ဖြတ်သန်းလာတဲ့ လူ့သက်တမ်းတစ်လျှောက်မှာ လူဘယ်နှစ်ယောက်နဲ့ စိမ်းကားပြီးသွားပြီလဲ လို့ စဉ်းစား ဖူးပါသလား။ ကျွန်တော်တို့ရဲ့ဘဝကိုယ်စီတိုင်းမှာ ကိုယ်နဲ့မတည့်တဲ့သူ ရန်သူအဖြစ်သဘော ထားတဲ့သူ ကိုယ်ကြည့်မရတဲ့သူတွေ ရှိတတ်ကြပါတယ်။ ထို့အတူပဲ ကိုယ့်သွေးသားရင်းလိုသဘော ထားဆက်ဆံရင်းနှီးတဲ့အပေါင်းအသင်းတွေလည်းရှိကြပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုကိုဖြတ်သန်းပြီးတဲ့ အခါ သူတို့တွေနဲ့ဘာလို့ စိမ်းကားတတ်သွားကြတာပါလဲ။ သူတို့နဲ့ ရင်းနှီးမှုဟာ တစ်ချိန်တုန်းကလို ပြန်ပြီး ဘာလို့မလတ်ဆတ်နိုင်ကြတာလဲ။
ကျွန်တော့်ဘဝမှာလည်း ကျွန်တော်ချစ်တဲ့သူ ကျွန်တော်ကြည့်မရတဲ့သူတွေအများကြီးရှိတာပေါ့။ ပြီး တော့ သူတို့တွေရဲ့စာရင်းအတိအကျကိုလည်း ဒိုင်ယာရီစာအုပ်ထဲမှာ သပ်သပ်ရေးပြီးမှတ်တမ်းတင် ထားတတ်ပါတယ်။ ထားခဲ့ဖူးတဲ့ရည်းစားဆိုရင်လည်း ဘယ်တုန်းကစကြိုက်ပြီး ဘယ်တုန်းကပြတ်သွား ခဲ့တယ်။ ဘယ်တုန်းကတော့ ဘာလက်ဆောင်ပေးခဲ့တယ်၊ အမှတ်တရဘယ်လိုရှိခဲ့တယ် ဆိုတဲ့ယေ ဘုယျဆန်တဲ့အဖြစ်အပျက်တွေကို အများသူငါလိုပဲမှတ်တမ်းတင်ပါတယ်။ ဒါ့အပြင် အခြား ကိုယ်ရင်းနှီး တဲ့သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတစ်ချို့ကိုလည်း မှတ်တမ်းတင်တတ်ပါတယ်။ သူနဲ့က ဘယ် အချိန်မှာ ဘယ်တွေသွားတယ်၊ ဘယ်လိုစကားတွေပြောတယ်ပေါ့။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေး ဘူး။ ကိုယ်ကြည့်မရတဲ့သူတွေရဲ့စာရင်းလည်း ကျွန်တော့်ဆီမှာရှိပါတယ်။ ချောင်းရိုက်မလို့မဟုတ်ပါ ဘူး။ ကိုယ်သူ့ကိုဘာကြောင့် မုန်းတီးတာလဲ သူကကိုယ်ကြည့်မရအောင်ဘာတွေလုပ်ထားသလဲဆို တာတွေကို ပြန်ဆန်းစစ်ဖို့ပါ။
လူတိုင်းဟာ အချစ်ပဲခံချင်ကြပါတယ်။ အမုန်းတရားကိုမလိုကြပါဘူး။ ဒါနဲ့များ ကျွန်တော်တို့ တစ် ယောက်နဲ့တစ်ယောက်ဘာကြောင့် အမုန်းတရားတွေပွားများနေကြတာပါလဲ။ ကျွန်တော်ရှာကြည့်မိတဲ့ အကြောင်းတရားလေးတစ်ချို့ရှိပါတယ်။ သင့်ကိုလူတစ်ယောက်က ကြည့်မရဘူး၊ မုန်းတီးနေပြီဆိုရင် တော့ သင့်ဆီမှာ လိုအပ်ချက်တစ်ခုခုတော့ရှိနေတာသေချာပြီပေါ့လေ။ ဘယ်လိုလူ တွေကို ကျွန်တော်တို့ပတ်ဝန်းကျင်ထဲကနေ သွေဖယ်တတ်ကြပါသလဲ။ ဘယ်လိုအကြောင်းပြချက်တွေ က တစ်ယောက်နဲ့တစ်ယောက် အမြီးအမောက်မတည့်အောင်ဖန်တီးစေခဲ့တာပါလဲဆိုတော့ အခုလို အချက်လေးတွေ တွေ့ရတတ်ပါတယ်။
(၁) လူ့ဂွစာဖြစ်နေပြီလား
ကိုယ်ဟာ လူ့ဂွစာနဲ့ ပေါင်းမိရင်တော့ သဘောထားချင်းတိုက်ဆိုင်ဖို့ဝေးသွားပြီဖြစ်ပါတယ်။ ကိုယ်ဘာ လုပ်လုပ်ကန့်လန့်တိုက်မယ့်သူကအဆင်သင့်ရှိနေတော့ ညှိနှိုင်းလို့ရရင်ရ မရရင်တော့ သူနဲ့လမ်းခွဲရ တော့မှာပါ။ ကိုယ်ဘာလုပ်လုပ် ဆန့်ကျင်ဘက်ကိုပဲတွေးတဲ့အပေါင်းအသင်းတစ်ချို့ရှိခဲ့ ဖူးပါတယ်။ ကိုယ်ပြောသမျှကို စိတ်ရှည်ရှည်နဲ့နားထောင်ပေး မှားနေရင်ထောက်ပြပေးမယ့်သူကိုပဲ အားလုံးကလိုချင်ကြတာပါ။ မဟုတ်ဘူး၊ မဟုတ်ဘူး လို့ငြင်းပြီး သူ့သဘောတစ်ခုတည်းကိုပဲဦးစားပေး တတ်တဲ့သူ တစ်ကိုယ်ကောင်းသမားကိုတော့ ကျွန်တော်တို့လူ့ပတ်ဝန်းကျင်ကရှောင်တတ်ကြပါတယ်။
(၂) အတ္တကြီးလွန်းတဲ့သူ
ပတ်ဝန်းကျင်မှာ အများဆုံးတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့က တစ်ယောက်တည်းလာတာမှန်ပေ မယ့် တစ်ယောက်တည်းနေလို့မရပါဘူး။ ကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ ပတ်ဝန်းကျင်ကိုလွှမ်းမိုးလို့မရသလို ကိုယ်လိုချင်တာအတွက် သူတစ်ပါးကိုချနင်းဖို့လည်း မသင့်ပါဘူး။ အပေါင်းအသင်းတစ်ချို့ရှိခဲ့ပါတယ်။ သူအရက်ဆိုင်သွားချင်ရင်လိုက်ထိုင်ပေးတယ်၊ ပိုက်ဆံမရှိရင်ချေးပေးတယ် စသည်ဖြင့် မိတ်ဆွေ ကောင်းအဖြစ်ရှိနေခဲ့ပေးပေမယ့် သူကတော့ သူလိုချင်တဲ့အရာအတွက် ကိုယ့်ကိုအသုံးချ တာမျိုးဖြစ်ခဲ့ပါတယ်။ ဒီလိုလူအတွက် အချိန်တစ်ခုပဲ ပတ်ဝန်းကျင်ကရှိပေးမှာဖြစ်ပြီး အတိုင်းအတာ တစ်ခုကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ အားလုံးရဲ့ဖယ်ကျဉ်ခြင်းကိုခံရမှာအသေအချာပါပဲ။
(၃) ခဏခဏပျက်ကွက်သူလား
သင်ဟာအပေါင်းအသင်းတစ်ချို့နဲ့ အချိန်အတိုင်းအတာတစ်ခုအထိ စားအတူသွားအတူရှိခဲ့ပြီးတဲ့ နောက် တစ်ချိန်ချိန်မှာ တော့ ခဏခဏပျက်ကွက်သူဖြစ်ခဲ့ရင်တော့ သေချာပါပြီ။ သင့်ကိုသူတို့ရဲ့ပတ် ဝန်းကျင်ကနေဖယ်ထုတ်ခံရပြီဖြစ်ပါတယ်။ ကိုယ့် Schedule အတိုင်း ၁၀၀ ရာခိုင်နှုန်းလုပ်နေလို့မရ ပါဘူး။ ကိုယ်က သူများအချိန်ကို ယူခဲ့ဖူးရင် ကိုယ့်အချိန်ကိုလည်း သူများကိုပြန်ပေးရမှာဖြစ်ပါတယ်။ အပေးအယူရှိတဲ့ လောကနိယာမတရားပါပဲ။ ကိုယ်ကချည်းလိုချင်လို့မရပါဘူး။ ဒါကြောင့် ကိုယ်လိုချင် တဲ့အချိန်မှာ သူတို့ရဲ့အချိန်ကိုယူခဲ့ဖူးတယ်ဆိုရင်တော့ သူတို့ကကိုယ့်ရဲ့အချိန်တစ်ချို့ကိုလည်းလိုချင် လိမ့်မယ်ဆိုတာ တွေးရမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေချိန်းတိုင်းခဏခဏပျက်ကွက်သူမဖြစ်စေချင် ပါဘူး။ ကျွန်တော်တို့တစ်ယောက်တည်းရှိနေလို့မရပါဘူး။
(၄) ရည်စားရသွားလို့လား
အဖြစ်များဆုံးပြသနာကတော့ သူရည်းစားရသွားလို့ အပေါင်းအသင်းတွေကို အရေးမလုပ်တော့ဘူး ဆိုတဲ့အကြောင်းတရားပါ။ ကိုယ်ကတစ်ဖက်စွန်းရောက်တတ်သူဆိုရင် အရာရာလေးလေးနက်နက် ထား တတ်သင့်ပါတယ်။ တစ်ချိန်တုန်းက သူငယ်ချင်းမှသူငယ်ချင်း၊ ဒီအပေါင်းအသင်းတွေတစ်သက် လုံးဒီလိုပဲနေသွားမယ်၊ နောင်တစ်ချိန်ကျရင် ကွဲသွားမှာစိုးတယ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ အိုဗာ တင်းဖျော်ခဲ့ပြီးမှ ဘဲရသွားလို့ စော်ရသွားလို့ သူ့ကိုပဲအချိန်ပေးတော့မယ်…ဆိုပြီးခပ်ညံ့ညံ့အပြုအမူတွေ လုပ်သွားရင်တော့ သူငယ်ချင်းတွေကလည်း အပေါင်းအသင်းစာရင်းကနေဖယ်ထုတ်လိုက်ပြီးဖြစ်ပါ တယ်။ ရည်းစားနဲ့အဆင်မပြေတော့တဲ့အချိန်မှာ သူငယ်ချင်းတွေနားလာကပ်ပြီး ငါအသဲကွဲနေတယ် အရက်တူတူသောက်မယ် ဆိုတာမျိုး မြန်မာရုပ်ရှင်ထဲမှာပဲရှိပါတော့တယ်။ ချဉ်ဖတ်ဟာ ဘယ်တော့မှ ရွက်သစ်မဝေတော့ပါဘူး။
(၅) အလိုက်ကန်းဆိုးမသိတဲ့သူ
အရိပ်သုံးပါးနားမလည်တဲ့သူတွေကို ပတ်ဝန်းကျင်ကနေရှောင်ကြဉ်လေ့ရှိကြပါတယ်။ လုပ်ငန်းခွင်မှာ ဂိမ်းဆော့တာကို ခွင့်ပြုထားပေမယ့် လူကြီးအနားရောက်လာတဲ့အခါ မသိမသာလေး ဂိမ်းထဲကထွက် လိုက်တာမျိုး၊ လူကြီးခေါ်တဲ့အခါ အလေးထားတဲ့သဘောနဲ့လုပ်လက်စအလုပ်ကိုဖယ်ကာနားထောင် ပေးတာမျိုးဟာ မသင်ဘဲတတ်အပ်တဲ့ပညာရပ်တွေဖြစ်ပါတယ်။ အဲဒီလောက်ကလေးကိုမှ နားမလည် တတ်ရင်တော့ သေချာပါပြီ။ အဲဒီလိုလူမျိုးကို ပတ်ဝန်းကျဉ်ကရှောင်ကျဉ်သွားပါလိမ့်မယ်။ ရှိသေးတယ် ဆိုင်အတူထိုင်တုန်း ဖုန်းပဲပွတ်နေတဲ့သူ၊ ဖုန်းကိုပဲမဲကြည့်ပြီး အခြားသူစကားကိုအရေးမလုပ်တဲ့သူ တွေလည်းပါပါတယ်။
(၆) လူတစ်ဖက်သားအားနည်းချက်ကိုနှိမ်တဲ့သူ
တစ်ချို့ရှိပါတယ်။ လူတစ်ဖက်သားကို နှိမ်တဲ့အပြုအမူတွေနဲ့ဆက်ဆံသလိုကွယ်ရာကျရင်လည်း အဲ ဒီကောင်ကအဲလို ဟိုတစ်ယောက်က ဘာဖြစ်တယ်နဲ့ အတင်းပြောချင်ဆိုချင်တာတွေပါ။ ကမ္ဘာပေါ်မှာ ကိုယ်တစ်ယောက်တည်းပဲ ဘရန်းဝတ်နိုင်သလိုလို ကိုယ့်လောက်လစာမကောင်းလို့ အထင်သေးသလို လိုနဲ့ ပြုမှုတတ်တာတွေပါ။ ပညာရပ်တစ်ခုခုကိုမသိလို့သွားမေးရင်လည်း ဒါလေးတောင်မသိဘူးလား ဆိုပြီး ဟောက်စားလုပ်တာမျိုးလည်းတွေ့ရပါတယ်။ ကိုယ့်ဆီမှာ ဒီလိုအပြုအမူတွေရှိနေပြီလားဆန်း စစ်ပြီး အချိန်မီပြင်ဆင်ခဲ့ရတဲ့အခိုက်အတန့်လည်းရှိတာပေါ့။ တစ်ခါတစ်လေ ကိုယ်ကစလိုက်နောက် လိုက်ပေမယ့် တစ်ဖက်သူအားငယ်သွားတတ်ပါတယ်။
(၇) အရေးရှိမှ လူရာလာသွင်းတဲ့သူ
ကိစ္စရှိရင် ကျွန်တော်တို့က ညီအစ်ကိုတွေလေ ဆိုပြီးလာတဲ့ချုပ်ကွက်တွေက ကျန်ခဲ့ပါပြီ။ နေရာတိုင်း မှာ ကန့်သတ်ထားတဲ့စည်းဘောင်ရှိတာမို့ ရှေ့မှာတော့ အော် ဟုတ်ကဲ့ညီမလေး၊ ဟုတ်တယ်ညီလေး လို့ ရေလိုက်ငါးလိုက်ပြောပေမယ့် နောက်ကွယ်မှာတော့ ချဉ်ဖတ်လို့ထင်နေပါပြီ။ အရေးမထားမိတဲ့ သူ တွေထဲမှာ ကိုယ့်ကိုအလေးအနက်ထားဆက်ဆံတဲ့သူတွေရှိနေတတ်တာကို ကျွန်တော်တို့မေ့နေတတ် ပါတယ်။ အနည်းဆုံးဖုန်းလေးပဲဖြစ်ဖြစ် Messenger ကပဲဖြစ်ဖြစ် သတင်းမေးလို့ရတယ်မဟုတ်လား။ နည်းပညာခေတ်မှာ လူတစ်ယောက်နဲ့တစ်ယောက်က ခလုပ်လေးတွေနှိပ်ရုံနဲ့ အနီးကပ်ဆုံးဖြစ်နေကြ ပါပြီ။
(၈) လက်တစ်ဆုပ်စာဘဝထဲမှာပဲ ရှင်သန်တော့မှာလား
ကျွန်တော်တို့တွေဟာ မိသားစုနဲ့ချည်းတစ်ချိန်လုံးနေလို့မရသလို ချစ်သူနဲ့လည်းတစ်ချိန်လုံးနေလို့ မရပါဘူး။ ရည်းစားနဲ့အိုအောင်မင်းအောင်ပေါင်းရင်တောင် အချိန်တစ်ဝက်က လုပ်ငန်းခွင်မှာနေရတဲ့ေ ခတ်ဖြစ်ပါတယ်။ သားသမီးတွေရရင်လည်း သူငယ်ချင်းရဲ့ကျောင်းမှာထားမယ်၊ အသိရဲ့အလုပ်မှာအပ် ပေးမယ် ဆိုတာမျိုးရှိလာမှာမို့ လက်တစ်ဆုပ်စာဘဝထဲမှာပဲရှင်သန်လို့မရဘူးဆိုတာ ကျွန်တော်ဆင်ခြင် မိပါတယ်။
ကိုယ်ကအချက်တစ်ခုခုနဲ့ငြိစွန်းနေလို့ အချိန်မီပြင်ဆင်ခဲ့ရင် ပတ်ဝန်းကျင်ကနွေးထွေးစွာကြိုဆိုနေပါ့ မလားဆိုတာကတော့ ကာယကံရှင်ရဲ့စိတ်ရင်းမှန်နဲ့ပဲသက်ဆိုင်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ဟာ လူ့ဘဝကိုခဏလာတဲ့ဧည့်သည်တွေမဟုတ်လား။ အချိန်ခဏလေးမှာ ချစ်ချစ်ခင်ခင်နဲ့ ဖြတ်သန်းသင့်တာပေါ့ခင်ဗျာ။ မေတ္တာရိပ်မှာအေးချမ်းပါစေ။
×××××