(၅)
အဲဒီနေ့မနက်ပိုင်းခရီးစဉ်အထိ တစ်ခြားထူးထူးခြားခြားအကြောင်းအရာမရှိခဲ့ပါ။ ကျွန်တော်တို့ကို စက်ရုံကိုလိုက်ပို့၊ ကုန်ပစ္စည်းရုံးချုပ် ကိုလိုက်ပို့တာလောက်အထိအေးအေးဆေးဆေးပင်။ ကျွန်တော်တို့ကိုလိုက်ပို့သောနေရာမှာ Shanghai Waigaoqiao Free Trade Zone ဖြစ်သည်။
Shanghai Waigaoqiao Free Trade Zone သည် တရုတ်နိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး Free Trade Zone တစ်ခုဖြစ်သည်။ ဇုန်ထဲတွင် ကုမ္ပဏီပေါင်းရှစ်ထောင်ကျော်က လုပ်ငန်းများကို လည်ပတ်လုပ်ကိုင်နေကြပြီး လုပ်ငန်းအမျိုးအစား သုံးမျိုးရှိလေသည်။ Manufacture, Trading, Logistic စသည့်လုပ်ငန်းများတွင် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများပါဝင်သလို ပြည်ပနိုင်ငံကုမ္ပဏီ များလည်း ပါဝင်သည်။ ဇုန်အတွင်းရှိ စက်ရုံများ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ အမေရိကန်နှင့် ဂျပန်ကုမ္ပဏီများဖြစ်ပြီး စင်ကာပူ၊ မလေးရှား ကဲ့သို့သော အာဆီယံနိုင်ငံ ကုမ္ပဏီများလည်း ရှိလေသည်။ Shanghai Waigaoqiao Free Trade Zone ၏အကြီးဆုံး Manufacture ကုမ္ပဏီထဲတွင် ကျွန်တော်တို့သွားရောက်လည်ပတ်သော ကုမ္ပဏီလည်း တစ်ခုအပါအဝင်ဖြစ်သည်။
ကျွန်တော်တို့ကိုစက်ရုံထဲလှည့်ပတ်ပြသကာ ပစ္စည်းလုပ်နေပုံအဆင့်ဆင့်ကိုရှင်းပြသည်။ သို့ပေမဲ့ ဓါတ်ပုံရိုက်ခွင့်လုံးဝမပေး၊ ဖုန်းကင်မ ရာ၊ ပါလာတဲ့ပစ္စည်းပစ္စယတွေအားလုံး စက်ရုံအတွင်းပိုင်းရဲ့အဝင်ဝမှာထားခဲ့ရသည်။ လုံခြုံရေးကိုလည်းအထပ်ထပ်စစ်ဆေးပါသည်။ သူတို့ရဲ့အမှတ်တံဆိတ်ကို နည်းပညာတစ်မျိုးမျိုးပုံတူကူးချတာမျိုးမလုပ်ရအောင်ကာကွယ်ခြင်းပင်။ ကျွန်တော်တို့လားဆိုတော့ မဟုတ်။ အဲဒီစက်ရုံမှာလုပ်တဲ့ဝန်ထမ်းတွေကိုလည်း အဲဒီအတိုင်းပဲနေ့စဉ်စစ်ဆေးတာတဲ့လေ။ အလုပ်လုပ်ပုံကလည်း စနစ်ကျလှသည်။ ပစ္စည်းအ စိတ်အပိုင်းတစ်ခုလုပ်တဲ့နေရာနဲ့ အခြားပစ္စည်းအစိတ်အပိုင်းတစ်ခုလုပ်တဲ့နေရာ သီးခြားစီထားရှိကာ တစ်နေရာနဲ့တစ်နေရာကူးလူး စကားပြောခွင့်မရှိ။ ဝန်ထမ်းတွေအားလုံးလည်း မိုဘိုင်းဖုန်းတစ်ခုကလွဲရင်ကျန်တဲ့အထုတ်အပိုးယူခွင့်မရှိပါ။ နေ့လည်စာ၊ ကော်ဖီစတာ တွေအားလုံးကို စက်ရုံကတာဝန်ယူကျွေးသည်။
ကျွန်တော်တို့လေ့လာပြီးစီးသည့်အချိန်နဲ့ နေ့လည်စာစားရမယ့်အချိန်နဲ့တိုက်ဆိုင်နေတော့ သူတို့စက်ရုံရဲ့နေ့လည်စာကို ကျွန်တော်တို့ မြန်မာနိုင်ငံကအဖွဲ့ကိုပါ စားဖို့ဖိတ်ခေါ်တာကြောင့် အဲဒီစက်ရုံမှာနေ့လည်စာစားခွင့်ရခဲ့လေသည်။ ကျွန်တော်ကြားဖူး၊ တွေ့ဖူးသော မြန်မာ နိုင်ငံစက်မှုဇုန်စက်ရုံတစ်ချို့တွေမှာ လိုဖြစ်သလိုကျွေးတာမျိုးမဟုတ်ပါ။
“ဝက်သား၊ဘဲဥ၊ ကြက်သား ဘာဟင်းပဲချက်ချက်ဟင်းအနှစ်ကဒီပုံစံအတိုင်းချက်ထားပြီးသားကို အသားရောထည့်ပြီးချက်လိုက်တာပဲ၊ အသားငါးပုံစံသာပြောင်းသွားမယ်၊ ဟင်းအနှစ်အရသာကမပြောင်းဘူး၊ ပုံစံတိုင်းချက်သလားအောက်မေ့ရတယ်၊ ကန်ဇွန်းရွက်ချဉ်ဟင်း ကတော့နေ့တိုင်းပဲ၊ မိုးတွင်းဖက်ဆိုရင် ချဉ်ဟင်းထဲမှာအမှိုက်တွေလက်ဆောင်အဖြစ်ပါလာတတ်တယ်”
မြန်မာနိုင်ငံက ထမင်းတစ်ပါတည်းကျွေးတဲ့စက်ရုံတစ်ရုံမှာ အလုပ်လုပ်ဖူးတဲ့သူငယ်ချင်းတစ်ယောက်ရဲ့အတွေ့အကြုံ၊ သူအဲဒီမှာလုပ်တာ ၂၀၁၂ ခုနှစ်က။ အမှန်တကယ်ပင် အဲဒီလိုအဖြစ်အပျက်တွေရှိခဲ့တာပါ။ နောက်ပိုင်းသူငယ်ချင်းက တစ်ခြားအလုပ်ကိုပြောင်းလိုက် တော့အသံမကြားရတော့။ ဒီစက်ရုံမှာစားရတဲ့ထမင်းဟင်းကတော့အဲဒါနဲ့ အကွာကြီးကွာပါလိမ့်မည်။ ပုံစံခွက်ထမင်းဘူးလေးတွေကို ကျွန်တော်တို့ရှေ့မှာလာချပေးသည်။ ဖွင့်ကြည့်လိုက်တော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ အသားဟင်းနှစ်မျိုး အရွက်ဟင်းနှစ်မျိုး ကိုတွေ့ရသည်။
အသားကတော့ တရုတ်တို့ရဲ့ဖေးဖရိတ်ဝက်သားဟင်း၊ ကြက်သားမျှင်ချက်တာရယ် ဖြစ်သည်။ အရွက်ဟင်းကတော့ငရုတ်ပွသီးကို အချိုချက်ထားတဲ့ဟင်းရယ်၊ ခရမ်းချဉ်သီးနဲ့အရွက်တစ်ချို့ပါတဲ့ဟင်းရယ်။ အရသာတွေကတော့ ကျွန်တော်တို့မြန်မာပါးစပ်တွေနဲ့အဆီ အငေါ်မတည့်တဲ့ အရသာပင်။ ဟင်းတိုင်းမှာအချိုကဲလှသည်။ ဟင်းချိုကတော့မပါပါ။ ရေတစ်ဘူးနဲ့ ဒိန်ချဉ်ဘူးတစ်ဘူးစီပါလာချပေး သည်။ စက်ရုံဝန်ထမ်းတွေကို အဟာရမျှတအောင်ကျွေးပုံရ၏။
သူငယ်ချင်းပြောတဲ့စက်ရုံကထမင်းကျွေးတဲ့ပုံစံနဲ့ ဒီစက်ရုံကထမင်းကျွေးတဲ့ပုံစံကို ယှဉ်တွေးရင်းစိတ်မကောင်းဖြစ်မိသည်။ အင်းလေ။ အခုဆို မြန်မာနိုင်ငံကအရာရာပြုပြင်ပြောင်းလဲရေးဆီကို သွားနေပြီပဲ။ ဒီလိုမျိုးဒုက္ခ၊ နယ်ကနေရန်ကုန်တက်လာပြီးစက်မှုဇုန်စက်ရုံတစ် ချို့မှာ နေ့မနား ညမနားလုပ်ပြီးနပ်မှန်ရုံလောက်သာရတဲ့လခ၊ နေထိုင်စရာအတွက်ပူပင်ရတဲ့ပြသနာ၊ ဝန်ထမ်းရဲ့အခွင့်အရေးမရရှိတဲ့ ပြသနာ အဲဒါတွေကင်းဝေးနိုင်ပါစေလို့သာ တွေးမိသည်။
စက်ရုံမှာထမင်းစားပြီးတော့ Shanghai Waigaoqiao Free Trade Zone အနှံ့ကားတစ်စီးနဲ့လှည့်ပတ်ပြသပေးပါသည်။ အဲဒီနောက် တော့ ရှန်ဟိုင်းမြို့လယ်မှာရှိတဲ့သူတို့ရဲ့ရုံးချူပ်ဆီကိုလိုက်ပို့ပေး၏။ စက်ရုံကထုတ်လုပ်လိုက်သောပစ္စည်းတစ်မျိုးချင်းစီကို ရုံးချူပ်ကိုပို့၊ ရုံးချူပ်မှာရှိတဲ့လက်တွေ့စမ်းသပ်ခန်း၊ ပစ္စည်းအရည်အသွေးစစ်ဆေးခန်း စတဲ့နေရာတွေမှာ အဆင့်ဆင့်စစ်ဆေးပြီးမှ ဝယ်ယူသူတွေလက် ထဲအရောက်ပို့ပေးတာလို့ရှင်းပြသည်။ အဲဒီရုံးချူပ်မှာပဲ အလုပ်ရုံဆွေးနွေးပွဲအသေးစားလေးတစ်ခုကိုကျင်းပပေးသည်။ သူတို့ပစ္စည်းနဲ့ ပတ်သက်ပြီးလေ့လာမှတ်သားခဲ့ရတာတွေ၊ မြန်မာနိုင်ငံမှာသုံးစွဲမှုအခြေအနေတွေကို အချင်းချင်းဆွေးနွေးရတာပင်။ ကျွန်တော်တို့ရုံးမှာ ရှိတဲ့နည်းပညာထုတ်ကုန်အတော်များများက သူတို့ဆီကမှာဝယ်တာမို့တွေ့ရတဲ့ပြသနာ သုံးစွဲရတဲ့ခံစားမှုတွေကိုပြောပြလိုက်သည်။
အဲဒါပြီးတော့ သူတို့ပစ္စည်းလက်လီလက်ကားရောင်းချရာ IT Mall တစ်ခုဆီကို လိုက်ပို့ပါသည်။ မြို့လယ်မှာရှိတဲ့ အိုင်တီမောလ်တစ်ခု ဖြစ်ပြီး နည်းပညာပစ္စည်းချည်းလက်လီလက်ကားရောင်းချပေးနေတာတွေ့ရသည်။ Lenovo, Dell, Cannon, Asus အစရှိသည့် ထုတ်ကုန်များကိုလည်း သီးသန့်ဆိုင်များအဖြစ် ရောင်းချနေတာတွေ့ရသည်။ နည်းပညာထုတ်ကုန်များဖြစ်သည့် မိုဘိုင်းဟန်းဆက်၊ Laptop, notebook, smart TV အစရှိသည်တို့အပြင် လပ်တော့ပ် အိတ်အထိပါ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
IT Mall အတွင်းရှိဆိုင်တစ်ဆိုင်မှာ လက်ပ်တော့ထည့်တဲ့အိတ်တစ်လုံးလောက်ဝယ်မလို့ ကိုင်ကြည့်နေခဲ့စဉ်မှာပဲ ဖုန်းဝင်လာခဲ့တာ ဖြစ်သည်။ ညနေစောင်းချိန်ဆိုတော့ အမှောင်ထုကတစ်ဖြည်းဖြည်းဝေ၀ါးလာတယ်ဆိုပေမဲ့ မောလ်ထဲမှာတော့ လျှပ်စစ်မီးတွေထိန်ထိန် လင်းနေတာမို့ ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမြင်နေရပါသည်။ ဒါပေမဲ့…။
“မင်းဟံသာ လားမသိဘူး”
“ဟုတ်ကဲ့”
“အဲဒီအိတ်ကိုမဝယ်နဲ့နော်၊ စျေးအရမ်းကြီးနေတယ်..မောလ်ရဲ့အရှေ့ဖက်ဆီမှာအဲဒီတံဆိတ်တွေချည်းပဲရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်၊ အဲဒီမှာတော့ စျေးလည်းမှန်တယ်၊ ပစ္စည်းကတော့တူတူပဲ၊ ဒီတံဆိတ်ဒီစက်ရုံကထွက်တာပဲ”
ကျွန်တော်ကိုင်ကြည့်နေသော အိတ်လေးကိုလွှတ်လိုက်ကာ ဖုန်းကိုအာရုံတစ်စိုက်နားထောင်မိနေသည်။ ဒီမှာမြန်မာတွေအဲလောက် တောင်ပေါနေသလား။ မြန်မာနိုင်ငံကအလုပ်လာလုပ်တဲ့လုပ်သားတွေဟာ ရှန်ဟိုင်းဖက်မှာလည်းရှိနေသလား မတွေးတတ်တော့။ ကျွန် တော်သိတာက မြန်မာနိုင်ငံကလူတွေအလုပ်သွားလုပ်ရင် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဒူဘိုင်းလောက်ပဲရှိကြတာ။ ရှန်ဟိုင်းဆိုတာ စျေးကွက်ထဲမှာ တော်တော်ကိုရှားနေတာပင်။
“ဘယ်သူလဲ”
မဖြေ။ ကျွန်တော်ထပ်ခါထပ်ခါမေးတော့မှ။ “အစ်မ မြတ်သစ်ခွပါ” တဲ့။ အသံက လန်းဆန်းတက်ကြွလို့နေသည်။ ဟုတ်ပါရဲ့ ကျွန်တော်နဲ့ အစ်မမြတ်သစ်ခွတို့ ဖုန်းနဲ့တစ်ခါမှစကားမပြောဖူးကြပါ။ ဒီလောက်နားဝင်ချိုတဲ့အသံကို အစ်မပိုင်ဆိုင်ထားသလား။ အင်း ဘယ်လိုပဲဖြစ် ဖြစ် အခုချိန်၊ တွေ့ကြုံနေရတဲ့အနေအထားတွေနဲ့ဆိုရင် ဒီအသံပိုင်ရှင်ဟာ အစ်မမြတ်သစ်ခွ ဖြစ်နိုင်ပါ့မလား။
“အာ….မဟုတ်တာ၊ ခင်ဗျားက အစ်မမြတ်သစ်ခွဆိုတာ ကျွန်တော်ဘယ်လိုယုံရမလဲ”
“ထားပါ၊ မင်းကိုယုံဖို့ပြောနေတာမဟုတ်ပါဘူး၊ အဲဒီအိတ်ကိုမဝယ်နဲ့လို့အကြံပေးတာပါ၊ ဒါပဲနော်”
“ဟိတ်…ဟိတ် ခဏ”
မရတော့။ ဖုန်းချသွားပြီ။ ပဟေဠိတွေနဲ့ထားခဲ့လေပြီ။ ကျွန်တော်အဲဒီဖုန်းကို ပြန်ခေါ်လိုက်တော့ဖုန်းက ပိတ်သွားပြီ။ ဒုက္ခပါပဲ။ အငြိမ်နေ နေတဲ့သူကို အနှောင့်အယှက်တော့လာပေးပြီ။ သူမ ကျွန်တော့်ကိုလှမ်းကြည့်ပြီးပြောနေလို့ ကျွန်တော်အိတ်ကိုင်တာကိုမြင်ရတာပေါ့။ ဖုန်းချပြီးစဉ်မှာပဲ ကျွန်တော်ဘေးဘီဝဲယာကို လှည့်ကြည့်မိသည်။ လူတွေကအဆမတန်စည်ကားနေတော့ ဘယ်နေရာကနေပြောနေမှန်း မခန့်မှန်းတတ်တော့။ သူမကတကယ် အစ်မမြတ်သစ်ခွလား။ ရှန်ဟိုင်းမှာရောက်နေတာလား။ လွန်ခဲ့သောဆယ်နှစ်ကို ကျွန်တော်ပြန် ရောက်နေတာလား။ ဟင့်အင်း ဒါ ၂၀၁၄ ခုနှစ်ပါ။ ကျွန်တော့်ဖုန်းထဲက ပြက္ခဒိန်ကလည်း ၂၀၁၄ ခုနှစ်ကိုညွှန်ပြနေတာပဲလေ။ အဲဒီတော့ ကျွန်တော်ဘာမှဆက်မလုပ်ဘဲနဲ့ ဖြစ်လာမယ့်အကြောင်းအရာတိုင်းကို အေးအေးဆေးဆေးနဲ့ပဲ ရင်ဆိုင်ဖို့တွေးမိလိုက်သည်။
ဟိုတယ်ရောက်တော့ နောက်တစ်နေ့အစီစဉ်စာရွက်ကို ကြည့်လိုက်မိသည်။ လေ့လာရေး (Sight Seeing) ခရီးစဉ်။ အရမ်းပျော်ဖို့ ကောင်းတဲ့ခရီးစဉ်တစ်ခုမှန်းကြိုတွေးမိလိုက်သည်။ အလုပ်ကိစ္စကဒီနေ့တစ်ရက်နဲ့တင်ပြီးပြီ။ သူတို့နည်းပညာထုတ်ကုန်ကို ဘယ်လိုထုတ် လုပ်နေတယ်ဆိုတာတွေ၊ ပစ္စည်းအစိတ်အပိုင်းကို ဘယ်လောက်အထိစနစ်တကျဂရုစိုက်ထုတ်လုပ်နေတာတွေ၊ ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံမှာ အဲဒီထုတ်ကုန်ကဘယ်လောက်အတိုင်းအတာအထိရောင်းနေရတယ်ဆိုတာတွေ ကိုနားထောင်ခဲ့ပြီးပြီ။ ဖိတ်ခေါ်ခရီးစဉ် မို့လို့ အထင်ကရနေရာတွေကိုတော့ အချိန်ပေးပြီးမဖြစ်မနေလိုက်ပို့မှာ အသေအချာပင်။
မနက်ဖန်လိုက်ပို့မယ်နေရာက Chenghuang Temple တဲ့။
++++++++++++++++++++++++++++++++++++++