(၃)
သူမကျွန်တော့်ကိုလှောင်လေသည်။ မဖြစ်နိုင်တာ။ နောက်နေတာမဟုတ်လားတဲ့။ ကျွန်တော်ကပဲသူမကို နောက်နေတယ်လို့ထင် နေတာပေါ့။ ကျွန်တော်ကလည်း သူမနောက်နေတာလို့ပဲထင်ထားခဲ့တာ။ အဲဒီတော့ကျွန်တော်တို့ စမ်းသပ်မှုတစ်ချို့လုပ်ကြသည်။ သူမက ကျွန်တော့်ဖုန်းနံပါတ်ကိုတောင်းလိုက်ပြီး အခုချက်ချင်းဆက်မယ်ဆိုတော့ အသာတကြည်ပင်ပေးလိုက်သည်။ ကျွန်တော့်ဖုန်းက (၀၉၇၃၀) ငါးသိန်းတန် CDMA 800 MHZ ဖုန်းမို့နံပါတ်ကို အထူးတဆန်းလို့ပြော၏။
“ လိမ်တာလည်းကြည့်လိမ်ပါကွယ်….ဖုန်းမရှိဘူးလို့ပြောရင်လည်း ကြိတ်မှိတ်ယုံလို့ရတယ်၊ ခုဟာက ဘာဖုန်းနံပါတ်ကြီးကိုပေးရတာလဲ၊ တစ်ခါမှမကြားဖူးပါဘူး”
“အဲဒါ စီဒီအမ်အေ ရှစ်ရာဖုန်းလို့ခေါ်တယ် အစ်မ၊ ငါးသိန်းတန်လေ”
“တကယ်၊ ဟားဟား….မင်းပြောတဲ့ ၂၀၁၄ ခုနှစ်မှာပေါ်တဲ့ဖုန်းအသစ်ပေါ့လေ”
“မဟုတ်ဘူး၊ ၂၀၁၀ ကျော်ကတည်းကပေါ်နေတာ၊ ၂၀၁၄ ခုနှစ်မှာတော့ နေရာတော်တော်များများမှာ ၁၅၀၀ တန်ဖုန်းတွေ တွင်တွင် ကျယ်ကျယ်အသုံးပြုနေကြပြီ”
“ ၁၅၀၀ ဟုတ်လား၊ ဘာတဲ့ ငါးသိန်း…..အိုး…မိုက်လှချည်လား”
သူမမယုံပါချေ။ ကျွန်တော့်ကိုနောက်နေတာလို့ပဲ ယူဆထားသည်။ အဲဒီတော့ ကျွန်တော်ကသီချင်းလင့်ခ်တစ်ချို့၊ ခုနောက်ပိုင်းမှာ ထွက်တဲ့ ဗွီဒီယို၊ ရုပ်ရှင်ဖိုင်တစ်ချို့နဲ့ သတင်းလင့်ခ်တစ်ချို့ကို Chat Box ထဲကနေတစ်ဆင့်ပေးကြည့်ကြည့်သည်။ ဒါပေမယ့် မအောင်မြင် ။ဖွင့်လိုလုံးဝမရဘူးတဲ့။ ဒီတော့ ကျွန်တော်ကသူမဖုန်းနံပါတ်ကိုလှမ်းတောင်းသည်။ သူမဖုန်းက ၀၉၅၀ ဖုန်း။ ဆက်ကြည့်လိုက်တော့ ဖုန်းကလိုင်းမအားဘူးဖြစ်နေသည်။ ကျွန်တော့်ဖုန်းကို Black List စာရင်းထဲထည့်ထားပြီး နောက်များနောက် နေသလား ထင်မိ၏။
“ကဲ..ဟုတ်ပြီဗျာ….အစ်မကလည်း အစ်မကိုကျွန်တော်နောက်နေတာလို့ထင်တယ်၊ ကျွန်တော်ကလည်း အစ်မနောက်နေတာလို့ပဲ ထင်နေတယ်၊ ဒါပေမယ့် ယုံချင်စရာအကြောင်းတစ်ချို့ကလည်းရှိနေပြန်တယ်၊ အဲဒီအထဲမှာမှ ယုံကြည်ချင်စရာအကောင်းဆုံးကိစ္စက အစ်မ ၂၀၀၃ ခုနှစ်ကရေးတဲ့ဒိုင်ယာရီစာအုပ် ကျွန်တော့်လက်ထဲမှာရှိနေတာပဲ၊ ဒါပေမယ့် ဒါဟာလည်းလုပ်ကြံလို့ရတယ် ဆိုတဲ့သံသယ ထားရင်တော့ ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ….ကျွန်တော့်စိတ်ထဲမှာတော့ အစ်မနဲ့ကျွန်တော်တစ်ယောက်ကိုတစ်ယောက် သံသယ ကင်းကင်းနဲ့ ခင်မင်ချင်တာပါ၊ ဒီတော့ မနက်ဖြန်အစ်မဘာဖြစ်မလဲဆိုတာ အစ်မဒိုင်ယာရီ ကိုကျွန်တော်ပြောပြမယ် ဘယ်လိုလဲ”
“မောင်လေးရယ်၊ အစ်မက မင်းကိုလူချင်းတွေ့ဖို့ မိန်းမတန်မဲ့အရင်ချိန်းခဲ့တာပါ၊ နောက်ပါ့မလား၊ တကယ်ပြောနေတာပါ၊ မောင်လေးပြော တာတွေကို အစ်မနားမလည်တာအမှန်ပါ၊ အစ်မဒိုင်ယာရီ မင်းလက်ထဲရောက်နေတယ်ဆိုတာကတော့ တော်တော်မယုံကြည်နိုင်စရာ ကောင်းတဲ့ကိစ္စပဲ၊ အဲဒီလောက်ထူးဆန်းတာရှိပါ့ဦးမလား”
“မနကြ်ဖန် အစ်မရဲ့မောင်လေးတစ်ယောက် အိမ်ကိုအလည်ရောက်လာလိမ့်မယ်၊ အဲဒီမှာ အစ်မကမုန့်ဖိုးငါးရာပေးလိမ့်မယ်၊”
ကျွန်တော်သူမဒိုင်ရာရီကို ဖတ်ပြီးပြောပြနေတာဆိုပေမယ့် သူမ မအံသြပါ။ အဲဒီမောင်လေးက သောကြာနေ့ဆိုလာနေကျတဲ့။ အဲဒီကိစ္စ ကျွန်တော့်ကို မကြာခဏပြောနေကျမို့ ခန့်မှန်းလို့တောင်ရတယ်ဆိုပဲ။ ကျွန်တော်ပြောသမျှ ယုံကြည်ဟန်မပြ။ သူမရဲ့ကိုယ်ရေးကိုယ်တာ တစ်ချို့ကိုတော့ ကျွန်တော့်ကိုမကြာခဏပြောပြတတ်တာမို့ အသေးအမွှားကိစ္စတော်တော်များများကိုတော့ ကျွန်တော်ကသိထားလေ သည်။ အဲဒီတော့ သူမက ကျွန်တော့်ကို ခန့်မှန်းပြောတာလို့ပဲထင်တာနေမှာပေါ့။ နောက်နေ့တွေရဲ့ ဒိုင်ယာရီကိုတော့ လောလောဆယ် မဖတ်ပြ ဖြစ်တော့ပါ။ သူမ ကလည်းမမေးခဲ့။
“ကဲ….မောင်လေး မင်းကအစ်မထက်အများကြီးငယ်တယ်၊ မင်းလိမ်တာညာတာတွေကိုဒီမှာတင်ရပ်ရင်ကောင်းမယ်၊ အစ်မအိမ်ကို မင်းမလာလို့ အစ်မစိတ်ဆိုးမှာကြောက်လို့ လျှောက်ပြောနေတာမှန်းသိပါတယ်၊ အစ်မစိတ်မဆိုးတတ်ပါဘူး၊ မင်းရဲ့လိမ်ကွက်တွေက လည်းအွန်လိုင်းမှာ အထူးအဆန်းမဟုတ်တော့ပါဘူး၊ ပြီးတော့ ဒီလိုဇာတ်လမ်းဆင်တာ ဘာအတွက်လည်းဆိုတာ အစ်မရိပ်မိပါတယ်၊ ယောကျ်ားလေးတော်တော်များများက မိန်းကလေးတွေကို အထူးအဆန်းလုပ်ပြပြီး အထင်ကြီးမှုကို ရယူချင်ကြတာချည်းပါပဲကွယ်၊ မင်းနဲ့ အစ်မနဲ့ အွန်လိုင်းပေါ်မှာတွေ့တယ်ဆိုပေမယ့် စကားတွေအများကြီးပြောဖူးတယ်၊ တစ်ယောက်အကြောင်းကိုတစ်ယောက် သူများတွေ ထက်ပိုသိတယ်၊ ရုပ်ချင်းလည်းဓါတ်ပုံတွေထဲကတစ်ဆင့် မြင်ဖူးကြတယ်၊ ဒီတော့ အစ်မလည်းမင်းကို အတိုင်းအတာတစ်ခုထိ သံယောဇဉ် ရှိပါတယ် ”
အမှန်အတိုင်းဝန်ခံရရင်တော့ ကျွန်တော်လည်း အစ်မကိုသံယောဇဉ်ဖြစ်နေတာတော့ အမှန်ပင်။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ နှစ်ယောက်အပြင်မှာ မတွွေ့ဖူးကြသေးပါ။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုကလည်း မရှိကြသေး။ စိတ်ထဲမှာ မတင်မကျ ဖြစ်နေမိသည်။ အစ်မ ကျွန်တော့်ကိုလိမ်နေတာလား။
“အစ်မရယ်…….သေချာတာတစ်ခုက ကျွန်တော်မလိမ်ပါဘူး၊ ထားပါလေ…..ဒါတွေကအမှန်တရားဆိုတော့ နောက်တစ်ဖြည်းဖြည်းသိ လာမယ်လို့ပဲ ယူဆထားတယ်၊ ဒါနဲ့ ကျွန်တော် နောက်တစ်ပတ်ကျရင် ရှန်ဟိုင်းကို အလုပ်ကိစ္စသွားစရာရှိတယ် အစ်မ၊ လာမယ့် တနလာင်္ နေ့ပေါ့၊ အဲဒါ တစ်ပတ်လောက်ကြာမှာမို့ လိုင်းပေါ်လာဖြစ်မယ် မထင်ဘူး”
“ဟယ်…ဟုတ်လား၊ ရှန်ဟိုင်းတောင်သွားရမှာ….မိုက်လှချည်လား….အလုပ်ကိစ္စလား”
“ဟုတ်ကဲ့…..စက်ရုံတစ်ခုကို လေ့လာရေးခရီးပါ၊”
“အေး……တိုက်ဆိုင်လွန်းတာလားမပြောတတ်ဘူး၊ ရှန်ဟိုင်းမှာ အစ်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်၊ မောင်လေးလိုအပ် တာရှိရင် အကူညီတောင်းလို့ရတယ်၊ အစ်မ အီးမေလ်ပို့ထားလိုက်မယ်၊ ပြီးတော့ သူနဲ့လည်းမကြာခဏ ဖုန်းအဆက်အသွယ်ရှိတာမို့ ပြောပြထားလိုက်မယ်နော်…”
“Viber နဲ့ပြောတာလား အစ်မ…သူနဲ့ ဖုန်းပြောတဲ့အခါ”
“ဘာကြီး….မသိဘူး”
“အော်…ဖုန်းက အဲဒီကို အစ်မဘယ်လိုခေါ်တာလဲလို့ပါ၊ ဒီအတိုင်းကြိုးဖုန်းကခေါ်ရင်စျေးကြီးမှာပေါ့”
“ကြိုးဖုန်းနဲ့ပဲခေါ်တာပဲလေကွယ်၊ အစ်မတို့က အရမ်းချစ်ကြတာ ခွဲခွာနေရတာ သုံးနှစ်လောက်တောင်ရှိပြီ၊ ပိုက်ဆံကုန်ရင်လည်း ကုန်ပါ လေ့စေဆိုပြီး သတိတရနဲ့ ပြောဖြစ်ကြတာပါ၊ သူငယ်ချင်းအရင်းကြီးတွေလေ…”
“သူ့ဖုန်းနံပါတ်ရော ကျွန်တော့်ကိုပေးလိုက်လို့မရဘူးလား ဟိုရောက်ရင်ဆက်ကြည့်မယ်လေ”
ဖုန်းနံပါတ်တစ်ခု ကို Chat Box ကတစ်ဆင့်လှမ်းရိုက်ပေးသည်။ ကျွန်တော့်မှတ်စု စာအုပ်လေးထဲ ချက်ချင်းမှတ်ယူထားလိုက်ပါသည်။ ဒီဖုန်းနံပါတ်နဲ့ သံသယကိုဖော်နိုင်ကောင်းပါရဲ့။ နောက်ပြီးတော့…နောက်နေ့ အစ်မသွားမယ့် ဆရာမအိမ်လိပ်စာကိုလည်း ရအောင် တောင်းယူလိုက်ပါသေးသည်။ စိတ်ထဲမှာမတင်မကျ ဖြစ်နေတာကိုတော့ရအောင်ဖော်ထုတ်ရမှာပဲ။ အဲဒီအချိန်အထိတော့ ကျွန်တော့်စိတ် ထဲမှာ အဖြစ်အပျက်ကိုရာနှုန်းပြည့်မယုံကြည်နိုင်သေးတာ သေချာသလောက်ပင်။
အမှန်တကယ်ဆို ကျွန်တော့်ဆီမှာ သူမရဲ့ဒိုင်ယာရီစာအုပ်တောင်ရှိနေပြီးပြီပဲ။ ယုံသင့်သလောက်ယုံရမယ့်အနေအထားမှာ ရှိနေပြီပဲ။ ဒါပေမယ့် သူမအပြောအဆိုတွေကြောင့် စိတ်ထဲမှာအပြည့်အဝ မယုံနိုင်သေးတာက ခက်နေသည်။ အဲဒီမယုံကြည်မှုတွေဟာ ကျွန်တော် တို့နှစ်ယောက်ရဲ့ဇာတ်လမ်း အဖြစ်အပျက်တွေ ဖြစ်ပေါ်လာအောင်ဖန်တီးပေးခဲ့သောအရာတွေ ဖြစ်မှန်းမသိဖြစ်ခဲ့ရလေသည်။
ရှန်ဟိုင်းကို မသွားခင်မှာ သူမရဲ့ဆရာမ အိမ်လိပ်စာအတိုင်းကျွန်တော် မေးမြန်းပြီးရောက်သွားခဲ့ပါသေးသည်။ အမှန်ပင်..သူမတကယ်ပဲ ကွယ်လွန်သွားခဲ့ပြီတဲ့။ ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ လူတစ်ယောက်နဲ့ ကျွန်တော်အွန်လိုင်းပေါ်မှာတွေ့နေရတဲ့အဖြစ်။ ဘယ်လောက်တောင်ထူး ဆန်းလိုက်ပါသလဲ။ ဆရာမက သူမ လိမ္မာရေးခြားရှိတာတွေကို သတိတရပြောပြသည်။ အထက်တန်းပြီးလို့ တက္ကသိုလ်ပြီး လို့အလုပ်ဝင်နေတာတောင်နှစ်တိုင်း နှစ်တိုင်း ဆရာမကို သတိတရ လာကန်တော့ကြတယ်တဲ့လေ။ ဘာလို့သေသွား တာလဲဆိုတာ ကိုမေးမိတော့ မျက်ရည်စမ်းစမ်းနဲ့ပြောပြသည်။ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက်ကဆိုပေမယ့် ဘယ်တော့မှမမေ့ နိုင်စရာအဖြစ် အပျက်မို့လိုတဲ့လေ။ မတော်တဆကားတိုက်မှုနဲ့ ဆုံးသွားတာ။
“ငါတကယ် ဒီလိုထူးဆန်းမှုတွေကြုံနေရတာပါလား၊ ဟူး…မယုံနိုင်စရာပဲ”
သံသယတွေနဲ့ပဲ အဲဒီကိစ္စကိုတွေးနေမိကာ ရှန်ဟိုင်းခရီးစဉ်ကိုလာခဲ့ရသည်။ အဲဒီခရီးစဉ်အပြီးမှာတော့ အစ်မမြတ်သစ်ခွနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ဇာတ်လမ်းဟာ နက်ရှိုင်းသည်ထက်နက်ရှိုင်းလာခဲ့လေသည်။ ပြီးတော့ အဲဒီခရီးစဉ်မှာ ကျွန်တော်ထင်မှတ်မထားတာတွေ လည်းတွေ့ကြုံခဲ့ရ၏။ အစ်မရဲ့သူငယ်ချင်း။ အခင်ဆုံးသူငယ်ချင်းလို့ဆိုသူနဲ့ တွေ့တဲ့အဖြစ်အပျက်ဟာလည်း ကျွန်တော့်ဘဝမှာ ဘယ်တော့မှ မမေ့နိုင်စရာ အကြောင်းအရာတွေပဲဖြစ်သည်။
အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ရင်ခုန်စရာမကောင်းခဲ့ပေမယ့် ကျွန်တော်တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကတော့စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စ ရာ တွေချည်းပြည့်နှက်ခဲ့လေသည်။
++++++++++++++++++++++++++++++++++++++