(၄)
စိတ်ထဲမှာ မတင်မကျဖြစ်နေတာတွေကို သိရဖို့အတွက် ကူမင်းလေဆိပ်အရောက်မှာပင် အဲဒီဖုန်းကိုဆက်လိုက်မိပါသည်။ အစ်မမြတ် သစ်ခွရဲ့သူငယ်ချင်းဖုန်းနံပါတ်။ ကျွန်တော်တို့အလုပ်က စီနီယာတစ်ယောက်မှာဆက်လို့ရတဲ့ ဖုန်းကတ်အဆင်သင့်ရှိနေတော့ ဖုန်းကတ် ဝယ်ဖို့နေရာ ရှာစရာမလိုပါ။
ဖုန်းကအလွယ်တကူပင် ဝင်သွားလေသည်။ ဖုန်းကိုင်သူအမျိုးသမီးတစ်ယောက်။
“ကျွန်တော် အစ်မမြတ်သစ်ခွ ရဲ့မိတ်ဆွေပါခင်ဗျ၊ ရှန်ဟိုင်းကိုရောက်တော့မှာမို့ ဖုန်းဆက်လိုက်တာပါ၊ အခု ကူမင်းလေဆိပ်မှာပါ”
တစ်ဖက်က ဟဲလို လို့ပဲထူးတာနဲ့ ကျွန်တော်ပြောချင်တာတွေကို တရစပ်ပြောချလိုက်မိသည်။ တစ်ဖက်ကဘာမှမပြော။ ဆယ်စက္ကန့် လောက်အထိတောင်ငြိမ်သက်လို့နေသည်။ အဲဒီတော့မှ ကျွန်တော်ဖုန်းများမှားနေတာလား အချိန်ကြာပြီဆိုတော့ ဒီဖုန်းနံပါတ်ကို သူကိုင် ပါတော့မလား သံသယဖြစ်သွားမိသည်။
“ဟဲလို…ဒါ ဒေါ်ယဉ်ယဉ်ရဲ့ဖုန်းဟုတ်ပါတယ်နော်…၊ ဟို..ကျွန်တော် မင်းဟံသာပါ အစ်မမြတ်သစ်ခွ အီးမေးလ်ပို့ထားလားမသိဘူး”
“သူ ဖုန်းဆက်ထားပါတယ်၊ မောင်လေး ရှန်ဟိုင်းမှာ တည်းတဲ့ဟိုတယ်ကိုရောက်ရင် ဖုန်းခေါ်လိုက်ပါ”
အဲဒီလိုပြောပြီး ဖုန်းချသွားသည်။ ဘုရား ဘုရား။ ဒါဆို…ခုက ဘာလဲ…အစ်မကျွန်တော့်ကို လိမ်နေတာလား ကျွန်တော်ပဲကြောင်နေ တာလားမပြောတတ်တော့။ စိတ်ထဲမှာတော့ အဲဒီဒေါ်ယဉ်ယဉ်နဲ့ပဲတွေ့ချင်နေတော့သည်။ သူမနဲ့တွေ့ရင်တော့ တစ်ခုခုထူးခြားမှာ အသေ အချာပင်။ စိတ်ဝင်စားစရာကောင်းတဲ့ခရီးတစ်ခုတော့ ဖြစ်ပြီပေါ့လေ။
နေ့လည်ပိုင်းရန်ကုန်ကနေ ကူမင်းလေဆိပ်၊ ကူမင်းလေဆိပ်မှာညနေစာကို ဖြစ်သလိုစားပြီးနောက် ရှန်ဟိုင်းကိုခရီးဆက်လာတာ တည်း ခိုရာဟိုတယ် ကို ရောက်တော့ ကျွန်တော့်လက်ပတ်နာရီမှာ ည ၁၂ နာရီကျော်လေပြီ။ ရှန်ဟိုင်း၏ဒေသစံတော်ချိန်မှာ ကျွန်တော့်လက် ပတ်နာရီ မြန်မာစံတော်ချိန်ထက် တစ်နာရီခွဲစောပါသည်။ နောက်ကျနေပြီဆိုပေမယ့် ဒေါ်ယဉ်ယဉ်ဆီကို ဖုန်းဆက်ဖြစ်အောင်ဆက်လိုက် မိသည်။ ရောက်နေပြီဆိုတဲ့အကြောင်းနဲ့ တည်းတဲ့နေရာကိုပြောပြတော့ မနက်ပိုင်းအလုပ်မသွားခင်လာခဲ့မယ် လို့ပြောသည်။ ကျွန်တော် တို့တည်းတဲ့ဟိုတယ်နဲ့ သူမနေတဲ့နေရာကအလှမ်းဝေးသည်တဲ့။
ကျွန်တော်တို့တည်းခိုရတဲ့ဟိုတယ်က Hua Ting Hotel & Tower ၊ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ထားပြီး ရှန်ဟိုင်းမြို့ Xu Jia Hui စီးပွား ရေးဧရိယာအတွင်းမှာတည်ရှိသည်။ ကျွန်တော်တည်းခိုရတဲ့အခန်းကလှမ်းကြည့်ရင် Shanghai Stadium, Shanghai Gymnasium တို့ ကိုလှမ်းမြင်နေရသည်။ ညပိုင်းဆိုပေမယ့် အားကစားကွင်းအတွင်းမှာ ဘက်စ်စကတ်ဘောကစားနေကြတဲ့လူငယ်တွေကို တွေ့ရသည်။ ကစားကွင်းပင်မထဲမှာတော့မဟုတ်။ ကစားကွင်းအဆောက်အအုံရဲ့အပြင်မှာမှာ ကွင်းလေးတွေအသီးသီးကို အကန့်လိုက်ခြားပေးထား ကာ တော်တော်များများကဘက်စ်စကတ်ဘောကစားနည်းကို ကစားနေကြတာတွေ့ရသည်။ ဒီဟိုတယ်နဲ့မြို့ရဲ့ပင်မလမ်းကြော၊ မြေ အောက်ရထားဘူတာက အနီးဆုံးမှာရှိပြီး ဆိုင်ကြီးတွေ၊ ရုံးတွေ၊ ဖျော်ဖြေရေးပါတဲ့စားသောက်ဆိုင်ကြီးတွေက လမ်းလျှောက်သွားလို့ ရတဲ့ အကွာအဝေးမှာ လို့မနက်ဖြန်ကျွန်တော်တို့ကိုလိုက်ပို့ပေးမည့် ဒေသခံကရှင်းပြခဲ့၏။ စက်ရုံလေ့လာရေးကိုအဓိကလာတာမို့ သူတို့ စက်ရုံ ရှိရာကို အရင်လိုက်ပြမှာဖြစ်သည်။
မနက် ၉ နာရီမှာဟိုတယ်ဧည့်ခန်းမှာ စုရပ်အဖြစ်ချိန်းထားပြီး ဒေါ်ယဉ်ယဉ်နဲ့ မနက် ၈ နာရီမှာချိန်ထားတာဖြစ်သည်။ တော်တော်လည်း နောက်ကျနေပြီမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမိသည်။ ကျွန်တော်စီနီယာရဲ့ဖုန်းကကျွန်တော့်ကိုပေးထားတာမို့ရောက်လာရင် ဖုန်းခေါ် ဖို့ ဒေါ်ယဉ်ယဉ်ကိုမှာထားခဲ့၏။
ကျွန်တော်နိုးလာတော့့ မနက်ခြောက်နာရီအတိ။ ရေမိုးချိုး၊ အဝတ်အစားလဲပြီး မနက်စာစားတော့ ခုနစ်နာရီ ကျော်နေပြီ။ ရှန်ဟိုင်းရဲ့ချမ်း စိမ့်စိမ့်အငွေ့အသက်ကို စတင်ခံစားလိုက်ရသည်။ အစပ်မပါသော အချိုအရသာအများစုဟင်းပွဲတွေနဲ့ မနက်စာကိုစားပြီး ဟိုတယ်လော် ဘီမှာထိုင်ကာ သူမကို စောင့်နေမိသည်။ အဖွဲ့ထဲမှာ ကျွန်တော်အစောဆုံးထင်ပါရဲ့။
၇ နာရီခွဲကျော်ကျော်လောက်မှာတော့ ကျွန်တော်မျှော်လင့်ထားသောဖုန်းဝင်လာလေသည်။ ရောက်နေပြီ။ ဟိုတယ်လော်ဘီထဲကိုဝင်လာ ပြီတဲ့။ အနွေးထည်အနီရောင်ကိုဝတ်ထားပြီး ဆံပင်အကြေကောက်နဲ့ဖုန်းပြောလာတဲ့အမျိုးသမီးပါတဲ့။ ဘုရား…ကျွန်တော့်မြင်ကွင်းက မျက်လုုံးပြူးသွားစေသည်။ ဒေါ်ယဉ်ယဉ်ဆိုတာ အစ်မမြတ်သစ်ခွနဲ့ ရွယ်တူ ၃၀ ဝန်းကျင်၊ ကျော်ရင်လည်း သုံးလေးနှစ်လို့ပဲထင်ထားတာ။ ကျွန်တော်မြင်လိုက်ရတာက အသက်လေးဆယ်ဝန်းကျင်လောက်။ အိုစာနေတာလည်း ဖြစ်နိုင်ကောင်းပါရဲ့။
“ဒေါ်ယဉ်ယဉ်လားဟင်၊ ကျွန်တော် မင်းဟံသာပါ”
“အိုးမိုင်ဂေါ့၊ အန်တီက အသက်ခပ်ကြီးကြီးလို့ထင်ထားတာ”
သူမကအန်တီဆိုသောအသုံးအနှုန်းကိုစတင်သုံးစွဲလိုက်တာကြောင့်ကျွန်တော့်အတွေးမှန်သွားလေသည်။ပြီးတော့ဆက်ပြောသေးသည်။
“အင်းလေ၊ မင်းနဲ့တွေ့ရင်ထူးဆန်းမှုတစ်ခုခုတော့ရှိမှာပဲလို့ တွေးပြီးအန်တီလာခဲ့တာပဲ”
“ဗျာ….ဟုတ်”
ကျွန်တော်ငြိမ်သက်စွာနဲ့ သူမပြောလာမယ့်စကားတွေကို သေချာနားထောင်နေမိသည်။
“မြတ်သစ်ခွ ဆုံးတာဆယ်နှစ်တောင်ရှိပြီလေ၊ မင်းကခုမှ ဘာလို့ပေါ်လာတာလဲ၊ အန်တီ့ဆီကို မင်းလာမယ်ဆိုပြီး သူဖုန်းဆက်တာ လွန်ခဲ့တဲ့ ဆယ်နှစ် သူမဆုံးခင်ကတည်းက”
“ဗျာ…..”
သူမက ကျွန်တော့်ကို အထူးအဆန်းသဖွယ်ကြည့်နေသလို ကျွန်တော်ကလည်း သူမကိုနားမလည်နိုင်စွာကြည့်နေမိလေသည်။ ဘာတွေ ဖြစ်ကုန်ပြီလဲပေါ့။
“ကျွန်တော်တို့တွေ့ကြုံနေရတာဟာ သွေးရိုးသားရိုးကိစ္စ တစ်ခုမဟုတ်ဘူးဆိုတာ အန်တီယုံကြည်လိမ့်မယ်လို့ထင်တယ်၊ ကျွန်တော် လည်းနားမလည်နိုင်တော့လောက်အောင် ဆန်းပြားနေတာကို ကြုံရတော့ဘယ်ကစပြောရမှန်းတောင် မသိတော့ဘူး ”
“အေး၊ အန်တီလည်း အံသြနေတာကလွဲရင် ဘာပြောရမှန်းတောင်မသိတော့ပါဘူးကွယ်၊ အမှန်တော့ မင်းကိုအပြစ်တင်ချင်လို့ရောက် လာတာပဲ၊”
“ကျွန်တော့်ကို အပြစ်တင်ဖို့ ဟုတ်လား”
“အင်း၊ သစ်ခွသေရတာမင်းပယောဂမကင်းဘူးဆိုပြီး မင်းကိုအပြစ်တင်ဖို့ပဲ၊ ဒါပေမယ့် မင်းအရွယ် အနေအထားနဲ့ဆို လွန်ခဲ့တဲ့ဆယ်နှစ် လောက်က အနေအထားက တော်တော်ငယ်ဦးမယ်၊ သစ်ခွပြောတဲ့သူမဖြစ်နိုင်ဘူးလို့ယူဆလိုက်တယ်”
“အစ်မ သေရတာ ကျွန်တော့်ပယောဂ မကင်းဘူး ဟုတ်လားအန်တီ”
“ဒါတွေကို အန်တီနောက်မှရှင်းပြပါ့မယ်၊ မင်းနဲ့ မြတ်သစ်ခွတို့ရဲ့အကြောင်းကို အရင်ပြောကြည့်”
ကျွန်တော် ကြုံတွေ့ရတာကို အစအဆုံးပြောပြမိသည်။ မယုံလည်းမတတ်နိုင်ပါ။ အမှန်တကယ်ကြုံတွေ့ရတာမှန်း ကျွန်တော့်မျက်လုံး တွေက သက်သေခံနေပါလိမ့်မည်။ သူမက သက်ပြင်းရှည်ကြီးတွေကို တစ်ချက်တစ်ချက်ချကာနားထောင်သည်။ ကျွန်တော့်စကားဆုံး တော့ ယုံတယ်မယုံဘူး ဆိုတာ ဘာမှတ်ချက်မှမပေးခဲ့။
“အင်း…..အန်တီပြောတာကို လည်းမင်းနားထောင်ကြည့်၊ မြတ်သစ်ခွဟာ အန်တီရဲ့အချစ်ဆုံးသူငယ်ချင်း၊ အန်တီဒီကိုရောက်လာပြီး နောက်ပိုင်းမှာလည်း ဖုန်းနဲ့အမြဲတမ်းအဆက်အသွယ်ရှိခဲ့တယ်၊ အွန်လိုုင်းမြန်မာနိုင်ငံမှာ သိပ်ခေတ်မစားသေးတော့အပြန်အလှန် သုံးလေ့ သုံးထလည်း မရှိဘူးပေါ့ကွယ်၊ အင်း…လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မင်းအကြောင်းနဲ့ပတ်သက်ပြီး တော့ဖုန်းထဲမှာ တစ်ခါတစ်ရံ ထည့်ပြောတတ်လာတယ်၊ မင်းဒီကိုလာမယ့်အကြောင်းက စလို့ပေါ့၊ သေချာဂရုပြုစောင့်ရှောက်ဖို့၊ ဆက်သွယ်လာရင် သွားချင်တဲ့ နေရာတွေကို လိုက်ပို့ဖို့ လိုအပ်တာတွေကိုကူညီဖို့ အစီစဉ်တွေဆွဲပေးပြီး ဖုန်းနဲ့တဖွဖွမှာတယ်၊ ဒါပေမယ့် မင်းရောက်မလာခဲ့ဘူး”
စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာတွေပင်။ ကျွန်တော်အသက်ရှုမေ့လောက်အောင်အထိ ငြိမ်သက်စွာနားထောင်နေမိသည်။ အစ်မမြတ်သစ်ခွရဲ့ ဒိုင်ယာရီထဲမှာ ကျွန်တော့်အကြောင့်း စ ပါလာကတည်းကကျွန်တော် အဲဒီစာအုပ်ကိုအဆုံးအထိဖတ်ခဲ့သင့်တာ။ နောက်ထပ် နေ့ရက်တွေမှာ ဘာဆက်ဖြစ်မလဲပေါ့။ ဒေါ်ယဉ်ယဉ်ကသမားရိုးကျပုံစံစကားပြောနေပေမယ့် သူမရဲ့လေယူလေသိမ်းတွေ ဟာ စကားပြောအလွန်ကောင်းတဲ့သူတစ်ယောက်မှန်းသိသာပါသည်။ လိုတဲ့နေရာတွေမှာ ဖြတ်တောက်၊ အသံချိုချိုလေးတွေသုံးကာ တစ်ဖက်သားကို စိတ်ဝင်စားအောင်ဆွဲဆောင်နိုင်လှသည်။
“မင်းဒီကိုရောက်လာမယ်လို့ သတင်းပေးပြီးနောက်တော်တော်အကြာမှာ သူနဲ့ ဖုန်းထပ်ပြောဖြစ်တော့ မင်းအကြောင်း မေးတယ်၊ ဆက်သွယ်ခဲ့သလားတဲ့၊ အန်တီကလည်း မင်းမလာဘူးဆိုတဲ့အကြောင်းပြောပြဖြစ်တယ်၊ အဲဒီနေ့ မင်းနဲ့အပြင်မှာတွေ့ဖို့ချိန်း ထားတယ်တဲ့ အန်တီကတောင်တားလိုက်သေးတယ်၊ အဲဒီလိုမျိုးအပြင်မှာ ချိန်းတွေဇာတ်လမ်းဆင်တာမျိုးမလုပ်သင့်ဘူး၊ ကလေးလည်း မဟုတ်တော့ ဘူး၊ ကိုယ့်အသက်အရွယ်လည်းထောက်ဦးလို့၊ သူကပြောတယ်….မင်းကသူ့ကို အွန်လိုင်းမှာ ရည်းစားစကားပြောတယ်တဲ့၊ အဲဒါလူချင်း တွေ့ပြီး အဖြေပေးဖို့ ချိန်းလိုက်တာတဲ့၊”
ဗျာ….ဘုရား ဘုရား။
ကျွန်တော် ဘုရားတ မိသည်။
“သူ့အသက်မငယ်တော့ဘူးတဲ့၊ အချစ်ဆိုတာနဲ့လည်း အခုရွယ်အထိ မထိတွေ့ဖူးဘူးတဲ့၊ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်မယ့်သူတစ်ယောက် တည်းပဲဖြစ်ချင်တယ်၊ မင်းကိုလည်း အတိုင်းအတာတစ်ခုအထိ အကဲခတ်ပြီးပြီ၊ ဓါတ်ပုံလည်းတွေ့ဖူးပြီးပြီ လူချင်းတွေ့ပြီးတာနဲ့ ဟန်ကျရင် ရွေးချယ်လိုက်တော့မယ် လို့ပြောတယ်၊ အဲဒီနေ့မှာပဲ သူဆုံးသွားတာ”
“ဗျာ”
“သူ….မင်းနဲ့တွေ့ဖို့အသွားမှာ ကားတိုက်ပြီးဆုံးသွားတာ၊ အန်တီက စိတ်ထဲမှာလေးနေတာနဲ့ အဲဒီနေ့ညပိုင်းမှာပဲ သူကိုဖုန်းခေါ်ခဲ့တယ်၊ အဲဒီမှာ သူကားမတော်တဆမှုနဲ့ ဆုံးသွားတယ်လို့ သိရတာပဲ၊ မင်းနဲ့သွားတွေ့တဲ့နေ့ဆိုတာတော့သေချာတယ်၊ မင်းနဲ့တွေ့လိုက်တယ် ၊မ တွေ့လိုက်ဘူး ဆိုတာတော့မမေးခဲ့ရဘူး၊ နောက်ပြီး သူ့နာရေးကိုလည်း အန်တီမသွားခဲ့နိုင်ဘူး၊”
“ဘုရား၊ ထူးဆန်းလိုက်တာ၊ ကျွန်တော်ဖြင့် အံသြလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ၊ ဒီကိုမလာခင်အထိဒါဟာတစ် ယောက်ယောက်လုပ်ကြံနေတာလားလို့တောင် သံသယဝင်နေမိတာ၊ ကျွန်တော့်လက်ထဲက ဒိုင်ယာရီစာအုပ်ကလည်း လုပ်ဇာတ်တစ်ခု လို့ပဲထင်ထားခဲ့တာပါ၊ အန်တီနဲ့တွေ့တော့မှ ဇာတ်ရည်လည်လာတော့တယ်ဗျာ၊ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ပါဘူး”
“အန်တီလည်း အံသြနေတာပါပဲကွယ်၊ လောကကြီးမှာထင်မှတ်မထားတဲ့အရာတွေ ဖြစ်လာတတ်တာ အထူးအဆန်းတော့မဟုတ်တော့ ပါဘူး၊ ဒါပေမယ့် တစ်ခါတစ်လေမှာ တွေ့ကြုံရတာတွေက အိပ်မက်ထက်ဆန်းကြယ်လွန်းလှတယ်”
“ကျွန်တော်လည်းစိတ်ထဲမှာ တွက်ဆကြည့်လို့မရဘူးဖြစ်နေတယ်၊ ဒါမျိုးတကယ်ကြုံတွေ့တတ်သလား အန်တီ”
ကျွန်တော့်အမေးကို သူမဘာမှတ်ချက်မှမပေးခဲ့ပါ။ လူတွေလည်းတစ်ဖြည်းဖြည်းစုံလာပြီ။ သူမလည်းအလုပ်သွားရဦးမှာမို့ စကားဆက် ပြောလို့အဆင်မပြေတော့။ ကျွန်တော်တို့နှစ်ယောက်လုံး စကားကြောကိုဖြတ်လိုက်ကြသည်။ ရှန်ဟိုင်းမှာရှိနေဦးမှာမို့ နောက်နေ့တွေ အလုပ်အားတဲ့အချိန် သူမကိုဖုန်းဆက်ဖြစ်အောင်ဆက်ဖို့ ကျွန်တော်တို့တွေ့ကြုံနေရတဲ့အဖြေကို ရှာဖို့တော့တဖွဖွမှာသည်။ ကျွန်တော်က လည်း အဲဒီအဖြေကို သိချင်နေသည်။ သူမသေဆုံးခဲ့တာ ကျွန်တော့်ကြောင့်လား။
လွန်ခဲ့တဲ့ဆယ်နှစ်က မင်းဟံသာဆိုတာ ကလေးသာသာအရွယ်ပဲရှိဦးမှာ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှမတွေ့ကြုံခဲ့ရတာအမှန်ပင်။ ဒါကို ဘယ်လိုအဖြေရှာရမလဲ။ ကာယကံရှင်ကိုယ်တိုင်တောင်မသိတဲ့ အဖြစ်အပျက်တွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်လိုယုံရပါ့ မလဲ။ ဒါပေမဲ့ ….။
++++++++++++++++++++++++++++++++++++++