကြီးကြီးမားမားမဖြစ်ခဲ့ဖူးပါဘူး။ ကို်ယ်တိုင်က မဟုတ်တာလုပ်ရင်သဘောမကျ၊ ခပ်စွာစွာကောင်မို့ အဲလိုအဆင်မပြေတာဖြစ်ရင်လည်း ဒဲ့ပဲရှင်းလေ့ရှိပါတယ်။ သူများတွေကိုတော့ မြင်ရပါတယ်၊ ကြားရပါတယ်၊ တွေ့ရပါတယ်၊ သိရပါတယ် ဒါကြောင့်မို့ ကြာတော့ စိတ်ပျက်လာပါတယ်။

အီးမေးလ်ကြည့်ပြီး သတင်းရေးတဲ့သူတွေများလာတာမပျော်တော့ပါဘူး။ အားကြိုးမာန်တက်မရှိဘဲ ပွဲတက်ပြီးသတင်းရေးတဲ့သူတွေများလာတာ မတွေ့ချင်တော့ပါဘူး။ အင်တာဗျုးသွားဖို့ နေပူလို့ အီးမေးလ်ပို့ ဖုန်းထဲကမေးတဲ့ ပုံစံကို Comfort Zone လို့ မြင်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြာတော့ စိတ်ညစ်လာပါတယ်။ မမြင်ချင် မတွေ့ချင်တော့ပါဘူး လှုပ်လှုပ်ရှားရှားဘဝမှာ မနေပျော်တော့ပါဘူး။ ဒါကြောင့် အေးဆေး တည်ငြိမ်တဲ့ နေရာလေးတစ်ခုကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ဝတ္ထု ဇာတ်ကောင်တွေအတွက် ကျွန်တော်အချိန်ပေးရမယ်လေ။

မေတ္တာရိပ်မှာအေးချမ်းပါစေ။